အခန်း ၈၃၄
Vol. 56 Ch. 834
အခန်း (၈၃၄) - တပ်မှူးချုပ်
“ဝှစ်... ဝှစ်... ဝှစ်…”
အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာက လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြ၏။
ရက်စက်ကြမ်းကြုတ်သော အရှိန်အဟုန်များဖြင့် အစွမ်းထက် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် ထျန်းကျီဘုံ၏ အရှိန်အဝါများကို ထုတ်လွှတ်ထားပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဖုန်းဝူချန်က တည်ငြိမ်နေဆဲပင်။ သို့သော် သူ၏ နက်မှောင်သော မျက်လုံးအိမ်များကမူ ရေခဲတမျှ အေးစက်ခက်ထန်သွားတော့၏။
"ယင်ယန် မိသားစုက လူတွေပဲ..."
ယဲ့ထျန်းဝေက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်၏။ ထိုသူများ၏ ဝတ်စားဆင်ယင်မှုကို ကြည့်၍ ယင်ယန် မိသားစုဝင်များမှန်း သူ ချက်ချင်း မှတ်မိလိုက်ခြင်းပင်။
ဧရာမ မိသားစုကြီးဟူသော ဂုဏ်ပုဒ်နှင့်အညီ ယင်ယန် မိသားစုက ထျန်းကျီဘုံ အဆင့်ရှိ အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာကို စေလွှတ်လိုက်ခြင်းတကား။
"အကုန်လုံးက ထျန်းကျီဘုံ ပညာရှင်တွေချည်းပဲ... ငါတို့တော့ ပြဿနာ ကြီးကြီးတက်ပြီ... ယင်ယန် မိသားစုက ငါတို့ကို အရှင်မပြန်စေချင်တာ သေချာတယ်... သွေးထွက်သံယို တိုက်ပွဲဝင်ပြီးမှပဲ ဖောက်ထွက်လို့ ရတော့မယ်..."
လျိုချင်းယန်က မျက်မှောင်ကြုတ်လျက် သုံးသပ်လိုက်၏။
"နန်းတော်သခင်... သူတို့က ရှာတွေ့သွားပြီ ဆိုတော့ ယင်ယန် မိသားစုက ပညာရှင်တွေ ချက်ချင်း ထပ်ရောက်လာတော့မှာ သေချာတယ်...ကျွန်တော်တို့မှာ အချိန်မရှိတော့ဘူး..."
ယီထျန်းချင်းက လေးနက်သော အမူအရာဖြင့် သတိပေးလိုက်သည်။
"တပ်မှူးချုပ်ရဲ့ အမိန့်ပဲ... ဖုန်းဝူချန်ကလွဲပြီး ကျန်တဲ့လူ အကုန်လုံးကို သနားညှာတာစရာ မလိုဘဲ သတ်ပစ်ကြ..."
ဦးဆောင်လာသူက အေးစက်စက် အမိန့်ပေးလိုက်၏။ သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိဘဲ အလွန်တရာ သွေးအေး ရက်စက်လှပေ၏။
အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာ၏ ကြောက်မက်ဖွယ် စွမ်းအားများက ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ချင်သည့် အရှိန်အဝါများကို ပေါက်ကွဲထွက်လာစေသည်။ ဟင်းလင်းပြင် တစ်ခုလုံး ပြိုကျပျက်စီးသွားပြီး မြင်တွေ့ရသူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေတော့၏။
“ဝှစ်... ဝှစ်... ဝှစ်…”
အစွမ်းထက် ပညာရှင် အားလုံးက ရက်စက်ကြမ်းကြုတ်စွာ စတင် လှုပ်ရှားလိုက်ကြ၏။ သူတို့၏ ပုံရိပ်များက အနက်ရောင် အရိပ်များအဖြစ် ပြောင်းလဲသွားကာ လျှပ်စီးပမာ အံ့မခန်း အမြန်နှုန်းဖြင့် ပြေးဝင်လာကြ၏။
“ဝီ... ဝီ…”
ဖုန်းဝူချန်က သူ၏ စွမ်းအား အားလုံးကို အစွမ်းကုန် အသက်သွင်းလိုက်ရာ တောက်ပသော သွေးရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာတော့သည်။ ချီလင် ချပ်ဝတ်နှင့် နဂါးနတ်ဘုရား ဓားတို့ကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်လိုက်သည်နှင့် သူ၏ အရှိန်အဝါက ထျန်းကျီဘုံ နဝမအလွှာ အထွတ်အထိပ်သို့ လျှပ်တစ်ပြက် ထိုးတက်သွား၏။
"ငါ့အနား ကပ်နေကြ..."
