အခန်း ၉၃၈
Vol. 63 Ch. 938
အခန်း (၉၃၈) - ထာဝရဆည်းဆာ ကြယ်တာရာ
မီးတောက်များ တဖြည်းဖြည်း ငြိမ်းသွားသည်မှာ နာရီဝက်ခန့် ရှိပြီဖြစ်သည်။ လူတိုင်းသည် စင်မြင့်ထက်ကို စူးစိုက်ကြည့်ရှုနေကြသော်လည်း မြင်တွေ့လိုက်ရသော မြင်ကွင်းက သူတို့၏ အသက်ရှူနှုန်းကိုပင် ရပ်တန့်သွားစေခဲ့သည်။
စင်မြင့်အထက်တွင် ခရမ်းရောင် မျက်လုံးကြီးတစ်လုံး ပေါ်ထွက်နေသည်။ ထိုမျက်လုံး၏ အလယ်ဗဟို ထဲတွင် အဆုံးမရှိကျယ်ပြောလှသော ခရုပတ်ပုံစံ ဂလက်ဆီတစ်ခုကို မြင်တွေ့နေရသည်။
တောက်ပနေသော ကြယ်ကြီးများသည် ထိုဂလက်ဆီအတွင်း လွင့်မျောနေပြီး ကြည့်ရှုသူ မည်သူ့ကိုမဆို ဆွဲငင်ဖမ်းစားထားသကဲ့သို့ ခံစားရစေသည်။ ထိုအရာမှ လွတ်မြောက်နိုင်ရန် နည်းလမ်းမရှိပေ။ ၎င်းသည် သာမန် အလိမ်အညာ အတုအယောင်တစ်ခုမဟုတ်သလို၊ မျက်လုံးတစ်လုံးထဲတွင် စစ်မှန်သော ဂလက်ဆီတစ်ခု ပါဝင်နေခြင်းလည်း မဖြစ်နိုင်ပေ။ ၎င်းမှာ စကြဝဠာ၏ အဝေးဆုံးနေရာတစ်နေရာကို မျက်လုံးထဲသို့ ပုံရိပ်ထင်ဟပ်ပြသထားခြင်း ဖြစ်သည်။ ဤနည်းစနစ်မှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။
“ကြယ်တာရာတို့၏ ပျက်သုဉ်းခြင်း… ထာဝရညဉ့်ယံ၏ ဆင်းသက်လာခြင်း။ ငါ့ရဲ့ ထာဝရဆည်းဆာ ကြယ်တာရာ နည်းစနစ်ကို သုံးဖို့ မင်းကို တွန်းအားပေးနိုင်ခဲ့တာကိုပဲ ဂုဏ်ယူလိုက်စမ်းပါ။”
အနက်ရောင် ဝတ်စုံနှင့် ရှီယဲ့ သည် ထိုမျက်လုံးကြီး၏ ရှေ့တွင် ဖြည်းညင်းစွာ ဆင်းသက်လာသည်။ သူမ၏ ဝတ်ရုံများက လေတွင် လွင့်ပျံနေပြီး ဆံပင်များက လေတိုးရာအတိုင်း ယိမ်းနွဲ့နေသဖြင့် သူမကို အလွန်ပင် ကျက်သရေရှိနေစေသည်။
“ထာဝရဆည်းဆာ ကြယ်တာရာ နည်းစနစ်လား အဲဒါက ဘာနည်းစနစ်မျိုးလဲ”
လော့ မျိုးနွယ်စုဝင်များမှာ ထိုအကြောင်းကို နားမလည်နိုင်စွာဖြင့် တွေးတောနေကြသည်။ နှစ်ပေါင်း သန်းတစ်ရာကျော် သက်တမ်းရှိသည့် လော့မျိုးနွယ်စုနှင့် ထာဝရဆည်းဆာပင်လယ်ကဲ့သို့ ရှေးဟောင်းအဖွဲ့အစည်းများသည် နက်နဲသော နယ်ပယ်များ အများအပြားကို စူးစမ်းခဲ့ကြသည်။
ထိုနေရာများတွင် နတ်ဘုရားအဆင့် ရှိသည့် ရှေးဟောင်း နည်းစနစ်အချို့ ကျန်ရှိနေသည်မှာ မဆန်းလှပေ။
သို့သော် ထိုသို့သော ရှေးဟောင်း နည်းစနစ်များသည် လေ့လာကျင့်ကြံရန် အလွန်ပင် ခက်ခဲပြီး နားလည်သဘောပေါက်ရန်မှာလည်း ပို၍ပင် ခက်ခဲလှသည်။ ထို့အပြင် လမ်းညွှန်ပြသပေးမည့်သူ မရှိခြင်းကြောင့် ၎င်းကို ကျွမ်းကျင်အောင် သင်ယူနိုင်သူမှာ အလွန်ပင် နည်းပါးသည်။
ကောင်းကင်တက်လှမ်းခြင်းအဆင့်သာရှိသူတစ်ဦးက ဤမျှ အစွမ်းထက်သော နည်းစနစ်ကို အသုံးပြုပြီး စကြဝဠာ၏ အဝေးဆုံးနေရာမှ ဂလက်ဆီတစ်ခုကို ပုံဖော်နိုင်ခြင်းမှာ ထာဝရဆည်းဆာပင်လယ် အဖွဲ့အစည်းက ရှေးဟောင်း နယ်ပယ်တစ်ခုမှ ရရှိထားသည့် အမွေအနှစ် ဖြစ်ဖွယ်ရှိသည်။
