← Chapters

အခန်း ၈၃၆

Vol. 56 Ch. 836

အခန်း ၈၃၆

Vol. 56 Ch. 836

အခန်း (၈၃၆) - အခြေအနေကို ပြောင်းပြန်လှန်ခြင်း

"ငါတို့ ဘယ်လို လုပ်ကြမလဲ"

လျိုချင်းယန်နှင့် အခြားသူများမှာ ပြာယာခတ်နေကြသော်လည်း ဘာမျှ မတတ်နိုင်ခဲ့ပေ။ စွမ်းအား ကွာခြားချက်က ကြီးမားလွန်းလှရာ သူတို့ထဲမှ မည်သူကမျှ ဝင်ရောက် မကူညီနိုင်ခဲ့ပေ။

ဖုန်းဝူချန်က လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး သူ၏ ဝိညာဉ်ရုပ်သေးရုပ်များကို ချက်ချင်း ဆင့်ခေါ်ချင်စိတ်များ ပေါက်နေတော့၏။ ဝမ်းနည်းစရာ ကောင်းသည်မှာ ဖုန်းဝူချန်၏ ဝိညာဉ်ရုပ်သေးရုပ် တစ်ရုပ်ကမျှ တပ်မှူးချုပ်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်းပင်။ များများ ခေါ်ထုတ်လာခြင်းက အသေခံရန် ပို့လိုက်ခြင်းနှင့် အတူတူပင် ဖြစ်တော့သည်။

"မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး... အမှောင်မိစ္ဆာ ကျားသစ်က မင်းရဲ့ ညီအစ်ကို မဟုတ်ဘူးလား... မင်း ဘာလို့ ထွက်မကူတာလဲ"

လျိုချင်းယန်က ပျာယာခတ်စွာဖြင့် အသံလှိုင်းမှတစ်ဆင့် အော်ဟစ်လိုက်၏။

"မင်းက အရူးလား... မင်းခန္ဓာကိုယ်ထဲမှာ ငါ ပိတ်လှောင်ခံထားရတာလေ... ငါ့စွမ်းအားတွေလည်း ပိတ်လှောင်ခံထားရတယ်... ငါ့အစွမ်းကုန်တောင် ထုတ်သုံးလို့ မရတာ သူ့ကို ငါ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံက အတားအဆီးမဲ့ ထွက်ပေါ်လာတော့သည်။

"ပိတ်လှောင်ခံထားရတယ်"

လျိုချင်းယန်မှာ လုံးဝ စိတ်ပျက်အားငယ်သွားပြီး မျှော်လင့်ချက် ကင်းမဲ့သွားတော့၏။ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးသာ မကူညီနိုင်ပါက အမှောင်မိစ္ဆာ ကျားသစ် အသတ်ခံရမည့် အဖြစ်ကို ဘာမျှ မတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရတော့မည်လား။

“ဝီ…”

တပ်မှူးချုပ်၏ ကြောက်မက်ဖွယ် လက်ဝါးရာ စွမ်းအင်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် အမှောင်မိစ္ဆာ ကျားသစ်က အရှုံးပေးရန် တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ၎င်း၏ ခွန်အား အားလုံးကို အစွမ်းကုန် စုစည်းလိုက်ပြီး ပါးစပ်ကြီးကို ကျယ်လောင်စွာ ဟလျက် ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်သော အနက်ရောင် စွမ်းအင် ဘောလုံးကြီး တစ်ခုကို စုစည်းလိုက်တော့၏။

"ဟွန့်... မသေခင် အသည်းအသန် ရုန်းကန်နေတာပဲ... ငါ့ကို အရှုံးမပေးဘူး ဆိုရင် မင်းအတွက် လမ်းတစ်လမ်းပဲ ရှိတယ်...သေလမ်းပဲ"

တပ်မှူးချုပ်က မထီမဲ့မြင် ပြောလိုက်ရာ သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

“ဝှစ်…”

“ဝီ…”

အမှောင်မိစ္ဆာ ကျားသစ်က ကျန်းသောင်းချီ ရှည်လျားသော ဧရာမ အနက်ရောင် အလင်းတန်းကြီး တစ်ခုကို ဟင်းလင်းပြင်ထဲသို့ ရုတ်တရက် ထုတ်လွှတ်လိုက်၏။ စူးရှ ပြင်းထန်လှသော ပေါက်ကွဲသံကြီးကြောင့် ဖုန်းဝူချန်နှင့် အခြားသူများ၏ နားစည်များပင် နာကျင်သွားရပြီး အလိုအလျောက် နားကို ပိတ်ထားလိုက်ကြကာ သူတို့၏ မျက်နှာများမှာလည်း နာကျင်မှုကြောင့် ရှုံ့မဲ့သွားကြတော့သည်။

