← Chapters

အခန်း ၂၃၈

Vol. 16 Ch. 238

အခန်း ၂၃၈

Vol. 16 Ch. 238

အခန်း ၂၃၈ - အမြီးကိုးချောင်းဝိညာဉ်ကြောင် မျိုးနွယ်စု

လူငယ်၏စကားကို ကြားလိုက်ရသည့်အခါ ကြောင်နက်ကြီးက သူ၏ရင်ဘတ်ကို ပုတ်လျက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ဆိုလိုက်၏။

“ငါ ထင်သားပဲ... ရွှေရောင်အစင်းကျားနက် မျိုးနွယ်စုက အဲ့ဒီလောက်တော့ ဦးနှောက်မမဲ့လောက်ပါဘူးလို့...”

ကြောင်နက်ကြီးမှာ ထိုချစ်စရာကောင်းလောက်အောင် အရူးအမူးဖြစ်ပြီး ရိုးအလွန်းသော ကောင်လေး၏ ဖခင်ကို သွေးနဂါးအား “အမြောက်ဆံ” တစ်ခုအနေဖြင့် အသုံးပြုကာ အလွန်အမင်း သနားစရာကောင်းအောင် ထုရိုက်ခဲ့သည့် နေ့ရက်ကို ပြန်လည်သတိရမိပြီး အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေမိသည်။

‘ဒါက ငါ့ရဲ့ ကြောင်ဘဝမှာ ဂုဏ်အယူရဆုံး အခိုက်အတန့်ပဲ... ထာဝရနယ်ပယ်က အနှိုင်းမဲ့နတ်ဘုရားနဂါးကြီးကို အမြောက်ဆံအဖြစ် အသုံးပြုခဲ့တယ်ဆိုတာ... ဒီလောကကြီးမှာ ပထမဆုံးအကြိမ်ပဲ ဖြစ်ရမယ်... အစွမ်းထက်လှတဲ့ သခင်ကြီးတောင်မှ ဒီလိုမျိုး တစ်ခါမှ လုပ်ခဲ့ဖူးမှာ မဟုတ်ဘူး...’

ကြောင်ဖြူလေး၏ မျက်ခုံးများမှာ အနည်းငယ် ပြေလျော့သွားခဲ့သော်လည်း ရုတ်တရက် တင်းမာသွားခဲ့ပြီး အလျင်အမြန် မေးမြန်းလိုက်သည်။

“ရွှေရောင်အစင်းကျားနက် မျိုးနွယ်စု မဟုတ်ဘူးဆိုရင်တော့ ငါနဲ့ ဘာမှမဆိုင်တော့ဘူး... အဲ့ဒီ လက်ထပ်ခွင့် လာတောင်းတဲ့သူတွေ အကုန်လုံးက ငါ့ရဲ့ ဒုတိယညီမလေးကို စိတ်ဝင်စားနေကြလို့လား...”

“ဟုတ်ပါတယ် အစ်မဘောင်အာ...”

လူငယ်က အလျင်အမြန် ပြန်လည်ဖြေကြားလိုက်သည်။

“ဪ... မင်းမှာ ညီမလေးတစ်ယောက် ရှိသေးတာကိုး...”

ကြောင်နက်ကြီးက သူ၏မေးစေ့ကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။

“မင်းတို့ ညီအစ်မနှစ်ယောက်က အတော်လေး လှကြတာပဲ... နှစ်ယောက်စလုံးက သိပ်ချစ်စရာကောင်းကြတော့... လက်ထပ်ခွင့်လာတောင်းတဲ့ သူတွေများလွန်းလို့ အိမ်တံခါးခုံတောင် ပွန်းသွားတာ မဆန်းပါဘူးလေ...”

ကြောင်ဖြူလေးက အားနာဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

“အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူး...”

