← Chapters

အခန်း ၈၅၇

Vol. 58 Ch. 857

အခန်း ၈၅၇

Vol. 58 Ch. 857

အခန်း (၈၅၇) ထူးကဲသာလွန်အဆင့် ပါရမီ။ မှန်ရိပ်ဟင်းလင်းပြင်။ (၂)

"ဒီမှန်ရိပ်လူသားရဲ့ တိုက်ခိုက်ပုံတွေက ငါနဲ့ တစ်ပုံစံတည်းပဲ။ တိုက်ပွဲဝင်ပုံစံနဲ့ လက်တွေ့အတွေ့အကြုံတွေတောင် အတူတူပဲ..."

စူးချန်ခုန်းသည် တိုက်ခိုက်ရင်းနှင့် ပို၍ ထိတ်လန့်လာခဲ့သည်။ ဤမှန်ရိပ်လူသားသည် အနှစ်သာရအားဖြင့် နောက်ထပ် စူးချန်ခုန်းတစ်ယောက်ပင် ဖြစ်ပြီး သူ တတ်မြောက်ထားသော ကျင့်စဉ်များနှင့် သိုင်းပညာရပ်များအားလုံးကို တတ်ကျွမ်းနေသည်။ ၎င်းနှင့် ရင်ဆိုင်ရခြင်းမှာ စူးချန်ခုန်းအတွက် တစ်ခါမှ မကြုံဖူးသည့် ခက်ခဲမှုနှင့် အားကိုးရာမဲ့မှုကို ခံစားရစေသည်။ မည်သည့် တိုက်ကွက်ကိုမဆို တစ်ဖက်လူက ကြိုတင်သိရှိနေပြီး လိုက်လျောညီထွေစွာ ပြန်လည် တုံ့ပြန်နိုင်စွမ်း ရှိနေသည်။

"ဘုန်း"

စူးချန်ခုန်း၏ လက်ထဲမှ သံဖြတ်ဓားကို ထပ်မံခုတ်ပိုင်းလိုက်သော်လည်း တစ်ဖက်မှ မှန်ရိပ်လူသားက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဓားသွားကို မြဲမြံစွာ ဖမ်းဆွဲထားပြီး အနည်းငယ်မျှပင် ရှေ့ဆက်မတိုးနိုင်အောင် တားဆီးထားသည်။

၎င်း၏ အရေပြားမှာ နီရဲလာပြီး နှလုံးခုန်သံမှာ စည်တီးသံကဲ့သို့ ကျယ်လောင်လာသည်။ ဧရာမဝေလငါး ခန္ဓာကိုယ်ကို အသက်သွင်းလိုက်သဖြင့် လူသားပုံစံရှိသော ကြမ်းတမ်းသည့် သားရဲကြီးတစ်ကောင်နှင့် တူနေသည်။

"ရွှီး"

ဧရာမဝေလငါး ခန္ဓာကိုယ်ကို အသက်သွင်းပြီးနောက် မှန်ရိပ်လူသားသည် သေးငယ်လှသော သံဖြတ်ဓားကို ကိုင်ဆောင်လျက် ခုတ်ပိုင်းလိုက်ရာ ထိုအရှိန်အဝါမှာ သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားကြောင့် တောင်တန်းများကို ဖြိုခွင်းနိုင်ပြီး ပင်လယ်ပြင်ကို ခွဲပစ်နိုင်လောက်အောင် အစွမ်းထက်လှသည်။

"ဂျောက်"

တိုက်ခိုက်မှုများ ထိပ်တိုက်တွေ့ဆုံစဉ် လက်သီးချက်မှ ထွက်ပေါ်လာသော အားအင်နှင့် ဓားအရှိန်အဝါတို့သည် ပျက်စီးခြင်းလှိုင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

ဘုန်း

ဘုန်း

ဘုန်း

နှစ်ဦးသားသည် လက်သီး၊ လက်ဝါးနှင့် ဓားများဖြင့် ပြင်းထန်စွာ အပြန်အလှန် လဲလှယ်တိုက်ခိုက်နေကြရာ ထိုမြင်ကွင်းမှာ ကြမ်းတမ်းသော သားရဲကြီးနှစ်ကောင် သတ်ပုတ်နေကြသကဲ့သို့ပင်။

သူတို့ တိုက်ခိုက်နေသည့် ဝန်းကျင်ဒေသသည် မှန်ကောင်းကင်ဘုံကမ္ဘာအတွင်း၌ ရှိမနေပါက အရာအားလုံးမှာ ဖရိုဖရဲ ပျက်စီးခြင်းသို့ ရောက်ရှိသွားပေလိမ့်မည်။

