← Chapters

အခန်း ၂၂၇

Vol. 16 Ch. 227

အခန်း ၂၂၇

Vol. 16 Ch. 227

အခန်း ၂၂၇ - မက်မွန်တောသုခဘုံအလား ကမ္ဘာငယ်လေး

‘ဆန်းကြယ်တဲ့ နေရာတစ်ခုကို သွားမယ်တဲ့လား...’

ထိုစကားကို သခင်ကြီးထံမှ ကြားလိုက်ရသည့်အခါ ငြိမ်ငြိမ်မနေတတ်သော ကြောင်နက်ကြီးတင် စိတ်လှုပ်ရှားသွားသည်မဟုတ်ဘဲ ပုံမှန်ဆိုလျှင် စကားနည်းလှသော မြင်းနက်ကြီးပါ စိတ်လှုပ်ရှားသွားရသည်။

ကြောင်နက်ကြီးက လည်ပင်းကိုဆန့်ပြီး ပြုံးဖြီးလျက် စူးစမ်းလိုစိတ်ဖြင့် ပထမဆုံး စကားစပြောလိုက်သည်။

“သခင်ကြီး... ကျွန်တော်တို့ ဘယ်သွားကြမလို့လဲဟင်...”

ရီယွင်ကတော့ မျက်နှာကို တည်ကြည်ထားပြီး ဘာမှပြန်မပြောခဲ့ပေ။ သူသည် ကောင်းကင်ယံ၏ တစ်နေရာရာဆီသို့သာ စိုက်ကြည့်နေပြီး သူ၏မျက်သူငယ်အိမ်များထဲတွင်မူ ကြယ်တာရာများအလား သေးငယ်သော သင်္ကေတများက အဆက်မပြတ် ဝင်းလက်နေသည်။ တစ်ချိန်တည်းမှာပင် မြင်းလှည်းတစ်ခုလုံးက အထက်သို့ ကြွတက်သွားပြီး ဟင်းလင်းပြင်၏ တစ်နေရာရာဆီသို့ ပျံသန်းသွားတော့သည်။

“စကားများတဲ့ကောင်...”

“ဖြန်း...”

မြင်းနက်ကြီး၏ အမြီးက ဝှေ့ယမ်းကျရောက်လာပြီး ကြောင်နက်ကြီးကို မြင်းလှည်းပေါ်သို့ ရိုက်ချလိုက်သည်။

အစွမ်းထက်သွေးနဂါးမိစ္ဆာက ဤမြင်ကွင်းကို ကြည့်ပြီး အံ့ဩမိသွားရသည်။ သူသည် ရှေ့မှမြင်းက ဤမျှအထိ ရက်စက်လိမ့်မည်ဟုလည်းကောင်း၊ ကြောင်နက်ကြီး၏ သိက္ခာကို လုံးဝ ထည့်မတွက်ဟုလည်းကောင်း မထင်ထားခဲ့ပေ။

ကြောင်နက်ကြီးက မြင်းလှည်းပေါ်တွင် လှဲလျောင်းရင်း သူ၏ခြေဖဝါးနှစ်ဖက်လုံးဖြင့် ခေါင်းကိုကာကာ အကြိမ်ကြိမ် အသနားခံနေတော့သည်။ “ဦးလေးမြင်း... ကျေးဇူးပြုပြီး သက်ညှာပါဦးဗျာ... နောက်ကျရင် ကျွန်တော် စကားတွေကို အလွတ်မဲ့ ဘယ်တော့မှ မပြောတော့ပါဘူး...”

မြင်းနက်ကြီးက နှုတ်ခမ်းကိုသပ်လျက် တဟားဟား ရယ်မောလိုက်သည်။

“မင်း စည်းကမ်းတွေကို လိုက်နာနေသရွေ့တော့ ရပါတယ်...”

