← Chapters

အခန်း ၂၃၅

Vol. 16 Ch. 235

အခန်း ၂၃၅

Vol. 16 Ch. 235

အခန်း ၂၃၅ - ကြောင်နက်ကြီးက ဆေးလုံးများကို ကြွားဝါခြင်းနှင့် သွေးနဂါး ထိတ်လန့်သွားခြင်း

ရီယွင် စကားပြောပြီးသည်နှင့် ဟင်းလင်းပြင်ကမ္ဘာကြီး အတွင်းမှနေ၍ ကမ္ဘာဦးဟင်းလင်းပြင်နဂါး၏ အသံမှာ ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

“ကောင်းပါပြီ သခင်ကြီး...”

“ဝီ...”

ပျားအုံတစ်အုံ၏ မြည်သံအလား အသံတစ်ခုမှာ ဟင်းလင်းပြင်ထဲတွင် တုန်ခါထွက်ပေါ်လာခဲ့သည်။

ဧရာမ ပုံရိပ်ယောင်ကမ္ဘာကြီးမှာ ပြင်းထန်စွာ စတင်ကျုံ့ဝင်လာတော့သည်။ အသက်ရှူရုံမျှ အချိန်အတွင်းမှာပင် ၎င်းသည် သစ်ကြားသီးအရွယ်အစားရှိ အလုံးလေးတစ်လုံးအဖြစ်သို့ ကျုံ့ဝင်သွားခဲ့ပြီးနောက် လေထဲမှနေ၍ အလျင်အမြန် ပြုတ်ကျလာခဲ့သည်။

ဤ တစ်ပိုင်းမြင်သာသော အလုံးလေး၏ အတွင်းပိုင်း၌ အနက်ရောင်မျက်လုံးအိမ်ကဲ့သို့ အလုံးလေးတစ်ခု ပါဝင်နေသည်။ ကမ္ဘာဦးဟင်းလင်းပြင်နဂါးမှာ ဤအနက်ရောင်အလုံးလေး၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေခဲ့ပြီး အပြင်ဘက်မှ လုံးဝဥဿုံ ခွဲခြား၍မရနိုင်အောင် ရှိနေပေသည်။

ရီယွင်က လက်ကိုဆန့်ထုတ်၍ ထိုအနက်ရောင်အလုံးလေးကို ဖမ်းဆုပ်လိုက်သည်။

ခေတ္တမျှ စစ်ဆေးကြည့်ရှုပြီးနောက်တွင်မူ သူသည် ထိုအလုံးလေးကို သူ၏သိုလှောင်ရုံအတွင်းသို့ သိမ်းဆည်းလိုက်တော့သည်။

ဘေးနားမှ သွေးနဂါးက သူ၏အသံထဲတွင် အကြောက်တရားများ ကျန်ရစ်နေသေးလျက် ဆိုလိုက်၏။

“သခင်ကြီး... အဲ့ဒီ ရှေးဦးအချိန်ကာလက စစ်ပွဲကြီးဟာ တကယ်ကို ကြောက်မက်ဖွယ်ကောင်းတာပဲ... အနှိုင်းမဲ့နဂါးနတ်ဘုရားကြီးတွေထဲက တစ်ပါးဖြစ်တဲ့ ကမ္ဘာဦးဟင်းလင်းပြင်နဂါးရဲ့ မျက်လုံးအိမ်ကိုတောင်မှ ထုတ်ယူခံခဲ့ရတယ်ဆိုတော့လေ...”

ရီယွင်က မှိန်ဖျော့သော အပြုံးတစ်ခုဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“တကယ်လို့သာ အနှိုင်းမဲ့နဂါးနတ်ဘုရားကြီး ဆယ်ပါးဟာ အချင်းချင်း တိုက်ခိုက်မှုတွေ မဖြစ်ခဲ့ကြဘူးဆိုရင်... နတ်ဘုရားနယ်မြေဟာ နဂါးသတ်စစ်ပွဲကို စတင်ဖို့ အခွင့်အရေး ရခဲ့မှာတောင် မဟုတ်ဘူး...”

