အခန်း ၈၃၈
Vol. 56 Ch. 838
အခန်း (၈၃၈) - ပျက်စီးသွားသော မျှော်လင့်ချက်
"အဆင့် (၉) ဆေးလုံးပါလား..."
ကိုးထပ် ချန်ခွင်း မျှော်စင်ထဲမှ ဖုန်းဝူချန် ထွက်လာချိန်တွင် တပ်မှူးချုပ် ဆေးလုံးတစ်လုံး ဝါးမြိုလိုက်သည်ကို မြင်လိုက်ရ၏။ သူ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူရော်သွားတော့သည်။
"တပ်မှူးချုပ်ရဲ့ စွမ်းအားတွေက နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာ အဆင့်ထိ ပြန်ရောက်သွားပြီ... ဒါ ဘယ်လို ဆေးလုံးမျိုးလဲ... အာနိသင်က တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်..."
ယဲ့ထျန်းဝေက ပြာယာခတ်စွာ အော်ဟစ်လိုက်၏။
"သေစမ်း... သူက အဆင့် (၉) ဆေးလုံးကို တကယ်ကြီး သောက်လိုက်တာပဲ..."
လျိုချင်းယန်က လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး အံကိုကြိတ်ကာ ကျိန်ဆဲလိုက်သည်။
"နန်းတော်သခင်... တကယ်တမ်း ဘာတွေ ဖြစ်နေတာလဲ... အမှောင်မိစ္ဆာ ကျားသစ်ရဲ့ စွမ်းအားတွေက ဘာလို့ ဒီလောက်တောင် အားနည်းသွားရတာလဲ..."
ယီထျန်းချင်းက ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်၏။
ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် ရှင်းပြလိုက်သည်။
"ပိတ်လှောင်ခြင်း အခင်းအကျင်းထဲမှာ ပေါ်လာတဲ့ စွမ်းအားက အမှောင်မိစ္ဆာ ကျားသစ်ရဲ့ သခင် ချန်ထားခဲ့တဲ့ စွမ်းအားပဲ... ငါ့ရဲ့ တိုက်ခိုက်မှုတွေက ဘာအရာမှ မထင်ခဲ့ဘူး... ဒီစွမ်းအားက ပိတ်လှောင်ခြင်း အခင်းအကျင်းကို ကာကွယ်ဖို့ ရည်ရွယ်ထားတာ... အခင်းအကျင်းက ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ခံရတာနဲ့ တစ်ပြိုင်နက် ဒီစွမ်းအားက ထွက်ပေါ်လာတော့တာပဲ..."
"အမှောင်မိစ္ဆာ ကျားသစ် သခင်ရဲ့ စွမ်းအား ဟုတ်လား..."
ပေတိုယန်က လုံးဝ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။
အမှောင်မိစ္ဆာ ကျားသစ် ကိုယ်တိုင်ပင် နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ၎င်း၏ သခင် စွမ်းအားဆိုလျှင် မည်မျှတောင် ကြောက်စရာ ကောင်းနေမည်နည်း။
"အမှောင်မိစ္ဆာ ကျားသစ်ရဲ့ စွမ်းအားတွေက ပိတ်လှောင်ခံလိုက်ရပြီ... တပ်မှူးချုပ်ရဲ့ စွမ်းအားတွေကလည်း အထွတ်အထိပ် အခြေအနေကို ပြန်ရောက်သွားပြီ ဆိုတော့... အခြေအနေက ငါတို့အတွက် အရမ်းကို ဆိုးရွားနေပြီ..."
ဟု နန်းကုန်းကျန့်က လေးနက် တင်းမာသော မျက်နှာထားဖြင့် စိုးရိမ်တကြီး ပြောလိုက်သည်။
"သခင်... တပ်မှူးလေးက ငါတို့ရဲ့ အသက်ကယ်ဆေးပဲ... သူ့ကိုသာ ဖမ်းမိထားရင် တပ်မှူးချုပ်က ကျွန်မတို့ကို ဒုက္ခပေးရဲမှာ မဟုတ်ဘူး..."