ထို့နောက် သူမသည် ဘာမှဆက်မပြောတော့ဘဲ အိမ်ထဲသို့ ဝင်သွားခဲ့ပြီး ကျန်သူများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

သူတို့သည် ဧည့်ခန်းမအပေါက်ဝသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အတွင်းမှနေ၍ အသံအချို့ကို ကြားလိုက်ရသည်။

အမျိုးသားတစ်ဦး၏ အသံက ပဲ့တင်ထွက်လာခဲ့၏။

“ဒီတစ်ခါ ကျွန်တော်တို့က ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုနဲ့ ပိုပြီး နီးကပ်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ မျှော်လင့်ပြီး အစွမ်းကုန် ရိုးသားမှုအပြည့်နဲ့ လာခဲ့တာပါ... မျိုးနွယ်စုခေါင်းဆောင်ကြီးက ဒီကိစ္စကို လေးလေးနက်နက် စဉ်းစားပေးဖို့ တောင်းဆိုချင်ပါတယ်...”

သက်ကြီးရွယ်အိုတစ်ဦး၏ အသံက ပြန်လည်ဖြေကြားလိုက်သည်။

“ကျွန်တော် စဉ်းစားပေးပါ့မယ်... ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ကလည်း အမြီးကိုးချောင်းဝိညာဉ်ကြောင် မျိုးနွယ်စုဝင်တွေဆိုတော့ ကျွန်တော်တို့ ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုနဲ့ ဘိုးဘေးချင်း တူညီနေကြတာပဲလေ...”

‘ဘာ... အမြီးကိုးချောင်းဝိညာဉ်ကြောင် ဟုတ်လား...’

ဤစကားကို ကြားလိုက်ရသည့်အခါ ကြောင်နက်ကြီး၏ နားရွက်များမှာ ချက်ချင်းပင် ထောင်သွားခဲ့ပြီး ဧည့်ခန်းမဆောင်ကြီးရှိရာသို့ မျက်လုံးပြူးကာ စိုက်ကြည့်လိုက်မိသည်။

‘အမြီးကိုးချောင်းဝိညာဉ်ကြောင်တွေက ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ...’

ကြောင်နက်ကြီးမှာ သူ၏ စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ အပေါက်ဝသို့ ပြေးသွားကာ တံခါးပေါက်အနီးတွင် ကပ်ပြီး အတွင်းသို့ ချောင်းကြည့်လိုက်တော့သည်။

အမှန်တကယ်ပင် ဧည့်ခန်းမဆောင်အတွင်း၌ လူအတော်များများ ရပ်နေကြသည်။

၎င်းတို့ထဲတွင် သူ အလွန်ရင်းနှီးနေသော လူနှစ်ဦး ပါဝင်နေခဲ့သည်။

သစ်ခေါက်ဆိုးဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးမှာ ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်လျက် လက်ဖက်ရည် သောက်နေခဲ့သည်။

သူ၏ဘေးတွင်မူ ဝတ်ရုံနီဝတ်ဆင်ထားသော လူငယ်တစ်ဦး ရပ်နေခဲ့၏။

ထိုလူငယ်မှာ နှာတံပေါ်ပေါ်နှင့် ထူးခြားသော မျက်နှာသွင်ပြင်ရှိပြီး အလွန်ပင် ချောမောခန့်ညားကာ စွဲမက်ဖွယ်ကောင်းလှပေသည်။ သူ၏ ကျင့်ကြံမှုနယ်ပယ်မှာလည်း အတော်လေး မြင့်မားနေပြီး ကောင်းကင်တံတားနယ်ပယ် အဆင့် ၃ သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

မြင်းနက်ကြီးက လျှောက်လာပြီး မေးမြန်းလိုက်သည်။

“ကြောင်လေး... သူတို့က မင်းရဲ့ ဆွေမျိုးတွေလား...”

“ဦးလေးမြင်း... ကျွန်တော်တို့က မျိုးနွယ်စုတူတွေလို့ ပြောလို့ရပါတယ်... ဒါပေမဲ့ ကျွန်တော်တို့က အကြိမ်အနည်းငယ်ပဲ တွေ့ဖူးကြတာပါ...”

