အခန်း ၈၃၂
Vol. 56 Ch. 832
အခန်း (၈၃၂) - ဝါးမြိုခြင်း
“ဘုန်း...”
အချိန်စွမ်းအားက ထွက်ပြေးရန် ပြင်လိုက်သည့် အခိုက်အတန့်မှာပင် ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး စွမ်းအင် အတားအဆီး တစ်ခုက လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
“ဘာ... ဒါ... ဒါ ပိတ်လှောင်ခြင်း အခင်းအကျင်းကြီးပါလား...”
အချိန်စွမ်းအား၏ အလွန်အမင်း အံ့အားသင့်နေသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့၏။
အံ့အားသင့်မှုနှင့်အတူ ဂူထဲမှ အသံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အချိန်စွမ်းအားက သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲထွက်လာစေပြီး ဂူအတွင်းရှိ အချိန်စီးဆင်းမှုကို အဆပေါင်းများစွာ နှေးကွေးသွားအောင် ဖန်တီးလိုက်သည်။
“ထျန်းကျီဘုံ ပဉ္စမအလွှာလောက်လေးနဲ့... မိုက်မဲတဲ့ လူသားတွေက သေလမ်းကို လာရှာနေတာလား... ကမ္ဘာပျက်စွမ်းအားကို အသုံးပြုပြီး ငါ့ကို ဖိနှိပ်ထားရုံနဲ့ မင်းတို့ ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာလား...”
အချိန်စွမ်းအားက မထီမဲ့မြင် သရော်လိုက်၏။ ဖုန်းဝူချန်နှင့် အခြားသူများက သူ၏ ပုန်းအောင်းရာ နေရာကို မည်သို့ ရှာဖွေတွေ့ရှိသွားသနည်း ဆိုသည်မှာ အလွန်တရာ အံ့သြစရာ ကောင်းနေသော်လည်း သူတို့၏ ကျင့်ကြံခြင်း အဆင့်က ထျန်းကျီဘုံမျှသာ ဖြစ်ကြောင်းကို သိလိုက်ရသည့်အခါ အချိန်စွမ်းအားမှာ လုံးဝ စိတ်အေးသွားတော့သည်။
“လူငယ်လေး တစ်ယောက်က ကမ္ဘာပျက်စွမ်းအားကို ပိုင်ဆိုင်ထားတာတော့ တကယ်ကို သာမန် မဟုတ်ဘူး... ဒါပေမဲ့ ငါ့ကိုပါ ယဉ်ပါးအောင် လုပ်နိုင်မယ်လို့ ထင်နေတာကတော့ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ...”
အချိန်စွမ်းအားက မောက်မာစွာ ပြောလိုက်သည်။
“ဟင်... ဒါက......”
အချိန်စွမ်းအား၏ စကားသံ အဆုံးတွင် ၎င်းက ရုတ်တရက် အံ့အားသင့်တကြီး ထပ်မံ အော်ဟစ်လိုက်ပြန်၏။ ဖုန်းဝူချန်၏ ကမ္ဘာပျက်စွမ်းအားထဲတွင် အခြားသော ရှေးဦး ကမ္ဘာဦးစွမ်းအား နှစ်ခု ပါဝင်နေကြောင်းကို သူ ယခုမှသာ သတိပြုမိသွားခြင်းပင်။
အချိန်စွမ်းအားက မလှုပ်မယှက် ရပ်နေသော ဖုန်းဝူချန်အား အလွန်အမင်း တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိ၏။ လူငယ်လေး တစ်ယောက်က ရှေးဦး ကမ္ဘာဦးစွမ်းအား အများအပြားကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့သည်။
“အစ်ကိုဖုန်း... ကျွန်တော် ပြောတာ ကြားရလား... ကျွန်တော့် ခန္ဓာကိုယ်ကို လုံးဝ လှုပ်လို့ မရတော့ဘူး...”
