← Chapters

အခန်း ၈၃၅

Vol. 56 Ch. 835

အခန်း ၈၃၅

Vol. 56 Ch. 835

အခန်း (၈၃၅) - အမှောင်မိစ္ဆာ ကျားသစ်အား ဖိနှိပ်ခြင်း

"ရှေးဟောင်း လမ်းစဉ်ခြောက်သွယ် စွမ်းအား"

ဖုန်းဝူချန်က လေးနက်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်၏။ တပ်မှူးချုပ် အသုံးပြုနေသော စွမ်းအားမှာ ရှေးဟောင်း လမ်းစဉ်ခြောက်သွယ် စွမ်းအားဖြစ်ကြောင်း နတ်ဆိုး နဂါး၏ မှတ်ဉာဏ်များမှတစ်ဆင့် သူ မှတ်မိသွားခြင်းပင်။

"လမ်းစဉ်ခြောက်သွယ် စွမ်းအား ဟုတ်လား"

အံ့အားသင့်သွားကြသော လူအုပ်ကြီး၏ အကြည့်များက ဖုန်းဝူချန်ထံသို့ လျှပ်တစ်ပြက် ရောက်ရှိသွားကြတော့သည်။

ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် ရှင်းပြလိုက်၏။

"လမ်းစဉ်ခြောက်သွယ် စွမ်းအားက လိန်ဟွန်းရဲ့ ဟင်းလင်းပြင် စွမ်းအားထက် နည်းနည်းလေး ပိုပြီး အစွမ်းထက်တယ်"

"တပ်မှူးချုပ်က ဒီလောက် ကြောက်စရာကောင်းအောင် အစွမ်းထက်နေတာ... ပြီးတော့ လမ်းစဉ်ခြောက်သွယ် စွမ်းအားပါ ရှိနေသေးတယ် ဆိုတော့... အမှောင်မိစ္ဆာ ကျားသစ်က သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်တော့မှာလဲ"

ပိုင်မိက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ အကယ်၍သာ အမှောင်မိစ္ဆာ ကျားသစ်က တပ်မှူးချုပ်ကို မယှဉ်နိုင်ပါက သူတို့အားလုံး အသက်ရှင်လျက် ပြန်လည် ထွက်ခွာနိုင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

"လမ်းစဉ်ခြောက်သွယ် စွမ်းအားက ပြောသလောက် မဟုတ်ပါဘူးကွာ"

ထိုစဉ် လျိုချင်းယန်၏ ကိုယ်တွင်းမှ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ ဒေါသတကြီး ကျိန်ဆဲသံကြီး ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းက ထိုရှေးဟောင်း စွမ်းအားကို နည်းနည်းလေးမျှ အလေးထားဟန် မပြပေ။

မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ အသံကို ကြားလိုက်ရသည်နှင့် လျိုချင်းယန်က အလျင်အမြန်ပင် အသံလှိုင်းဖြင့် ဆက်သွယ် မေးမြန်းလိုက်တော့သည်။

"မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး... မင်းရဲ့ ညီအစ်ကိုက တပ်မှူးချုပ်ကို နိုင်နိုင်ပါ့မလား"

မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"ဟွန့်... ဒီတပ်မှူးချုပ်က အင်အား နည်းနည်းပါးပါး ရှိတယ် ဆိုပေမယ့် ငါတို့လို ရှေးဦး ကမ္ဘာဦး သားရဲကြီးတွေနဲ့ ယှဉ်ရင်တော့ အများကြီး နိမ့်ကျနေပါသေးတယ်"

"ဒါ သိပ်ကောင်းတဲ့ သတင်းပဲ"

လျိုချင်းယန်မှာ ဝမ်းသာလုံးဆို့သွားရသည်။

"ဒါပေမဲ့..."

မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာပြန်၏။ လျိုချင်းယန်မှာ လန့်ဖြတ်သွားပြီး ပြာယာခတ်စွာ မေးလိုက်သည်။

"ဒါပေမဲ့ ဘာဖြစ်လဲ"

"အမှောင်မိစ္ဆာ ကျားသစ်က ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှာ ပိတ်လှောင်ခံထားရတာ... အဲဒီ ကောင်လေးက မြင့်မြတ်တဲ့ တောင်တော်ကို မတော်တဆ ဖွင့်လိုက်မိလို့သာ အမှောင်မိစ္ဆာ ကျားသစ်က လွတ်လာခဲ့တာ... သူ့ရဲ့ မူလဝိညာဉ် တစ်ဝက်က မြင့်မြတ်တဲ့ တောင်တော်ထဲမှာ ပိတ်လှောင်ခံထားရတုန်းပဲ... ဒါကြောင့် သူက အစွမ်းကုန် မထုတ်သုံးနိုင်ဘူး... တပ်မှူးချုပ်ကို အနိုင်ယူဖို့ ဆိုတာ အဲဒီလောက် မလွယ်ကူဘူး"

"ဟင်... မူလဝိညာဉ် တစ်ဝက်က ပိတ်လှောင်ခံထားရတုန်း တဲ့လား... ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေက အစွမ်းကုန် မဟုတ်သေးဘူးပေါ့"

မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ စကားများက လျိုချင်းယန်ကို ထိတ်လန့်လွန်း၍ ဝိညာဉ်ပင် လွင့်ထွက်မတတ် ဖြစ်သွားစေတော့၏။

အမှောင်မိစ္ဆာ ကျားသစ်သာ ၎င်း၏ စွမ်းအား အပြည့်အဝကို ထုတ်လွှတ်လိုက်မည် ဆိုပါက မည်မျှ ကြောက်စရာ ကောင်းနေမည်ကို လျိုချင်းယန် လုံးဝ မှန်းဆ၍ပင် မရနိုင်တော့ပေ။ ဆိုလိုသည်မှာ ယခု အမှောင်မိစ္ဆာ ကျားသစ် ထုတ်လွှတ်နေသော စွမ်းအားများမှာ ၎င်း၏ စုစုပေါင်း အင်အား၏ ထက်ဝက်မျှသာ ဖြစ်နေခြင်းပင်။

ကောင်းကင်ယံသို့ ပြန်လည် မော့ကြည့်လိုက်သောအခါ အမှောင်မိစ္ဆာ ကျားသစ်က ရူးသွပ်စွာ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေသော်ငြား တပ်မှူးချုပ်အား လက်တစ်သစ်မျှပင် ဆုတ်ခွာသွားအောင် မစွမ်းဆောင်နိုင်သည်ကို တွေ့လိုက်ရ၏။

"ငါ တပ်မှူးချုပ်က ရှေးဦး ကမ္ဘာဦး သားရဲကြီး တစ်ကောင်နဲ့ တိုက်ခိုက်ဖူးတယ်... ဒါပေမဲ့ သူ့ရဲ့ စွမ်းအားက မင်းထက် အများကြီး သာလွန်တယ်"

တပ်မှူးချုပ်က ဧရာမ အမှောင်မိစ္ဆာ ကျားသစ်ကြီးကို စိုက်ကြည့်ရင်း မထီမဲ့မြင် ပြုံးကာ ခပ်အေးအေးပင် မှတ်ချက်ချလိုက်သည်။

"ဟမ့်..ဘာမှ နားမလည်တဲ့ လူသား"

အမှောင်မိစ္ဆာ ကျားသစ်က သရော်လိုက်၏။

အမှောင်မိစ္ဆာ ကျားသစ်က တပ်မှူးချုပ်က ၎င်း၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်သော်ငြား နည်းနည်းလေးမျှ မကြောက်ပေ။

ထိုစကားကို ကြားလိုက်ရသည့်အခါ တပ်မှူးချုပ်က လှောင်ပြောင်သော လေသံဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

"မင်း အစွမ်းကုန် မထုတ်ရသေးဘူး ဆိုတာကို ငါ တပ်မှူးချုပ် ကောင်းကောင်း သိတယ်... ဒါပေမဲ့ ငါလည်း အစွမ်းကုန် မထုတ်ရသေးဘူး"