“ဖောင်း”

ဖျက်ဆီးခြင်း စွမ်းအင်ကြီး နှစ်ခုက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ပြင်းထန်စွာ ဝင်တိုက်မိသွားပြီး ပေါက်ကွဲသွားတော့၏။ ထိုပေါက်ကွဲသံကြီးက မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။

ဖျက်ဆီးခြင်း စွမ်းအင် လှိုင်းဂယက်များက တိုက်ကြီး တစ်ခုလုံးကို အမှောင်ထုက ဝါးမြိုသွားသည့်အလား ပြန့်ကျဲသွား၏။ ၎င်းတို့က မျက်မြင်ကိုယ်တွေ့ အမြန်နှုန်းဖြင့် ဖြာထွက်သွားပြီး နောက်ဆုံးတွင် မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

ဟင်းလင်းပြင်ထဲမှ ဖျက်ဆီးခြင်း စွမ်းအင် လှိုင်းဂယက်များကို မြင်လိုက်ရသည့်အခါ မြောက်ဘက် ဆန်းကြယ် နယ်မြေရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ကြောက်လန့်လွန်း၍ ဝိညာဉ်ပင် လွင့်ထွက်မတတ် ဖြစ်သွားကြရသည်။ ပေရွှမ် ဂိုဏ်း၏ အထက်တန်း ခေါင်းဆောင်များပင်လျှင် ဤဖျက်ဆီးခြင်း စွမ်းအားကြောင့် အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားကြတော့၏။

ဖျက်ဆီးခြင်း စွမ်းအင် လှိုင်းဂယက်များက ငါးမိနစ်တိတိ ကြာမြင့်ပြီးမှသာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ အမှောင်ဖုံးနေသော ဟင်းလင်းပြင်ကြီးက တဖြည်းဖြည်း ပြန်လည် လင်းလက်လာပြီး တုန်ခါနေသော ကောင်းကင်ယံကြီးလည်း ဖြည်းညင်းစွာ ငြိမ်သက်သွားတော့သည်။

တပ်မှူးချုပ်၏ မျက်နှာအမူအရာမှာ အေးစက် မောက်မာနေဆဲပင်။ ဤဖျက်ဆီးခြင်း စွမ်းအင်၏ ရိုက်ခတ်မှုကို နည်းနည်းလေးမျှ မခံရဘဲ လက်တစ်သစ်မျှပင် နောက်ဆုတ်သွားခြင်း မရှိပေ။

ယင်းနှင့် ဆန့်ကျင်ဘက် အမှောင်မိစ္ဆာ ကျားသစ်မှာမူ တစ်ကိုယ်လုံး တုန်ယင်နေပြီး ၎င်း၏ အသက်ရှူသံများက အလွန်အမင်း အားနည်းနေတော့၏။ ကြံ့ခိုင်လှသော ရှေးဦး ကမ္ဘာဦး ခန္ဓာကိုယ်ကြီး ရှိနေသည့်တိုင် ယခုအခါ သွေးများဖြင့် ရဲရဲနီနေပြီး ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း သက်သေပြနေသည်။

"အမှောင်မိစ္ဆာ ကျားသစ်"

ယဲ့ထျန်းဝေနှင့် အခြားသူများက စိုးရိမ်တကြီး အော်ဟစ်လိုက်ကြသည်။

"ဖုန်းဝူချန်... ပိတ်လှောင်မှုကို မြန်မြန် ချိုးဖျက်ပေးစမ်း"

ဒေါသထွက်နေသော အမှောင်မိစ္ဆာ ကျားသစ်က ဖုန်းဝူချန်အား ဟိန်းဟောက်လိုက်၏။ တပ်မှူးချုပ်၏ လုပ်ရပ်များကို လုံးဝ သည်းမခံနိုင်တော့ကြောင်း ထင်ရှားလှ၏။

