အခန်း ၈၃၀
Vol. 56 Ch. 830
အခန်း (၈၃၀) - ကိုယ်ပိုင်အမှတ်အသား
ဇီချုံ နတ်မိမယ်၏ စကားများက ရှဟိုဖုန်းကို လုံးဝ ဆွံ့အမှင်သက်သွားစေ၏။
ရှဟိုဖုန်းက လူမိုက် တစ်ယောက် မဟုတ်ပေ။ ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သားများ နောက်ကွယ်တွင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော နောက်ခံအင်အားများ ရှိနေကြောင်းကို ဇီချုံ နတ်မိမယ်၏ စကားများမှတစ်ဆင့် ရှင်းလင်းစွာ ရိပ်စားမိလိုက်သည်။
ကျိုကျိုး မြို့တော်သူ မြို့တော်သားများ အားလုံးကလည်း ဤအချက်ကို သဘောပေါက် နားလည်သွားကြတော့၏။
ပေရွှမ် ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် အမျိုးသမီး တပည့်တစ်ဦးအနေဖြင့် ဇီချုံသည် အလွန်တရာ မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသော်ငြား သူမကိုယ်တိုင်ပင် မကူညီရဲကြောင်း ဖွင့်ဟဝန်ခံခဲ့ခြင်းပင်။
ဤသည်ကပင် ဖုန်းဝူချန်တို့ အဖွဲ့၏ နောက်ခံအင်အား မည်မျှ ကြီးမားခမ်းနားကြောင်းကို ထင်ရှားစွာ သက်သေပြနေသည်။ ကျန်းဇီချုံက ဖုန်းဝူချန်တို့အဖွဲ့၏ မည်သူမည်ဝါဖြစ်ကြောင်းကို တိတိကျကျ သိရှိထားသည်မှာ အသေအချာပင်။
ချောင်ဆန်းယန်က မျက်မှောင်ကြုတ်ရင်း ရင်တွင်း၌ တိတ်တဆိတ် တွေးတောလိုက်မိသည်။
'သူတို့က တကယ် ဘယ်သူတွေများလဲ... ဇီချုံ နတ်မိမယ်ကိုယ်တိုင်တောင် ဒီလောက် သတိထားနေရတယ် ဆိုတော့...'
ဖုန်းဝူချန်နှင့် သူ၏အပေါင်းအပါများ၏ နောက်ခံအစစ်အမှန်ကို သိရှိလိုစိတ်များ သူ၏ ရင်ထဲတွင် ပြင်းထန်စွာ ဖြစ်ပေါ်လာတော့၏။
ဒုတိယ အကြီးအကဲ ချူထိုက်ရွှမ်က မျက်မှောင်ကြုတ်ရင်း ဝင်ရောက် သုံးသပ်လိုက်သည်။
“အကြီးအကဲချုပ်... သူတို့ရဲ့ နောက်ခံက တကယ်ကို သာမန်မဟုတ်ဘူး... သူတို့ထဲက တစ်ယောက်ကို ကျွန်တော် အရမ်း ရင်းနှီးနေသလို ခံစားရတယ်... ဒါပေမဲ့ ဘယ်မှာ မြင်ဖူးတာလဲ ဆိုတာကိုတော့ စဉ်းစားလို့ မရဘူးဖြစ်နေတယ်”
ကျိုကျိုး မြို့တော်အတွင်းရှိ လူတိုင်းက တီးတိုး ခန့်မှန်းနေကြသော်လည်း မည်သူကမျှ တိကျသော အဖြေကို မရှာနိုင်ကြချေ။
“ဇီချုံ နတ်မိမယ်... မတွေ့ရတာ ကြာပြီနော်... မင်းရဲ့ ကျင့်ကြံခြင်းတွေ အများကြီး တိုးတက်လာပါလား”
ကျန်းကျွင့်လန်က ပြုံးလျက် ဖြည်းညင်းစွာ နှုတ်ဆက်လိုက်၏။
ပေရွှမ် ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် အမျိုးသမီး တပည့်တစ်ဦးဖြစ်သည့်အားလျော်စွာ ဇီချုံ၏ အသက်အရွယ်မှာ ဖုန်းဝူချန်တို့ထက် နှစ်အနည်းငယ် ပိုကြီးရကား သဘာဝကျကျပင် သူမ၏ ကျင့်ကြံခြင်း အဆင့်အတန်းကလည်း သူတို့ထက် သိသိသာသာ သာလွန်နေခဲ့သည်။