စကားပြောနေစဉ်မှာပင် တပ်မှူးချုပ်၏ ခန္ဓာကိုယ်မှ ပိုမို ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြီး တစ်ခု ပေါက်ကွဲထွက်လာတော့၏။ သူ၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါက ဖျက်ဆီးခြင်း ဒေါသတရားများနှင့်အတူ ကောင်းကင်သို့ တဟုန်ထိုး ထိုးတက်သွားတော့သည်။

"ထွက်သွားစမ်း"

တပ်မှူးချုပ်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ဖောက်ထွင်းမြင်ရသော စွမ်းအင်ကြီး တစ်ခုက ပေါက်ကွဲထွက်လာပြီး ဧရာမ အမှောင်မိစ္ဆာ ကျားသစ်ကြီးကို စပရိန်တစ်ခုပမာ အနောက်သို့ လွင့်စင်ထွက်သွားစေတော့၏။

“ဝေါင်း”

အမှောင်မိစ္ဆာ ကျားသစ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကောင်းကင်ယံသို့ မော့ကာ အော်ဟစ်လိုက်သည်နှင့် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ တောက်ပသော အနက်ရောင် အလင်းတန်းများ ဖြာထွက်လာ၏။ သွေးရောင် ဧရာမ မျက်လုံးကြီးများထဲတွင် သတ်ဖြတ်ချင်စိတ်များနှင့် သွေးဆာမှုများ ပြည့်နှက်လာတော့၏။ သားရဲကြီး၏ အရိုင်းဆန်ပြီး ရက်စက်ကြမ်းကြုတ်သော သဘာဝက အပြည့်အဝ နိုးထလာခဲ့၏။

“ဘုန်း... ဘုန်း... ဘုန်း…”

အလွန်အမင်း ဒေါသထွက်နေသော အမှောင်မိစ္ဆာ ကျားသစ်ကြီးက ရှေ့သို့ ရူးသွပ်စွာ တဟုန်ထိုး ပြေးဝင်လာ၏။ ၎င်း၏ ခြေလှမ်းတိုင်းက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေပြီး လုံးဝ တားဆီး၍ မရနိုင်လောက်အောင် ကြမ်းတမ်းလှ၏။

"နောက်ဆုတ်ကြ"

ဖုန်းဝူချန်က အော်ဟစ် သတိပေးလိုက်သည်။ နတ်ဘုရားအသွင်ပြောင်းဘုံ၏ ကြောက်မက်ဖွယ် စွမ်းအားများက သူတို့၏ ခံနိုင်ရည် အကန့်အသတ်ထက် အများကြီး ကျော်လွန်နေပြီ ဖြစ်၏။ နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာနှင့် ရင်ဘောင်တန်းနိုင်သော စွမ်းအားမျိုး ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။

သို့သော် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ ပြုလုပ်နိုင်သမျှမှာ အနောက်သို့ ဆုတ်ခွာရန်သာ ရှိတော့၏။ အကယ်၍ ထွက်ပြေးရန် ကြိုးစားပါကလည်း တပ်မှူးလေးတို့ကို ဖြတ်ကျော်ရဦးမည် ဖြစ်သည်။

"လာစမ်း... မင်းရဲ့ အစွမ်းကုန် အင်အားကို ထုတ်သုံးလိုက်စမ်း... မင်းရဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအားက ဘယ်လောက်တောင် စွမ်းလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"

တပ်မှူးချုပ်က မောက်မာစွာ စိန်ခေါ်လိုက်၏။ အမှောင်မိစ္ဆာ ကျားသစ်ကို သူက နည်းနည်းလေးမျှ အလေးထားဟန် မပြပေ။

လူသားတစ်ဦး၏ မထီမဲ့မြင် ပြုမှုကို ခံလိုက်ရသောအခါ မာနကြီးလှသော ရှေးဦး ကမ္ဘာဦး သားရဲကြီးက ဤစော်ကားမှုကို မည်သို့ သည်းခံနိုင်ပါမည်နည်း။