ထိုသို့ပြောပြီးနောက် မြင်းနက်ကြီးကလည်း ကောင်းကင်ယံ၏ တစ်နေရာရာဆီသို့ လှမ်းကြည့်လိုက်သည်။ သူသည် သူ၏ပြင်းထန်လှသော စိတ်အာရုံကို ထုတ်လွှတ်ပြီး ရှေ့မှဟင်းလင်းပြင်ကို စူးစမ်းလိုက်သော်လည်း ဘာကိုမှ ရှာမတွေ့ခဲ့ပေ။

ရီယွင်၏ မျက်လုံးထဲက သင်္ကေတများကတော့ တစ်ခုခုကို တွက်ချက်နေသကဲ့သို့ အစဉ်ပြောင်းလဲနေသည်။ မြင်းနက်ကြီးက ခေါင်းကိုမော့ပြီး တိတ်တဆိတ် စောင့်ဆိုင်းနေရသည်။

ကြောင်မလေးက တဟီးဟီး ရယ်မောလိုက်ပြီး ရုတ်တရက် သူမ၏ခြေဖဝါးကို ဆန့်ထုတ်ကာ ကြောင်နက်ကြီး၏ ခေါင်းကို အသာအယာ ပုတ်လိုက်သည်။

“အစ်ကိုကြီး... နောက်ကျရင် အဲ့ဒီပါးစပ်ကို နည်းနည်းလောက် ထိန်းဦးနော်...”

ကြောင်နက်ကြီးက ကြောင်မလေး၏ ခေါင်းကို အားပြင်းပြင်းဖြင့် ပြန်ရိုက်ပစ်လိုက်သည်။

“ဖြန်း...”

ကြောင်နက်ကြီးက စိတ်တိုတိုဖြင့် စိတ်ချင်းဆက်သွယ်ပြီး ဒေါသတကြီး ကြိမ်းဝါးလိုက်ကာ ပြီးမှ ဘာမှမဖြစ်သကဲ့သို့ ပြန်လှဲနေလိုက်သည်။ “ကြောင်မလေး... မင်းက ငါ့ကို ဆုံးမရဲတယ် ဟုတ်လား... ပါးစပ်ပိတ်ပြီး တိတ်တိတ်နေစမ်း...”

ကြောင်နက်ကြီး၏ ရိုက်ချက်ကြောင့် ကြောင်မလေး၏ မျက်စိထဲတွင် ကြယ်များပင် မြင်သွားရပြီး မခံချင်စိတ်ကြောင့် သူမ၏မျက်ဝန်းထောင့်လေးများ နီရဲလာခဲ့သည်။

အစွမ်းထက်သွေးနဂါးမိစ္ဆာကတော့ ဆက်ပြီး မကြည့်နိုင်တော့ပေ။ ဘယ်လိုပဲကြည့်ကြည့် ကြောင်နက်ကြီးက ကံကြမ္မာနယ်ပယ် အဆင့် ၃ ရှိသည့် မိစ္ဆာကြီးတစ်ကောင် ဖြစ်နေပြီး ကောင်းကင်တံတားနယ်ပယ်က ကြောင်ပေါက်စလေးတစ်ကောင်ကို အမြဲတမ်း အနိုင်ကျင့်နေခြင်းဖြစ်သည်။ ဤသည်က ရှေးဦးသတ္တဝါကြီးဖြစ်သည့် သူ၏စိတ်ကို အတော်လေး စိတ်မသက်မသာ ဖြစ်စေသည်။

အစွမ်းထက်သွေးနဂါးမိစ္ဆာက မကျေမနပ်ဖြစ်လျက် စိတ်ချင်းဆက်သွယ်ပြီး လှမ်းပြောလိုက်သည်။

‘ကြောင်လေး... ဒီမိန်းကလေးကို အနိုင်မကျင့်ပါနဲ့... မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခု ဖြစ်ခဲ့ကြတယ်လို့ ငါ မှတ်မိပါတယ်... မင်းတို့က လင်မယားတွေလို ဖြစ်နေကြပြီ မဟုတ်ဘူးလား...’

