အခန်း ၈၃၁
Vol. 56 Ch. 831
အခန်း (၈၃၁) - ပွဲစပြီ
“အသက်မွေးဝမ်းကျောင်း ပညာရပ် လေးခု ပေါင်းစပ်ထားတယ် ”
“ဆေးဧကရာဇ်... ဒဏ္ဍာရီလာ ဆေးဧကရာဇ်”
“အတွေးတစ်ချက်တည်းနဲ့ အင်မော်တယ် လက်နက်ကို သွန်းလုပ်နိုင်တာလား”
ကျန်းဇီချုံ၏ စကားများက အကြီးအကဲ သုံးဦးစလုံးကို လုံးဝ ဆွံ့အမှင်သက်သွားစေခဲ့ပြီး သူတို့၏ ဝိညာဉ်များပင် လွင့်ထွက်မတတ် ကြောက်ရွံ့တုန်လှုပ်သွားကြ၏။
“နဂါးနတ်ဘုရား နန်းတော်သခင်ရဲ့ ဆေးပညာ... လက်နက်သွန်းလုပ်ရေး... သန့်စင်ရေးနဲ့ အင်းကွက် ပညာရပ်တွေက လုံးဝ ခန့်မှန်းလို့ မရနိုင်လောက်အောင် နက်နဲတယ်... အကြီးအကဲ သုံးဦးစလုံးထက် အများကြီး သာလွန်နေတာ... အတိုချုပ် ပြောရရင်တော့ အလွန်တရာ ကြောက်စရာကောင်းတဲ့ ပါရမီရှင်ပဲ”
ကျန်းဇီချုံက ဆက်လက် ရှင်းပြလိုက်သည်။
“အဆင့် (၈) အဆင့်မြင့် အင်မော်တယ်လက်နက်ကို ပိုင်ဆိုင်ထားတာ အံ့သြစရာ မရှိတော့ဘူး... ပြီးတော့ အဲဒီ အင်မော်တယ်လက်နက်ရဲ့ အရှိန်အဝါက အရင်တုန်းက ငါ ခံစားမိခဲ့ဖူးတဲ့ အရှိန်အဝါနဲ့ တစ်ပုံစံတည်းပဲ... အင်မော်တယ် လက်နက် စံအိမ်သခင် ဖန်တီးထားတာလို့ ငါက ထင်နေခဲ့တာ... တကယ်တော့ နဂါးနတ်ဘုရား နန်းတော်သခင် လက်ရာကိုး”
ယန်ရွှမ်တုန်းမှာ ပိုမို အံ့အားသင့်လာကာ ရေရွတ်လိုက်၏။
“ဒါ့အပြင် နဂါးနတ်ဘုရား နန်းတော်သခင်က ဝူကျိနယ်မြေမှာ နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့ကို တည်ထောင်ထားသေးတယ်... နယ်မြေ တစ်ခုလုံးက အင်အားကြီး အဖွဲ့အစည်း အားလုံးကို စုစည်းထားပြီး သူက မဟာမိတ် ခေါင်းဆောင်ပဲ... အင်မော်တယ် လက်နက် စံအိမ်... ကျန်းမိသားစု အားလုံးက သူ့ကို လိုလိုလားလား အညံ့ခံထားကြတာ... နဂါးနတ်ဘုရား နန်းတော်သခင်ရဲ့ ဖြစ်တည်မှုက နတ်ဘုရား တစ်ပါးနဲ့ အတူတူပဲ ဆိုတော့... ဘယ်လို အကြောင်းနဲ့မှ သူ့ကို မစော်ကားမိစေနဲ့နော်”
ကျန်းဇီချုံက သတိပေး တိုက်တွန်းလိုက်သည်။
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အတန်းကို ကျန်းဇီချုံ အသေအချာ သိရှိထားသောကြောင့်ပင် သူမသည် ပေရွှမ် ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် အမျိုးသမီး တပည့် ဖြစ်နေသော်ငြား ဖုန်းဝူချန် ရှေ့မှောက်တွင် အမြင့်ဆုံး ရိုသေလေးစားမှုကို ပြသခဲ့ရခြင်းပင်။
“ဂလု…”
အကြီးအကဲ သုံးဦးမှာ ကြားရလေလေ ပို၍ ထိတ်လန့်လာလေလေ ဖြစ်ပြီး ကျောပြင်တလျှောက် ချွေးအေးများ စီးကျလာကာ အဆက်မပြတ် တုန်ယင်နေကြတော့၏။
ဤမျှ များပြားလှသော သတင်းအချက်အလက်များကို ချောင်ဆန်းယန်နှင့် အခြားသူများမှာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။ ဤသူက နတ်ဘုရား တစ်ပါးနှင့် တူနေရုံမျှ မကတော့ဘဲ အစစ်အမှန် နတ်ဘုရား တစ်ပါးပင်။