“ကျန်းဇီချုံက သခင်လေးကျန်းကို နှုတ်ဆက်ပါတယ်”
ကျန်းဇီချုံက ကျန်းကျွင့်လန်အား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အလျင်အမြန်ပင် ရိုသေလေးစားစွာ အရိုအသေ ပေးလိုက်၏။
ကျန်းဇီချုံ၏ အပြုအမူက ကျိုကျိုး မြို့တော်သူ မြို့တော်သား အားလုံးကို မျက်တောင်တစ်ခတ်အတွင်း ပွက်လောရိုက်သွားစေခဲ့ပြီး အံ့အားသင့်နေသော အကြည့်ပေါင်းများစွာက ကျန်းကျွင့်လန်ထံသို့ လျှပ်တစ်ပြက် စူးစိုက်သွားကြတော့သည်။
ကျန်းဇီချုံသည် ပေရွှမ် ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် အမျိုးသမီး တပည့်ဖြစ်သည့်အပြင် ပေရွှမ် ဂိုဏ်း ပထမ အကြီးအကဲ၏ အချစ်ဆုံး တပည့်ရင်း တစ်ဦးလည်း ဖြစ်၏။ ယခုအခါ သူမက ကျန်းကျွင့်လန်အား အလွန်တရာ ရိုသေလေးစားစွာဖြင့် ဂါရဝပြုနေခဲ့၏။
ဤကျန်းကျွင့်လန် ဆိုသည်မှာ မည်သူနည်း။ သူက ဖုန်းဝူချန်ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေပုံရသည်။
“သခင်လေးကျန်း ဟုတ်လား”
ချောင်ဆန်းယန်နှင့် အကြီးအကဲ သုံးဦးစလုံး၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း ဆိုးရွားစွာ ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည့်အလား ဖြစ်သွားကြ၏။
“ဝူကျိနယ်မြေ ကျန်းမိသားစုရဲ့ သခင်လေးကျန်း ပါလား... တိုက်ကြီး တစ်ခုလုံးရဲ့ နံပါတ်တစ် လက်နက်သွန်းလုပ်ရေး ပါရမီရှင်”
ချောင်ဆန်းယန်က သူ၏ မျက်လုံးများ ပြူးထွက်မတတ် အံ့အားသင့်တကြီး အော်ဟစ်လိုက်တော့သည်။
“ဟုတ်တယ်... သခင်လေးကျန်းပဲ... ငါ မှတ်မိပြီ... သူ့နာမည်က ကျန်းကျွင့်လန်ပဲ... ပြီးခဲ့တဲ့ လက်နက်သွန်းလုပ်ရေး တွေ့ဆုံပွဲတုန်းက သူ့ကို ငါ မြင်ခဲ့ဖူးတယ်”
ချူထိုက်ရွှမ်ကလည်း နောက်ဆုံးတော့ မှတ်မိသွားပြီး အလောတကြီး ထောက်ခံလိုက်၏။
“ကျန်းကျွင့်လန်... ဘုရားရေ... တိုက်ကြီး တစ်ခုလုံးရဲ့ နံပါတ်တစ် လက်နက်သွန်းလုပ်ရေး ပါရမီရှင်နဲ့ လာဆုံရလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့မိဘူး”
တတိယ အကြီးအကဲ၏ မျက်နှာအမူအရာမှာ ကျောက်ရုပ်ပမာ လုံးဝ အေးခဲသွား၏။
ကျန်းကျွင့်လန်၏ အဆင့်အတန်းနှင့် နောက်ခံအင်အားက အလွန်တရာ ကြီးမားခမ်းနားလွန်းလှရာ သူတို့ အံ့အားသင့် တုန်လှုပ်သွားကြသည်မှာ မဆန်းတော့ပေ။
“ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး ဇီချုံ နတ်မိမယ်”