ကြောင်နက်ကြီး၏ အမူအရာမှာ မှောင်မိုက်သွားခဲ့ပြီး သူသည် အဆင်မပြေသော မှတ်ဉာဏ်အချို့ကို ပြန်လည်အမှတ်ရသွားဟန် ပေါ်သည်။

‘အဲ့ဒီ အဘိုးအိုနဲ့ လူငယ်က အမြီးကိုးချောင်းဝိညာဉ်ကြောင် မျိုးနွယ်စုကပဲ... ပြီးတော့ ငါလည်း သူတို့မျိုးနွယ်ကပဲလေ... ဒါပေမဲ့ ငါ့ရဲ့ မျိုးဆက်က မိသားစုရဲ့ ပင်မမျိုးဆက် မဟုတ်ဘူး... သွေးဗီဇ ပြန့်ကျဲနေတာကြောင့်... ငါ့ရဲ့ မျိုးဆက်က အမြီးကိုးချောင်းဝိညာဉ်ကြောင် မျိုးနွယ်စုအတွင်းမှာ အဆင့်အတန်း မမြင့်ဘူး... အထူးသဖြင့် ငါ့အဖေက ငယ်ရွယ်စဉ်တုန်းက အမှားတစ်ခု လုပ်မိပြီး မျိုးနွယ်စုကနေ နှင်ထုတ်ခံခဲ့ရတာလေ... နောက်ပိုင်း ငါ ငယ်ငယ်တုန်းက အဖေနဲ့အတူ မျိုးနွယ်စုဆီ အကြိမ်အနည်းငယ် ပြန်သွားခဲ့တုန်းက အဲ့ဒီ အဘိုးအိုနဲ့ လူငယ်ကို တွေ့ခဲ့ဖူးတယ်...’

‘အဲ့ဒီ သစ်ခေါက်ဆိုးဝတ်ရုံ ဝတ်ဆင်ထားတဲ့ အဘိုးအိုက အမြီးကိုးချောင်းဝိညာဉ်ကြောင် မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီးပဲ... မျိုးနွယ်စုထဲက လူတိုင်းက သူ့ကို သခင်ကြီးကိုး လို့ ခေါ်ကြတယ်... သူက နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပြီး ကံကြမ္မာနယ်ပယ် အဆင့် ၁၀ ကို ရောက်နေတဲ့ မဟာမိစ္ဆာကြီးတစ်ကောင်လေ... ပြီးတော့ သူ့ဘေးက လူငယ်က အမြီးကိုးချောင်းဝိညာဉ်ကြောင် မျိုးနွယ်စုရဲ့ အထူးချွန်ဆုံး ပါရမီရှင်ပဲ...’

သွေးနဂါးကလည်း တိုးကပ်လာပြီး မေးမြန်းလိုက်သည်။

“ဘာဖြစ်လို့လဲ... မင်းကြည့်ရတာ သူတို့နဲ့ ရန်ငြိုးရန်စ ရှိနေတဲ့ပုံစံပဲ...”

“ရန်ငြိုးရန်စ ရှိတယ်ရယ်လို့တော့ အတိအကျ ပြောလို့မရပါဘူး... ဒါပေမဲ့ သူတို့က ပင်မမျိုးဆက်ကဖြစ်ပြီး ကျွန်တော်က သွေးနှောမျိးဆက်က ဖြစ်နေတာကြောင့်ပါ...”

ကြောင်နက်ကြီးက နှာခေါင်းရှုံ့ကာ အားနာဟန်ဖြင့် ပြုံးလျက် သူ၏နောက်ခံ သမိုင်းကြောင်းကို စီနီယာနှစ်ဦးအား အတိုချုပ် ရှင်းပြလိုက်သည်။

သွေးနဂါးက ရင်ဘတ်ကို ပုတ်လျက် ဆိုလိုက်၏။

“ကြောင်နက်လေး... မင်း ဘာပဲလုပ်ချင်လုပ်ချင် ငါက မင်းရဲ့ အခိုင်မာဆုံး ကျောထောက်နောက်ခံ လုပ်ပေးမယ်...”

“ကျေးဇူးတင်ပါတယ် စီနီယာ...”