လျိုချင်းယန်က ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ အသံလှိုင်းဖြင့် ဆက်သွယ်လိုက်၏။ သူ၏ အသိစိတ်နှင့် အတွေးများက ရှိနေဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်မှာမူ နာရီလက်တံပမာ အလွန်တရာ နှေးကွေးစွာ လှုပ်ရှားနေပြီး သေချာ အာရုံစိုက် မကြည့်ပါက လှုပ်ရှားနေမှန်းပင် သိနိုင်မည် မဟုတ်ချေ။
“ကျွန်တော်လည်း လှုပ်လို့ မရဘူး... ဒါ အချိန်စွမ်းအားရဲ့ ကြောက်စရာကောင်းတဲ့ အချက်လား...”
ပေတိုယန်၏ အသံက ထွက်ပေါ်လာသည်။
“နန်းတော်သခင်... ကျွန်တော်လည်း လှုပ်လို့ မရတော့ဘူး...”
ယဲ့ထျန်းဝေနှင့် အခြားသူများ အားလုံးကလည်း အသံလှိုင်း ဆက်သွယ်မှုကို ကြားနိုင်ကြသော်လည်း သူတို့၏ ခန္ဓာကိုယ်များမှာ ကျောက်ရုပ်ပမာ အေးခဲနေတော့၏။
“လှုပ်လို့ မရတာ မဟုတ်ဘူး... အချိန်စွမ်းအားရဲ့ ထိန်းချုပ်မှုအောက်မှာ ငါတို့ရဲ့ လှုပ်ရှားမှုတွေက အဆပေါင်းများစွာ နှေးကွေးသွားလို့ လှုပ်ရှားနေတာကို ကိုယ်တိုင် မခံစားမိတာ...”
ဖုန်းဝူချန်၏ အသံက ပြန်လည် ထွက်ပေါ်လာသည်။
“ကံကောင်းတာက မင်းတို့ အားလုံး အချိန်စွမ်းအားရဲ့ စကားသံကို ကြားလိုက်ရတယ် မဟုတ်လား... အခု သူက ပိတ်လှောင်ခြင်း အခင်းအကျင်းထဲမှာ မိသွားပြီ... သူ ထွက်ပြေးလို့ မရတော့ဘူး...”
ဖုန်းဝူချန်၏ အသံတွင် အောင်နိုင်သူ တစ်ဦး၏ ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေသည်။
ဖုန်းဝူချန် ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် သူ ကြိုတင် ပြင်ဆင်ထားခဲ့သော ပိတ်လှောင်ခြင်း အခင်းအကျင်းကြီးမှာ ချက်ချင်း အသက်ဝင်လာခဲ့ပြီး ဖြစ်သည်။ အချိန်စွမ်းအားက သတိပြုမိသွားချိန်တွင် အခင်းအကျင်းက လုံးဝ အသက်ဝင်နေပြီ ဖြစ်ရာ အချိန်စွမ်းအား အနေဖြင့် နတ်ဘုရား စွမ်းရည်များကို အသုံးပြုမည် ဆိုလျှင်တောင်မှ ပိတ်လှောင်ခြင်း အခင်းအကျင်း၏ ချုပ်နှောင်မှုကို ခံထားရပြီ ဖြစ်ပေ၏။
“ဒီကောင်လေးက နတ်ဘုရား အပြစ်ပေး စွမ်းအားနဲ့ အနတ္တစွမ်းအားကိုပါ ဝါးမြိုထားတာပါလား...”