ရှေးဦးနဂါးနတ်ဘုရားများ မျိုးသုဉ်းပျောက်ကွယ်သွားခြင်းနှင့် ပတ်သက်၍ သူသည် အနည်းငယ် နောင်တရသကဲ့သို့ ခံစားရသော်လည်း သနားစရာကောင်းသည်ဟုမူ သိပ်မခံစားရချေ။ မည်သို့ပင်ဆိုစေ ရီယွင်မှာ မတူညီသော ဘဝနှစ်ခုကို ဖြတ်သန်းခဲ့ရသည့် ပြန်လည်ဝင်စားသူတစ်ဦး ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ရှေးဦးအချိန်ကာလက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့်ပတ်သက်၍ ရီယွင်သည် မိမိကိုယ်ကို အမြဲတမ်း စောင့်ကြည့်သူတစ်ဦးအဖြစ်သာ သတ်မှတ်ထားခဲ့သည်။

သွေးနဂါးက သက်ပြင်းတစ်ချက် ချလိုက်သည်။

“သခင်ကြီး... ကမ္ဘာဦးဟင်းလင်းပြင်နဂါးရဲ့ မျက်လုံးအိမ်က ဒီကမ္ဘာပေါ်မှာ တည်ရှိနေသေးတယ်ဆိုမှတော့... ဒီကုန်းမြေကြီးပေါ်မှာဖြစ်စေ၊ နတ်ဘုရားနယ်မြေထဲမှာဖြစ်စေ အနှိုင်းမဲ့နဂါးနတ်ဘုရားကြီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အများကြီး ကျန်ရှိနေဦးမယ်လို့ ကျွန်တော် ထင်တယ်...”

“အင်း...”

ရီယွင်က ခေါင်းညိတ်ပြလိုက်ပြီး အဝေးရှိ ဟင်းလင်းပြင်ကို သက်သောင့်သက်သာဖြင့် လှမ်းကြည့်လိုက်သည်။ သူက ဖြည်းညင်းစွာ ကြေညာလိုက်၏။

“စိတ်ချပါ... တကယ်လို့သာ နဂါးမျိုးနွယ်စုနဲ့ ပတ်သက်တဲ့ အရာတစ်ခုခုကို ငါတို့ ကြုံတွေ့ခဲ့ရရင်... ခန္ဓာကိုယ်အစိတ်အပိုင်းတွေပဲဖြစ်ဖြစ်၊ ရုပ်ကြွင်းတွေပဲဖြစ်ဖြစ်၊ မင်း ဒါမှမဟုတ် ကမ္ဘာဦးဟင်းလင်းပြင်နဂါးလို သတ္တဝါတွေပဲဖြစ်ဖြစ်၊ နဂါးနတ်ဘုရားသွေးဗီဇ ပါဝင်တဲ့ လူသားမျိုးနွယ်ဝင်တွေပဲဖြစ်ဖြစ်... အဲ့ဒီအရာအားလုံးကို သင့်တော်တဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းပေးဖို့ ငါ နည်းလမ်းရှာပေးပါ့မယ်...”

နဂါးဘိုးဘေးသွေးဗီဇကို ပိုင်ဆိုင်ထားသူတစ်ဦးအနေဖြင့် ရီယွင်သည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော နဂါးမျိုးနွယ်စုနှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏ အမွေအနှစ်များကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ရန် သဘာဝကျကျပင် နည်းလမ်းရှာလိုခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ ယခင်ဘဝက ကမ္ဘာမြေပေါ်ရှိ လူသားများအနေဖြင့် တောရိုင်းတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ပုံနှင့် အတူတူပင် ဖြစ်ပေသည်။ ထို့ကြောင့် ရီယွင်သည် သွေးနဂါး၏ စေတနာပါသော သတိပေးချက်ကို အလွန်ပင် သဘောတူလက်ခံမိသည်။