ကြောင်နက်ကြီးက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြန်လည်ဖြေကြားလိုက်သည်။

‘စီနီယာ... ကျွန်တော် ဖွဖွလေးလုပ်တာပါ... သူ့ကို နည်းနည်းမှ မနာကျင်စေပါဘူး...’

အစွမ်းထက်သွေးနဂါးမိစ္ဆာက သူ၏ရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုလိုက်သည်။

‘ဘာပဲဖြစ်ဖြစ် မိန်းကလေးတွေကို အနိုင်မကျင့်နဲ့...’

ကြောင်နက်ကြီးက ထုံးစံအတိုင်း အရေထူသောမျက်နှာဖြင့် ပြုံးလိုက်ပြီး ဤကိစ္စကို ပယ်ဖျက်လိုက်သည်။

‘စီနီယာ... စိတ်ချပါ... စကားပုံရှိတာပဲ... အချစ်ကြီးလို့ အမျက်ကြီးတာပါ... ကျွန်တော် ကြောင်မလေးကို သေသေချာချာ စောင့်ရှောက်ပါ့မယ်...’

ဤစီနီယာက နောက်မှ ရောက်လာခြင်းဖြစ်သဖြင့် သူနှင့် ကြောင်မလေးကြားက ရှုပ်ထွေးသော ရာဇဝင်များကို မသိရှာပေ။ ဤအတိုင်းပဲ ပယ်ဖျက်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

ရုတ်တရက် အစွမ်းထက်သွေးနဂါးမိစ္ဆာက ထူးခြားသော အရှိန်အဝါတစ်ခုကို ခံစားမိလိုက်ပြီး ဟင်းလင်းပြင်အထက်သို့ အလျင်အမြန် မော့ကြည့်လိုက်သည်။ သူသည် ဟင်းလင်းပြင်အတွင်း၌ မှိန်ဖျော့သော အရိပ်တစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ဤအရိပ်သည် ပါးလွှာသော အမြှေးပါးတစ်ခုနှင့် တူနေပြီး ဆန်းပြားသော စွမ်းအားများကို ထုတ်လွှတ်နေသည်။ ဤစွမ်းအားကြောင့်ပင် ထိုအမြှေးပါးက ဟင်းလင်းပြင်အတွင်း၌ ပုန်းကွယ်နေနိုင်ခြင်း ဖြစ်သည်။

အစွမ်းထက်သွေးနဂါးမိစ္ဆာက သံသယဖြစ်လျက် အလျင်အမြန် မေးမြန်းလိုက်သည်။

“သခင်ကြီး... ဒါက ဘာကြီးလဲ...”

ရီယွင်က သူ့ကို တစ်ချက်လှမ်းကြည့်ပြီး အသာအယာ ပြုံးလိုက်သည်။

“မင်း ရင်းနှီးနေတဲ့ အငွေ့အသက်တစ်ခုခုကို ခံစားမိလား...”

အစွမ်းထက်သွေးနဂါးမိစ္ဆာက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။ သခင်ကြီး၏ စကားက ဘာကို ရည်ညွှန်းနေမှန်း သူ သဘောမပေါက်ခဲ့ပေ။

“ကျွန်တော် ဘာမှ မခံစားရဘူးဗျ...”

ရီယွင်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ သူ၏ ဆန်းကြယ်လှသော မျက်ဝန်းအစုံက ယခင်ကထက် ပိုမိုပြီး တောက်ပလာခဲ့သည်။ ဤအခိုက်အတန့်တွင် စကြဝဠာအတွင်းရှိ ကြယ်တာရာ အားလုံးက ၎င်းတို့၏ အလင်းတန်းများကို သူ၏မျက်လုံးများမှတစ်ဆင့် ထုတ်လွှတ်နေသကဲ့သို့ ဖြစ်နေတော့သည်။ ၎င်းသည် ထူးခြားစွာ လင်းထိန်နေပြီး စူးရှလွန်းလှသည်။

သခင်ကြီး ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို အသုံးချသည်ကို ယခင်က မြင်ဖူးခဲ့သည့် မြင်းနက်ကြီးက ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားရပြီး တိုးညင်းစွာ ရေရွတ်လိုက်မိသည်။

“သခင်ကြီး... ဒါက...”