လန်ယွဲ့က တိုးညှင်းသော အသံဖြင့် အလျင်အမြန် သတိပေးလိုက်၏။
ဖုန်းဝူချန်က အဝေးတစ်နေရာ၌ ဒဏ်ရာအပြင်းအထန် ရရှိထားသော တပ်မှူးလေးကို လှမ်းကြည့်လိုက်သည်။
တပ်မှူးလေးမှာ သူတို့၏ တစ်ခုတည်းသော အသက်ကယ်ဆေး ဖြစ်ကြောင်း သေချာလှ၏။ ယင်ယန် မိသားစု၏ အထက်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်ရာ တပ်မှူးချုပ် အနေဖြင့် သူ၏ အသက်အန္တရာယ်ကို သေချာပေါက် မျက်ကွယ်ပြုရဲမည် မဟုတ်ပေ။
"ယီထျန်းချင်း... ယဲ့ထျန်းဝေ... အခြေအနေကို ကြည့်ပြီး လှုပ်ရှားကြ..."
ဖုန်းဝူချန်က ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ယဲ့ထျန်းဝေနှင့် ယီထျန်းချင်းတို့က ခေါင်းညိတ်ပြလိုက်ကြ၏။
အထက်ကောင်းကင်ယံသို့ မော့ကြည့်လိုက်သောအခါ တပ်မှူးချုပ် ဝါးမြိုလိုက်သော အဆင့် (၉) ဆေးလုံး၏ အာနိသင်က အလွန်တရာ အစွမ်းထက်လှပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသော တပ်မှူးချုပ်ကို မျက်တောင်တစ်ခတ် အတွင်းမှာပင် စွမ်းအား အပြည့်အဝ ပြန်လည် ရရှိသွားစေတော့သည်။ အဆင့် (၉) ဆေးလုံးမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်လှသည်ဟု ဆိုရမည်ပင်။
ယခုအခါ အမှောင်မိစ္ဆာ ကျားသစ်မှာ ပိတ်လှောင်ခြင်း အခင်းအကျင်း၏ တိုက်ရိုက် ဖိနှိပ်မှုကို ခံနေရဆဲဖြစ်ပြီး နာကျင်စွာ ရုန်းကန်နေကာ အဆက်မပြတ် ဟိန်းဟောက်နေတော့၏။
“ဝှစ်…”
ရုတ်တရက် တပ်မှူးချုပ်က ဟင်းလင်းပြင်ကို နင်းလိုက်ပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ၏ ပုံရိပ်က အမှောင်မိစ္ဆာ ကျားသစ်၏ ကျောကုန်းပေါ်သို့ ရောက်ရှိသွားခဲ့၏။ သူ၏ အမြန်နှုန်းက နေရာရွှေ့ပြောင်းခြင်း ပညာရပ်နှင့် ရင်ဘောင်တန်းနိုင်လောက်အောင် အံ့မခန်း မြန်ဆန်လှပေသည်။
"အင်မော်တယ် သိုင်းကွက်... ယင်ယန် နတ်ဘုရားသတ် လက်ဝါး..."