ကျဆုံးသွားသော နဂါးများ၏ ကျန်ရစ်ခဲ့သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရတနာများအဖြစ် ဖန်တီးထားခဲ့လျှင်ပင် အခွင့်အရေးရပါက သူသည် နဂါးနတ်ဘုရားဂိုဏ်းအတွက် ၎င်းတို့အားလုံးကို စုဆောင်းသိမ်းဆည်းသွားမည်ဖြစ်သည်။ အစအန ကိုယ်ပွားလေးတစ်ခုကို ဖန်တီးပေးနိုင်သော ကမ္ဘာဦးဟင်းလင်းပြင်နဂါး၏ မျက်လုံးအိမ်ကဲ့သို့ အနှိုင်းမဲ့နဂါးနတ်ဘုရားကြီးများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ပတ်သက်လာလျှင် ဤအရာများသည် ရီယွင်အတွက် စုဆောင်းရန် အဓိက ဦးစားပေးအရာများပင် ဖြစ်သည်။

လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သော ဤခရီးစဉ်မှတစ်ဆင့် ရီယွင်သည် အနှိုင်းမဲ့နဂါးနတ်ဘုရားကြီး ဆယ်ပါးစလုံးတွင် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ဖြည်းညင်းစွာ ပြန်လည်ရှင်သန်လာနိုင်စေမည့် အရန်အစီအမံများ အသီးသီး ရှိနေနိုင်ကြောင်းကိုလည်း သဘောပေါက်သွားခဲ့သည်။ ဤသည်မှာ အခြားသော အစွမ်းထက် နဂါးနတ်ဘုရား အမျိုးအစားများနှင့် ပတ်သက်၍လည်း မှန်ကန်နိုင်ပေသည်။ ဤကုန်းမြေကြီးသည် သူ၏ ဖြည်းညင်းစွာ ရှာဖွေတွေ့ရှိမှုကို စောင့်ဆိုင်းနေသော လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားဆဲပင် ဖြစ်သည်။

ရီယွင်က အားလုံးကို ခေါ်လိုက်၏။

“သွားကြစို့...”

သူသည် ခြေတစ်လှမ်း ရှေ့သို့လှမ်းကာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး အဝေးရှိ အနက်ရောင်မြင်းရထားကြီးရှိရာသို့ ပျံသန်းသွားတော့သည်။

မြင်းနက်ကြီးနှင့် သွေးနဂါးတို့ကလည်း ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

ရီယွင်သည် အနက်ရောင်မြင်းရထားပေါ်သို့ ဆင်းသက်လိုက်ပြီး ကန့်လန့်ကာကို ဖယ်ရှားကာ ရထားလုံးအတွင်းသို့ တစ်ဦးတည်း ဝင်ရောက်သွားတော့သည်။ ဤအခိုက်အတန့်တွင် မြင်းနက်ကြီးမှာ သူ၏ မူလပုံစံသို့ ပြန်လည်ပြောင်းလဲသွားပြီး မြင်းရထားကို ဆက်လက်ဆွဲနေခဲ့သည်။

သွေးနဂါးကလည်း အသွင်ပြောင်းသွားပြီး မီးတောက်အလား နီရဲသော အလင်းတန်းတစ်ခုဖြစ်လာကာ မြင်းရထားပေါ်သို့ ဆင်းသက်သွားပြီး ချစ်စရာကောင်းသော ကြောင်နီလေးပုံစံသို့ ပြန်လည်ပြောင်းလဲသွားတော့သည်။

သွေးနဂါးက အတွင်းစိတ်၌ တွေးတောလိုက်မိ၏။

‘သခင်ကြီးက ဘယ်လိုမျိုး နတ်စွမ်းရည်ကို အသုံးပြုနေတာလဲ... ငါ့ရဲ့ မူလပုံစံကို ပြောင်းလဲပစ်လိုက်ပြီးကတည်းက အခုတစ်ခါ ပြန်ပြောင်းလို့မရတော့ဘူး...’