အဆင့် (၂) နေရာရှိ ရှေးဦး ကမ္ဘာဦး စွမ်းအားကို ပိုင်ဆိုင်ထားသော သားရဲကြီး တစ်ကောင် အနေဖြင့် လူသားတစ်ဦး၏ ဤကဲ့သို့ စော်ကား မထီမဲ့မြင် ပြုမှုကို မည်သို့ သည်းခံနိုင်ပါမည်နည်း။

"ပိတ်လှောင်မှုကို ချိုးဖျက်မယ် ဟုတ်လား"

တပ်မှူးချုပ်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ အချို့အရာများကို သဘောပေါက်သွားသလို ရှိသော်လည်း ရေရေရာရာ နားမလည်သေးပေ။

"တပ်မှူးချုပ်... မြန်မြန် လှုပ်ရှားလိုက်ပါတော့"

တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား တပ်မှူးလေးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါလည်း အဲဒီ ပိတ်လှောင်မှုကို မချိုးဖျက်နိုင်ဘူး"

ဖုန်းဝူချန်က ကူကယ်ရာမဲ့စွာ တုံ့ပြန်လိုက်၏။ သူသာ ချိုးဖျက်နိုင်မည် ဆိုပါက စောစောကတည်းက လုပ်ခဲ့ပြီးလောက်ပြီ။ ယခုအချိန်အထိ အဘယ်ကြောင့် စောင့်နေမည်နည်း။

"ပိတ်လှောင်မှုကို ချိုးဖျက်ဖို့ မလိုဘူး... ကိုးထပ် ချန်ခွင်း မျှော်စင်ထဲ ဝင်ပြီး ကမ္ဘာပျက်စွမ်းအားနဲ့ မြင့်မြတ်တဲ့ တောင်တော်ကို သွားတိုက်ခိုက်လိုက်... ပိတ်လှောင်ခြင်း အခင်းအကျင်း လှုပ်ခတ်သွားတာနဲ့ ငါက ပိုကြီးမားတဲ့ စွမ်းအားတွေကို ရယူနိုင်ပြီ"

အမှောင်မိစ္ဆာ ကျားသစ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ဖုန်းဝူချန်က နည်းနည်းလေးမျှ တုံ့ဆိုင်းမနေတော့ပေ။ အတွေးတစ်ချက်နှင့်အတူ ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားတော့၏။

နောက်တစ်စက္ကန့်တွင် ဖုန်းဝူချန်က ဒုတိယ ဟင်းလင်းပြင်သို့ ရောက်ရှိနေခဲ့၏။ သူက ဖျက်ဆီးခြင်း စွမ်းအားများကို အစွမ်းကုန် အသက်သွင်းလိုက်ပြီး အမှောင်မိစ္ဆာ ကျားသစ် ပြောသည့်အတိုင်း မြင့်မြတ်သော တောင်တော်ကြီးကို တိုက်ခိုက်လိုက်တော့သည်။

“ဘုန်း... ဘုန်း... ဘုန်း…”

“ဝီ…”

ကြောက်မက်ဖွယ် စွမ်းအားများက အဆက်မပြတ် ဝင်ရောက် ထိုးနှက်သွားပြီး မြင့်မြတ်သော တောင်တော်ကို ပြင်းထန်စွာ တုန်ခါသွားစေတော့၏။ ဧရာမ တောင်တော်ကြီးထံမှ ကြီးမားလှသော ရွှေရောင် စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး တောင်တော် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"ဒါက မြင့်မြတ်တဲ့ တောင်တော်ရဲ့ ပိတ်လှောင်မှုပဲ... ငါ သဘောပေါက်ပြီ... ရှေးဦး ကမ္ဘာဦးစွမ်းအားက ပိတ်လှောင်မှုရဲ့ စွမ်းအားကို ဖိနှိပ်ထားနိုင်ပြီး ပိတ်လှောင်မှုကို ယာယီ အားနည်းသွားစေတာပဲ"

ဖုန်းဝူချန် ချက်ချင်းပင် သဘောပေါက်သွားပြီး သူ၏ တိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်နေတော့၏။

ဖုန်းဝူချန်က ရူးသွပ်စွာ တိုက်ခိုက်နေသည်နှင့်အမျှ မြင့်မြတ်သော တောင်တော်၏ ပိတ်လှောင်မှုက စတင် အားနည်းလာပြီး အမှောင်မိစ္ဆာ ကျားသစ်၏ စွမ်းအားများကလည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် အဆပေါင်းများစွာ မြင့်တက်လာတော့သည်။