အချိန်စွမ်းအားမှာ လန့်ဖြတ်စွာဖြင့် ထပ်မံ အော်ဟစ်လိုက်တော့သည်။
ပိတ်လှောင်ခြင်း အခင်းအကျင်း အတွင်း၌ အခင်းအကျင်း၏ စွမ်းအားများ ပိုမို ကြောက်စရာ ကောင်းလာသည်နှင့်အမျှ အချိန်စွမ်းအားမှာ အတင်းအကြပ် ဖိနှိပ် ချုပ်နှောင်ခံလိုက်ရပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာလည်း လျင်မြန်စွာ အားနည်းသွားတော့၏။
ဂူအတွင်း၌ အချိန်စွမ်းအား ဖိနှိပ်ခံလိုက်ရသည်နှင့် အချိန်စီးဆင်းမှုမှာလည်း ဖရိုဖရဲ ဖြစ်လာပြီး ပုံမှန် အခြေအနေ၊ နှေးကွေးသွားသော အခြေအနေနှင့် ပိုမို မြန်ဆန်လာသော အခြေအနေများကြား အဆက်မပြတ် ပြောင်းလဲနေတော့သည်။
ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများမှာ အလွန်တရာ ရယ်စရာကောင်းသော အခြေအနေသို့ ရောက်ရှိနေကြပြီး တစ်ခါတစ်ရံ မြန်ဆန်စွာ၊ တစ်ခါတစ်ရံ နှေးကွေးစွာ၊ တစ်ခါတစ်ရံ ပုံမှန်အတိုင်း လှုပ်ရှားနေကြရရာ ထူးဆန်းသော အက တစ်ခုကို ကနေကြသည့်အလား ပင်ဖြစ်၏။
ထိုသို့ ဖရိုဖရဲ ဖြစ်နေသော လုပ်ငန်းစဉ် အတွင်း၌ ဖုန်းဝူချန်၏ ကိုယ်တွင်းမှ ရွှေရောင် အလင်းတန်း တစ်ခုက တဟုန်ထိုး ပစ်ထွက်လာခဲ့ပြီး တစ်ခါတစ်ရံ မြန်ဆန်စွာ၊ တစ်ခါတစ်ရံ နှေးကွေးစွာ ရွေ့လျားနေသည်။
“ဒါက... ရှေးဦး စက်ကွင်းလက်နက်ပါလား...”
ရွှေရောင် အလင်းတန်းကို မြင်လိုက်ရသည့်အခါ အချိန်စွမ်းအားမှာ ထိတ်လန့်တကြား ထပ်မံ အော်ဟစ်လိုက်ပြီး လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေတော့၏။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ရှေးဦး စက်ကွင်းလက်နက်က ဘယ်လိုလုပ်ပြီး ဒီလူသား ကောင်လေးရဲ့ လက်ထဲ ရောက်နေရတာလဲ...”
အချိန်စီးဆင်းမှုများ ဖရိုဖရဲ ဖြစ်နေသဖြင့် ဟင်းလင်းပြင် ကွာဟချက်များ ဖြစ်ပေါ်နေပြီး ဖုန်းဝူချန်၏ အသိစိတ်ကမူ အဆက်မပြတ် ဆင့်ခေါ်နေသော အခြေအနေတွင် ရှိနေသည်။ အချိန်စီးဆင်းမှု ပုံမှန် ပြန်ဖြစ်ပြီး မြန်ဆန်လာသည့် အခိုက်အတန့်တွင် ဖုန်းဝူချန်က ရှေးဦး စက်ကွင်းလက်နက်ကို အသက်သွင်းလိုက်ခြင်းပင်။
“လက်နက်ဝိညာဉ်... မြန်မြန်... အချိန်စွမ်းအားကို စုပ်ယူလိုက်တော့... ရှေးဦး စက်ကွင်းလက်နက်ကို... အသက်သွင်းလိုက်..”