ကြောင်နီလေးပုံစံဖြင့် သွေးနဂါးမှာ ငိုချင်လုမတတ် ဖြစ်သွားရသည်။ ရင်ဖွင့်တိုင်ပင်စရာ မည်သူမျှမရှိသဖြင့် သူသည် သွားကိုတင်းတင်းကိုက်ကာ သူ၏ စိတ်ပျက်အားငယ်မှုကိုသာ မျိုသိပ်ထားလိုက်ရတော့သည်။

မြင်းနက်ကြီးက ခေါင်းလှည့်ကာ စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်သည်။

“သခင်ကြီး... ကျွန်တော်တို့ ဘယ်ကို သွားကြမလဲ...”

ရီယွင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်လည်ဖြေကြားလိုက်၏။

“ကောင်းကင်လမင်းမင်းဆက်ဆီ သွားကြရအောင်...”

ကောင်းကင်ကြယ်တာရာမင်းဆက်တွင် သူ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သော အရာများ ဘာမှမရှိတော့ချေ။ ထိုနေရာရှိ သူ၏ ကိစ္စရပ်အားလုံးကို အပြီးသတ်လိုက်ပြီဖြစ်ရာ သူ၏ နောက်တစ်ဆင့်မှာ ကောင်းကင်လမင်းမင်းဆက်သို့ သွားရောက်ကာ ကောင်းကင်လမင်း လျှို့ဝှက်နယ်မြေ ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းရန်ဖြစ်သည်။

မြင်းနက်ကြီးက ခေါင်းညိတ်ပြလိုက်ပြီး မြင်းရထားကို စတင်ဆွဲကာ အရှေ့တောင်ဘက်သို့ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။

ကြောင်ဖြူလေးက အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“စီနီယာ... စောစောက အားလုံး ဘယ်ကို သွားခဲ့ကြတာလဲ...”

သူမက သွေးနဂါးအနီးသို့ တိုးကပ်သွားပြီး တိုးညင်းသောအသံဖြင့် မေးလိုက်ခြင်း ဖြစ်သည်။ သူမ၏ နီလာရောင် မျက်လုံးဝိုင်းကြီးများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကြ၏။

သွေးနဂါးက ပြန်လည်ဖြေကြားရန် ဟန်ပြင်လိုက်သည်။

“ငါတို့... အဲ့ဒီကို သွားခဲ့တာ...”

ထို့နောက် သူသည် ရုတ်တရက် ပါးစပ်ကို ပိတ်လိုက်တော့သည်။

‘အဲ့ဒီ သုခဘုံလို လျှို့ဝှက်နယ်မြေက ကမ္ဘာဦးဟင်းလင်းပြင်နဂါးနဲ့ ပတ်သက်နေတာလေ... ဒီလိုမျိုး အရေးကြီးပြီး အကဲဆတ်တဲ့ ကိစ္စတစ်ခုကို... တတ်နိုင်သမျှ စကားနည်းနည်းပြောတာ ပိုကောင်းလိမ့်မယ်...’

“ဖြန်း...”

ထိုစဉ် ကြောင်နက်ကြီးက ကြောင်ဖြူလေး၏ ခေါင်းကို တစ်ချက်ရိုက်ချလိုက်ရာ သူမမှာ မျက်စိထဲ၌ ကြယ်များပင် လင်းလက်သွားရတော့သည်။

ကြောင်ဖြူလေးက သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လဲ့နေလျက် ညည်းညူလိုက်သည်။

“ရှင် ကျွန်မကို ထပ်ရိုက်ပြန်ပြီလား...”

ကြောင်နက်ကြီးက သူ၏လက်ဖဝါးကို မြှောက်ကာ မောက်မာစွာဖြင့် ခြိမ်းခြောက်လိုက်၏။

“မင်း မမေးသင့်တဲ့ ကိစ္စတချို့ ရှိတယ်ဆိုရင် မမေးနဲ့လေ... သခင်ကြီးရဲ့ ခရီးစဉ်က မင်း မေးလို့ရတဲ့ အရာများ မှတ်နေလား...”

“အိုး...”