ကြောင်နက်ကြီးက ကျေးဇူးတင်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

ကြောင်နက်ကြီး၏ စကားများကို ကြားလိုက်ရသည့်အခါ ကြောင်ဖြူလေးမှာ အတွေးလွန်သွားပုံရသည်။ သို့သော်လည်း သူမသည် ရပ်တန့်မနေဘဲ ဧည့်ခန်းမဆောင်ကြီးအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

ကြောင်နက်ကြီးက လေးနက်စွာသက်ပြင်းချလိုက်ပြီး သူမ၏နောက်မှ ဝင်ရောက်သွားခဲ့သည်။ မြင်းနက်ကြီးနှင့် သွေးနဂါးတို့ကမူ သက်သောင့်သက်သာဖြင့် ဖြည်းညင်းစွာ လိုက်ပါသွားကြသည်။

ရုတ်တရက် တံခါးပေါက်မှတစ်ဆင့် လူလေးယောက် ဝင်ရောက်လာခဲ့သဖြင့် ဧည့်ခန်းမဆောင်အတွင်းရှိ လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိသွားတော့သည်။

“အစ်မကြီး... ပြန်လာပြီလား...”

ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးမှာ လိပ်ပြာလေးတစ်ကောင်အလား အလျင်အမြန် ပြေးထွက်လာခဲ့ပြီး သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်အံ့ဩနေသော အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။

“ဟုတ်တယ် ညီမလေး... အစ်မ ပြန်လာပြီ...”

ကြောင်ဖြူလေးက ပြုံးလျက် ဆိုလိုက်သည်။

သူမက လက်ကိုဆန့်ထုတ်၍ သူ့ ညီမငယ်လေး၏ ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ခေတ္တမျှ ဖက်တွယ်ပြီးနောက် ကြောင်ဖြူလေးက ရှေ့သို့ ခြေနှစ်လှမ်း တိုးသွားလိုက်ပြီး အပေါ်ဘက်တွင် ထိုင်နေသော ဂုဏ်သရေရှိ ရွှေရောင်ဝတ်စုံနှင့် အဘိုးအိုအား ဦးညွှတ်လျက် ဆိုလိုက်၏။

“အဖေ... သမီး ပြန်ရောက်ပါပြီ...”

“မင်း... မင်းက ပြန်လာရကောင်းမှန်း သိသေးတယ်ပေါ့လေ... ရွှေရောင်အစင်းကျားနက် မျိုးနွယ်စုက စေ့စပ်ပွဲ ဖျက်သိမ်းသွားအောင် မင်း ဘာတွေများ လုပ်လိုက်တာလဲ...”

ရွှေရောင်ဝတ်စုံနှင့် အဘိုးအိုက သူ၏ ကုလားထိုင်ကို လက်ဖြင့် ရိုက်ချလိုက်ရာ “ဖျန်း” ဟူသော အသံကြီး ပဲ့တင်ထွက်လာခဲ့ပြီး သူက ဒေါသတကြီးဖြင့် မေးမြန်းလိုက်တော့သည်။

“သမီးက အဲ့ဒီ အရူးအမူးဖြစ်ပြီး ရိုးအလွန်းတဲ့ လူကို လက်မထပ်ချင်ရုံလေးပါ... အခု စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပြီဆိုတော့ အဖေလည်း ဒီကိစ္စကို ထပ်ပြောနေစရာ မလိုတော့ပါဘူး...”

ကြောင်ဖြူလေးက သူမ၏ သတ္တိများကို စုစည်းလျက် ဆိုလိုက်၏။

ပုံမှန်ဆိုလျှင် သူမသည် ဖခင်ဖြစ်သူကို အလွန် ကြောက်ရွံ့လေ့ရှိသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင် သူမ၏ အနောက်၌ ထာဝရနယ်ပယ်မှ မဟာမိစ္ဆာကြီး နှစ်ကောင် ရပ်နေသဖြင့် သူမသည် ပိုမို၍ ယုံကြည်မှု ရှိနေခဲ့သည်။

ထို့အပြင် ကြောင်ဖြူလေးမှာ မကြာသေးမီက အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ရသဖြင့် ပို၍ ရဲရင့်လာခဲ့ပြီ ဖြစ်သည်။

ကြောင်ဖြူလေး၏ တုံ့ပြန်စကားကို ကြားလိုက်ရသည့်အခါ ရွှေရောင်ဝတ်စုံနှင့် အဘိုးအိုမှာ အလွန်အမင်း ဒေါသထွက်သွားပြီး သူ၏ မျက်လုံးများမှာ ပြူးထွက်မတတ် ဖြစ်သွားရသည်။