ဤမျှ ငယ်ရွယ်သော လူငယ်လေး တစ်ယောက်ထံတွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော နောက်ခံအင်အားနှင့် ကောင်းကင်ဘုံကို အန်တုနိုင်သည့် ပါရမီများ ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ထို့ကြောင့်ပင် ရှဟို မိသားစု အနေဖြင့် ဤမျှ ကြောက်စရာကောင်းသော ပုဂ္ဂိုလ်မျိုးကို ရန်စမိပါလျက်နှင့် အသတ်မခံရခြင်းမှာ အလွန်တရာ ကံကောင်းလွန်းလှပေသည်။
ရှဟိုဖုန်းနှင့် အခြားသူများ အသက်ရှင်နေသေးသည်ကို မြင်တွေ့ရချိန်တွင် ကျန်းဇီချုံ အဘယ်ကြောင့် ထိုမျှ အံ့အားသင့်နေခဲ့သနည်း ဆိုသည်ကို အကြီးအကဲ သုံးဦး နောက်ဆုံးတော့ သဘောပေါက် နားလည်သွားကြတော့၏။
...
ကျိုကျိုး မြို့တော်မှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများသည် ရှုမီ ချောက်ကမ်းပါးသို့ နောက်တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ဧရာမ တိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ယခုအခါ ပြန်လည် ငြိမ်သက်သွားသော ရှုမီ ချောက်ကမ်းပါးက ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်လျက် ရှိ၏။
သူတို့ အားလုံးမှာ သိချင်စိတ် ပြင်းပြနေကြသည်။
ယခင်က ငြိမ်းချမ်းနေခဲ့သော ရှုမီ ချောက်ကမ်းပါးက အဘယ်ကြောင့် ရုတ်တရက် ဤမျှ ကြီးမားသော ကပ်ဘေးဆိုက် တိုက်ခိုက်မှုမျိုးကို ခံစားခဲ့ရသနည်း။
ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအသွင်ပြောင်းဘုံ စွမ်းအားကြီးက တကယ်တမ်း မည်သည့်အရာ ဖြစ်ပြီး ကမ္ဘာမြေကို တုန်လှုပ်စေသော ဟိန်းဟောက်သံကြီးကရော အဘယ်နည်း။ သို့သော်ငြား ဤအရာအားလုံးမှာ သူတို့ လက်လှမ်းမမီနိုင်သော ပဟေဠိ တစ်ခုပမာ ဖြစ်လာခဲ့၏။
ရှုမီ ချောက်ကမ်းပါး အနက်ပိုင်းသို့ ပြန်လည် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်က ပစ္စည်းများကို ချက်ချင်း ထုတ်ယူလိုက်ပြီး ပိတ်လှောင်ခြင်း အခင်းအကျင်းကို စတင် တည်ဆောက်တော့သည်။
“သခင်... အချိန်စွမ်းအားက ကျွန်တော်တို့နဲ့ လီသုံးသောင်း အကွာ အရှေ့တောင်ဘက်မှာ ရှိနေတယ်”
ဖုန်းဝူချန် ပိတ်လှောင်ခြင်း အခင်းအကျင်း တည်ဆောက်နေစဉ် လက်နက်ဝိညာဉ်က ရုတ်တရက် အသံထွက်လာပြီး အချိန်စွမ်းအား၏ တည်နေရာ အတိအကျကို ထောက်ပြလိုက်၏။
“အရှေ့တောင်ဘက်... လီသုံးသောင်း အကွာပေါ့”
ကျန်းကျွင့်လန်က ခေါင်းညိတ်ကာ သံယောင်လိုက်လိုက်သည်။
“အချိန်စွမ်းအားက မင်းရဲ့ တည်ရှိမှုကို အာရုံခံမိသွားပြီလား”
ဟု ဖုန်းဝူချန်က လက်နက်ဝိညာဉ်အား တစ်ချက် လှမ်းကြည့်ရင်း မေးလိုက်၏။
“အချိန်စွမ်းအားက အိပ်မောကျနေတာပါ... ကျွန်တော့်ကို သတိမထားမိသေးပါဘူး... ဒါပေမဲ့ ကျွန်တော် နိုးထလာပြီ ဆိုတာကိုတော့ သူ သေချာပေါက် သိနေမှာပါ”
လက်နက်ဝိညာဉ်က ရိုသေစွာ ဖြေကြားလိုက်သည်။
“အိပ်မောကျနေတယ် ဟုတ်လား... ကြည့်ရတာ ငါတို့ ရောက်လာတဲ့ အချိန်က ကွက်တိပဲ... အိပ်မောကျနေတာ ဆိုတော့ ငါတို့ အနားကပ်သွားဖို့ ပိုလွယ်ကူတာပေါ့”