တပ်မှူးချုပ်က ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ လက်ဝါးပြင်ထက်တွင် ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများကို စုစည်းလိုက်ပြီး အမှောင်မိစ္ဆာ ကျားသစ်၏ ကျောကုန်းကို ပြင်းထန် ရက်စက်စွာ ညှာတာမှု ကင်းမဲ့စွာဖြင့် ရိုက်ချလိုက်တော့၏။
တပ်မှူးချုပ်၏ ပြင်းထန်လှသော လက်ဝါးချက်ကြောင့် လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဟုန်များ ရိုက်ခတ်သွားတော့သည်။ မိုးခြိမ်းသံပမာ ပေါက်ကွဲသံကြီးနှင့်အတူ ဖျက်ဆီးခြင်း စွမ်းအားများ ပြည့်နှက်နေသော ခရမ်းရောင် စွမ်းအင်လှိုင်းကြီး တစ်ခု ပေါက်ကွဲထွက်လာ၏။ အမှောင်မိစ္ဆာ ကျားသစ်မှာ နာကျင်စွာ အော်ဟစ်လိုက်ရပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက ဥက္ကာပျံ တစ်ခုပမာ အောက်သို့ လွင့်စင် ကျဆင်းသွားတော့သည်။
အနက်ရောင် အရိပ်ကြီး တစ်ခုက ရှုမီ ချောက်ကမ်းပါး၏ မြေပြင်ပေါ်သို့ အမြောက်ဆံ တစ်ခုပမာ ပြင်းထန်စွာ ဝင်တိုက်မိသွား၏။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေပြီး ဖုန်မှုန့်များက ပေရာချီ မြင့်တက်သွားတော့သည်။ ထိုကြောက်မက်ဖွယ် အင်အားကြောင့် မြေကြီးပေါ်တွင် ဧရာမ တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်သွားပြီး အလွန်တရာ ကြီးမားသော အက်ကွဲကြောင်းကြီးမှာ ငရဲပြည်၏ ချောက်ကမ်းပါးကြီး တစ်ခုအလား ပွင့်ဟသွားသည်။
တပ်မှူးချုပ်၏ တိုက်ခိုက်မှုက တကယ်ကို ရက်စက်ကြမ်းကြုတ်လွန်းလှပေသည်။
"အမှောင်မိစ္ဆာ ကျားသစ်..."
ဖုန်းဝူချန်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ လျိုချင်းယန်နှင့် အခြားသူများလည်း ပြာယာခတ်သွားကြပြီး သူတို့၏ မျက်နှာများထက်တွင် စိုးရိမ်ပူပန်မှုများက အပြည့်အဝ ဖုံးလွှမ်းနေတော့၏။
"ဟွန့်... မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့..."
တပ်မှူးချုပ်က ရက်စက်စွာ ကြွေးကြော်လိုက်ပြီး သူ၏ လက်နှစ်ဖက်တွင် ကြောက်မက်ဖွယ် စွမ်းအားများကို စုစည်းနေခဲ့၏။
တပ်မှူးချုပ်က အထက် ကောင်းကင်ယံမှနေ၍ လက်နှစ်ဖက်ဖြင့် ရူးသွပ်စွာ အဆက်မပြတ် တိုက်ခိုက်တော့၏။ သူ၏ တိုက်ခိုက်မှုများက အမှောင်မိစ္ဆာ ကျားသစ် ရှိရာ နေရာသို့ မိုးသီးမိုးပေါက်များပမာ တဝေါဝေါ ကျဆင်းသွားတော့သည်။ မိုးခြိမ်းသံပမာ ပေါက်ကွဲသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာပြီး ဖျက်ဆီးခြင်း စွမ်းအင် လှိုင်းဂယက်များ တလိပ်လိပ် ရိုက်ခတ်လာကာ မြေကမ္ဘာကြီးမှာ အလွှာလိုက် အလွှာလိုက် ပြိုကျ ပျက်စီးသွားတော့၏။
နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာ၏ စွမ်းအားက အမှန်တကယ်ပင် အံ့မခန်း ဖျက်ဆီးနိုင်စွမ်း ရှိလှပေသည်။
"တိရစ္ဆာန်... ငါ့ကို ရန်သူအဖြစ် သတ်မှတ်တဲ့ အကျိုးဆက်က ဘာလဲဆိုတာ မင်းကို ငါ ကောင်းကောင်းကြီး နားလည်အောင် လုပ်ပေးမယ်..."