သူက ကြောင်ဖြူလေးကို တစိုက်မတ်မတ် စိုက်ကြည့်နေပြီး သူ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။

‘ငါ့ရဲ့ ကိုယ်ပိုင်သမီးက စကားနားမထောင်ဘဲ ခေါင်းမာပြီး ထင်ရာစိုင်းနေတာပါလား... ရွှေရောင်အစင်းကျားနက် မျိုးနွယ်စုက အရမ်းကို အစွမ်းထက်တယ်... သူတို့နဲ့သာ လက်ထပ်ပြီး မဟာမိတ်ဖွဲ့လိုက်ရင် ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာလေ... ဒါပေမဲ့ ငါ့သမီးက ဒီလောက်အထိ ရိုင်းစိုင်းပြီး အရေးကြီးတဲ့ မင်္ဂလာပွဲကို ဖျက်ဆီးပစ်လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားခဲ့ဘူး...’

‘ဒီလူတွေက ဘယ်သူတွေလဲ...’

ရွှေရောင်ဝတ်စုံနှင့် အဘိုးအို၏ အကြည့်များမှာ လှုပ်ခတ်သွားခဲ့ပြီး ကြောင်ဖြူလေး၏ နောက်ရှိ လူများအပေါ်သို့ ကျရောက်သွားတော့သည်။

ဝတ်ရုံနက်ဝတ်ဆင်ထားသော လူငယ်မှာ ကံကြမ္မနယ်ပယ် အဆင့် ၃ တွင် ရှိနေသည်။ ထိုသူ၏ နောက်ရှိ လူနှစ်ဦးနှင့် ပတ်သက်၍မူ ၎င်းတို့၏ ကျင့်ကြံမှုနယ်ပယ်ကို သူ လုံးဝဥဿုံ ခွဲခြားသိမြင်နိုင်ခြင်း မရှိချေ။

ဤသည်က သူ့ကို လန့်ဖျပ်သွားစေပြီး အလျင်စလို မလှုပ်ရှားရဲတော့ချေ။

“မင်း... မင်းက သွေးနှောမျိးဆက်က မျိုးစပ်ကောင်လေး မဟုတ်ဘူးလား... မင်းက ဒီမှာ ဘာလုပ်နေတာလဲ... ကောင်းကင်ဝိညာဉ်ကြောင် မျိုးနွယ်စုရဲ့ သခင်မလေးနဲ့ ဘယ်လိုများ ပေါင်းသင်းရဲရတာလဲ... အရင် စေ့စပ်ပွဲကို ဖျက်ဆီးပစ်ခဲ့တဲ့သူက မင်းလို့တော့ မပြောနဲ့နော်...”

ဧည့်ခန်းမဆောင်အတွင်းရှိ ဝတ်ရုံနီဝတ်ဆင်ထားသော လူငယ်က ကြောင်နက်ကြီးကို အကြိမ်အနည်းငယ် သေချာစွာ စူးစမ်းကြည့်ရှုပြီးနောက် မှတ်မိသွားကာ ဆိုလိုက်သည်။

“မင်းက ဘယ်သူ့ကို မျိုးစပ်ကောင်လို့ ခေါ်တာလဲ...”

ကြောင်နက်ကြီးမှာ အလွန်အမင်း ဒေါသထွက်သွားပြီး သူ၏ ရင်ဘတ်အတွင်း၌ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။

‘ဒီ အမြီးကိုးချောင်းဝိညာဉ်ကြောင် မျိုးနွယ်စုရဲ့ ထိပ်တန်းပါရမီရှင်ဆိုတဲ့ကောင်က... လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက ငါ့ကို သရော်ပြီး လှောင်ပြောင်ခဲ့တာလေ... အခု နှစ်ပေါင်းထောင်ချီ ကြာပြီးတဲ့နောက်မှာတောင် သူက နည်းနည်းလေးမှ မပြောင်းလဲသေးဘူးပဲ...’