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်ပြီး သူ၏ စွမ်းအား အားလုံးကို နဂါးနတ်ဘုရား ဓားအတွင်းသို့ ရူးသွပ်စွာ ထည့်သွင်းလိုက်သည်။
လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ဓားအရှိန်အဝါက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေတော့၏။ ရက်စက်ကြမ်းကြုတ်လှသော ဓားအလင်းတန်း၏ စွမ်းအားက အသက်ရှူရပင် ကြပ်တည်းလာစေသည်။
ယင်ယန် မိသားစုမှ အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာမှာ အလွန်တရာ ကြမ်းတမ်း ရက်စက်သော အဆင့်မြင့် လေ့ကျင့်မှုများကို ခံယူထားရကြောင်း သိသာထင်ရှားလှ၏။ သူတို့၏ ကျင့်ကြံခြင်းနှင့် စွမ်းအားများက ဖုန်းဝူချန်ကို မယှဉ်နိုင်သော်ငြား နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်း မရှိဘဲ ရက်စက်သော အရှိန်အဟုန်များဖြင့် တဟုန်ထိုး ပြေးဝင်လာကြဆဲပင်။
"ဝိညာဉ်ချေမှုန်း ဓားသိုင်း... ဝိညာဉ်ချေမှုန်း ကောင်းကင်ကိုးထပ်..."
ဖုန်းဝူချန်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ ပြေးဝင်လာသော ရန်သူများကို ရေခဲတမျှ အေးစက်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ပြီးနောက် နဂါးနတ်ဘုရား ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ဘယ်မှညာသို့ အားကုန် ခုတ်ပိုင်းချလိုက်တော့၏။
ဖုန်းဝူချန်၏ ဓားကွက်က အားစိုက်ထုတ်စရာ မလိုလောက်အောင် ညင်သာ ချောမွေ့နေသော်လည်း အလွန်တရာ ခမ်းနား ကြီးကျယ်လှပေသည်။
“ဝှစ်…”
“ဝီ... ဝီ…”
ပေထောင်ချီ ရှည်လျားသော ဧရာမ သွေးရောင် ဓားအလင်းတန်းကြီးက ကောင်းကင်ယံကို ဆုတ်ဖြဲကာ ပစ်ထွက်သွားခဲ့၏။ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ထိုဓားလှိုင်းကြီးက ဟင်းလင်းပြင်ကိုပင် နှစ်ခြမ်းခွဲပစ်တော့မည့်အလား ကြောက်မက်ဖွယ် ကောင်းလှ၏။ ဟင်းလင်းပြင် တစ်ခုလုံး သွေးရောင် လွှမ်းသွားပြီး အနက်ရောင် အက်ကွဲကြောင်းများက လက်သည်းရာများပမာ အရပ်မျက်နှာ အသီးသီးသို့ ဖြာထွက်သွားတော့သည်။
"သွားကြစို့..."
ကြောက်မက်ဖွယ် သွေးရောင် ဓားအလင်းတန်းကြီး ပေါက်ကွဲထွက်လာသည့် အခိုက်အတန့်မှာပင် ဖုန်းဝူချန်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
ဖုန်းဝူချန်က လျှပ်စီးပမာ ပစ်ထွက်သွားပြီး လျိုချင်းယန်နှင့် အခြားသူများကလည်း အစွမ်းကုန် အမြန်နှုန်းဖြင့် အနောက်မှ လိုက်ပါသွားကြသည်။ သူတို့က ဧရာမ သွေးရောင် ဓားအလင်းတန်းကြီးကို အကာအကွယ်ယူကာ ရှေ့သို့ ဖောက်ထွက်ရန် ကြိုးစားလိုက်ခြင်းပင်။
ထိုအခိုက်အတန့်တွင် သွေးရောင် ဓားအလင်းတန်းကြီးက ဖုန်းဝူချန်တို့ အဖွဲ့အတွက် အကောင်းဆုံး ဒိုင်းကာကြီး တစ်ခု သဖွယ်။ ယင်ယန် မိသားစု၏ ပညာရှင်များကို တားဆီးပေးထားပြီး သူတို့ကို အပြည့်အဝ အကာအကွယ် ပေးထားတော့၏။
သွေးရောင် ဓားအလင်းတန်းကြီးက မျက်တောင်တစ်ခတ် အတွင်းမှာပင် ရိုက်ခတ်သွားရာ အချိန်များပင် ရပ်တန့်သွားသည့်အလား။ ကြောက်မက်ဖွယ် ဧရာမ ဓားလှိုင်းကြီးက ထျန်းကျီဘုံ ပညာရှင် ဒါဇင်ပေါင်းများစွာကို အပြီးတိုင် တံမြက်လှည်း ရှင်းလင်းပစ်တော့မည့်ဟန် ပြင်နေ၏။
"လူစုခွဲလိုက်ကြ..."