“သခင်ကြီး” ဟု ဖော်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ကြောင်ဖြူလေး၏ ဒေါသများမှာ ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းပင် လေလျှော့သွားသကဲ့သို့ ဖြစ်သွားတော့သည်။ သူမသည် လိမ္မာရေးခြားရှိစွာဖြင့် ခေါင်းကို မြင်းရထားပေါ်တွင် တင်ထားပြီး မလှုပ်မယှက်သာ နေလိုက်တော့သည်။

ယခုတစ်ကြိမ်တွင်မူ သွေးနဂါးက ကြောင်ဖြူလေးကို နှစ်သိမ့်ခြင်း မပြုခဲ့ချေ။ ကြောင်ဖြူလေးမှာ အလွန်အမင်း စပ်စုလွန်းသည်ဟု သူလည်း ခံစားရသဖြင့် ကြောင်နက်ကြီးက သူမကို သင်ခန်းစာကောင်းကောင်းတစ်ခု ပေးလိုက်ပြီး သူမ မှတ်လောက်သားလောက် ဖြစ်သွားစေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကြောင်နက်ကြီးက နောက်တစ်ကြိမ် လေလုံးထွားနေသည်ကို မြင်လိုက်ရသည့်အခါ ရီယွင်က အသာအယာ ပြုံးလိုက်မိသည်။

‘ဒီကောင်က သူ့ရဲ့ သေးငယ်တဲ့ အခွင့်အာဏာလေးကို အလွဲသုံးစားလုပ်ရတာ သိပ်သဘောကျတာပဲ...’

မည်သို့ပင်ဆိုစေ ဤမိစ္ဆာအဖော်သားရဲ သုံးကောင်တွင် သူတို့၏ ကိုယ်ပိုင်ပေါင်းသင်းဆက်ဆံရေး နည်းလမ်းများ ရှိကြပြီး ရီယွင်အနေဖြင့် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိချေ။

ခေတ္တမျှ စဉ်းစားပြီးနောက် သူက ရုတ်တရက် မေးမြန်းလိုက်သည်။

“ကြောင်ဖြူလေး... မင်းရဲ့ အိမ်က ဘယ်မှာလဲ...”

ကြောင်ဖြူလေးက ရိုသေစွာဖြင့် အလျင်အမြန် ပြန်လည်ဖြေကြားလိုက်၏။

“သခင်ကြီး... ကျွန်မရဲ့ အိမ်က ကောင်းကင်ကြယ်တာရာမင်းဆက်နဲ့ ကောင်းကင်လမင်းမင်းဆက်တို့ရဲ့ နယ်စပ်က ဝူခွန်းတောင်နားမှာပါ...”

ရီယွင်က ညွှန်ကြားလိုက်သည်။

“အင်း... အဲ့ဒီကို ရောက်တဲ့အခါ... မင်း အိမ်ကို တစ်ခေါက်သွားပြီး မင်းရဲ့ စေ့စပ်ပွဲ ဖျက်သိမ်းလိုက်တဲ့ အကြောင်းရယ်၊ နဂါးနတ်ဘုရားဂိုဏ်းထဲ ဝင်လိုက်တဲ့ အကြောင်းရယ်ကို သူတို့ကို ပြောပြလိုက်ပါ...”

ကြောင်ဖြူလေးက ကျေးဇူးတင်စွာဖြင့် ပြန်လည်ဖြေကြားလိုက်၏။

“ဟုတ်ကဲ့ပါ သခင်ကြီး...”

