← Chapters

အခန်း ၈၄၀

Vol. 56 Ch. 840

အခန်း ၈၄၀

Vol. 56 Ch. 840

အခန်း (၈၄၀) - ဘေးကင်းစွာ ဆုတ်ခွာခြင်း

“သခင်လေး ယင်ယန်ထျန်း... ကိုယ့်လက်အောက်ငယ်သားတွေကို သေချာ ထိန်းကွပ်ထားပါဦး...”

လင်ရှောင်ရှောင်က အေးစက်စက် လေသံဖြင့် ပြတ်သားစွာ သတိပေးလိုက်၏။

“ရှောင်ရှောင် စိတ်ချပါ... သူတို့ကို သေချာ ထိန်းကွပ်ထားပါ့မယ်... နောက်ဆို မင်းကို လာပြီး အနှောင့်အယှက် ပေးရဲမှာ မဟုတ်တော့ပါဘူး...”

ယင်ယန်ထျန်းက ယဉ်ကျေးစွာ ပြုံးလျက် တုံ့ပြန်လိုက်သည်။ လင်ရှောင်ရှောင်အပေါ် ထားရှိသော သူ၏ ဆက်ဆံရေးမှာ အလွန်တရာ သဘောကောင်းပြီး ရင်းနှီးဖော်ရွေလှ၏။ တပ်မှူးချုပ်အပေါ် ဆက်ဆံခဲ့သော အေးစက်စက် အမူအရာနှင့် လုံးဝကို ဆန့်ကျင်ဘက်ပင်။ ထိုဖော်ရွေသော စကားများတွင် လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါများ လုံးဝ ကင်းစင်နေတော့သည်။

“ရှောင်ရှောင်... မင်းက သူ့ကို သိလို့လား... သူက မင်းအပေါ်ကို အရမ်း ယဉ်ကျေးနေသလိုပဲနော်...”

လျိုချင်းယန်က ယင်ယန်ထျန်း၏ အမူအရာကို အံ့အားသင့်လျက် မေးခွန်းထုတ်လိုက်၏။

“ရှောင်ရှောင်ကို သူက သဘောကျနေတာ နေမှာပါ... အဲဒီစကားတွေက ရိုးရိုး သူငယ်ချင်းတွေ ပြောမယ့် စကားမျိုးမှ မဟုတ်တာ...”

ယဲ့ထျန်းဝေက တီးတိုး ခန့်မှန်းလိုက်သည်။

“ငါလည်း အဲဒီလိုပဲ ထင်တယ်...”

နန်းကုန်းကျန့်ကလည်း ခေါင်းညိတ် ထောက်ခံလိုက်၏။

“နန်းတော်သခင်ရဲ့ အချစ်ပြိုင်ဘက်က အရမ်းကို အစွမ်းထက်တာပဲ... ဒီလူကို ရင်ဆိုင်ဖို့ မလွယ်လောက်ဘူး... သူ့ရဲ့ အစစ်အမှန် စွမ်းအားက နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာလောက်ကို ရောက်နေလောက်တယ်... ဒါမှမဟုတ် အဲဒီထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေနိုင်တယ်...”

ပေတိုယန်က ယုံကြည်မှု အပြည့်ဖြင့် ဝင်ရောက် သုံးသပ်လိုက်သည်။

သူတို့၏ ခန့်မှန်းချက်များကို ကြားလိုက်ရသည့်အခါ ဖုန်းဝူချန်မှာ စကားပင် ဆွံ့အသွားရ၏။ ထိုစဉ် ယင်ယန်ထျန်း၏ အကြည့်များက ဖုန်းဝူချန်ထံသို့ ရောက်ရှိလာပြီး အပြုံးလေးဖြင့် နှုတ်ဆက်လာသည်။

“မင်းက ဖုန်းဝူချန် ဖြစ်ရမယ် ထင်တယ်... ရှောင်ရှောင်ကို အမြဲတမ်း စောင့်ရှောက်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်...”

ယင်ယန်ထျန်း၏ စကားများက လင်ရှောင်ရှောင်သည် သူပိုင်ဆိုင်သောသူ ဖြစ်ပြီး ဖုန်းဝူချန်က ကူညီစောင့်ရှောက်ပေးရုံ သက်သက်သာ ဖြစ်ကြောင်း အတိအလင်း ကြေညာလိုက်ခြင်းပင်။ ထိုစကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ဖုန်းဝူချန်က ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားပြီး နည်းနည်းလေးမျှ အားနာမနေဘဲ ပြတ်ပြတ်သားသား တုံ့ပြန်လိုက်၏။

“ခင်ဗျား နားလည်မှု လွဲနေပြီ ထင်တယ်... ရှောင်ရှောင်ကို စောင့်ရှောက် ကာကွယ်ပေးရမှာက ကျွန်တော့်ရဲ့ တာဝန်ပဲ...”