သခင်ကြီးက ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို ဤမျှအထိ ပြင်းထန်စွာ တစ်ခါမျှ မထုတ်ဖော်ဖူးချေ။

သခင်ကြီးက အမှန်တကယ် ဘာလုပ်ရန် ကြံစည်နေသနည်း...။ သူသည် ထိုအမြှေးပါးကို ဖျက်ဆီးရန် ကြိုးပမ်းနေခြင်းလော...။ ထိုအမြှေးပါးက အမှန်တကယ် ဘာကြီးနည်း...။ အတွေးပေါင်းစုံက မြင်းနက်ကြီး၏ စိတ်ထဲတွင် ပြည့်နှက်သွားတော့သည်။

ရီယွင်က တိုးညင်းသော အမိန့်တစ်ခုကို ပေးလိုက်သည်။

“ပွင့်စမ်း...”

ရုတ်တရက် ထိုအမြှေးပါးပေါ်တွင် အလွန်သေးငယ်သော အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ရီယွင်၏ တစ်ကိုယ်လုံးက သန့်စင်သော အဖြူရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး မြင်းလှည်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ထို့နောက် ၎င်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုအက်ကွဲကြောင်းအတွင်းသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားခဲ့သည်။ ထို့နောက် အက်ကွဲကြောင်းက ချက်ချင်းပင် ပြန်ပိတ်သွားတော့သည်။ ထိုအမြှေးပါးသည် ဟင်းလင်းပြင်အတွင်း၌ အနည်းငယ် လှုပ်ခါသွားပြီးနောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ နောက်တစ်ကြိမ် ပြန်လည် ပျောက်ကွယ်သွားတော့သည်။

‘ငါတို့ ကမ္ဘာငယ်လေးတစ်ခုထဲသို့ ရောက်သွားပြီထင်တယ်...’

အချိန်နှင့် ဟင်းလင်းပြင် ရွေ့လျားပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည့်အခါ ထိုအမြှေးပါး၏ နောက်ကွယ်၌ ကမ္ဘာငယ်လေးတစ်ခု ရှိနေကြောင်း မြင်းနက်ကြီးက နောက်ဆုံးတွင် သဘောပေါက်သွားတော့သည်။

ကောင်းကင်ယံမှ အဖြူရောင်အလင်းတန်းတစ်ခု ဆင်းသက်လာခဲ့ပြီး နောက်ဆုံးတွင် ဟင်းလင်းပြင်၌ ဝဲပျံရပ်တန့်သွားကာ အနက်ရောင်မြင်းလှည်းတစ်စီး ပေါ်ထွက်လာသည်။ ရီယွင်က သူ့ရှေ့မှ သာယာလှပသော ကမ္ဘာငယ်လေးကို အသေသေချာချာ စူးစမ်းကြည့်လိုက်သည်။

အဝေးက စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များသည် အနီးအနားရှိ စိမ်းစိုနေသော မြက်ခင်းပြင်ကြီးနှင့် လိုက်ဖက်ညီစွာ တည်ရှိနေကြသည်။ လေထုက လတ်ဆတ်ပြီး သာယာလှကာ ဝိညာဉ်စွမ်းအင်များကလည်း အလွန်ပင် ထူထပ်လှသည်။ ကောင်းကင်ယံတွင် ငှက်နီအချို့ ဝင်းခနဲ ဖြတ်သန်းပျံသန်းသွားကြသည်။ အောက်ဘက်တွင်မူ ဧရာမ မြစ်ကြီးတစ်စင်း စီးဆင်းနေပြီး ၎င်း၏ ရေမျက်နှာပြင်ပေါ်၌ ငါးများက အစဉ်မပြတ် ခုန်ပေါက်နေကြသည်။ ဆန့်ကျင်ဘက် ကမ်းပါးပေါ်တွင်မူ အဝေးက တောင်တန်းကြီးဆီသို့ ဦးတည်နေသော သစ်ပင်တန်းကြီးများ ရှိနေကြသည်။