ဦးဆောင်သူက အလောတကြီး အော်ဟစ်လိုက်သည်။
ထိုမျှ ကြောက်မက်ဖွယ် ကောင်းလှသော ဓားအလင်းတန်းကြီးနှင့် ရင်ဆိုင်ရချိန်တွင် မည်သူကမျှ ဝင်ရောက် မတားဆီးရဲကြတော့ဘဲ အစွမ်းထက် ပညာရှင်များ အားလုံး အလျင်အမြန် ရှောင်တိမ်းသွားကြရတော့၏။
"ဟား ဟား... နန်းတော်သခင်... တကယ်ကို ခမ်းနားတာပဲကွ..."
ပိုင်မိက စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။
"အရမ်းကို လွှမ်းမိုးနိုင်တာပဲ... ဟား ဟား..."
လျိုချင်းယန်ကလည်း ဝမ်းသာရွှင်မြူးစွာ အော်ဟစ်လိုက်ပြီး နောက်ဆုတ်သွားရသော ပညာရှင် ဒါဇင်ပေါင်းများစွာကို လှည့်ကြည့်ကာ လှောင်ပြောင်လိုက်၏။
သို့သော်ငြား သူတို့ အောင်ပွဲခံရန် အချိန်မရလိုက်မီမှာပင် ဖျက်ဆီးခြင်း အရှိန်အဝါကြီး တစ်ခုက ကောင်းကင်ယံထက်မှ ရုတ်တရက် ပြန့်ကျဲလာပြီး သူတို့အပေါ်သို့ လွှမ်းမိုး ဖိနှိပ်လာတော့သည်။
"နတ်ဘုရားအသွင်ပြောင်းဘုံ ပါလား..."
ယဲ့ထျန်းဝေနှင့် အခြားသူများ၏ မျက်နှာများမှာ ရုတ်ချည်း ပြောင်းလဲသွားကြ၏။ ထိုကြောက်မက်ဖွယ် ဖိအားကြီး အောက်တွင် သူတို့၏ ဝိညာဉ်များပင် တုန်လှုပ်သွားရပြီး ခန္ဓာကိုယ် အတွင်းရှိ အင်အားများ အားလုံး လုံးဝ ပျောက်ကွယ်သွားသည့်အလား ခံစားလိုက်ကြရသည်။
"တပ်မှူးလေးထက်တောင် ပိုမြင့်တဲ့ ကျင့်ကြံခြင်း အဆင့်ပဲ..."
မြောင်ချင်းချင်းက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါကြီးမှာ အလွန်တရာ ကြောက်စရာ ကောင်းလှပြီး ဧရာမ ဟင်းလင်းပြင်ကြီး တစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားတော့၏။
"တပ်မှူးချုပ်ကို ဂါရဝပြုပါတယ်..."
အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာက ဟင်းလင်းပြင်ထဲတွင် ဒူးတစ်ဖက် ထောက်ကာ ရိုသေလေးစားစွာ နှုတ်ခွန်းဆက်သလိုက်ကြသည်။
"ယင်ယန် မိသားစုရဲ့ တပ်မှူးချုပ် ဟုတ်လား..."
လျိုချင်းယန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ထပ်မံ ပျက်ယွင်းသွားကြပြန်၏။
တပ်မှူးချုပ်ကို သူတို့ ကိုယ်တိုင် မျက်မြင် မတွေ့ဖူးခဲ့သော်ငြား သူ၏ စွမ်းအားများက တပ်မှူးလေးထက် အများကြီး ပိုမို သာလွန်ကြောင်းကိုတော့ ကောင်းကောင်းကြီး သိရှိထားကြပေသည်။
လူရိပ်တစ်ခုက ကြောက်မက်ဖွယ် သွေးရောင် ဓားအလင်းတန်းကြီး၏ ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ နည်းနည်းလေးမျှ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိသော ထိုပုဂ္ဂိုလ်မှာ အခြားသူ မဟုတ်ဘဲ ယင်ယန် မိသားစု၏ တပ်မှူးချုပ် ပင်တည်း။
“ဝှစ်…”
တပ်မှူးချုပ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခြား လူရိပ်တစ်ခုလည်း လျှပ်တစ်ပြက် ရောက်ရှိလာ၏။ ၎င်းမှာ တပ်မှူးလေးပင် ဖြစ်သည်။
"တပ်မှူးလေးပါလား..."