တပ်မှူးချုပ်က ဟိန်းဟောက်လိုက်သည်။ သူ၏ ပုံစံမှာ ပိုမို ရက်စက်ကြမ်းကြုတ်လာပြီး မြင်တွေ့ရသူတိုင်းကို ကျောချမ်းသွားစေတော့၏။
“ဘုန်း... ဘုန်း... ဘုန်း…”
“ဝီ... ဝီ…”
တပ်မှူးချုပ်က အမှောင်မိစ္ဆာ ကျားသစ် မသေမချင်း အနားမပေးတော့မည့်အလား ရူးသွပ်စွာ ဆက်တိုက် တိုက်ခိုက်နေတော့၏။ ကမ္ဘာမြေကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီးများက အဆုံးသတ်မည့်ဟန် မပေါ်တော့ချေ။
"ဟား ဟား... သေဖို့သာ ပြင်ထားလိုက်တော့..."
ရူးသွပ်စွာ တိုက်ခိုက်ပြီးနောက် တပ်မှူးချုပ်က ဝမ်းသာအားရ ရယ်မောလိုက်ရာ သူ၏ မာနထောင်လွှားမှုက အထွတ်အထိပ်သို့ ရောက်ရှိနေတော့၏။
ဧရာမ တွင်းနက်ကြီး အတွင်း၌ အမှောင်မိစ္ဆာ ကျားသစ်မှာ လုံးဝ ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ချေ။
"အမှောင်မိစ္ဆာ ကျားသစ်ရဲ့ အရှိန်အဝါတွေက ပိုပိုပြီး အားနည်းလာပြီ..."
ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။ သူ ပိုမို စိုးရိမ်ပူပန်လာပြီး သွားရောက် ကူညီချင်သော်ငြား လုံးဝ အကူအညီမဲ့ ဖြစ်နေတော့သည်။
"အစ်ကိုဖုန်း... မြန်မြန် နည်းလမ်း တစ်ခုခု စဉ်းစားပါဦး... ဒီတိုင်း ဆက်သွားနေရင် အမှောင်မိစ္ဆာ ကျားသစ် ကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး..."
လျိုချင်းယန်က စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။
"အမှောင်မိစ္ဆာ ကျားသစ် တောင့်မခံနိုင်တော့ဘူး... နန်းတော်သခင်... ကျွန်တော်တို့ အခုပဲ လှုပ်ရှားကြရအောင်..."
ယဲ့ထျန်းဝေနှင့် အခြားသူများလည်း ဆက်လက်၍ လက်ပိုက် မကြည့်ရက်နိုင်တော့ချေ။ တပ်မှူးချုပ်ကို မယှဉ်နိုင်မှန်း သိနေသည့်တိုင်အောင် သူတို့ ဝင်ရောက် တိုက်ခိုက်ချင်နေကြဆဲပင်။
"ငါတို့ ဝင်ပါလို့ လုံးဝ မရဘူး... မင်းတို့ အချည်းနှီး အသေခံချင်လို့လား..."
ဖုန်းဝူချန်က ခေါင်းခါယမ်းရင်း တားမြစ်လိုက်၏။
"ဆရာ... ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ... အမှောင်မိစ္ဆာ ကျားသစ် အသတ်ခံရတာကို ဒီအတိုင်း ကြည့်နေရတော့မှာလား..."
ကျန်းကျွင့်လန်က ပြာယာခတ်စွာ မေးလိုက်သည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ မီးဝိုင်းခံရသကဲ့သို့ အလွန်အမင်း ပျာယာခတ်နေကြတော့၏။
"ယဲ့ထျန်းဝေ... ယီထျန်းချင်း... လှုပ်ရှားကြ..."