ဖုန်းဝူချန်က အော်ဟစ် အမိန့်ပေးလိုက်၏။ အချိန်စီးဆင်းမှုက အဆက်မပြတ် မြန်လိုက် နှေးလိုက် ဖြစ်နေသဖြင့် ထိုစကားတစ်ခွန်းကို အဆုံးသတ်ရန်ပင် မိနစ်အနည်းငယ်မျှ ကြာမြင့်သွားခဲ့ရသည်။
ရှေးဦး စက်ကွင်းလက်နက်က အချိန်စွမ်းအားကို ရူးသွပ်စွာ စတင် စုပ်ယူတော့၏။ အချိန်စီးဆင်းမှု အမြန်နှုန်း မည်သို့ပင် ရှိစေကာမူ ၎င်းက စုပ်ယူနေသော အခြေအနေကိုသာ အဆက်မပြတ် ထိန်းသိမ်းထားသည်။
ကမ္ဘာပျက်စွမ်းအား၏ ဖိနှိပ်မှုကို ခံထားရသော အချိန်စွမ်းအားမှာ ယခုအခါ ရှေးဦး စက်ကွင်းလက်နက်ကိုပါ တစ်စစီ ဖျက်ဆီးပစ်ချင်စိတ် ပေါက်နေသော်ငြား သူ အမှန်တကယ်ပင် ဘာမှ မတတ်နိုင်တော့ချေ။
သူ၏ အရှိန်အဝါက အတိုင်းအတာ တစ်ခုအထိ အားနည်းသွားသည်နှင့် ဂူအတွင်းရှိ အချိန်နှင့် ဟင်းလင်းပြင်မှာ လုံးဝ ပြိုကျ ပျက်စီးသွားတော့မည် ဖြစ်၏။
“ဝီ...”
ဂူအတွင်း၌ ရှေးဦး စက်ကွင်းလက်နက်က စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူနေသည်နှင့်အမျှ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြီး တစ်ခုက ပြန့်ကျဲလာပြီး ပြိုကျလုနီးပါး ဖြစ်နေသော အချိန်နှင့် ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။
“ခွေးကောင်... မင်းက ငါ့ကို ဒုက္ခပေးဖို့ အပြင်လူကို ကူညီနေတာလား...”
အချိန်နှင့် ဟင်းလင်းပြင် ပြိုကျလုနီးပါး ဖြစ်နေချိန်တွင် အချိန်စွမ်းအားက ရှေးဦး စက်ကွင်းလက်နက်အား ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“...”
ရှေးဦး စက်ကွင်းလက်နက်က ဘာမှ ပြန်မပြောခဲ့ချေ။
အချိန်စွမ်းအား တစ်ခုတည်းကသာ ရှေးဦး စက်ကွင်းလက်နက်၏ နတ်ဘုရား စွမ်းရည်များကို အသက်သွင်းနိုင်သည် ဖြစ်ရာ သူတို့ နှစ်ခု၏ ဆက်ဆံရေးမှာ သဘာဝကျကျပင် အလွန်တရာ အထူးသီးသန့် ဖြစ်ပြီး နှစ်ပေါင်း မရေမတွက်နိုင်သော ကာလများကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် အချိန်စွမ်းအား အတွက်တော့ ရှေးဦး စက်ကွင်းလက်နက်မှာ ဖုန်းဝူချန်၏ ယဉ်ပါးအောင် လုပ်ခြင်းကို ခံထားရပြီး ဖြစ်ရာ ယခုအခါ ဖုန်းဝူချန်၏ အမိန့်ကိုသာ နာခံရတော့မည် ဖြစ်၏။
“မင်း ဆွံ့အ သွားတာလား... စကားပြောစမ်း”
အချိန်စွမ်းအားက ပြာယာခတ်စွာဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြန်သည်။
“ငါ့ပေါ်မှာ ရှိနေတဲ့ ဝိညာဉ် အမှတ်အသားက ဖျက်ဆီးခံလိုက်ရပြီ... အခု သူက ငါ့ရဲ့ သခင် ဖြစ်နေပြီ”
ရှေးဦး စက်ကွင်းလက်နက်က နောက်ဆုံးတော့ ဖွင့်ဟပြောဆိုလိုက်သော်လည်း ၎င်း၏ လေသံတွင် ဆန္ဒမပါမှုများ အပြည့်အဝ လွှမ်းမိုးနေတော့၏။
“ဘာ...”