ဤစကားများဖြင့် လင်ရှောင်ရှောင်သည် သူ၏ ချစ်သူသာ ဖြစ်ကြောင်း ယင်ယန်ထျန်းအား ပြတ်ပြတ်သားသား အသိပေးလိုက်ခြင်းပင်။ ယင်ယန်ထျန်းက ဖုန်းဝူချန်အား နှစ်စက္ကန့်ခန့် စူးစိုက်ကြည့်လိုက်ပြီးနောက် ခပ်ဟဟ ပြုံးလျက် ဆက်ပြောလိုက်သည်။

“ဒါဆိုရင်လည်း ငါက မင်းကို ကျေးဇူးတင်ရဦးမှာပဲ... အနည်းဆုံးတော့ ရှောင်ရှောင် ဘာမှ မထိခိုက်ခဲ့ဘူးလေ...”

“ငါတို့ သွားလို့ ရပြီလား...”

လင်ရှောင်ရှောင်က အေးစက်စက် လေသံဖြင့် မေးလိုက်၏။ ဖုန်းဝူချန် တစ်ယောက် နားလည်မှု လွဲသွားမည်ကို သူမ အလွန်အမင်း စိုးရိမ်နေသည့်ဟန် ပေါ်နေတော့သည်။

“ရတာပေါ့... သူတို့ မင်းကို မတားရဲပါဘူး... ရှောင်ရှောင်... ငါ မရှိတဲ့ အချိန် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး...”

ယင်ယန်ထျန်းက သူ၏ ချစ်သူကို မှာကြားနေသည့်အလား နူးညံ့သိမ်မွေ့သော လေသံဖြင့် ဂရုတစိုက် ပြောလိုက်သည်။

“သခင်လေး...”

တပ်မှူးချုပ်က ဝင်ရောက် ကန့်ကွက်ရန် ပြင်လိုက်သော်ငြား ယင်ယန်ထျန်း၏ ရေခဲတမျှ အေးစက်သော အကြည့်ကြောင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားရတော့၏။

“အစ်ကိုကြီးဖုန်း... သွားကြစို့...”

လင်ရှောင်ရှောင်က ဖုန်းဝူချန်အား ကြည့်ကာ ချိုမြိန်သော အပြုံးလေးဖြင့် ပျော်ရွှင်စွာ ခေါ်လိုက်သည်။

“ကောင်းပါပြီ...”

ဖုန်းဝူချန်က ပြုံးလျက် တုံ့ပြန်လိုက်၏။ ထို့နောက် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဒဏ်ရာအပြင်းအထန် ရရှိထားသော အမှောင်မိစ္ဆာ ကျားသစ်ကြီးကို ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းသို့ သိမ်းဆည်းလိုက်သည်။ အခြား လက်တစ်ဖက်ကမူ တမင်သက်သက် လုပ်လိုက်သည်လား၊ မတော်တဆလား မသိနိုင်သော်လည်း လင်ရှောင်ရှောင်၏ နူးညံ့သော လက်ကလေးကို အမိအရ ဆုပ်ကိုင်လိုက်တော့၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ယင်ယန်ထျန်း၏ မျက်မှောင်များ အနည်းငယ် ကျုံ့ဝင်သွားပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အငွေ့အသက် တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။

ဖုန်းဝူချန်၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ ယဲ့ထျန်းဝေနှင့် အခြားသူများမှာ တိတ်တဆိတ် လက်မထောင်ကာ အလွန်အမင်း ချီးကျူးလိုက်မိကြသည်။ အလွန်တရာ အစွမ်းထက်လှသော အချစ်ပြိုင်ဘက် ပါရမီရှင် တစ်ဦးနှင့် ရင်ဆိုင်နေရသည့်တိုင် ဖုန်းဝူချန်က နည်းနည်းလေးမျှ နောက်တွန့်သွားခြင်း မရှိခဲ့ချေ။

ကိုယ့်ချစ်သူ အတွက်ဆိုလျှင် မည်မျှပင် အစွမ်းထက်သော ရန်သူ ဖြစ်နေပါစေ နောက်ဆုတ်ပေးမည် မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်။ ဖုန်းဝူချန်တို့ အဖွဲ့အတွက် အလွန်တရာ ဆိုးရွားနေခဲ့သော အခြေအနေကြီးမှာ လင်ရှောင်ရှောင် ရောက်ရှိလာမှုနှင့်အတူ အလွယ်တကူ ပြေလည်သွားခဲ့၏။