“ဂါး…... ဂါး…”

အမှောင်မိစ္ဆာ ကျားသစ်မှာ ရူးသွပ်စွာ ဟိန်းဟောက်နေတော့၏။ ပေါက်ကွဲထွက်လာသော ၎င်း၏ စွမ်းအားများက ပို၍ ကြောက်စရာ ကောင်းလာပြီး မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံးကို ဧရာမ ငလျင်ကြီး လှုပ်ခတ်သွားသည့်အလား ပြင်းထန်စွာ တုန်ခါသွားစေတော့သည်။

တောင်တန်းကြီးများ ပြိုကျပျက်စီးပြီး မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခွင်ရှိ မြေပြင်များ အက်ကွဲ ပေါက်ကွဲသွားကာ ကမ္ဘာပျက်တော့မည့် မြင်ကွင်းမျိုးနှင့် တူနေတော့၏။

"လောကကြီးက ဘာတွေ ဖြစ်နေတာလဲ... တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေတာလဲ"

"မြောက်ဘက် ဆန်းကြယ် နယ်မြေရဲ့ ဘယ်နေရာကနေ ဒီလောက် ကြောက်စရာကောင်းတဲ့ ပညာရှင် ထွက်လာရတာလဲ... ဒီစွမ်းအား နှစ်ခုက ပေရွှမ် ဂိုဏ်းချုပ်ထက်တောင် သာလွန်နေပြီပဲ"

"အဲဒီ ဟိန်းဟောက်သံက ကြမ်းကြုတ်သားရဲ တစ်ကောင်ဆီကများလား... ငါတို့ တိုက်ကြီးပေါ်မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ သတ္တဝါမျိုး တကယ် ရှိလို့လား"

"မြန်မြန်... ပေရွှမ် ဂိုဏ်းကို သွားပြီး ဘာတွေ ဖြစ်နေလဲ ဆိုတာ စုံစမ်းကြစို့"

မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အထိတ်တလန့် ဖြစ်နေကြပြီး အစွမ်းထက် ပညာရှင် အများအပြားမှာလည်း အမှန်တရားကို ရှာဖွေရန် ပေရွှမ် ဂိုဏ်းသို့ အပြေးအလွှား သွားရောက်ကြတော့သည်။

သို့သော် ပေရွှမ် ဂိုဏ်းချုပ်နှင့် ဂိုဏ်း၏ အထက်တန်း ခေါင်းဆောင်များ ကိုယ်တိုင်ပင် ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုသည်ကို လုံးဝ မသိရှိကြဘဲ မည်သူကမျှ လာရောက် မစစ်ဆေးရဲကြပေ။

“ဘုန်း... ဘုန်း... ဘုန်း…”

“ဝီ... ဝီ…”

ရှုမီ ချောက်ကမ်းပါး၏ အထက် ကောင်းကင်ယံတွင် အမှောင်မိစ္ဆာ ကျားသစ်နှင့် တပ်မှူးချုပ်တို့ အသေအလဲ တိုက်ခိုက်နေကြ၏။ သူတို့၏ ရိုက်ခတ်မှုတိုင်းက ဖုန်းဝူချန်နှင့် အခြားသူများကို နက်ရှိုင်းစွာ တုန်လှုပ်သွားစေပြီး ရူးသွပ်သော တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသည့် ဖျက်ဆီးခြင်း စွမ်းအင်များက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် တစ်ခုလုံးကို စိစိညက်ညက် ကျေမွသွားစေတော့၏။

တပ်မှူးချုပ်၏ ခန္ဓာကိုယ်မှာ သေးငယ်သော်ငြား သူ၏ စွမ်းအားက အမှောင်မိစ္ဆာ ကျားသစ်ထက် နည်းနည်းလေးမျှ မနိမ့်ကျပေ။ အမှောင်မိစ္ဆာ ကျားသစ်၏ ထက်မြက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသော လက်သည်းများက တပ်မှူးချုပ်အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေခဲ့ပေ။

