အခန်း ၉၄၉
Vol. 64 Ch. 949
အခန်း ၉၄၉- အသူရာဆိုသည်မှာ မည်သူနည်း
ချီဇွေယွန်းက ယီယွင်၏ တိုးတက်မှုကို စောင့်မျှော်နေကြောင်း ပြောလိုက်သည့်အခါ သူသည် အကြီးအကဲတစ်ဦးက လူငယ်တစ်ဦးအား ပြောဆိုနေသည့်နှယ် ဖြစ်နေသည်။ ထိုစကားသည် ထိုနေရာတွင် ရှိနေသည့် လော့မျိုးနွယ်စုဝင် အများအပြားကို ဒေါသထွက်စေသည်။
သို့သော် ဒေါသထွက်သော်လည်း ချီဇွေယွန်းမှာ အမှန်တကယ်ပင် အစွမ်းထက်လှသဖြင့် မည်သူမျှ လှောင်ပြောင်သည့် စကားမဆိုနိုင်ကြပေ။
စစ်နတ်ဆိုးပုံစံ ကောင်းကင်ဘုံ နတ်ဆိုးပုံစံ....
တိုက်ပွဲ စတင်ကတည်းက ချီဇွေယွန်းသည် စစ်နတ်ဆိုးပုံစံမှာ သူ၏ ပထမဆုံး တိုက်ခိုက်ရေး ပုံစံသာ ဖြစ်ကြောင်း ပြောခဲ့သည်။ ယီယွင်ကို တိုက်ခိုက်ခဲ့သော သွေးဆာသည့် စစ်နတ်ဆိုးသာမက နောက်ဆုံးတွင် သုံးခဲ့သည့် နတ်ဆိုးတစ်သောင်း လှံတိုက်ကွက်အထိ မည်သည့်အရာမျှ စစ်နတ်ဆိုးပုံစံမှ မထွက်ခွာခဲ့ပေ။
စစ်နတ်ဆိုးပုံစံသည်ပင် ဤမျှ အစွမ်းထက်နေပြီ ဖြစ်ရာ ကောင်းကင်ဘုံ နတ်ဆိုးပုံစံသည် မည်မျှအထိ ဖြစ်လာမည်နည်း။ ချီဇွေယွန်း၏ အဆိုအရ ၎င်းမှာ သူကိုယ်တိုင်ပင် မထိန်းချုပ်နိုင်သော အဆုံးစွန်သော စွမ်းအားဖြစ်သည်။ ဤအဆင့်ရှိ တိုက်ပွဲမှာ အသက်အန္တရာယ် ရှိသည်မှာ သေချာသည်။
ထိပ်တန်း ပါရမီရှင်များ၏ တိုက်ပွဲတွင် အစွမ်းကုန် တိုက်ခိုက်ကြပါက အသက်ဆုံးရှုံးရန်မှာ မဖြစ်နိုင်သည်မဟုတ်ပေ။
လော့မျိုးနွယ်စုဝင် အားလုံးသည် ယီယွင်အတွက် ချွေးပြန်နေကြသည်။ ယီယွင်သည် ချီဇွေယွန်း၏ နောက်ဆုံးတိုက်ကွက်ကို ခံနိုင်ရည် ရှိမရှိ သူတို့ မသိကြပေ။ တကယ်တမ်းတွင် ယီယွင်သည် သူ၏ အဆုံးစွန်သို့ ရောက်ရှိနေပြီဆိုပါက နောက်ဆုတ်သွားနိုင်သည်။ မည်သူမျှ သူ့ကို အပြစ်မတင်နိုင်ပေ။
ယီယွင်သည် ပိုငယ်ပြီး ကျင့်ကြံမှုအဆင့်လည်း နိမ့်သည်။ ချီဇွေယွန်းမှာမူ နိယာမတရားများ ကို ပြသနိုင်သည့် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ထိုကွာဟချက်ကို ဖြည့်ဆည်းရန် ယီယွင်အနေဖြင့် သာလွန်သော အရည်အချင်းများ ပိုင်ဆိုင်ရန် လိုအပ်သည်။ သို့သော် ချီဇွေယွန်းကိုယ်တိုင်က ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်နေရာ သူ့ထက် သာလွန်သည့် အရည်အချင်း ပိုင်ဆိုင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
ထိုအချိန်တွင် လော့မျိုးနွယ်စု နန်းတော်အတွင်း၌ မှူးမတ်အုပ်စုနှင့်အတူ မြင့်မြတ်သော လော့ဧကရာဇ်သည်လည်း မှန်ပြားတစ်ခုမှတစ်ဆင့် တိုက်ပွဲကို စောင့်ကြည့်နေသည်။ လော့ဧကရာဇ်မှာ နန်းဝတ်တန်ဆာဖြင့် ထိုင်နေသော်လည်း စိတ်အေးလက်အေး မရှိပေ။ သူသည် တိုက်ပွဲရလဒ်နှင့် ယီယွင်၏ ဘေးကင်းရေးကို စိုးရိမ်နေသည်။