သူမက အတွင်းစိတ်၌ တွေးတောလိုက်မိသည်။

‘ဒီအစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ သခင်ကြီးက... ကောင်းကင်တံတားနယ်ပယ်က သာမန် မိစ္ဆာငယ်လေးဖြစ်တဲ့ ငါ့အပေါ် သိပ်ကို ကောင်းလွန်းတယ်... သူက ငါ့ကို စေ့စပ်ပွဲ ဖျက်သိမ်းနိုင်ဖို့ ကူညီပေးခဲ့ရုံတင်မကဘူး... ငါ့ရဲ့ မိသားစုကိစ္စတွေကိုပါ ကူညီဖြေရှင်းပေးဦးမယ်တဲ့... ငါ့ရဲ့ ခေါင်းမာတဲ့ မိဘနှစ်ပါးကတော့ ငါ နဂါးနတ်ဘုရားဂိုဏ်းထဲ ဝင်တာကို သေချာပေါက် တားဆီးကြလိမ့်မယ်... ဘာပဲဖြစ်ဖြစ် သူတို့က နဂါးနတ်ဘုရားဂိုဏ်းဟာ ဘယ်လောက်အထိ အစွမ်းထက်လဲ ဆိုတာကိုမှ နားမလည်ကြတာကိုး... ဒီကိစ္စကို နောက်ဆုံးတော့ သခင်ကြီး ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းပေးဖို့ လိုအပ်လိမ့်မယ်... ဒါပေမဲ့ သခင်ကြီးကတော့ သေချာပေါက် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမှာ မဟုတ်ဘူး... လှုပ်ရှားမယ်ဆိုရင်တောင် ဦးလေးမြင်း ဒါမှမဟုတ် အဲ့ဒီ နဂါးစီနီယာပဲ ဖြစ်လိမ့်မယ်...’

ကြောင်နက်ကြီး၏ မျက်လုံးများမှာ ရုတ်တရက် အရောင်လက်သွားခဲ့ပြီး သူက မေးလိုက်သည်။

“ဟင်... ကြောင်ဖြူလေး... မင်းရဲ့ မိသားစုဖြစ်တဲ့ ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုက ဝူခွန်းတောင်နားမှာ နေတာလား...”

ကြောင်ဖြူလေးက ကြောင်နက်ကြီးကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်၏။

“ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ...”

ကြောင်နက်ကြီးက ရယ်မောလိုက်ပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

“ဝူခွန်းတောင်မှာ မှောင်ခိုဈေးတစ်ခု ရှိတယ်လို့ ငါ ကြားဖူးတယ်... အဲ့ဒီမှာက အရမ်းစည်ကားပြီး ဘာမဆို ဝယ်လို့ရတယ်တဲ့...”

ကြောင်ဖြူလေးက ခေါင်းညိတ်ပြလျက် ပြုံးကာ ပြန်လည်ဖြေကြားလိုက်၏။

“ဟုတ်တယ်... ဝူခွန်းတောင်ရဲ့ မှောင်ခိုဈေးက အတော်လေး စည်ကားတယ်... အဲ့ဒီမှာ ဆေးလုံးတွေ၊ ရတနာတွေနဲ့ နတ်စွမ်းရည်ကျင့်စဉ် စာအုပ်တွေ အကုန်လုံး ရှိတယ်...”

ကြောင်ဖြူလေး၏ မျက်နှာပေါ်မှ ဂုဏ်ယူနေသော အမူအရာကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးက မထီမဲ့မြင်ပြုဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“ဒီမှောင်ခိုဈေးအကြောင်းကို ပြောလိုက်တာနဲ့ မင်းက ငါ့ထက်တောင် ပိုပြီး စိတ်လှုပ်ရှားနေပါလား... ဈေးကြီးကပဲ သိပ်ကို ကြီးကျယ်ခမ်းနားနေတဲ့ အတိုင်းပဲ... ဟွန့်... ဒီကြောင်အိုကြီးရဲ့ အမြင်မှာတော့ အဲ့ဒီ မှောင်ခိုဈေးက ဆေးလုံးတွေဟာ သခင်ကြီး ပေးထားတဲ့ ဆေးလုံးတွေနဲ့ ယှဉ်လိုက်ရင် ဘာမှ မဟုတ်ပါဘူးကွာ...”

“အစ်ကိုကြီး ပြောတာ မှန်ပါတယ်...”