"မကောင်းတော့ဘူး...ဒီအတိုင်း ဆက်သွားနေရင် တိုက်ပွဲက ပြီးပြတ်မှာ မဟုတ်ဘူး။ ငါ့ရဲ့ မူလစွမ်းအင်တွေပဲ အလဟဿ ကုန်ဆုံးသွားလိမ့်မယ်။"

စူးချန်ခုန်းသည် စိတ်ထဲတွင် လေးလံမှုကို ခံစားလိုက်ရသည်။ နောက်ဆုံးတော့ သူ့မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေသော်လည်း ထိုမှန်ရိပ်လူသားမှာမူ မည်သည့် ချန်လှပ်မှုမျှ မရှိဘဲ အပြန်အလှန် ပျက်စီးဆုံးရှုံးသည်အထိ တိုက်ခိုက်ရန် ဝန်မလေးပေ။ ဤအခြေအနေမျိုးတွင် ဆက်လက်တိုက်ခိုက်ပါက နှစ်ဦးစလုံး အထိနာသည့် အောင်မြင်မှုမျိုးသာ ရရှိနိုင်သည်။

"နောက်ထပ် မှန်ရိပ်လူသားတွေ ရှိနေသေးတာလား။"

စူးချန်ခုန်းကို ပို၍ ထိတ်လန့်သွားစေသည်မှာ သူသည် မှန်ရိပ်လူသားနှင့် အကြိတ်အနယ် တိုက်ခိုက်နေစဉ် မနီးမဝေးရှိ ဖြူဖွေးနေသော ဟင်းလင်းပြင်ထဲ၌ နောက်ထပ် မှန်ရိပ်လူသားတစ်ဦးမှာ ဖျော့တော့စွာ ပုံပေါ်လာခြင်းပင် ဖြစ်သည်။

ဤမှန်ရိပ်ဟင်းလင်းပြင်ရှိ စိန်ခေါ်မှုမှာ မှန်ရိပ်လူသား တစ်ဦးတည်းကို အနိုင်ယူရန် မဟုတ်ဘဲ နှစ်ဦး သို့မဟုတ် ထိုထက်မကသော လူသားများကို အနိုင်ယူရန် ဖြစ်သည်။

မိမိ၏ ကျင့်စဉ်နှင့် သိုင်းပညာအားလုံးကို ကျွမ်းကျင်နေသော မိမိကိုယ်တိုင်နှင့် တူသည့် လူသားတစ်ဦးကို ရင်ဆိုင်ရသည်မှာပင် စိန်ခေါ်မှု တစ်ခုဖြစ်နေပြီဖြစ်ရာ မိမိကိုယ်တိုင်ကဲ့သို့သော သူ နှစ်ဦး သုံးဦးကို ရင်ဆိုင်ရမည်ဆိုပါက အနိုင်ရရန် အခွင့်အရေး မည်သို့ ရှိနိုင်ပါတော့မည်နည်း။

"အရင်ဆုံး ဆုတ်ကြတာပေါ့။"

စူးချန်ခုန်းသည် မှန်ရိပ်ဟင်းလင်းပြင်၏ စမ်းသပ်ချက်ကို တစ်ကြိမ်တည်းနှင့် အောင်မြင်ရန် မဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။

လောလောဆယ်တွင် အင်အားချင်း မမျှတသဖြင့် သုံးလတာ ပြင်ဆင်ချိန်အတွင်း ရေရှည်စီမံကိန်း ချမှတ်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။ အဆုံးအဖြတ် တိုက်ပွဲအတွက် အလောတကြီး လုပ်ဆောင်ရန် မလိုအပ်ပေ။

ထိုသို့ တွေးတောပြီးနောက် စူးချန်ခုန်းသည် မှန်ရိပ်ဟင်းလင်းပြင်၏ အစွန်အဖျားသို့ ပြေးထွက်ကာ မှန်ချပ်တစ်ခုနှင့် တိုက်မိလိုက်သည်။

"ဖောင်း"

စူးချန်ခုန်းသည် ပတ်ဝန်းကျင် ရှုခင်းများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး မှန်ချပ်များ ဝန်းရံထားသော စက်ဝိုင်းပုံ ဟင်းလင်းပြင်သို့ ပြန်လည် ရောက်ရှိသွားသည်။ မှန်ရိပ်လူသားမှာလည်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုင်နေသော ရှီကျင့်ထျန်းသည် စူးချန်ခုန်းနှင့် အခြားသူများ မှန်ရိပ်ဟင်းလင်းပြင်မှ အရှက်တကွဲ ထွက်ပြေးလာကြလိမ့်မည်ကို ကြိုတင်ခန့်မှန်းထားသည့်အလား နှုတ်ခမ်းထောင့်စွန်းများကို သိသိသာသာ မဟုတ်ဘဲ ကွေးညွှတ်ကာ ပြုံးလိုက်သည်။