ထိုအမွေအနှစ်သည် အပြည့်အစုံမဟုတ်ဘဲ အစိတ်အပိုင်းသာ ဖြစ်နိုင်သောကြောင့် ၎င်းကို အခြေခံအားဖြင့် ကျွမ်းကျင်ရန်ပင် ထူးခြားသည့် ဉာဏ်ရည်ဉာဏ်သွေး လိုအပ်သည်။
ထာဝရဆည်းဆာ ကြယ်တာရာ နည်းစနစ်ကို အသုံးပြုလိုက်သောအခါ စင်မြင့်တစ်ခုလုံးမှာ မှောင်မိုက်သွားသည်။ ထာဝရညဉ့်ယံ ရောက်ရှိလာသကဲ့သို့ အမှောင်ထုက နေရာတိုင်းကို လွှမ်းခြုံသွားသည်။
လော့ဟော်အာ သည် ထိုအမှောင်ထုအတွင်း ကျရောက်သွားသောအခါ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်သွားသလို ခံစားရသည်။ အမှောင်ထုသည် ပိုမိုထူထပ်လာပြီး သူမကို ပတ်ဝန်းကျင်မှ ခွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ လော့ဟော်အာမှာ တောင်တန်းများနှင့် ပတ်ဝန်းကျင်မှ စစ်သည်များမှာ သူမနှင့် ဝေးကွာသွားသကဲ့သို့ ခံစားလိုက်ရသည်။
“အပိတ်ခံလိုက်ရတာလား” လော့ဟော်အာ ချက်ချင်းပင် သဘောပေါက်လိုက်သည်။
ထိုအချိန်တွင် ပရိသတ်များမှာ လုံးဝကွဲပြားခြားနားသော မြင်ကွင်းကို မြင်နေရသည်။ ကြီးမားလှသော အမှောင်ထုသည် မျက်လုံးကြီး၏ လွှမ်းခြုံမှုအောက်တွင် တဖြည်းဖြည်း ကျုံ့ဝင်သွားသည်။ တစ်စင်မြင့်လုံး လွှမ်းခြုံထားရာမှ ခပ်လှမ်းလှမ်းအထိ၊ ထို့နောက် လက်တစ်ဆုပ်စာခန့်သာ ကျန်တော့သည့် အမှောင်ဝဲဂယက်အဖြစ်သို့ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် သစ်တော်သီး အရွယ်အစားခန့်ရှိသည့် အနက်ရောင် ဘောလုံးတစ်ခုအဖြစ်သို့ ရောက်သွားပြီး ရှီယဲ့က ၎င်းကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
“အဲဒါက ဘာလဲ” ပရိသတ် သန်းပေါင်းများစွာမှာ ထိတ်လန့်သွားကြသည်။
လော့မျိုးနွယ်စု၏ အတော်ဆုံးသူ လော့ဟော်အာမှာ ထိုအနက်ရောင် ဘောလုံးလေးထဲသို့ ရောက်သွားခြင်း ဖြစ်နိုင်မလား။
ပရိသတ်များမှာ ထိုဘောလုံးကို စူးစိုက်ကြည့်နေကြသည်။ ဘောလုံးမှာ အလွန်သေးငယ်သော်လည်း ၎င်းအတွင်းတွင် ကြယ်များစွာ၏ ပုံရိပ်များ လှုပ်ရှားနေပြီး သေးငယ်သော စကြဝဠာတစ်ခုကဲ့သို့ ခန့်ညားလှသည်။
“ခရမ်းပြာဝိဉာဉ်မင်းသမီး”
“မင်းသမီးကို ဘာလုပ်လိုက်တာလဲ”
ပရိသတ်များမှာ မငြိမ်သက်နိုင်တော့ပေ။ လော့ဟော်အာမှာ အန္တရာယ်ရှိနေပြီဟု သူတို့ယူဆကြသည်။
“ဟမ့် လော့ဟော်အာကို ငါ့ရဲ့ ထာဝရဆည်းဆာ ကြယ်တာရာ ထဲမှာ ပိတ်လှောင်ထားလိုက်ပြီ။
ငါ့သဘောမတူဘဲ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး အချိန်ကြာလာတာနဲ့အမျှ သူမရဲ့ စွမ်းအားတွေကို အမှောင်ထုက စားသုံးသွားလိမ့်မယ်။ ဒါမှမဟုတ် ငါစိတ်ကူးယဉ်လိုက်ရင်ပဲ သူမရဲ့ ခန္ဓာကိုယ် ပျက်စီးသွားလိမ့်မယ်” ရှီယဲ့က မာန်ပါပါ ပြောဆိုလိုက်သည်။