ထို့အပြင် ခန္ဓာကိုယ် သေးငယ်သော တပ်မှူးချုပ်က အမြန်နှုန်းတွင် ပိုမို သာလွန်နေခဲ့၏။ သူ၏ ပုံရိပ်က လျှပ်တစ်ပြက် ရွေ့လျားသွားတိုင်း ပုံရိပ် ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး မျက်စိကျိန်းမတတ် မြန်ဆန်လွန်းသဖြင့် လိုက်လံ ကြည့်ရှုရန်ပင် မဖြစ်နိုင်တော့ချေ။ ဤအချက်က အမှောင်မိစ္ဆာ ကျားသစ်၏ တိုက်ခိုက်မှုများကို ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့သွားစေတော့သည်။

"နန်းတော်သခင်... အမှောင်မိစ္ဆာ ကျားသစ်က အရေးနိမ့်နေပြီ"

ယီထျန်းချင်းက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် တင်းမာမှုများ အပြည့်အဝ ဖုံးလွှမ်းနေ၏။

"တပ်မှူးချုပ်ရဲ့ စွမ်းအားက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်... အမှောင်မိစ္ဆာ ကျားသစ် သူ့ကို နိုင်မှာ မဟုတ်ဘူး ထင်တယ်"

ယဲ့ထျန်းဝေနှင့် အခြားသူများကလည်း စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေကြတော့သည်။ ဖုန်းဝူချန်က စကားတစ်ခွန်းမျှ မဆိုသော်လည်း သူ၏ မျက်နှာအမူအရာကမူ ပိုမို လေးနက် တင်းမာလာခဲ့၏။

တိုက်ပွဲက ပိုမို ပြင်းထန်လာပြီး တပ်မှူးချုပ်က အစွမ်းထက် သိုင်းကွက်များကို အဆက်မပြတ် ထုတ်သုံးနေတော့၏။ မြေကမ္ဘာအဆင့် သိုင်းကွက်များ၊ အင်မော်တယ် သိုင်းကွက်များနှင့် အခြား ပညာရပ်များကို ရူးသွပ်စွာ အသုံးပြုနေသလို အမှောင်မိစ္ဆာ ကျားသစ်ကလည်း အင်အားချင်း အကြိတ်အနယ် ယှဉ်ပြိုင်ရန် စွမ်းအားများကို ဆက်တိုက် စုစည်းနေသည်။ ဟင်းလင်းပြင် တစ်ခုလုံး မိုးခြိမ်းသံကြီးများပမာ ပေါက်ကွဲနေပြီး ကျန်းတစ်သိန်း ပတ်လည်ရှိ အထက် ကောင်းကင်ယံ တစ်ခုလုံး ဖျက်ဆီးခြင်း စွမ်းအင်များဖြင့် ပြည့်နှက်နေတော့၏။

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ အမှောင်မိစ္ဆာ ကျားသစ်၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ်ကြီးကပင် တပ်မှူးချုပ်၏ အနားမပေးသော တိုက်ခိုက်မှုများကို ဆက်လက် မခံနိုင်တော့ဘဲ ၎င်း၏ အရှိန်အဝါများက တဖြည်းဖြည်း အားနည်းလာခဲ့၏။

"ဒီလောက် မြန်မြန် အရှုံးပေးလိုက်ပြီလား"

တပ်မှူးချုပ်က မထီမဲ့မြင် သရော်လိုက်၏။

“ဂါး…”

အမှောင်မိစ္ဆာ ကျားသစ်က ဒေါသတရားနှင့် ရူးသွပ်မှုများ ရောယှက်ကာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ လက်ရှိ စွမ်းအားမှာ တပ်မှူးချုပ်ကို လုံးဝ မယှဉ်နိုင်ကြောင်း သိသာနေ၏။