ရှေးဟောင်း ရာက္ခသ မျိုးနွယ်စု၏ နောက်ခံအင်အားက မည်မျှ ကြီးမားခမ်းနားကြောင်း မှန်းဆ၍ပင် မရနိုင်တော့ချေ။ သေချာသည်ကတော့ လင်ရှောင်ရှောင်၏ ကြောက်မက်ဖွယ် နောက်ခံအင်အား အပြင် ယင်ယန်ထျန်းက သူမအပေါ် အလွန်အမင်း စွဲလမ်းနေမှုကြောင့်လည်း ပါဝင်ပေသည်။ ယင်ယန်ထျန်းသည် လင်ရှောင်ရှောင်အား အရူးအမူး လိုက်လံ ပိုးပန်းနေခဲ့ပြီး ယင်ယန် မိသားစုဝင်များ အပါအဝင် မည်သူ့ကိုမျှ သူမအား စော်ကားခွင့် မပြုခဲ့ချေ။

“သခင်လေး... ကျွန်တော်တို့က ဒီအခွင့်အရေးကောင်းကြီးကို ဒီတိုင်း လက်လွတ်ခံလိုက်ရတော့မှာလား... ဖုန်းဝူချန်က ရှုမီ ချောက်ကမ်းပါးထဲက ရှေးဦး ကမ္ဘာဦး စွမ်းအားကိုလည်း ယူသွားလောက်ပြီ...”

ဖုန်းဝူချန်တို့ အဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ရင်း တပ်မှူးချုပ်က မကျေမနပ်ဖြင့် မေးလိုက်၏။

“ပါးစပ်ပိတ်ထားစမ်း... ဒါ မင်းကို နောက်ဆုံး သတိပေးတာပဲ... မင်းက ရှောင်ရှောင်ကို ထပ်ပြီး စော်ကားရဲသေးတယ် ဆိုရင်တော့ ငါ ရက်စက်တယ်လို့ မပြောနဲ့နော်...”

ယင်ယန်ထျန်းက အေးစက်စက် ဟိန်းဟောက်လိုက်သည်။ သူ၏ ရေခဲတမျှ အေးစက်သော အကြည့်များက တပ်မှူးချုပ်ထံသို့ စူးစိုက်သွားပြီး ပြတ်သားစွာ သတိပေးလိုက်၏။

“ဟုတ်... ဟုတ်ကဲ့ပါ...”

တပ်မှူးချုပ်နှင့် တပ်မှူးလေးတို့မှာ အလွန်အမင်း ထိတ်လန့်တကြား ခေါင်းညိတ်ပြလိုက်ကြသည်။

“ရှေးဦး ကမ္ဘာဦး စွမ်းအား ကိစ္စနဲ့ ပတ်သက်ပြီးတော့ မင်းတို့ဘာသာ တခြားနည်းလမ်း စဉ်းစားကြ... ဖုန်းဝူချန်ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ မင်းတို့ အပိုင်းပဲ... ဘယ်လို လှည့်ကွက်မျိုး သုံးသုံး ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ ရှောင်ရှောင်ကိုတော့ နည်းနည်းလေးမှ မထိခိုက်စေနဲ့... ကြားလား...”

ယင်ယန်ထျန်းက အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့... ဒီလက်အောက်ငယ်သားတို့.. နားလည်ပါပြီ...”

ထိုနှစ်ဦးက ရိုသေလေးစားစွာ ပြန်လည် ဖြေကြားလိုက်ပြီး နည်းနည်းလေးမျှ အမှားမခံရဲတော့ချေ။

“ရှေးဟောင်း ရာက္ခသ မျိုးနွယ်စုက ဒီတစ်ခါတော့ ကပ်ဘေးကနေ လွတ်သွားပြန်ပြီ... ဒါပေမဲ့ နောက်တစ်ခါကျရင်တော့ ဒီလောက် လွယ်မှာ မဟုတ်တော့ဘူး...”

ယင်ယန်ထျန်းက ခက်ထန်စွာ ရေရွတ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ကျောချမ်းဖွယ် သတ်ဖြတ်ချင်သည့် အငွေ့အသက်များ ပြည့်နှက်နေတော့၏။

“သခင်လေး... ရာက္ခသ မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီးက နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာကို တကယ်ကြီး တက်လှမ်းသွားပြီလား...”