ကျန်းကျွင့်လန်က အပြုံးလေးဖြင့် တုံ့ပြန်လိုက်၏။
ကျန်းမိသားစု၏ သခင်လေး တစ်ဦးအနေဖြင့် သူ၏ အဆင့်အတန်းက ကျန်းဇီချုံထက် သဘာဝကျကျပင် အများကြီး သာလွန်နေခဲ့သည်။ ခဏမျှ ရပ်တန့်သွားပြီးနောက် ကျန်းကျွင့်လန်က ဆက်မေးလိုက်၏။
“ဇီချုံ နတ်မိမယ်က ကျိုကျိုး မြို့တော်ကို ဘာကိစ္စများ ရှိလို့လဲ”
“ဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ လေလံရုံမှာ ဆေးဖက်ဝင် အပင်တစ်ပင် လာဝယ်တာပါ... ဒီမှာ သခင်လေးကျန်းနဲ့ လာဆုံရလိမ့်မယ်လို့ လုံးဝ မထင်ထားမိဘူး”
ကျန်းဇီချုံက ယဉ်ကျေးစွာ ဖြေကြားလိုက်သည်။
“သြော်... ဒီလိုကိုး”
ကျန်းကျွင့်လန်က နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ရှောင်ကျန်း... မင်း သူနဲ့ တကယ် သိနေလိမ့်မယ်လို့ ငါ ထင်မထားဘူး”
ပိုင်မိက ခပ်တိုးတိုး လှမ်းပြောလိုက်၏။
“သခင်လေးကျန်း... ငါတို့ကို မိတ်ဆက်မပေးတော့ဘူးလား... မိတ်ဆွေသစ် တစ်ယောက် တိုးတာ မဆိုးပါဘူး”
ပေတိုယန်ကလည်း တီးတိုး တောင်းဆိုလိုက်သည်။
ယီထျန်းချင်းက အလျင်အမြန် ဝင်ပြောလိုက်၏။
“သူက ငါနဲ့ အသက်အရွယ်လောက် တူတူပဲ... မြန်မြန် မိတ်ဆက်ပေးစမ်းပါ”
“ယီထျန်းချင်း... မင်းက အဲဒီအတွက် တန်းစီရဦးမယ် မဟုတ်ဘူးလား... ငါက မင်းရှေ့မှာနော်”
ဟု ပေတိုယန်က နှုတ်ခမ်းမဲ့ကာ တုံ့ပြန်လိုက်၏။
“ဒါဆိုလည်း တန်းစီမယ်ကွာ... ငါက ဘယ်လိုကြည့်ကြည့် မင်းထက် ပိုချောတယ်”
ယီထျန်းချင်းက ယုံကြည်မှု အပြည့်ဖြင့် ကြွားလုံးထုတ်လိုက်သည်။
“ဇီချုံ နတ်မိမယ်ကို သဘောကျနေတဲ့ သူတွေဆိုတာ မြောက်ဘက် ဆန်းကြယ် နယ်မြေ ကနေ ငါတို့ ဝူကျိနယ်မြေ အထိတောင် တန်းစီလို့ ရတယ်... ဒါပေမဲ့ မင်းတို့က သူနဲ့ စွမ်းအားချင်း မယှဉ်နိုင်ဘူး ဆိုရင်တော့ အခုကတည်းက လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်”
ကျန်းကျွင့်လန်က သူတို့၏ စိတ်ကူးယဉ် အိမ်မက်များကို ရက်စက်စွာ ရိုက်ချိုးပစ်လိုက်တော့၏။
ကျန်းကျွင့်လန်တို့ အချင်းချင်း တီးတိုး နောက်ပြောင်နေကြစဉ်မှာပင် ကျန်းဇီချုံ၏ အကြည့်များက ဖုန်းဝူချန်ထံသို့ ရောက်ရှိသွားခဲ့၏။
“ကျန်းဇီချုံက နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင်ကို ရိုသေစွာ ဂါရဝပြုပါတယ်”
ကျန်းဇီချုံက ရိုသေလေးစားစွာဖြင့် ဦးညွှတ် ဂါရဝပြုလိုက်၏။
“နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင် တဲ့လား”
ချောင်ဆန်းယန်က မျက်မှောင် ထပ်ကြုတ်လိုက်ပြန်သည်။