“လူငယ်ယီက ချီဇွေယွန်းကို ဒီလောက်အထိ တိုက်ခိုက်နိုင်တာ သူ့အတွက် ဂုဏ်ယူစရာပါပဲ”
လော့မျိုးနွယ်စုမှ မှူးမတ်များသည် ယီယွင်အား လူငယ်သခင် ဟု လေးစားစွာဖြင့် ခေါ်ဆိုလာကြသည်။
“ဟုတ်တယ် ချီဇွေယွန်းက သူ့ရဲ့ ကောင်းကင်ဘုံ နတ်ဆိုးပုံစံကို သူကိုယ်တိုင် မထိန်းချုပ်နိုင်ဘူးဆိုတော့ သူ့နဲ့ ထိပ်တိုက်တွေ့တာ အန္တရာယ် အရမ်းများတယ်။ ဒီနေရာမှာပဲ ရပ်တန့်လိုက်တာ အကောင်းဆုံးပါပဲ။ လူငယ်သခင် ယီ ပြသခဲ့တဲ့ အရည်အချင်းနဲ့ဆိုရင် သူက ချီဇွေယွန်းနဲ့ ဘာမှမလျော့ဘူး” ဟု သက်ကြီးရွယ်အို မှူးမတ်တစ်ဦးက ပြောသည်။ သူ၏ လက်ဖဝါးများမှာ ချွေးစိုနေပြီး အလွန်ပင် စိုးရိမ်နေသည်။
လော့မျိုးနွယ်စုအတွက် ဤမျှ ပြိုင်ဘက်ကင်း ပါရမီရှင်ကို ရရှိရန်မှာ မလွယ်ကူပေ။ သူသည် လော့မျိုးနွယ်စု၏ ရတနာဖြစ်သည်။ ယီယွင်သည် မင်္ဂလာမိုးစက် နတ်ဘုရား ၏ တပည့် မဖြစ်ခဲ့လျှင်ပင် အနာဂတ်တွင် ထွန်းလင်းတောက်ပပြီး လော့မျိုးနွယ်စု၏ အင်အားကို တိုးမြှင့်ပေးမည့်သူ ဖြစ်သည်။ သို့သော် ယခုတွင် ယီယွင်သည် ချီဇွေယွန်း၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ရင်ဆိုင်လိုနေသည်။ အမှားတစ်ခုခု ဖြစ်ခဲ့ပါက အသက်မဆုံးရှုံးလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရနိုင်ပြီး သူ၏ အနာဂတ်ကို ထိခိုက်နိုင်သည်။
သို့သော် တိုက်ပွဲကို ရပ်တန့်ရန်မှာ ထိုမှူးမတ်၏ မျှော်လင့်ချက်သာ ဖြစ်သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယီယွင်၏ စွမ်းအင်များ လှုပ်ခါလာသည်။ သူ၏ အရှိန်အဝါသည် တောင်ထိပ်တစ်ခုကဲ့သို့ အဆုံးမရှိ မြင့်တက်လာသည်။ ယီယွင် စကားပြန်ရန် မလိုပေ။ သူ၏ အရှိန်အဝါကပင် အဖြေဖြစ်နေသည်။
“ကောင်းပြီ မင်း ဂုဏ်ယူသင့်တယ်။ ငါ ယွမ် အဖွင့်အဆင့်ကို ရောက်ကတည်းက ပြိုင်ဘက်တစ်ဦးအပေါ် ကောင်းကင်ဘုံ နတ်ဆိုး ကို သုံးဖို့ အတင်းအကျပ် အဖြစ်ခံရတာ ဒါ ပထမဆုံးအကြိမ်ပဲ။ မင်္ဂလာမိုးစက် နတ်ဘုရား တောင် ငါ့ရဲ့ ကောင်းကင်ဘုံ နတ်ဆိုးကြောင့် ငါ့ကို အသိအမှတ်ပြုခဲ့တာ ကောင်းကင်ဘုံ နတ်ဆိုးရဲ့ ဒေါသကို ခံစားကြည့်လိုက်”
ချီဇွေယွန်း၏ ခန္ဓာကိုယ်မှ မကောင်းသောအငွေ့အသက်ဆိုးများ ထွက်ပေါ်လာသည်။ ထိုမကောင်းသောအငွေ့အသက်သည် ကောင်းကင်သို့ တိုးဝင်သွားကာ ကောင်းကင်ကို အနီရောင်သို့ ပြောင်းလဲသွားစေသည်။ ချီဇွေယွန်း၏ အရေပြားမှာ အပြာရောင်သို့ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှာ ပိုမိုကြီးမားလာသည်။ သူ၏ မျက်ဝန်းများမှာ အေးစက်ပြီး ရက်စက်သွားသည်။ သူကိုယ်တိုင် နတ်ဆိုးတစ်ကောင် ဖြစ်သွားသည့်နှယ်ပင်။
ဟိန်း......