"အကြီးအကဲတာ့... ဒီခက်ခဲမှုက... နည်းနည်း များလွန်းတယ်။"

ရှယန်ယီနှင့် ဟုန်ကျန်းရှန့်တို့လည်း အပြင်သို့ ထွက်လာကြပြီ ဖြစ်သည်။ ရှယန်ယီက ခါးသီးသော အပြုံးဖြင့် ဆိုလေ၏။

"ကိုယ်နဲ့ တစ်ပုံစံတည်း တူတဲ့ ပုံတူတစ်ခုကို ဘယ်လိုတိုက်ခိုက်လို့ ရမှာလဲ။ ပြီးတော့ အများနဲ့ တစ်ယောက် ဖြစ်နေတာလေ။"

ဟုန်ကျန်းရှန့်သည်လည်း အလွန် စိတ်အနှောင့်အယှက် ဖြစ်ရသဖြင့် ခေါင်းကို ကုတ်နေမိသည်။

စူးချန်ခုန်းလည်း အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ ဤခက်ခဲမှုမှာ အမှန်တကယ်ပင် ကြီးမားလှသည်။

၎င်းမှာ မိမိထက် ကျော်လွန်သည့် အဆင့်ရှိသော သိုင်းပညာရှင်တစ်ဦးနှင့် တိုက်ခိုက်ရခြင်းမျိုး မဟုတ်ဘဲ မိမိနှင့် တူညီသော စွမ်းဆောင်ရည်ရှိသည့် 'မှန်ရိပ်လူသား' နှင့် တိုက်ခိုက်ရခြင်း ဖြစ်ရာ အခက်ခဲဆုံးသော စိန်ခေါ်မှုပင် ဖြစ်သည်။

သင်ဟာ သိုင်းဝိဇ္ဇာသူတော်စင်အောက်တွင် အသန်မာဆုံးဟု သတ်မှတ်ခံထားရပါက သင့်ပြိုင်ဘက်ကလည်း သိုင်းဝိဇ္ဇာတော်စင်အောက်တွင် အသန်မာဆုံး ဖြစ်နေပြီး သင့်ကို အုပ်စုဖွဲ့ တိုက်ခိုက်နေခြင်း ဖြစ်သည်။

"ဒါက တကယ်ကို ယုတ္တိမရှိတာပဲ။"

ဟုန်ကျန်းရှန့်က တိုးတိုးလေး ရေရွတ်လိုက်သည်။ မှန်ရိပ်ဟင်းလင်းပြင်တွင် သူ၌ မိစ္ဆာအတတ်နှင့် သိုင်းပညာများ ရှိနေသကဲ့သို့ မှန်ရိပ်လူသားမှာလည်း သူနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။ သူ သိသမျှကို ထိုမှန်ရိပ်ကလည်း သိနေသည်။

"တကယ်လို့...ငါသာ မှန်ရိပ်ဟင်းလင်းပြင်ထဲမှာ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် အခွင့်အရေး ရှိလာမလား။"

ဟုန်ကျန်းရှန့်က သူ့ဘာသာ ရေရွတ်လိုက်သည်။

"ဒါက အဲ့လောက် မရိုးရှင်းဘူး။ ဒီမှန်ကောင်းကင်ဘုံကမ္ဘာရဲ့ ခက်ခဲမှုက ကျင့်စဉ်အဆင့်ပေါ် မူတည်ပြီး ပြောင်းလဲသွားတာ။ အစ်ကိုသာ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို တက်သွားရင် ခက်ခဲမှုကလည်း လိုက်ပြီး တိုးလာမှာပဲ။ အခြေအနေက ပိုကောင်းလာမယ့်အစား ပိုဆိုးသွားလိမ့်မယ်။"

ရှယန်ယီက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ အမှန်စင်စစ် နတ်ဘုရားမျိုးစေ့ရှိပြီး ဝေ့ရှန်းရှင်းကဲ့သို့ သိုင်းဝိဇ္ဇာသူတော်စင်အဖြစ် ပြန်ဝင်စားလာသူတစ်ဦးအတွက်မူ အချိန်မရွေး သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်သည်။ အကယ်၍ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်ရုံမျှနှင့် မှန်ရိပ်ဟင်းလင်းပြင်၏ စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မည်ဆိုပါက ၎င်းမှာ လွယ်ကူလွန်းလှပေလိမ့်မည်။