"အမှောင်မိစ္ဆာ ကျားသစ်ရဲ့ စွမ်းအားက မျက်တောင်တစ်ခတ် အတွင်းမှာတင် အဆပေါင်းများစွာ တိုးလာပါလား"

ယဲ့ထျန်းဝေက အံ့အားသင့်တကြီး အော်ဟစ်လိုက်ရာ သူ၏ မျက်လုံးများပင် ပြူးထွက်လုမတတ် ဖြစ်သွားရ၏။

"ငါ အမြင်မှားနေတာများလား... ဒီအမှောင်မိစ္ဆာ ကျားသစ်က ဘယ်လောက်များတဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားသေးတာလဲ"

လေ့ထျန်းကျွယ်မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကြောက်လန့်လွန်းသဖြင့် မျက်နှာပင် ဖြူဖျော့သွားတော့သည်။

"ဘာ"

အမှောင်မိစ္ဆာ ကျားသစ်၏ စွမ်းအားများ ရုတ်တရက် မြင့်တက်လာသည်ကို အာရုံခံမိလိုက်သည့်အခါ တပ်မှူးချုပ်၏ မျက်နှာမှာ ဆိုးရွားစွာ ပြောင်းလဲသွားတော့၏။

"ငါတို့ ဒုက္ခရောက်ပြီ"

တပ်မှူးလေးက ပြာယာခတ်စွာ အော်ဟစ်လိုက်သည်။

"အခုချက်ချင်း တိုက်ခိုက်လိုက်တော့... သူ့စွမ်းအားတွေက ပိတ်လှောင်ခံထားရတာ... သူ့ကို လုံးဝ ပြန်မကောင်းလာစေနဲ့"

အမှောင်မိစ္ဆာ ကျားသစ်၏ စွမ်းအားများက ရူးသွပ်စွာ ထိုးတက်သွား၏။ ဒဏ်ရာအပြင်းအထန် ရရှိထားသော်ငြား ဤအခိုက်အတန့်တွင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်နေဆဲပင်။

"ဟွန့်... မင်းမှာ အခွင့်အရေး မရှိတော့ဘူး"

တပ်မှူးချုပ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ အစွမ်းကုန် အင်အားကို ချက်ချင်း အသက်သွင်းလိုက်ပြီး အံ့မခန်း အမြန်နှုန်းဖြင့် တဟုန်ထိုး ပြေးဝင်သွားတော့၏။

"အင်မော်တယ် သိုင်းကွက်... ယင်ယန် ဝိညာဉ်ခွဲ လက်ချောင်း"

တပ်မှူးချုပ်က မျက်တောင်တစ်ခတ် အတွင်းမှာပင် ရောက်ရှိလာ၏။ ပြင်းထန်သော ဟိန်းဟောက်သံနှင့်အတူ အဝေးမှနေ၍ လက်ညှိုး ထိုးလိုက်ရာ ကြောက်မက်ဖွယ် ခရမ်းရောင် အလင်းတန်းကြီး တစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ဖောက်ထွင်းသွားတော့မည့်အလား လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါများဖြင့် အကြမ်းပတမ်း ရိုက်ခတ်လာ၏။

ထိုကြောက်မက်ဖွယ် အဟုန်ကိုသာ အထိခံလိုက်ရပါက ရှေးဟောင်း သားရဲကြီးများပင် မျက်တောင်တစ်ခတ် အတွင်းမှာတင် ဖောက်ထွင်းခံလိုက်ရမည်မှာ သေချာလှသည်။ သို့သော် တပ်မှူးချုပ်မှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။

“ဘုန်း…”

ကြောက်မက်ဖွယ် ခရမ်းရောင် အလင်းတန်းကြီး နီးကပ်လာသည့် အချိန်မှာပင် အမှောင်မိစ္ဆာ ကျားသစ်၏ ဧရာမ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် အနက်ရောင် စွမ်းအင် တစ်ခု စုစည်းနေခဲ့၏။ ခရမ်းရောင် အလင်းတန်းက ပြင်းထန်စွာ ရိုက်ခတ်သွားသော်ငြား ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုသာ ထွက်ပေါ်လာသည်။ အနက်ရောင် စွမ်းအင်ကို တုန်လှုပ်သွားအောင်ပင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ပျက်ပြယ်သွားအောင် လုပ်ဖို့ ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။

"ဘာ"