အစွမ်းထက်သွေးနဂါးမိစ္ဆာက လည်ပင်းကိုဆန့်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရင်း အံ့ဩတကြီး ချီးကျူးလိုက်သည်။

“ဝါး... ဒါက တကယ့်ကို ကမ္ဘာငယ်လေးတစ်ခုပဲ...”

ရီယွင်က မူလနေရာတွင်ရပ်ရင်း ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို တိတ်တဆိတ် ခံစားကြည့်လိုက်သည်။ ရုတ်တရက် သူက ကြောင်နက်ကြီးကို လှမ်းကြည့်ပြီး အမှုမဲ့အမှတ်မဲ့ မေးမြန်းလိုက်သည်။

“ကြောင်လေး... မင်းရဲ့ ကိုယ်ခန္ဓာထဲမှာ ပြောင်းလဲမှုတစ်ခုခုကို ခံစားမိလား...”

သခင်ကြီး၏ စကားကို ကြားရသည့်အခါ ကြောင်နက်ကြီးက ချက်ချင်းပင် သတိကြီးစွာ ထားလိုက်သည်။ ခေတ္တမျှ ခံစားကြည့်ပြီးနောက် သူက ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးကြီးများ ပြူးကျယ်သွားပြီး ဆိုလိုက်သည်။

“သခင်ကြီး... ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာက စွမ်းအင်တစ်ခုခုရဲ့ သက်ရောက်မှုကို ခံနေရသလိုပဲ... တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတော့မယ့်အတိုင်း ခံစားနေရတယ်...”

ရီယွင်က ခေါင်းညိတ်ပြလိုက်သည်။

ကြောင်မလေးကလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

“သခင်ကြီး... ကျွန်မလည်း တူတူပဲ...ဒီဤပျောက်ကွယ်မှုက သိပ်ကိုမြန်ဆန်နေသလို ခံစားရတယ်... ကျွန်မရဲ့ ကိုယ်ခန္ဓာက တစ်ရက်တောင်မပြည့်ခင်မှာ ပျောက်ကွယ်သွားနိုင်တယ်...”

ရီယွင်က သူ၏လက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီး ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးဖြစ်သည့် ကြောင်မလေးနှင့် ကြောင်နက်ကြီးတို့ကို မြင်းလှည်းအတွင်းရှိ သတ်မှတ်ထားသော ဟင်းလင်းပြင်တစ်ခုထဲသို့ ပို့ဆောင်လိုက်သည်။

“မင်းတို့ နှစ်ယောက်စလုံး အရင်ဆုံး မြင်းလှည်းထဲကို ပြန်ဝင်လိုက်ကြအုံး...”