တပ်မှူးလေးက ဝင်ရောက် စပ်စုလိုက်သည်။

“အင်း... ဒါကြောင့်သာ မဟုတ်ရင် ရှေးဟောင်း ရာက္ခသ မျိုးနွယ်စုနဲ့ နဂါးမျိုးနွယ်စုက ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ... အဲဒီ အဘိုးကြီးက အရေးကြီးတဲ့ အချိန်ကျမှ အဆင့်တက်သွားလို့ ငါတို့ အစီအစဉ်တွေ အကုန် ပျက်ကုန်တာပဲ...”

ယင်ယန်ထျန်းက အေးစက်စွာ ပြောလိုက်၏။ ယခုအခိုက်အတန့်ရှိ ယင်ယန်ထျန်းမှာ ယခင်က ဖော်ရွေခဲ့သော ပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကာ တခြားလူ တစ်ယောက်အလား အသွင်ပြောင်းသွားခဲ့၏။ လင်ရှောင်ရှောင် ကွဲကွာနေခဲ့သော အချိန်ကာလ အတွင်း၌ ရှေးဟောင်း ရာက္ခသ မျိုးနွယ်စုနှင့် နဂါးမျိုးနွယ်စုတို့တွင် အမှန်တကယ်ပင် ပြဿနာ တစ်ခုခု ဖြစ်ပွားခဲ့ပုံ ရသော်ငြား အသေးစိတ်ကိုမူ မည်သူကမျှ မသိရှိနိုင်ချေ။

“ဖုန်းဝူချန်... ငါ့မိန်းကလေးကို လုရဲတယ်ပေါ့လေ... နောင်တ ဆိုတာ ဘယ်လို ရေးရလဲ ဆိုတာ မင်းကို ငါ သင်ပေးမယ်...”

ယင်ယန်ထျန်းက သူ၏ မျက်လုံးများကို အန္တရာယ်ရှိစွာ မှေးကျဉ်းလိုက်ပြီး ကြိတ်၍ ကြိမ်းဝါးလိုက်တော့သည်။

ဖုန်းဝူချန်က လင်ရှောင်ရှောင်၏ နူးညံ့သော လက်ကလေးကို ဆုပ်ကိုင်ထားသည့် မြင်ကွင်းက သူ၏ စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်လာပြီး ယင်ယန်ထျန်း ထုတ်လွှတ်နေသော အေးစက်သည့် အရှိန်အဝါများက ပိုမို ထက်ရှလာတော့၏။ ဖုန်းဝူချန်၏ လုပ်ရပ်က ယင်ယန်ထျန်းအား အလွန်အမင်း ဒေါသထွက်သွားစေခဲ့ပြီ ဖြစ်သည်။ ဤမျှ ကြောက်စရာကောင်းသော ပါရမီရှင် တစ်ဦးကို ရန်စမိလိုက်သဖြင့် ဖုန်းဝူချန် တစ်ယောက် အလွန်တရာ ဆိုးရွားသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်မှာ သေချာလှပေသည်။

...

“အစ်ကိုကြီးဖုန်း... နားလည်မှု မလွဲပါနဲ့နော်... အစ်ကို ထင်သလို လုံးဝ မဟုတ်ရပါဘူး... သူ့ကို သိပေမယ့် ကျွန်မက ရင်းလည်း မရင်းနှီးသလို သဘောလည်း မကျပါဘူး... ဒါတွေ အကုန်လုံးက သူတစ်ဖက်သတ် စိတ်ကူးယဉ်နေတာပါ... အစ်ကိုကြီးဖုန်း ..ရှောင်ရှောင့်ကို ယုံရမယ်နော်...”

ရှုမီ ချောက်ကမ်းပါးမှ ထွက်ခွာလာပြီး မကြာမီမှာပင် လင်ရှောင်ရှောင်က အလျင်အမြန် ရှင်းပြလိုက်၏။ ဖုန်းဝူချန် တစ်ယောက် နားလည်မှု လွဲသွားမည်ကို သူမ အလွန်အမင်း စိုးရိမ်နေတော့သည်။

“စိတ်မပူပါနဲ့... ကိုယ် မင်းကို ယုံပါတယ်...”

လင်ရှောင်ရှောင်၏ ပြာယာခတ်နေသော ပုံစံကို ကြည့်ရင်း ဖုန်းဝူချန်က ပြုံးလျက် နှစ်သိမ့်လိုက်သည်။

“အစ်ကိုကြီးဖုန်း... ကျွန်မကို တကယ် ယုံတာလားဟင်...”

လင်ရှောင်ရှောင်က မသေချာသော လေသံဖြင့် ထပ်မေးလိုက်၏။

“ယုံတာပေါ့...”