နဂါးနတ်ဘုရား နန်းတော် ဆိုသည့် အမည်ကို သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။
ကျိုကျိုး မြို့တော်သူ မြို့တော်သားများ အားလုံးလည်း ဇဝေဇဝါ ဖြစ်ကုန်ကြ၏။ မည်သူကမျှ ထိုအမည်ကို မရင်းနှီးကြပေ။
“ဝူကျိနယ်မြေက အင်အားစု အသစ်များ ဖြစ်နေမလား”
ချူထိုက်ရွှမ်က မှန်းဆလိုက်သည်။
ချောင်ဆန်းယန်၏ အကြည့်များက ဖုန်းဝူချန်ထံတွင် စူးစိုက်နေပြီး လေးနက်သော အသံဖြင့် သုံးသပ်လိုက်၏။
“အဲဒီလောက် မရိုးရှင်းဘူး... သခင်လေးကျန်းက သူ့အပေါ် အရမ်း ရိုသေလေးစားနေတာကို မင်းတို့ သတိမထားမိကြဘူးလား... အစကနေ အဆုံးထိ သခင်လေးကျန်းက စကားတစ်ခွန်းမှ ဝင်မပြောဘဲ အစေခံ တစ်ယောက်လိုမျိုးပဲ နောက်ကနေ ငြိမ်ငြိမ်လေး လိုက်နေတာ”
ထိုစကားကို ကြားလိုက်ရပြီး အသေအချာ ပြန်လည် စဉ်းစားကြည့်သောအခါ ချောင်ဆန်းယန် ပြောသည့်အတိုင်း အမှန်တကယ် ဖြစ်နေကြောင်းကို သတိပြုမိသွားကြတော့သည်။
ဤငယ်ရွယ်လှသော နဂါးနတ်ဘုရား နန်းတော်သခင်မှာ မည်သို့သော ထူးခြားဆန်းကြယ်သည့် အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားပါသနည်း။
ဖုန်းဝူချန်မှာ အနည်းငယ် အံ့အားသင့်သွားပြီး ကျန်းဇီချုံအား သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။
“မင်းက ငါ့ကို သိလို့လား”
ကျန်းဇီချုံက ရိုသေစွာဖြင့် ဖြေကြားလိုက်သည်။
“နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အင်မော်တယ် လက်နက် စံအိမ်ရဲ့ စံအိမ်သခင်က ကျွန်မတို့ ဂိုဏ်းချုပ်နဲ့ တိုင်ပင် ဆွေးနွေးပြီးပါပြီ... သခင်လေးကျန်း ကိုယ်တိုင် မြောက်ဘက် ဆန်းကြယ် နယ်မြေကို ရောက်နေတယ် ဆိုမှတော့ ရှင်က သေချာပေါက် နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင်ပဲ ဖြစ်ရမယ်လေ”
ကျန်းဇီချုံမှာ အလွန် ဉာဏ်ကောင်းလှပေသည်။ ဖုန်းဝူချန်ကို အရင်က တစ်ခါမျှ မမြင်ဖူးခဲ့လျှင်တောင်မှ ရှဟိုထျန်းနန်ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည့် အချက်ကို ထောက်ရှု၍ သူ၏ အဆင့်အတန်းကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့ခြင်းပင်။
“ထျန်းကျီဘုံ ပဉ္စမအလွှာ အဆင့်ပဲ ရှိသေးပေမယ့် နဝမအလွှာ အဆင့်ရှိတဲ့ အစွမ်းထက် ပညာရှင်ကို အနိုင်ယူနိုင်တယ် ဆိုတာက နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင် တစ်ယောက်တည်းကပဲ ဒီလို ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားတာပါ”
ကျန်းဇီချုံက ဆက်လက် ချီးကျူးလိုက်၏။