"တိရစ္ဆာန်... ငါ့ကို လိမ္မာသေချာစွာ အရှုံးပေးလိုက်စမ်း... အဲဒီကျရင် မင်းအသက်ကို ငါ ချမ်းသာပေးမယ်... မဟုတ်ရင်တော့ ဒီနေ့ မင်းကို အမြစ်ပြတ် ချေမှုန်းပြီး မင်းရဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအားကို ငါ ရယူပစ်မယ်"

တပ်မှူးချုပ်က အေးစက်စွာ အမိန့်ပေးလိုက်ရာ နောက်ဆုံး ရာဇသံ ပေးလိုက်သည့်အလား ပင် ဖြစ်တော့သည်။

“ဂရား”

အမှောင်မိစ္ဆာ ကျားသစ်က ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ သွေးရောင် မျက်လုံးကြီးများဖြင့် တပ်မှူးချုပ်ကို စူးစူးရဲရဲ စိုက်ကြည့်နေတော့၏။

"ခေါင်းမာပြီး ဘာမှ နားမလည်တဲ့ ကောင်... သေရမှာကိုတောင် မသိဘူးပဲ"

တပ်မှူးချုပ်က ရက်စက်စွာ ကြိမ်းမောင်းလိုက်ပြီးနောက် လက်တစ်ဖက်ကို စွန်ကုတ်လို ကွေးညွတ်လိုက်ကာ လက်ဝါးပြင်ထက်တွင် လက်သီးဆုပ်ခန့် အရွယ်အစားရှိ ခရမ်းရောင် စွမ်းအင်လုံးလေး ဖွဲ့တည်လာ၏။

"အင်မော်တယ် သိုင်းကွက်... ယင်ယန် နတ်ဘုရားသတ် လက်ဝါး"

အမှောင်မိစ္ဆာ ကျားသစ်က အညံ့မခံသည်ကို မြင်လိုက်ရသည့်အခါ တပ်မှူးချုပ်က နည်းနည်းလေးမျှ တုံ့ဆိုင်းမနေတော့ဘဲ အင်မော်တယ် သိုင်းကွက်ကို အသုံးပြုကာ အမှောင်မိစ္ဆာ ကျားသစ်အား အပြီးတိုင် ရှင်းလင်းပစ်ရန် ပြင်ဆင်လိုက်တော့သည်။

"သေစမ်း"

တပ်မှူးချုပ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အဝေးမှနေ၍ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ဧရာမ ကြောက်မက်ဖွယ် ခရမ်းရောင် လက်ဝါးရာကြီး တစ်ခုက ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်း အပြည့်ဖြင့် တဟုန်ထိုး ပစ်ထွက်သွားတော့၏။

"အစ်ကိုဖုန်း... အမှောင်မိစ္ဆာ ကျားသစ်ရဲ့ မူလဝိညာဉ် တစ်ဝက်က ပိတ်လှောင်ခံထားရတုန်းပဲ... အဲဒီ ပိတ်လှောင်မှုကို ဖျက်ဆီးပြီး သူ့ရဲ့ စွမ်းအားတွေကို ပြန်လည် ရယူနိုင်မယ့် နည်းလမ်း တစ်ခုခု ရှာမှ ဖြစ်မယ်"

လျိုချင်းယန်က အလွန်အမင်း ပျာယာခတ်စွာဖြင့် လှမ်းပြောလိုက်သည်။

"ငါလည်း အဲဒါကို မချိုးဖျက်နိုင်ဘူး"

ဖုန်းဝူချန်က ခေါင်းခါယမ်းလိုက်၏။ အမှောင်မိစ္ဆာ ကျားသစ်၏ စွမ်းအား တစ်ဝက် ပိတ်လှောင်ခံထားရကြောင်းကို သူ ကောင်းကောင်းကြီး သိရှိထားသော်ငြား သူ ကိုယ်တိုင်လည်း ထိုပိတ်လှောင်မှုကို ချိုးဖျက်ရန် အစွမ်းအစ မရှိသေးပေ။

--

All Chapters