ဖုန်းဝူချန်က ခေါင်းညိတ်ကာ ပြတ်သားစွာ အတည်ပြုလိုက်သည်။ ဖုန်းဝူချန်၏ အတည်ပြုချက်ကို ကြားလိုက်ရသည့်အခါမှသာ လင်ရှောင်ရှောင်မှာ စိတ်အေးသွားပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်နိုင်တော့၏။

“ရှောင်ရှောင်... မင်း သူ့ကို သဘောမကျဘူး ဆိုတာ ငါတို့ အကုန်လုံး ရိပ်မိပါတယ်... အစ်ကိုဖုန်းက နားလည်မှု လွဲမှာ မဟုတ်ပါဘူး... ပြီးတော့ ငါတို့ မင်းကို ကျေးဇူးတင်ရဦးမယ်... မင်းသာ အချိန်မီ ရောက်မလာရင် အမှောင်မိစ္ဆာ ကျားသစ်လည်း တပ်မှူးချုပ် လက်ချက်နဲ့ သေလောက်ပြီ... ငါတို့လည်း အသက်ရှင်ဖို့ လမ်းမရှိလောက်တော့ဘူး...”

မြောင်ချင်းချင်းက ပြုံးလျက် ဝင်ရောက် နှစ်သိမ့်လိုက်သည်။

“ရှောင်ရှောင်... မင်းရဲ့ ကျင့်ကြံခြင်းက ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်လာရတာလဲ... အစ်ကိုဖုန်းကိုတောင် မီသွားပြီပဲ... မင်းရဲ့ အဆင့်က တည်ငြိမ်သွားပြီလား...”

ကျန်းကျွင့်လန်မှာ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ စပ်စုလိုက်၏။

“ကျွန်မဆီမှာ ရာက္ခသ မျိုးနွယ်စုရဲ့ သွေးမျိုးဆက် ရှိနေတယ်လေ... သာမန်လူတွေထက် ကျင့်ကြံရတာ သုံးဆ ပိုမြန်တယ်... ပြီးတော့ ရှေးဟောင်း ရာက္ခသ မျိုးနွယ်စုရဲ့ ရတနာတွေလည်း ပေါင်းစပ်လိုက်တော့ ကျင့်ကြံခြင်း အဆင့်က မြန်မြန် တက်လာတာပေါ့...”

လင်ရှောင်ရှောင်က တခစ်ခစ် ရယ်မောရင်း ပြန်လည် ဖြေကြားလိုက်သည်။

“သုံးဆတောင် ပိုမြန်တယ် ဟုတ်လား...”

ကျန်းကျွင့်လန်နှင့် အခြားသူများ၏ မျက်လုံးများပင် ပြူးသွားကြတော့၏။

“ရှေးဟောင်း ရာက္ခသ မျိုးနွယ်စုရဲ့ သွေးမျိုးဆက် စွမ်းအား ဆိုတာ အဆုံးမဲ့ စွမ်းအား တစ်ခုလိုမျိုးပဲ... သာမန် အဆုံးမဲ့ စွမ်းအားတွေက ရာက္ခသ မျိုးနွယ်စုရဲ့ သွေးမျိုးဆက် စွမ်းအားကို ယှဉ်နိုင်ဖို့ အများကြီး လိုပါသေးတယ်...”

ဟု ဘေးနားမှ ဖုန်းဝူချန်က ပြုံးလျက် ဝင်ရောက် ရှင်းပြလိုက်သည်။

“အစ်ကိုကြီးဖုန်း ပြောတာ လုံးဝ မှန်တယ်...”

လင်ရှောင်ရှောင်က ခပ်ကြွားကြွားလေး ချိုမြစွာ.. ရယ်လိုက်၏။

ဖုန်းဝူချန်တို့ အဖွဲ့သည် ဝမ်းသာရွှင်မြူးစွာ စကားစမြည် ပြောဆိုရင်း နဂါးနတ်ဘုရား နန်းတော်ဆီသို့ ဦးတည် ပြန်လာခဲ့ကြသည်။

ဤရှုမီ ချောက်ကမ်းပါး ခရီးစဉ်မှာ သေမင်းနှင့် အလွန်တရာ နီးကပ်စွာ ရင်ဆိုင်ခဲ့ရသော်ငြား အချည်းနှီးတော့ မဖြစ်ခဲ့ချေ။ နောက်ဆုံးတွင်တော့ သူတို့ အလိုရှိသော အချိန်စွမ်းအားကို အောင်မြင်စွာ ရယူနိုင်ခဲ့ပြီ ဖြစ်ပေသည်။

--

All Chapters