ဖုန်းဝူချန်က ခပ်ဟဟ ပြုံးလိုက်ပြီး သဘောပေါက်သွားသည့်ဟန်ဖြင့် ပြောလိုက်သည်။
“သြော်... ဒီလိုကိုး”
“ငါ မြောက်ဘက် ဆန်းကြယ် နယ်မြေကို ရောက်လာတာက အရေးတကြီး ကိစ္စလေး ရှိနေလို့ပါ... ပေရွှမ် ဂိုဏ်းကို အလည်လာဖို့ အချိန် လုံးဝ မပေးနိုင်တော့ဘူး... ပြန်ရောက်ရင် မင်းတို့ ဂိုဏ်းချုပ်ကို ငါ့ကိုယ်စား နှုတ်ခွန်းဆက်သပေးပါဦး”
ဖုန်းဝူချန်က ယဉ်ကျေးစွာ ပြုံးပြရင်း တောင်းဆိုလိုက်၏။
ကျန်းဇီချုံက ရိုသေလေးစားစွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
“နန်းတော်သခင်ရဲ့ သတင်းစကားကို သေချာပေါက် ပါးလိုက်ပါ့မယ်”
“ကျေးဇူးပါပဲ... နောက်မှ ပြန်ဆုံကြတာပေါ့”
ဖုန်းဝူချန်က ကျေးဇူးတင်စကား ဆိုလိုက်ပြီး လျိုချင်းယန်တို့ အဖွဲ့နှင့်အတူ လျင်မြန်စွာ ပျံသန်း ထွက်ခွာသွားကြတော့၏။
“ဂရုစိုက်သွားကြပါ နန်းတော်သခင်နဲ့ သခင်လေးကျန်း”
ကျန်းဇီချုံနှင့် တပည့်အချို့က နောက်တစ်ကြိမ် ရိုသေစွာ ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။
ကျိုကျိုး လေလံရုံမှ အကြီးအကဲများနှင့် မြို့တော်သူ မြို့တော်သားများ၏ အလွန်အမင်း အံ့အားသင့် တုန်လှုပ်နေသော အကြည့်များ အောက်တွင် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ အဝေးသို့ ထွက်ခွာသွားကြတော့သည်။
“စီနီယာ အစ်မ... သူက တကယ်ကြီး နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင်လား...အရမ်း ငယ်သေးတာပဲ... အသက် နှစ်ဆယ်လောက်ပဲ ရှိဦးမယ် ထင်တယ်”
အမျိုးသမီး တပည့် တစ်ဦးက လုံးဝ မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။
“သတင်းတွေသာ မကြားထားခဲ့ဘူး ဆိုရင် သူက နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်မယ် ဆိုတာ ငါလည်း ယုံမှာ မဟုတ်ဘူး”
အခြား အမျိုးသမီး တပည့် တစ်ဦး၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်မှုများ အပြည့်အဝ ဖုံးလွှမ်းနေတော့သည်။
ကျန်းဇီချုံက သက်ပြင်းချရင်း ရှင်းပြလိုက်သည်။
“သူ့ကို ငါ မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ... ရှဟို မိသားစု ခေါင်းဆောင် ဒဏ်ရာအပြင်းအထန် ရသွားတာကိုသာ ငါ ကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ရဘူး ဆိုရင် သူက နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင် ဖြစ်လိမ့်မယ်လို့ ငါလည်း ခန့်မှန်းမိမှာ မဟုတ်ဘူး... အင်မော်တယ် လက်နက် စံအိမ်ရဲ့ စံအိမ်သခင် ပြောတဲ့အတိုင်းပဲ... နဂါးနတ်ဘုရား နန်းတော်သခင်ရဲ့ စွမ်းအားတွေက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်”