ပေတိုယန်က မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ပြီး အံကို တင်းတင်းကြိတ်ကာ ဒေါသတကြီး ရေရွတ်လိုက်သည်။
"ခွေးကောင်... သူ့ကို လွှတ်ပေးလိုက်တာ ရက်ပိုင်းလေးပဲ ရှိသေးတယ်... ချက်ချင်း ပြဿနာ ပြန်လာရှာတာပဲ..."
"ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်သလို တကယ် ဖြစ်သွားတာပဲ..."
ယီထျန်းချင်းက မှုန်ကုပ်သော လေသံဖြင့် ထောက်ခံလိုက်ပြီး သူ၏ ရက်စက်သော အကြည့်များက တပ်မှူးလေးထံသို့ စူးစိုက်သွားတော့၏။
"တပ်မှူးချုပ်..."
ဖုန်းဝူချန်က မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်သော်လည်း တပ်မှူးလေးကိုမူ နည်းနည်းလေးမျှ ဂရုမစိုက်ခဲ့ချေ။
"ဖုန်းဝူချန်... နောက်ဆုံးတော့ ငါတို့ တွေ့ကြပြီပဲ..."
တပ်မှူးချုပ်က ဖုန်းဝူချန်အား အေးစက်ခက်ထန်စွာ စိုက်ကြည့်ရင်း နှုတ်ဆက်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီး လက်ဝါးကို အပြင်ဘက်သို့ ဖြည်းညင်းစွာ မြှောက်တင်လိုက်သည်။
လက်ဝါး ပွင့်သွားသည့် အခိုက်အတန့်မှာပင် တဟုန်ထိုး ပြေးဝင်လာသော သွေးရောင် ဓားအလင်းတန်းကြီးမှာ မည်သည့် သတိပေးချက်မျှ မရှိဘဲ ရုတ်တရက် ရပ်တန့်သွားတော့၏။ ထို့နောက် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ၏ အလွန်အမင်း ထိတ်လန့်နေသော အကြည့်များ အောက်တွင်ပင် ဖြည်းညင်းစွာ လွင့်စင် ပျောက်ကွယ်သွားသည်။
ဖုန်းဝူချန်၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ဓားအလင်းတန်းကြီးကို ဤမျှ လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်ခဲ့ပြီး ဟင်းလင်းပြင် အတွင်း၌ မည်သည့် စွမ်းအင် လှိုင်းဂယက်မျှ ထွက်ပေါ်မလာခဲ့ခြင်းက ဤပုဂ္ဂိုလ်၏ စွမ်းအား မည်မျှ နက်နဲ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ထင်ရှားစွာ သက်သေပြနေပေသည်။
အရှေ့ဘက်တွင် တပ်မှူးချုပ် ရှိနေပြီး အနောက်ဘက်တွင် တပ်မှူးလေးနှင့် အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာ ဝန်းရံထားရာ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများမှာ လှောင်ချိုင့်ထဲမှ ထွက်ပြေးရန် ကြိုးစားနေသော ငှက်ငယ်လေးများ သဖွယ်။
"ဖုန်းဝူချန်... မင်းရဲ့ ရတနာ မျှော်စင်ထဲမှာ တပ်မှူးလေးတောင် မနိုင်တဲ့ ရှေးဦး ကမ္ဘာဦး သားရဲကြီး တစ်ကောင် ရှိနေတယ်လို့ ငါ ကြားထားတယ်... အဲဒါကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်လိုက်တာ..."
တပ်မှူးချုပ်က အေးစက်စွာ ဆက်ပြောလိုက်၏။ သူက အမှောင်မိစ္ဆာ ကျားသစ်ကြီးနှင့် ရင်ဆိုင် ယှဉ်ပြိုင်ရန် အလွန်အမင်း စိတ်အားထက်သန်နေသည့်ဟန် ပေါ်နေတော့သည်။
တပ်မှူးချုပ်၏ စကားများတွင် မထီမဲ့မြင် ပြုမှုများ ရောယှက်နေ၏။ တမင်တကာ သက်သက်ပဲလား၊ သို့တည်းမဟုတ် ရှေးဦး ကမ္ဘာဦး သားရဲကြီးများကို တကယ်ပဲ အလေးမထားတာလား ဆိုသည်ကိုမူ မခန့်မှန်းနိုင်ချေ။
ဖုန်းဝူချန်၏ အတွေးတစ်ချက်နှင့်အတူ ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးက သူ၏ လက်ဝါးပြင်ထက်တွင် လွင့်မျောလာပြီးနောက် အေးစက်ပြတ်သားစွာ တုံ့ပြန်လိုက်သည်။
"မင်းက မြင်ချင်တယ် ဆိုမှတော့... မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့..."