တပ်မှူးချုပ်၏ မျက်နှာမှာ နောက်တစ်ဖန် ဆိုးရွားစွာ ပြောင်းလဲသွားပြန်၏။

"တားနိုင်သွားပြီ... ကာကွယ်လိုက်နိုင်ပြီကွ"

လျိုချင်းယန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ဒီတစ်ခါတော့ တပ်မှူးချုပ် သွားပြီပဲ"

ယဲ့ထျန်းဝေနှင့် အခြားသူများလည်း အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။ ငရဲပြည်မှနေ၍ ကောင်းကင်ဘုံသို့ ပြန်ရောက်သွားရသည့် ထိုခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြ၍ပင် မရနိုင်တော့ပေ။

"ဘာမှ နားမလည်တဲ့ လူသား"

အမှောင်မိစ္ဆာ ကျားသစ်က ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်၏။ ၎င်း၏ သွေးရောင် မျက်လုံးကြီးများထဲတွင် သတ်ဖြတ်ချင်စိတ်များ အပြည့်အဝ ဖုံးလွှမ်းနေပြီး အံကိုကြိတ်ကာ ရေရွတ်လိုက်သည်။

"ငါ့ရဲ့ ပိတ်လှောင်မှုကြောင့်သာ ငါ့စွမ်းအားရဲ့ တစ်ဝက်ပဲ ကျန်နေရတာ... မဟုတ်ရင် မင်းတို့ရဲ့ ကျင့်ကြံခြင်း အဆင့်လောက်နဲ့ ငါ့လက်ထဲမှာ အသေခံခွင့်ရဖို့တောင် မထိုက်တန်ဘူး... မင်းတို့ကများ ငါ့ကို အထင်သေးရဲတယ်ပေါ့လေ"

"ကျားသစ်... သူ့ကို သတ်လိုက်တော့"

ဖုန်းဝူချန်က အေးစက်စက် အမိန့်ပေးလိုက်၏။ တပ်မှူးချုပ်မှာ အလွန်တရာ ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်ရာ ယခု ရရှိလာသော အခွင့်အရေးကို သူတို့ လုံးဝ လက်လွတ်ခံ၍ မဖြစ်တော့ပေ။

“ဂါး”

အမှောင်မိစ္ဆာ ကျားသစ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဒုံးကျည်တစ်ခုပမာ တဟုန်ထိုး ပစ်ထွက်သွားတော့သည်။ ၎င်း၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်း ရှိသော အရှိန်အဝါနှင့် ကြောက်မက်ဖွယ် အမြန်နှုန်းက ယခင်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်နေခဲ့ပြီ။

ယခု အခိုက်အတန့်တွင် အမှောင်မိစ္ဆာ ကျားသစ်မှာ အသစ်တဖန် ပြန်လည် မွေးဖွားလာသည့်အလား အလွန်တရာ ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်နေတော့၏။

"ဒါ လုံးဝ မဖြစ်နိုင်ဘူး... သူ့စွမ်းအားက ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ... အရင်တုန်းက ရှေးဦး ကမ္ဘာဦး သားရဲကြီးထက်တောင်... ပိုပြီး စွမ်းနေပါလား"

လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါကြီးက တပ်မှူးချုပ်ကို ဝိညာဉ်ပင် လွင့်ထွက်မတတ် တုန်လှုပ်သွားစေပြီး သူ၏ မျက်နှာကြီးမှာ သေမတတ် ဖြူရော်သွားတော့သည်။

"သတိထား တပ်မှူးချုပ်"

တပ်မှူးလေးက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ယင်ယန် မိသားစုမှ အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာလည်း အလွန်အမင်း ပြာယာခတ်သွားကြတော့သည်။

"ဘာမှ နားမလည်တဲ့ လူသားတွေ... သေကြစမ်း"

အမှောင်မိစ္ဆာ ကျားသစ်က မျက်တောင်တစ်ခတ် အတွင်းမှာပင် ရောက်ရှိလာခဲ့၏။ ၎င်း၏ ဧရာမ လက်သည်းကြီးက တပ်မှူးချုပ်ထံသို့ ရက်စက်ကြမ်းကြုတ်စွာ ခုတ်ပိုင်းချလိုက်ရာ နည်းနည်းလေးမျှ သနားညှာတာခြင်း မရှိဘဲ အလွန်တရာ သွေးအေးလွန်းလှပေတော့သည်။

--

All Chapters