ကျန်းဇီချုံ၏ ရင်ထဲတွင်လည်း အလွန်အမင်း တုန်လှုပ်နေသော်ငြား အပြင်ပန်းတွင်မူ လုံးဝ မသိသာစေရန် ထိန်းချုပ်ထားခဲ့ခြင်းပင်။
“သခင်မလေး ဇီချုံ”
ထိုအခိုက်အတန့်တွင် လေလံရုံမှ အကြီးအကဲ သုံးဦးက အလျင်အမြန် ပျံသန်း ရောက်ရှိလာကြ၏။
“အကြီးအကဲ သုံးဦးစလုံးကို ဂါရဝပြုပါတယ်”
ကျန်းဇီချုံက ရိုသေလေးစားစွာဖြင့် အလျင်အမြန် ဦးညွှတ် နှုတ်ဆက်လိုက်သည်။
“သခင်မလေး ဇီချုံ... ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး”
ချောင်ဆန်းယန်က လက်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် အပြုံးလေးဖြင့် စပ်စုလိုက်၏။
“ဒီ နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင် ဆိုတာ ဘယ်သူလဲများ ငါတို့ကို ပြောပြလို့ ရမလား... ဘာဖြစ်လို့ သခင်လေးကျန်းကတောင် သူ့အပေါ် အဲဒီလောက် ရိုသေလေးစားနေရတာလဲ”
“အကြီးအကဲချုပ် မသိသေးတာ နေမှာပါ... သူက သခင်လေးကျန်းရဲ့ ဆရာလေ... ဝူကျိနယ်မြေက နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင်ပဲ”
ဟု ကျန်းဇီချုံက ညင်သာစွာ ရှင်းပြလိုက်သည်။
“သခင်လေးကျန်းရဲ့ ဆရာ ဟုတ်လား... သူက လက်နက်သွန်းလုပ်ရေး ပညာရှင်လား”
တတိယ အကြီးအကဲ ယန်ရွှမ်တုန်းက အလွန်အမင်း အံ့အားသင့်သွားပြီး သူ၏ မျက်နှာအမူအရာမှာ လုံးဝ တောင့်တင်းသွားတော့၏။
အဆင့် (၇) လက်နက်သွန်းလုပ်ရေး ပညာရှင် တစ်ဦး ဖြစ်ပါလျက်နှင့် ယန်ရွှမ်တုန်း တစ်ယောက် ဖုန်းဝူချန်သည် လက်နက်သွန်းလုပ်ရေး ပညာရှင် တစ်ဦး ဖြစ်ကြောင်းကို လုံးဝ အာရုံမခံမိခဲ့ချေ။
ချောင်ဆန်းယန်နှင့် အခြား အကြီးအကဲများ၏ မျက်နှာထက်တွင်လည်း အံ့အားသင့် ထိတ်လန့်မှုများက အတိုင်းသား ပေါ်လွင်နေတော့သည်။
ကျန်းဇီချုံက ခေါင်းညိတ်ပြရင်း ဆက်လက် ရှင်းပြလိုက်၏။
“ဟုတ်ပါတယ်... ပြီးတော့ သူက အရမ်းကို အစွမ်းထက်တယ်... အတွေးတစ်ချက်တည်းနဲ့တင် အင်မော်တယ် လက်နက် တစ်ခုကို သွန်းလုပ်နိုင်တယ်... ဒါ့အပြင် သူက ဆေးပညာရှင်၊ အင်းကွက်ဆရာ၊ လက်နက်သွန်းလုပ်ရေး ပညာရှင် နဲ့ သန့်စင်ရေး ပညာရှင် ဆိုတဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ် လေးခုစလုံးကို ပေါင်းစပ် ကျွမ်းကျင်ထားတဲ့ ကြောက်မက်ဖွယ် ပါရမီရှင် တစ်ယောက်ပဲ... ဝူကျိနယ်မြေ တစ်ခုလုံးကတော့ သူ့ကို ဆေးဧကရာဇ် လို့ပဲ ခေါ်ကြတယ်”
--