ဖုန်းဝူချန်က ပြုံးလျက် မှတ်ချက်ချလိုက်၏။
“နန်းတော်သခင်... ကျွန်တော်တို့ အနားကပ်သွားတာနဲ့ တစ်ပြိုင်နက် အချိန်စွမ်းအားက သေချာပေါက် အာရုံခံမိသွားလိမ့်မယ်... ပိတ်လှောင်ခြင်း အခင်းအကျင်းကို တည်ဆောက်ဖို့က အချိန်လိုသေးတယ်လေ... ဒီကိစ္စက လွယ်မှာ မဟုတ်ဘူး”
ဟု ယဲ့ထျန်းဝေက မျက်မှောင်ကြုတ်ရင်း ထောက်ပြလိုက်သည်။
ထိုစဉ်၊ လက်ရှိ အခင်းအကျင်း တည်ဆောက်မှုကို နားမလည်နိုင်သော လျိုချင်းယန်က ဝင်ရောက် မေးမြန်းလိုက်၏။
“အစ်ကိုဖုန်း... အချိန်စွမ်းအားက အချိန်ရဲ့ အမြန်နှုန်းကို ထိန်းချုပ်နိုင်တယ်... သူ.. ကျွန်တော်တို့ကို သတိထားမိသွားတာနဲ့ ကျွန်တော်တို့မှာ အခွင့်အရေး လုံးဝ ရှိတော့မှာ မဟုတ်ဘူး... ပိတ်လှောင်ခြင်း အခင်းအကျင်းကို အစ်ကို ဘယ်လို တည်ဆောက်မလဲ ဆိုတာကိုလည်း ကျွန်တော် သိချင်နေပြီ”
“အခင်းအကျင်းကို ကြိုတင် ပြင်ဆင်ထားရင်တောင်မှ တကယ်တမ်းကျရင် အသက်သွင်းဖို့ အချိန် လိုသေးတာပဲလေ... အချိန်စွမ်းအားနဲ့ အပြေးပြိုင်ရမယ် ဆိုရင် နန်းတော်သခင်က သေချာပေါက် ရှုံးမှာပဲ”
ဟု ပေတိုယန်ကလည်း စိုးရိမ်တကြီး ပြောလိုက်သည်။
“မင်းတို့ အားလုံးမှာ မေးခွန်းတွေ အများကြီး ရှိနေတယ် ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ နောက်ကျရင် ငါ အောင်မြင်သွားတဲ့ အခါကျမှ မင်းတို့ သဘောပေါက်သွားလိမ့်မယ်”
ထိုစကားများကို ကြားလိုက်ရပြီး လူတိုင်းထံတွင် ယုံကြည်မှု ကင်းမဲ့နေသည်ကို မြင်လိုက်ရသောအခါ ဖုန်းဝူချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးရင်း တုံ့ပြန်လိုက်၏။ သူတို့က ဖုန်းဝူချန်ကို မယုံကြည်ကြခြင်း မဟုတ်ဘဲ အချိန်စွမ်းအားနှင့် အပြေးပြိုင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စ ဖြစ်နေသောကြောင့်ပင်။
“သခင်... တခြား အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ တည်ရှိမှုကိုလည်း ကျွန်တော် အာရုံခံမိနေတယ်... နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာ အဆင့်မှာ ရှိနေတာ”
လက်နက်ဝိညာဉ်က ရိုသေစွာ သတင်းပို့လိုက်သည်။
“နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာ ဟုတ်လား... ကြည့်ရတာ အချိန်စွမ်းအား အတွက် ငါနဲ့ လာပြိုင်မယ့် ယင်ယန် မိသားစုက အစွမ်းထက် ပညာရှင် တစ်ယောက် ဖြစ်ပုံရတယ်”
ဖုန်းဝူချန်က သရော်လိုက်သော်ငြား နည်းနည်းလေးမျှ စိုးရိမ်ပူပန်နေခြင်း မရှိချေ။
နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ ဖုန်းဝူချန်က ပိတ်လှောင်ခြင်း အခင်းအကျင်းကို တည်ဆောက်ပြီးစီးသွားခဲ့ပြီ။
“အစ်ကိုဖုန်း... ဒါက ဘယ်လို ပိတ်လှောင်ခြင်း အခင်းအကျင်းမျိုးလဲ”
လျိုချင်းယန်က သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။