ဖြစ်နိုင်ခြေ အရှိဆုံး အခြေအနေမှာ သင်က သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာပါက မှန်ရိပ်လူသားမှာလည်း သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာမည် ဖြစ်ပြီး အနှစ်သာရအားဖြင့် မည်သည့်အရာမျှ ပြောင်းလဲသွားမည် မဟုတ်ပေ။

"သေစမ်း… သေစမ်း …ဒီမှန်ရိပ်ဟင်းလင်းပြင်က တကယ်ကို အနိုင်ယူလို့ မရနိုင်တာပဲ။"

ထိုအတောအတွင်း လူအများအပြားသည် မကျေမနပ် အပြင်သို့ ထွက်လာကြစဉ် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဖရိုဖရဲဖြစ်ကာ စိတ်ပျက်နေသော လူတစ်ယောက်က ဆက်တိုက် ဆဲရေးတိုင်းထွာနေသည်။

"ဒါ လျိုမျိုးနွယ်စုက လျိုချန်ချင်းပဲ။"

ရှယန်ယီက စူးချန်ခုန်းကို ပြောပြလိုက်သည်။

စူးချန်ခုန်းနှင့် သူ၏ အပေါင်းအဖော်နှစ်ဦး မရောက်လာမီကပင် လူကိုးဦးသည် ဤနောက်ဆုံး စိန်ခေါ်မှုသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့အားလုံးမှာ မိမိတို့နိုင်ငံအသီးသီးမှ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များဖြစ်ကြပြီး အများစုမှာ သိုင်းဝိဇ္ဇာသူတော်စင် ပြန်ဝင်စားလာသူများ ဖြစ်ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ နောက်ထပ် လူများစွာလည်း ရောက်လာမည် ဖြစ်သည်။

သို့သော် လျိုချန်ချင်း၏ စိတ်ပိုင်းဆိုင်ရာမှာ အနည်းငယ် ထိခိုက်သွားပုံရသည်။ ဤသည်မှာ သူ၏ (၁၀) ကြိမ်မြောက် ကြိုးစားမှု ဖြစ်သော်လည်း အားလုံး အချည်းနှီး ဖြစ်ခဲ့ရသည်။

သိုင်းဝိဇ္ဇာသူတော်စင် ပြန်ဝင်စားလာသူတစ်ဦးအနေဖြင့် သူသည် ကျင့်စဉ်လမ်းတွင် အမြဲတမ်း လျင်မြန်စွာနှင့် အဟန့်အတားမရှိ တိုးတက်လာခဲ့သူဖြစ်ရာ မည်သည့် ဆုတ်ယုတ်မှုကိုမျှ မကြုံတွေ့ခဲ့ဖူးချေ။

သို့သော် ဤမှန်ရိပ်ဟင်းလင်းပြင်တွင်မူ သင်သည် သာမန်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်စေ၊ သွေးမျိုးဆက် ပါရမီရှင်ဖြစ်စေ၊ အားလုံးကို ခွဲခြားမှုမရှိဘဲ ဆက်ဆံလေသည်။

"တကယ်ကို စိတ်ပျက်စရာပဲ။ ငါ့ရဲ့ မှန်ရိပ်ပုံတူက နတ်ဘုရားမျိုးစေ့ကို တိုက်ရိုက် သန့်စင်ပြီး ချက်ချင်းပဲ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်သွားတယ်။"

မှန်ရိပ်ဟင်းလင်းပြင်မှ အခုလေးတင် ထွက်လာသည့် အစိမ်းရောင်ဝတ်စုံနှင့် အခြားလူငယ်တစ်ဦးကလည်း အကျယ်ကြီး ဆဲဆိုလိုက်သည်။

သူသည် အထက်သုံးနိုင်ငံမှ သိုင်းဝိဇ္ဇာသူတော်စင် ပြန်ဝင်စားသူဖြစ်ပြီး အချိန်မရွေး နတ်ဘုရားမျိုးစေ့ကို သန့်စင်ကာ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်သည်။

သို့သော် ထိုလူငယ်ကို အံ့အားသင့်သွားစေသည်မှာ မှန်ရိပ်ဟင်းလင်းပြင်ရှိ သူ၏ မှန်ရိပ်ပုံတူမှာလည်း ချက်ချင်း သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်ခြင်းပင်။ သူသည် မှန်ရိပ်လူသားနှင့် အားချင်းယှဉ်ရန် ကြိုးစားခဲ့သော်လည်း တိုက်ပွဲ ကြာလာသည်နှင့်အမျှ ပြိုင်ဘက်က ချက်ချင်းပင် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်သွားသဖြင့် သူအသတ်မိခံရစေရန်အတွက် အချိန်မဆွဲဘဲ မှန်ရိပ်ဟင်းလင်းပြင်မှ ထွက်ပြေးခဲ့ရလေသည်။

All Chapters