ကြောင်ဖြူလေးက သူမ၏ လက်ဖဝါးဖြင့် ခေါင်းနောက်ဘက်ကို ကုတ်ရင်း အားနာဟန်ဖြင့် ပြုံးလျက် ဆိုလိုက်သည်။

အမြီးကိုးချောင်းဝိညာဉ်ကြောင်မှာ ဂုဏ်ယူဝင့်ကြွားနေချိန်တွင် သူမအနေဖြင့် သူ၏ စိတ်အခြေအနေကို မဖျက်ဆီးသင့်ကြောင်း သူမ သိထားပေသည်။ ထို့ကြောင့် သူမသည် လေကြောအတိုင်း လိုက်ကာ သူ့ကို အကြိမ်အနည်းငယ် ချီးကျူးပေးလိုက်သည်။

ဤအခိုက်အတန့်တွင် သွေးနဂါး၏ မျက်လုံးများမှာ အရောင်လက်သွားခဲ့၏။

“ကြောင်နက်လေး... သခင်ကြီးက မင်းကို ဘယ်လို ဆေးလုံးမျိုးတွေ ပေးထားလို့လဲ... မင်းက သိပ်ကို အမွှမ်းတင်နေတာပဲ... ငါ့ကို တစ်ချက်လောက် ပြလို့ရမလား...”

“ဒါက...”

ကြောင်နက်ကြီး၏ မျက်နှာမှာ ရုတ်တရက် အခက်တွေ့သွားဟန် ပေါ်လာခဲ့သည်။ သခင်ကြီးက သူ့ကို ပေးထားသော ဆေးလုံးများမှာ အလွန်တရာ အရည်အသွေးမြင့်မားပြီး မိစ္ဆာသားရဲများနှင့် အလွန်ပင် သင့်လျော်လှပေသည်။

‘တကယ်လို့ ငါသာ အဲ့ဒါတွေကို ထုတ်ပြလိုက်ရင်... ဒီစီနီယာကြီးက ငါ့ဆီကနေ လုယူသွားမှာကို ငါ တကယ်ပဲ စိုးရိမ်မိတယ်...’

သွေးနဂါး၏ မျက်နှာမှာ မှောင်မိုက်သွားခဲ့ပြီး သူ၏ လေသံထဲတွင် ဒေါသအရိပ်အယောင်များ ပါဝင်လျက် ဆိုလိုက်၏။

“ကြောင်နက်လေး... မင်းက ငါ မင်းရဲ့ ဆေးလုံးတွေကို လုယူသွားမှာကို စိုးရိမ်နေတာတော့ မဟုတ်ပါဘူးနော်...”

ကြောင်နက်ကြီးက ရယ်မောလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အိတ်တစ်လုံးကို ထုတ်ယူကာ ဆိုလိုက်သည်။

“စီနီယာကလည်း နောက်နေပြန်ပါပြီ... စီနီယာက ထာဝရနယ်ပယ်မှာတောင် ရောက်နေပြီပဲ... ကျွန်တော့်ရဲ့ ဆေးလုံးတွေကို ဘာလုပ်ဖို့ လုယူမှာလဲ...”

အိတ်ထဲတွင် အတော်ကြာအောင် မွှေနှောက်ရှာဖွေပြီးနောက် သူသည် ဆေးလုံးတစ်လုံးကို အလွန်ပင် နှမြောတွန့်တိုစွာဖြင့် ထုတ်ယူလိုက်တော့သည်။

“ဒါက နဂါးဝိညာဉ်ဆေးလုံးလား...”

ကြောင်၏ လက်ဖဝါးထဲရှိ ဆေးလုံးကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သွေးနဂါး၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့သည်။ သူသည် သူ၏မျက်နှာကို နီးကပ်စွာ တိုးသွားလိုက်ရာ သူ၏ ပန်းရောင်နှာခေါင်းလေးမှာ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

နောက်တစ်ခဏတွင် သွေးနဂါးမှာ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားရတော့သည်။

ဤသည်မှာ အမှန်တကယ်ပင် နတ်ဘုရားအဆင့် နဂါးဝိညာဉ်ဆေးလုံး ဖြစ်နေသည် မဟုတ်ပါလား။

အခန်း ၂၃၅ ပြီးပါပြီ။

All Chapters