“ဝုန်း…”
“ဝှစ်…”
မျှော်စင် အတွင်းမှ ကမ္ဘာမြေကို တုန်လှုပ်စေသော ဟိန်းဟောက်သံကြီး ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ အနက်ရောင် အရိပ်ကြီး တစ်ခုက လျင်မြန်စွာ ကြီးထွားလာပြီး ကျယ်လောင်သော ဟင်းလင်းပြင် ဆုတ်ဖြဲသံနှင့်အတူ အနက်ရောင် လျှပ်စီးတန်း တစ်ခုပမာ တဟုန်ထိုး ပစ်ထွက်လာတော့သည်။ လွှမ်းမိုးဖိနှိပ်နိုင်သော အရှိန်အဝါကြီးက ပြိုင်ဘက်ကင်းလှပေသည်။
တပ်မှူးလေးက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော သတ်ဖြတ်ချင်သည့် အငွေ့အသက်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။
"တကယ့်ကို ရှေးဦး ကမ္ဘာဦး သားရဲကြီးပဲ..."
တပ်မှူးချုပ်၏ နှုတ်ခမ်းထောင့်များက အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ သူက နည်းနည်းလေးမျှ ကြောက်ရွံ့နေခြင်း မရှိဘဲ ပို၍ပင် စိတ်လှုပ်ရှားနေသည့်အလား။
“ဘုန်း…*
“ဝီ…”
အမှောင်မိစ္ဆာ ကျားသစ်ကြီးက မျက်တောင်တစ်ခတ် အတွင်းမှာပင် ရောက်ရှိလာပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက တပ်မှူးချုပ်အား ရက်စက်ကြမ်းကြုတ်စွာ ဝင်တိုက်လိုက်တော့၏။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကျန်းသောင်းချီ ကျယ်ဝန်းသော ဟင်းလင်းပြင်ကြီး တစ်ခုလုံး လုံးဝ ပြိုကျ ပျက်စီးသွားတော့သည်။
"ရှေးဦး စွမ်းအား... နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ... တပ်မှူးလေး မင်းကို မနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး..."
တပ်မှူးချုပ်က အေးစက်စက် ပြုံးရင်း မှတ်ချက်ချလိုက်၏။ အမှောင်မိစ္ဆာ ကျားသစ်၏ ရက်စက်ကြမ်းကြုတ်လှသော တိုက်ခိုက်မှုကို ခံလိုက်ရသော်ငြား သူ၏ ခန္ဓာကိုယ်မှာ လက်တစ်သစ်မျှပင် နောက်မဆုတ်သွားခဲ့ချေ။
အမှောင်မိစ္ဆာ ကျားသစ်၏ စွမ်းအားများကို ဤမျှ လွယ်ကူစွာ ခုခံနိုင်ခဲ့သဖြင့် တပ်မှူးချုပ်၏ မျက်နှာပေါ်တွင် မာနထောင်လွှားမှု အရိပ်အယောင်များ အတိုင်းသား ပေါ်လွင်နေတော့၏။
အလွန်တရာ အစွမ်းထက်ပြီး ဖောက်ထွင်းမြင်ရသော စွမ်းအင် အတားအဆီး တစ်ခုက အမှောင်မိစ္ဆာ ကျားသစ်၏ ရှေ့တိုးမှုကို လုံးဝ ရပ်တန့်သွားစေခဲ့ခြင်းပင်။
ဤအချက်ကို ထောက်ရှု၍ တပ်မှူးချုပ်၏ စွမ်းအားမှာ အမှောင်မိစ္ဆာ ကျားသစ်ထက် နည်းနည်းလေးမျှ မနိမ့်ကျကြောင်း ရှင်းလင်းစွာ သိသာနေပေသည်။
"သူ တကယ်ပဲ ကာကွယ်နိုင်ခဲ့တာလား... အရမ်း အစွမ်းထက်တာပဲ..."
ယဲ့ထျန်းဝေက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ပြီး အလွန်အမင်း တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။
"သူလည်း နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အဆင့်မှာပဲ... ဒါ့အပြင် သူ့ဆီမှာ အရမ်းကို ကြောက်စရာကောင်းတဲ့ စွမ်းအား တစ်ခု ရှိနေပုံရတယ်... ရှေးဟောင်းခေတ် ကတည်းက တည်ရှိခဲ့တဲ့ စွမ်းအား တစ်ခုခု ဖြစ်နိုင်တယ်..."
လျိုချင်းယန်က လေးနက်သော မျက်နှာထားဖြင့် သုံးသပ်လိုက်တော့သည်။
--