“မင်းသမီးကို လွှတ်ပေးလိုက်” ဟု လူအများ အော်ဟစ်ကြသည်။
“လွှတ်ပေးရမလား ဟင်းဟင်း နောက်နှစ်နာရီနေရင် ငါလွှတ်ပေးပါ့မယ်။ သူမရဲ့ မောက်မာမှုအတွက် ပေးဆပ်ရမယ့် အဖိုးအခပဲ။”
ရှီယဲ့က ရယ်မောရင်း ပြောသည်။ ထို့နောက် သူမသည် ယီယွင် ကို လှမ်းကြည့်ကာ “မင်းက နောက်ထပ်တစ်ယောက်ပဲ။ မင်းက ငါ့ထက် သာလွန်တယ်လို့ ထင်နေတာလား။ မင်းလည်း ဒီလိုမျိုး ထာဝရဆည်းဆာရဲ့ အဆုံးမဲ့ အမှောင်ထုထဲမှာ နစ်မွန်းသွားရမယ့် ခံစားချက်ကို သိသွားလိမ့်မယ်။”
ရှီယဲ့၏ မာန်မာနထောင်လွှားသော စကားကြောင့် ယီယွင်မှာ မျက်မှောင်ကြုတ်သွားသည်။ သူမကို အနိုင်ယူဖို့အတွက် နည်းလမ်းရှာနေစဉ်မှာပင် ယီယွင်သည် ရုတ်တရက် အသံတစ်ချက်ပြုလိုက်သည်။
သူသည် ရှီယဲ့၏ လက်ထဲတွင်ရှိသော အနက်ရောင်ဘောလုံးကို ကြည့်လိုက်သည်။ တည်ငြိမ်နေသော အမှောင်စွမ်းအားများမှာ ရုတ်တရက် ရှုပ်ထွေးသွားသည်။
“ဟင်” ရှီယဲ့မှာ အံ့အားသင့်သွားသည်။
သူမဖန်တီးထားသော အမှောင်ကမ္ဘာငယ်လေးမှာ အတွင်းပိုင်းမှ ပြိုလဲပျက်စီးနေသည်ကို သူမ ခံစားလိုက်ရသည်။
ဘာဖြစ်တာလဲ......
ရုတ်တရက် အနက်ရောင်ဘောလုံးထဲမှ မီးတောက်နီရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဘောလုံး၏ အပြင်ဘက်ကို အပေါက်ရာပေါင်းများစွာ ဖြစ်ပေါ်စေသည်။ အဝေးမှကြည့်လျှင် ထိုဘောလုံးမှာ တောက်ပနေသော နေလုံးကြီးနှင့် တူနေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ရှီယဲ့၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။
လော့ဟော်အာက ၎င်းကို ဖျက်ဆီးနေခြင်းလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ရှီယဲ့မှာ စဉ်းစားချိန်မရှိတော့ဘဲ နောက်သို့ ဆုတ်လိုက်ရသည်။ ဘောလုံးထဲမှ အလင်းရောင်များ ပိုမိုပြင်းထန်လာပြီး တစ်စင်မြင့်လုံးမှာ မျက်စိကျိန်းလောက်အောင် တောက်ပသွားသည်။
ဗြုန်း........
ပြင်းထန်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ သံချပ်ကာဝတ်ထားသော စစ်သည်တော် နတ်သမီးတစ်ပါး၏ ပုံရိပ်သည် ထိုပေါက်ကွဲနေသော အနက်ရောင်ဘောလုံးထဲမှ ထွက်ပေါ်လာသည်။
သူမ၏ အရွယ်အစားမှာ တောင်ကြီးတစ်ခုပမာ ကြီးမားပြီး လက်ထဲတွင် ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ ရွှေရောင် သံချပ်ကာ ဝတ်စုံက တောက်ပနေသည်။
လော့မြစ်နတ်သမီး လော့မျိုးနွယ်စု၏ နတ်ရုပ်တု အင်အားကို ပိုင်ဆိုင်ထားသော ရှေးဟောင်းဒဏ္ဍာရီလာ နတ်သမီး ပေါ်လာခြင်းဖြစ်သည်။ လော့မျိုးနွယ်စုဝင်များမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အော်ဟစ် အံ့အားသင့်ကုန်ကြသည်။