“ဒါက အလွန်တရာ ခိုင်မာတဲ့ ကာကွယ်ရေး စွမ်းအား ရှိတယ် ဆိုတာကလွဲရင် သာမန် ပိတ်လှောင်ခြင်း အခင်းအကျင်း တစ်ခုပါပဲ... အချိန်စွမ်းအားရဲ့ ဧရာမ အင်အားတွေက ပိတ်လှောင်မှုကို ဖောက်ထွက်ပြီး ထွက်ပြေးသွားမှာကို တားဆီးဖို့ ရည်ရွယ်ထားတာပါ... ဒါပေမဲ့ ငါက ပိတ်လှောင်မှုကို အသက်သွင်းဖို့ ကမ္ဘာပျက်စွမ်းအားကို အသုံးပြုနေတာ ဆိုတော့ အချိန်စွမ်းအားက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကမ္ဘာပျက်စွမ်းအားရဲ့ ဖိနှိပ်မှုကိုတော့ ခံရမှာပဲ... ဒါက ကြိုတင် ကာကွယ်မှု သက်သက်ပါ”
ဖုန်းဝူချန်က ပခုံးတွန့်ကာ ပြုံးလျက် ရှင်းပြလိုက်သည်။
“မင်းတို့ အဆင်သင့် ဖြစ်ပြီလား”
ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့် မေးလိုက်ပြီးနောက် ပြင်ဆင်ထားသော ပိတ်လှောင်ခြင်း အခင်းအကျင်းကို ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းသို့ လွှဲပြောင်း ထည့်သွင်းလိုက်တော့၏။
“တကယ်လို့ အချိန်စွမ်းအားကများ အာရုံခံမိသွားပြီး ထွက်ပြေးဖို့ ကြိုးစားရင်တော့ ပြဿနာပဲ”
ယဲ့ထျန်းဝေနှင့် အခြားသူများက ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းရင်း ရေရွတ်လိုက်ကြသည်။
“လက်နက်ဝိညာဉ်... အချိန်စွမ်းအားရဲ့ တည်နေရာကို သေချာ မှတ်ထား”
ဖုန်းဝူချန်က အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ သခင်”
လက်နက်ဝိညာဉ်က ရိုသေစွာ အဖြေပေးလိုက်သည်။
“ဝီ... ဝီ…”
ဖုန်းဝူချန်က ရွှေနဂါး တံဆိပ်တော်ကို အသက်သွင်းလိုက်ရာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အင်အားကြီး တစ်ခုက မျက်တောင်တစ်ခတ် အတွင်းမှာပင် ပေါက်ကွဲထွက်လာတော့၏။
“ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း”
ဖုန်းဝူချန်က ခပ်တိုးတိုး အော်ဟစ်လိုက်ပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လူတစ်စုလုံး သေးငယ်သွားကာ တွန့်လိမ်နေသော ဟင်းလင်းပြင် အတွင်းသို့ ပျောက်ကွယ်သွားကြတော့သည်။
“နန်းတော်သခင်... ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်းက ကျွန်တော်တို့ကို အချိန်စွမ်းအား ရှေ့မှာ လျှပ်တစ်ပြက် ပေါ်လာစေနိုင်ရင်တောင်မှ အခင်းအကျင်းကို အသက်သွင်းဖို့ အချိန် လိုသေးတယ် မဟုတ်လား”
ပိုင်မိက မေးခွန်းထုတ်လိုက်၏။
“တကယ်လို့များ ငါက ပိတ်လှောင်ခြင်း အခင်းအကျင်းကို ကြိုတင်ပြီး အသက်သွင်းထားမယ် ဆိုရင်ကော ဘယ်လိုလဲ... အလစ်အငိုက် ဝင်ဖမ်းမယ် ဆိုရင် အချိန်စွမ်းအားက ထွက်ပြေးနိုင်ဦးမယ် ထင်လို့လား”
ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ရှိသော အပြုံးဖြင့် ပြန်မေးလိုက်သည်။
“ကြိုတင်ပြီး အသက်သွင်းထားမယ် ဟုတ်လား”
ကျန်းကျွင့်လန်နှင့် အခြားသူများမှာ ချက်ချင်းပင် အံ့အားသင့်သွားကြတော့၏။