နတ်ဆိုးဟိန်းသံနှင့်အတူ ချီဇွေယွန်း၏ နောက်တွင် ပေတစ်ရာမြင့်သော အသူရာနတ်ဆိုးတစ်ကောင် ပေါ်လာသည်။ ဤနတ်ဆိုးမှာ အသူရာ ဥပဒေသနယ်ပါယ်ရှိ စွမ်းအင်အားလုံးကို စုပ်ယူထားပြီး ကောင်းကင်နှင့် မြေကြီး၏ အရှင်သခင်ကဲ့သို့ပင်။
“ကြောက်စရာကောင်းတဲ့ အနေအထားပဲ။ ချီဇွေယွန်းက သူ့ရဲ့ ဥပဒေသနယ်ပါယ်၊ လှံတိုက်ကွက်နဲ့ သွေးဆိုးစွမ်းအင်တွေကို တစ်သားတည်း ပေါင်းစပ်လိုက်တာပဲ” ဟု ချူယွန်းကျန်းက ပြောသည်။
“ခုခံဖို့ ခက်ခဲလိမ့်မယ်” ပိုင်ယွီချင်းကလည်း မှတ်ချက်ပေးသည်။
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကြောင့် လူတို့မှာ တည့်တည့်ပင် မကြည့်ရဲကြပေ။ လူသန်းပေါင်းများစွာမှာလည်း နတ်ဆိုးမကောင်းသောအငွေ့အသက်ကြောင့် စိတ်ထဲတွင် ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားနေရသည်။
“လူတိုင်းရဲ့ စိတ်ထဲမှာ နတ်ဆိုးတစ်ကောင်စီ ရှိကြတယ်” ချီဇွေယွန်း၏ အသံမှာ ငရဲခန်းမှ လာသကဲ့သို့ပင်။ ၎င်းမှာ လူတို့၏ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနေသည်။ “ယီယွင်၊ ဒီတိုက်ကွက်က မင်းရဲ့ ဂုဏ်ယူစရာ ရှုံးနိမ့်မှု ဖြစ်လိမ့်မယ်”
ချီဇွေယွန်းသည် သူ၏ နောက်မှ အသူရာနတ်ဆိုးနှင့် ပေါင်းစပ်လိုက်သည်။ သူ၏ လက်ထဲမှ လှံမှာ ကမ္ဘာကိုပင် ခွဲထွက်သွားမည့်နှယ်။
“ကောင်းကင်ဘုံ နတ်ဆိုးပုံစံ ငရဲသွေး”
ချီဇွေယွန်းက လှံကို ထိုးစိုက်လိုက်သည်။ လျှပ်စီးကဲ့သို့ မြန်ဆန်သော ထိုးချက်သည် သွေးဆိုးစွမ်းအင်များကို လှုပ်ခါသွားစေသည်။ ချီဇွေယွန်းမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ယီယွင်၏ ရှေ့သို့ ရောက်ရှိလာသည်။
ငရဲသွေးလှံတံ ပထမဆုံးချက်မှာ သေမျိုးတို့၏ အသက်ကို ဖျက်ဆီးပြီး၊ ဒုတိယချက်မှာ တစ္ဆေနှင့် ဝိညာဉ်များကို ဖျက်ဆီးကာ၊ တတိယချက်မှာ နတ်ဘုရားများနှင့် ဗုဒ္ဓများကိုပင် သတ်ဖြတ်နိုင်သည်။
ဤလှံချက်မှာ မည်သည့်အရာကမျှ မတားဆီးနိုင်ပေ။ ချီဇွေယွန်း၏ အရှိန်အဝါအားလုံးမှာ လှံဖျားတွင် စုစည်းနေသည်။ နတ်ဘုရားများပင် ရှေ့တွင် ရှိနေပါက ပြာမှုန့်ဖြစ်သွားရမည်သာ။
ထိုအချိန်တွင် ယီယွင်၏ အရှိန်အဝါများလည်း အပြည့်အဝ ပေါက်ကွဲထွက်လာသည်။
ဝှီး......