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ကာ အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်သည်။
သူတို့နှစ်ဦးက နေရာရွှေ့ပြောင်းခြင်း ပညာရပ်ကို ချက်ချင်း အသုံးပြုကာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားကြ၏။ သူတို့ ပြန်လည် ထွက်ပေါ်လာချိန်တွင်တော့ ဒဏ်ရာအပြင်းအထန် ရရှိထားသော တပ်မှူးလေး၏ အနားသို့ ရောက်ရှိနေခဲ့၏။
သူတို့၏ တည်ရှိမှုကို အာရုံခံမိလိုက်သည့် တပ်မှူးလေး၏ ဖြူဖျော့နေသော မျက်နှာမှာ ရုတ်တရက် ရှုံ့မဲ့သွားတော့သည်။
"ကျားကို တောထဲ ပြန်လွှတ်ပေးလိုက်လို့ မရဘူး ဆိုတာ တကယ် မှန်တာပဲ... မင်းက သေဖို့ ကောင်းတဲ့ကောင်ပဲ..."
ယဲ့ထျန်းဝေက အေးစက်စွာ ပြောလိုက်ပြီး ဒဏ်ရာများကို ကုသနေသော တပ်မှူးလေးကို ဖမ်းဆီးရန် လက်ဆန့်ထုတ်လိုက်၏။
"နန်းတော်သခင်က မင်းအသက်ကို တစ်ကြိမ် ချမ်းသာပေးခဲ့ပြီးပြီ... ဒီတစ်ခါတော့ မင်း သေလမ်းကနေ လွတ်မှာ မဟုတ်ဘူး... နန်းတော်သခင်ကို မင်းဆပ်ရမယ့် ကျေးဇူးကိုလည်း ပြန်ဆပ်နေစရာ မလိုတော့ဘူး..."
ယီထျန်းချင်းက ရက်စက်စွာ ကြွေးကြော်လိုက်သည်။
သို့သော် သူတို့၏ လက်များက တပ်မှူးလေးနှင့် ထိခါနီး အခိုက်အတန့်မှာပင် သူ၏ ပုံရိပ်က လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားတော့၏။
"ဘာ... ဒါက..."
ယဲ့ထျန်းဝေ၏ မျက်နှာမှာ အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားတော့သည်။
"ယင်ယန် မျက်လှည့် သိုင်းကွက်..."
ယီထျန်းချင်းက ပြာယာခတ်စွာ အော်ဟစ်လိုက်၏။
"သူ ပျောက်သွားပြီ..."
လျိုချင်းယန်နှင့် အခြားသူများ၏ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
"သူ ငါတို့ အကြံကို ရိပ်မိသွားတာပဲ..."
ဖုန်းဝူချန်က မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်၏။
"ဟွန့်... မင်းတို့ရဲ့ အကွက်ဆင်မှု သေးသေးလေးတွေကို ဒီတပ်မှူးချုပ်က မသိဘူးလို့ တကယ်ပဲ ထင်နေတာလား..."
အထက် ကောင်းကင်ယံဆီမှ မထီမဲ့မြင် သရော်သံ တစ်ခု ထွက်ပေါ်လာတော့သည်။
ပျောက်ကွယ်သွားသော တပ်မှူးလေးမှာ ယခုအခါ တပ်မှူးချုပ်၏ ဘေးနားသို့ ရောက်ရှိနေခဲ့၏။
တပ်မှူးချုပ်က ဖုန်းဝူချန်အား စူးစူးရဲရဲ စိုက်ကြည့်ရင်း အေးစက်စက် ကြွေးကြော်လိုက်၏။
"ဖုန်းဝူချန်... ဒီတိရစ္ဆာန်က မင်းကို မကာကွယ်ပေးနိုင်ဘူး... မင်းတို့ အသက်ရှင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်က ငါ့ကို ခြိမ်းခြောက်ဖို့အတွက် တပ်မှူးလေးကို ဖမ်းဆီးဖို့ပဲ မဟုတ်လား... မင်းရဲ့ လှည့်ကွက်သေးသေးလေးတွေက ငါ့ဆီမှာ အလုပ်မဖြစ်ဘူး... ဒီနေ့ မင်းတို့မှာ အတောင်ပံ ပါလာရင်တောင် ထွက်ပြေးလို့ လွတ်မှာ မဟုတ်ဘူး..."
သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများမှာ သေချာပေါက် အလွန်တရာ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားခဲ့၏။
တပ်မှူးချုပ်က သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အောက်ဘက် ဧရာမ တွင်းနက်ကြီး အတွင်း၌ ဖုံးလွှမ်းနေသော ဖုန်မှုန့်ထူထူကြီးများမှာ လေပြင်းနှင့်အတူ လွင့်စင်သွားတော့၏။ တွင်းနက်ကြီး၏ အနက်ရှိုင်းဆုံး အပိုင်းတွင်တော့ အမှောင်မိစ္ဆာ ကျားသစ်မှာ တစ်ကိုယ်လုံး သွေးများဖြင့် ရဲရဲနီနေပြီး ဒဏ်ရာအပြင်းအထန် ရရှိကာ အလွန်တရာ သနားစရာကောင်းသော အခြေအနေဖြင့် လဲကျနေတော့သည်။
"သေစမ်း..."
"အရမ်းကို လွန်လွန်းနေပြီ..."
ပြင်းထန်သော ဒဏ်ရာများကြောင့် အမှောင်မိစ္ဆာ ကျားသစ် ပြန်မထနိုင်တော့သည်ကို မြင်လိုက်ရသည့်အခါ လျိုချင်းယန်နှင့် အခြားသူများ၏ ရင်တွင်း၌ ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာပြီး အံကို တင်းတင်းကြိတ်ကာ ရေရွတ်လိုက်ကြ၏။
"အမှောင်မိစ္ဆာ ကျားသစ်..."
ဖုန်းဝူချန်က လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။ သူ၏ နှလုံးသားထဲတွင် အဆုံးမဲ့ ဒေါသတရားများ တဝေါဝေါ ရိုက်ခတ်လာပြီး သူ၏ မျက်လုံးများထဲတွင် သွေးရောင် အလင်းတန်းများ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။
"ဘာလဲ... ဒီတိရစ္ဆာန်အတွက် မင်းက အရမ်း စိုးရိမ်နေတာလား..."
တပ်မှူးချုပ်က အေးစက်စွာ ရယ်မောရင်း မေးလိုက်၏။ သူ၏ လက်ထဲတွင် ကြောက်မက်ဖွယ် ခရမ်းရောင် စွမ်းအင်များ စတင် စုစည်းနေပြီ ဖြစ်ရာ အမှောင်မိစ္ဆာ ကျားသစ်ကို အပြီးတိုင် သုတ်သင်ပစ်ရန် ပြင်ဆင်နေသည့်အလား ပင်ဖြစ်တော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဖုန်းဝူချန်နှင့် အခြားသူများ၏ မျက်နှာများမှာ နောက်တစ်ဖန် ဆိုးရွားစွာ ပြောင်းလဲသွားကြပြန်၏။
"မင်း သူ့ကို သတ်လိုက်ရင် ရှေးဦး ကမ္ဘာဦး စွမ်းအားကို ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူး..."
ဖုန်းဝူချန်က အေးစက်စက် ဟိန်းဟောက်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုံ့မဲ့နေတော့သည်။
တပ်မှူးချုပ်က မထီမဲ့မြင် ပြုကာ တုံ့ပြန်လိုက်၏။
"ဖုန်းဝူချန်... ဒီတပ်မှူးချုပ် အနေနဲ့ မင်းဆီက ရှေးဦး ကမ္ဘာဦး စွမ်းအားကို ရယူဖို့ ဆိုတာက ငါ့လက်ဖဝါးကို လှန်လိုက်သလို လွယ်ကူတဲ့ ကိစ္စပဲ…”
--