အချိန်စွမ်းအားမှာ လုံးဝ ဆွံ့အ မှင်သက်သွားရသည်။
“ဂျွတ်...”
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ဂူအတွင်း၌ စုစည်းနေသော အချိန်နှင့် ဟင်းလင်းပြင်မှာ နောက်ဆုံးတွင် အက်ကွဲသံကြီး ထွက်ပေါ်လာကာ ပြိုကျသွားတော့၏။
ရှေးဦး စက်ကွင်းလက်နက်က လုံလောက်သော အချိန်စွမ်းအားများကို စုပ်ယူပြီးနောက် ပြိုကျနေသော အချိန်နှင့် ဟင်းလင်းပြင်ကို တိုက်ရိုက်ပင် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။
အချိန်နှင့် ဟင်းလင်းပြင် ပြိုကျသွားသည့် အခိုက်အတန့်တွင် အချိန်စီးဆင်းမှုမှာ ချက်ချင်းပင် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီး ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများလည်း နောက်ဆုံးတော့ လွတ်မြောက်သွားကြ၏။
“အခု မင်း ဘယ်လိုမှ ထွက်ပြေးလို့ မရတော့ဘူး မဟုတ်လား”
ဖုန်းဝူချန်က ဝမ်းသာရွှင်မြူးစွာ ရယ်ရင်း ရှေ့သို့ တိုးလာခဲ့၏။
“အစ်ကိုဖုန်း... အစ်ကို တကယ် လုပ်နိုင်ခဲ့တာပဲ... အချိန်စွမ်းအားကို တကယ်ကို ပိတ်လှောင်နိုင်ခဲ့တာပဲ”
အချိန်စီးဆင်းမှု ပုံမှန် ပြန်ဖြစ်သွားသည်နှင့် လျိုချင်းယန်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
“လုံးဝ မယုံနိုင်စရာပဲ.. နန်းတော်သခင်က အချိန်စွမ်းအားကိုတောင် အလွယ်တကူ ယဉ်ပါးအောင် လုပ်နိုင်တာလား...”
ပေတိုယန်နှင့် အခြားသူများ၏ မျက်နှာထက်တွင်လည်း အံ့အားသင့်မှုများက အပြည့်အဝ ဖုံးလွှမ်းနေပြီး သူတို့၏ အကြည့်များက ယခုအခါ အလွန်အမင်း အားနည်းနေပြီ ဖြစ်သော အချိန်စွမ်းအားထံသို့ စူးစိုက်သွားကြတော့သည်။
သက်တန့်ရောင် အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသော စွမ်းအင် အစုအဝေးလေးမှာ အချိန်စွမ်းအားပင် ဖြစ်သည်။
ပိတ်လှောင်ခြင်း အခင်းအကျင်း၏ ဖိနှိပ်မှုနှင့် ရှေးဦး စက်ကွင်းလက်နက်၏ စွမ်းအားများ ပေါင်းစပ်သွားမှု အောက်တွင် အချိန်စွမ်းအားမှာ ယခုအခါ အလွန်တရာ အားနည်းနေပြီး အချိန်ကို ထိန်းချုပ်ရန် မဆိုထားနှင့် ပြန်လည် ခုခံရန်ပင် အင်အား မရှိတော့ချေ။
“အချိန် နည်းနည်းတော့ ယူလိုက်ရပေမယ့်... နောက်ဆုံးမှာတော့ အချိန်စွမ်းအားကို အောင်အောင်မြင်မြင်နဲ့ ဖမ်းဆီးနိုင်ခဲ့ပြီ”
ဖုန်းဝူချန်က သက်တန့်ရောင် အလင်းတန်းလေးဆီသို့ ချဉ်းကပ်သွားရင်း အပြုံးလေးဖြင့် ပြောလိုက်ရာ သူ၏ အောင်နိုင်သူ အပြုံးကို ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့ချေ။
“ခွေးကောင်လေး... မင်းက ရှေးဦး ကမ္ဘာဦးစွမ်းအား သုံးခုကို ဘယ်လိုများ ရခဲ့တာလဲ... ပြီးတော့ ရှေးဦး စက်ကွင်းလက်နက်ကရော မင်းလက်ထဲ ဘယ်လို ရောက်လာတာလဲ... မင်း တကယ်တော့ ဘယ်သူလဲ...”