ယခင်က အခြားသူများ၏ နယ်မြေတွင် ဖြစ်သဖြင့် ကြောင်နက်ကြီးမှာ လှုပ်ရှားရန် မဝံ့ရဲခဲ့ချေ။ သို့သော်လည်း ယခုမူ သူသည် သေချာပေါက် လှုပ်ရှားတော့မည်ဖြစ်သည်။

ထိုသို့ ပြောဆိုပြီးနောက် သူသည် သူ၏ အနက်ရောင်ဒိုင်းကာကို မဆိုင်းမတွပင် ထုတ်ယူလိုက်ပြီး ဝတ်ရုံနီဝတ် လူငယ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

“ဒီလောက်တောင် ရဲတင်းလှချေလား... သွေးနှောမျိးဆက်က ကောင်လေးတစ်ကောင်က ပင်မမျိုးဆက်က လူကို တိုက်ခိုက်ရဲတယ် ဟုတ်လား... တကယ့်ကို အရှက်မရှိတာပဲ...”

သစ်ခေါက်ဆိုးဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအို၏ မျက်လုံးများမှာ အရောင်လက်သွားခဲ့ပြီး သူ၏ ကြီးကျယ်ခမ်းနားသော အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ အစွမ်းထက် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။

သူသည် ကံကြမ္မာနယ်ပယ် အဆင့် ၁၀ မှ မဟာမိစ္ဆာကြီး တစ်ကောင်ဖြစ်သဖြင့် ဤလက်ဝါးရိုက်ချက်၏ စွမ်းအားမှာ အလွန်ပင် ကြီးမားလှပေသည်။

အနီရောင် အရိပ်တစ်ခု ဝင်းခနဲ ဖြတ်သန်းသွားခဲ့၏။

ရုတ်တရက် ဝတ်ရုံနီဝတ်ဆင်ထားသော လူငယ်တစ်ဦးမှာ သူ၏ရှေ့တွင် ပေါ်လာခဲ့ပြီး လက်ဝါးရိုက်ချက်ကို အလွယ်တကူပင် ကြားဖြတ်ကာကွယ်ပေးလိုက်သည်။

သွေးနဂါးက တိုက်ခိုက်မှုကို အလွယ်တကူ ဖမ်းဆုပ်ကာကွယ်လိုက်ပြီးနောက် နှာခေါင်းရှုံ့လျက် ဆိုလိုက်၏။

“အောင်မယ်... မင်းက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ မျိုးနွယ်စုခေါင်းဆောင်ကြီးပါလား... အခု မင်းက ကိုယ့်ရဲ့ ကိုယ်ပိုင် မျိုးနွယ်စုဝင်တွေကိုပါ သတ်ဖို့ ကြံစည်နေတာလား...”

သစ်ခေါက်ဆိုးဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုက သူ့ရှေ့မှ ဝတ်ရုံနီဝတ် လူငယ်ကို စိုက်ကြည့်နေပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်းပင် ထင်ဟပ်သွားတော့သည်။

‘ဒီ အမည်မသိ ဝတ်ရုံနီဝတ် လူငယ်က ငါ့ရဲ့ လက်ဝါးရိုက်ချက်ကို ဒီလောက်အထိ အလွယ်တကူ ကာကွယ်နိုင်တယ်ဆိုတော့... သူ့ရဲ့ ခွန်အားက ငါနဲ့ ရင်ပေါင်တန်းနိုင်လောက်တယ်...’

သွေးနဂါးက ဝင်ရောက်စွက်ဖက်ကာ မျိုးနွယ်စုခေါင်းဆောင်ကြီးကို တားဆီးပေးလိုက်သည်ကို မြင်လိုက်ရသည့်အခါ ကြောင်နက်ကြီးမှာ အတွင်းစိတ်၌ သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

သူသည် သူ၏ အရှိန်အဟုန်ကို မလျှော့ချဘဲ ဝတ်ရုံနီဝတ် လူငယ်ဆီသို့ ဆက်လက်၍ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ဝတ်ရုံနီဝတ် လူငယ်မှာလည်း အားနည်းသည့် အရိပ်အယောင် မပြဘဲ ဓားတစ်လက်ကို ကိုင်ဆောင်ကာ ဓားအလင်းတန်းများ ရေတံခွန်အလား ထုတ်လွှတ်လျက် ကြောင်နက်ကြီးနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်တော့သည်။

အခန်း ၂၃၈ ပြီးပါပြီ။

All Chapters