“ကိုးထပ် ချန်ခွင်း မျှော်စင်ထဲက အရာအားလုံးကို ငါက ထိန်းချုပ်နိုင်တယ်... အဲဒီထဲကို ထည့်ထားတဲ့ ပိတ်လှောင်ခြင်း အခင်းအကျင်း အပါအဝင်ပေါ့”
ဖုန်းဝူချန်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း ရှင်းပြလိုက်သည်။ စကားပြောနေစဉ်မှာပင် သူက ကမ္ဘာပျက်စွမ်းအားများကို အသက်သွင်းနေခဲ့ပြီ ဖြစ်၏။
ကိုးထပ် ချန်ခွင်း မျှော်စင်ကို ထုတ်ယူလိုက်ပြီးနောက် ဖုန်းဝူချန်က အပြင်ဘက်မှနေ၍ မျှော်စင်အတွင်းသို့ သူ၏ စွမ်းအားများကို ထည့်သွင်းလိုက်ပြီး ထိုစွမ်းအားများကို ထိန်းချုပ်ကာ ပိတ်လှောင်ခြင်း အခင်းအကျင်းကို ဖွင့်လှစ်လိုက်သည်။
“ပိတ်လှောင်ခြင်း အခင်းအကျင်းကို အသက်သွင်းပြီးသွားပြီ”
ဖုန်းဝူချန်က ဝမ်းသာအားရ ကြွေးကြော်လိုက်ရာ အချိန်စွမ်းအားကို ပိတ်လှောင်ဖမ်းဆီးရမိတော့မည့် မြင်ကွင်းကို ကြိုတင် မြင်ယောင်နေသည့်အလား ပင် ဖြစ်တော့၏။
“ဒါ တကယ်ပဲ အလုပ်ဖြစ်ပါ့မလား”
လျိုချင်းယန်နှင့် အခြားသူများမှာ သံသယ ဝင်နေကြဆဲပင်။
“ငါတို့ အရှေ့တောင်ဘက် လီသုံးသောင်း အကွာလောက်ကို ရောက်သင့်ပြီ”
ဖုန်းဝူချန်က ခန့်မှန်း ပြောဆိုလိုက်၏။
“သခင်... ဒီနေရာပဲ... မြေအောက် ဂူတစ်ဂူထဲမှာ”
လက်နက်ဝိညာဉ်က ရိုသေစွာ သတင်းပို့လိုက်သည်။
“သိပ်ကောင်းတယ်... ပွဲစတော့မယ်ကွ”
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး အတွေးတစ်ချက်နှင့်အတူ လူတိုင်းကို ခေါ်ဆောင်ကာ မြေအောက် အနက်ပိုင်းသို့ နေရာရွှေ့ပြောင်းသွားတော့၏။
“သခင်... ဒီဂူပဲ... အချိန်စွမ်းအားက ကျွန်တော်တို့ကို သတိမထားမိသေးဘူး”
လက်နက်ဝိညာဉ်က အလျင်အမြန် သတိပေးလိုက်သည်။
“လှုပ်ရှားကြ”
ဖုန်းဝူချန်က ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်၏။
နောက်တစ်စက္ကန့်တွင် မြေအောက် ဂူအတွင်း၌ ဖုန်းဝူချန်နှင့် သူ၏ လူများက လေထဲမှ ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာကြတော့သည်။ ဂူအတွင်း၌ အလွန်တရာ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အရှိန်အဝါ တစ်ခု ရှိနေပြီး ၎င်းမှာ အချိန်စွမ်းအား၏ အနှစ်သာရပင် ဖြစ်သည်။
ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် အချိန်စွမ်းအားက သူတို့ကို လျှပ်တစ်ပြက် အာရုံခံမိသွားပြီး ဂူအတွင်းရှိ အချိန်စီးဆင်းမှုမှာ ချက်ချင်းပင် ဆိုးရွားစွာ နှေးကွေးသွားတော့၏။
ဖုန်းဝူချန်တို့ အဖွဲ့၏ လှုပ်ရှားမှုများမှာ အဆပေါင်း သောင်းချီ၍ နှေးကွေးသွားသည့်အလား လုံးဝ မလှုပ်မယှက် ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အချိန်စွမ်းအားက လွတ်မြောက်ရန် ကြိုးစားတော့သည်။
“နောက်ကျသွားပြီကွ”
ဖုန်းဝူချန်၏ အသံက ဂူတစ်ခုလုံးကို ပဲ့တင်ထပ်ကာ ရုတ်တရက် ထွက်ပေါ်လာတော့၏။
--