အချိန်စွမ်းအားက စိတ်မရှည်စွာဖြင့် ဟိန်းဟောက်လိုက်၏။
“မင်း သိချင်တယ် ဆိုရင် ငါ့ကို အရှုံးပေးလိုက်... အဲဒီကျရင် ငါ ပြောပြမယ်...”
ဖုန်းဝူချန်က အောင်နိုင်သူ အပြုံးဖြင့် ကမ်းလှမ်းလိုက်သည်။
“မင်း အရှုံးမပေးချင်လည်း ကိစ္စမရှိပါဘူး... ဒီနေ့ မင်း ငါ့လက်ထဲကနေ လွတ်မှာ မဟုတ်ဘူး...”
ဖုန်းဝူချန်က စကားပြောနေစဉ်မှာပင် ကမ္ဘာပျက်စွမ်းအားများကို အသက်သွင်းနေပြီး အချိန်စွမ်းအားကို အချိန်မရွေး ဝါးမြိုပစ်ရန် အသင့်ဖြစ်နေခဲ့ချေပြီ။
“ဘယ်လိုလဲ... ဆုံးဖြတ်ပြီးပြီလား... ငါ့ကိုသာ အရှုံးပေးလိုက်... မင်းရဲ့ စွမ်းအားတွေကို တစ်ကမ္ဘာလုံး သိအောင် ငါ ပြသပေးနိုင်တယ်”
ဖုန်းဝူချန်က ပြုံးလျက် ဆက်လက် ဆွဲဆောင်လိုက်၏။
“အချိန်စွမ်းအား... အရှုံးပေးလိုက်ပါ...”
အနီးနားရှိ လက်နက်ဝိညာဉ်ကလည်း ဝင်ရောက် တိုက်တွန်းလိုက်သည်။
လက်ရှိ အခြေအနေများ အရ အချိန်စွမ်းအား အနေဖြင့် အခြေအနေကို ပြောင်းပြန်လှန်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
“ထားလိုက်ပါတော့... မင်းနဲ့ စကားပြောပြီး အချိန်မဖြုန်းချင်တော့ဘူး... ငါ့ဘာသာပဲ လုပ်လိုက်တော့မယ်...”
ဖုန်းဝူချန်က ခေါင်းခါယမ်းလိုက်ပြီး သူ၏ လက်ဝါးက ရုတ်တရက် ရှေ့သို့ ဆန့်ထွက်သွားတော့၏။
ကြောက်မက်ဖွယ် ကောင်းလှသော ကမ္ဘာပျက်စွမ်းအားက နည်းနည်းလေးမျှ မညှာတာဘဲ ချက်ချင်းပင် စတင် ဝါးမြိုတော့သည်။
“သေစမ်း... ရပ်စမ်း”
အချိန်စွမ်းအားက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ဟွန့်... ပြန်ခုခံချင်သေးတာလား... မင်းကိုယ်မင်း နာကျင်အောင် လုပ်နေတာပဲ...”
ဖုန်းဝူချန်က သရော်လိုက်သည်။
“ကမ္ဘာပျက်စွမ်းအား ရှေ့မှာ မင်းက တကယ်ပဲ ပြန်ခုခံနိုင်မယ်လို့ ထင်နေတာလား…”
--