ဤ မက်မွန်ပွင့် လျှို့ဝှက်နယ်မြေအတွင်း၌ ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်ကို ပျောက်ကွယ်သွားစေနိုင်သော ထူးဆန်းသည့် စွမ်းအင်တစ်ခု အမှန်တကယ် ရှိနေခြင်းဖြစ်သည်။ ဤပျောက်ကွယ်မှုသည် ပုံရိပ်ယောင်အသွင် ပြောင်းလဲသွားခြင်းနှင့် ဆင်တူနေပြီး ကိုယ်ခန္ဓာက ဤစွမ်းအားကြောင့် တိုက်စားခံရကာ ပုံရိပ်ယောင် ဖြစ်သွားသကဲ့သို့ပင်။ အကယ်၍ ရုပ်ပိုင်းဆိုင်ရာကိုယ်ထည် ပျောက်ကွယ်သွားခဲ့လျှင် မူလဝိညာဉ်ကော ကျန်ရှိနေနိုင်ပါ့မည်လော။ ရီယွင်၏ မျက်နှာပေါ်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူ၏ အကြည့်သည် အဝေးသို့ လွှဲဖယ်သွားခဲ့ရာ တောင်ခြေရင်း၌ရှိသော ရွာငယ်လေးတစ်ရွာကို မြင်တွေ့လိုက်ရသည်။ ထိုရွာငယ်လေး၏ အဝင်ဝတွင် ကျောက်စာတိုင်တစ်ခု ရှိနေခဲ့သည်။ ထိုကျောက်စာတိုင်ပေါ်၌ ကြီးမားသော စာလုံးတစ်လုံးကို ထွင်းထုထားသည်။

“ချင်”

“သူတို့က တကယ်ပဲ ချင်မျိုးနွယ်စုရဲ့ မျိုးဆက်များလား...”

ရီယွင်၏ နှလုံးသားအတွင်း၌ လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီး သူ အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။ အကယ်၍ သူသာ ချင်မျိုးနွယ်စု၏ မျိုးဆက်များကို ရှာတွေ့နိုင်ခဲ့လျှင် ဤသည်က ချင်ယောင်အတွက်လည်း စိတ်သက်သာရာရစေမည့် ကိစ္စတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။

ရီယွင် စဉ်းစားနေစဉ်မှာပင် မြင်းနက်ကြီးကလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

“သခင်ကြီး... ကျွန်တော်လည်း ဒီ ပုံရိပ်ယောင်ဖြစ်စေတဲ့ စွမ်းအားကို ခံစားနေရတယ်... ဒါက တကယ်ကို ကြောက်စရာကောင်းတယ်...”

နဂါးမျိုးနွယ်စု သွေးဗီဇရှိသည့် ထာဝရနယ်ပယ် မိစ္ဆာကြီးတစ်ကောင် ဖြစ်ပါစေ သူသည်လည်း ဤ ပုံရိပ်ယောင်ဖြစ်စေသော စွမ်းအားကို ခံနိုင်ရည်ရှိရန် ခက်ခဲနေရှာသည်။ သူသည် မကြာမီ အချိန်အတွင်းမှာပင် သူ၏ ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်က လျင်မြန်စွာ အားနည်းသွားပြီး ပုံရိပ်ယောင်အသွင် ပြောင်းလဲသွားကာ နောက်ဆုံး၌ လုံးဝဥဿုံ ပျောက်ကွယ်သွားလိမ့်မည်ဟု ခံစားနေရခြင်း ဖြစ်သည်။

မြင်းနက်ကြီး၏ စကားသံ ဆုံးရုံတင်ရှိသေး အစွမ်းထက်သွေးနဂါးမိစ္ဆာကလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ပြန်သည်။ “ကျွန်တော်လည်း တူတူပဲ သခင်ကြီး... ဒါက ဘယ်လိုမျိုး စွမ်းအားလဲဟင်...”

ရီယွင်က အသာအယာ ပြုံးလိုက်ပြီး အဝေးသို့ လှမ်းညွှန်ပြလိုက်သည်။

“ဒါက ဘယ်လိုမျိုး စွမ်းအားလဲဆိုတာ ငါလည်း သဲသဲကွဲကွဲ မသိဘူး... ဒါပေမဲ့ ငါ့အတွက်တော့ ရင်းနှီးနေတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနေတယ်... သွားကြစို့... ငါတို့ ရှေ့ကို သွားပြီး တစ်ချက်လောက် ကြည့်ကြရအောင်...”

အခန်း ၂၂၇ ပြီးပါပြီ။

All Chapters