ယီယွင်၏ ပတ်လည်မှ ပျံသန်းသည့် ဓားငယ် ၉၉၉ ချောင်း ပျံထွက်လာသည်။ ဓားငယ်များသည် ချီဇွေယွန်းကို မရည်ရွယ်ဘဲ လေထဲတွင် တုန်ခါနေကာ ဓားများပေါ်တွင် ပုန်းကွယ်နေသည့် ဥပဒေသ ပုံစံများကို ဖော်ပြလိုက်သည်။ တစ်ချိန်တည်းတွင် သန့်စင် ယန်ဓားကျိုးမှာလည်း အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ အမှောင်ရွှေရောင် ဥပဒေသ ပုံစံများမှာ ကောင်းကင်ကို လင်းထိန်သွားစေသည်။
“တိုက်ဆိုင်လိုက်တာ။ မင်းရဲ့ တိုက်ကွက်က အသူရာ နတ်ဆိုးဆိုရင် ငါ့ရဲ့ တိုက်ကွက်ကလည်း အသူရာ နတ်ဆိုးပါပဲ”
ယီယွင် ပြောလိုက်သည်နှင့် လေထဲရှိ ဥပဒေသ ပုံစံများအားလုံး တစ်သားတည်း ပေါင်းစပ်သွားသည်။
ဘုန်း.......
ဥပဒေသ ပုံစံများ ပဲ့တင်ထပ်သွားပြီး အဆုံးမရှိသော နတ်ဘုရားအလင်းတန်းထဲတွင် ဧရာမ အသူရာနတ်ဆိုး ပုံရိပ်တစ်ခု ပေါ်လာသည်။ ဤအသူရာနတ်ဆိုးသည် ဧရာမဘီးကြီးတစ်ခုကို တွန်းနေသည်။ ထိုဘီးပေါ်တွင် နတ်ဆိုးများနှင့် တစ္ဆေများစွာ ထွင်းထုထားသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမကောင်းသောအငွေ့အသက်များ ပေါက်ကွဲထွက်လာရာ လူတိုင်း၏ မျက်စိရှေ့တွင် ထိုမြင်ကွင်းမှာ နစ်မွန်းသွားရတော့မည့်နှယ်။
“ဒီတိုက်ကွက်က…”
“ဒါ ဘာလဲ”
မြေလွတ်ပြင်တွင် စောင့်ကြည့်နေသူ သန်းပေါင်းများစွာမှာ ထိတ်လန့်သွားကြသည်။ ယီယွင်၏ မိစ္ဆာစက်ဝန်းတစ်သောင်းသည် ယခင်ကထက် ပိုမိုကြီးမားပြီး ကြောက်မက်ဖွယ် ကောင်းနေသည်။
ယီယွင်၏ တိုက်ခိုက်မှုမှာ ချီဇွေယွန်းနှင့် ပုံစံတူသော်လည်း ခံစားချက်မှာ လုံးဝ ကွဲပြားခြားနားသည်။ ၎င်းသည် မည်သည့် ဒေါ မှ မဟုတ်ဘဲ ကမ္ဘာကြီး ပျက်သုဉ်းကာ နိဗ္ဗာန်သို့ ရောက်ရှိချိန်မှ ဖြစ်ပေါ်လာမည့် စွမ်းအားမျိုး ဖြစ်သည်။
ချီဇွေယွန်း၏ လှံသည် ယီယွင်၏ မိစ္ဆာစက်ဝန်းတစ်သောင်း ၏ ဗဟိုချက်သို့ တည့်တည့် ထိုးစိုက်သွားသည်။ နတ်ဆိုးတစ်ကောင်နှင့် နောက်ထပ် နတ်ဆိုးတစ်ကောင် ထိပ်တိုက်တွေ့ခြင်း အသူရာဆိုသည်မှာ မည်သူနည်း။
ဘုန်း........
ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် မြေပြင်မှာ အမှုန့်ဖြစ်သွားကာ ဧရာမ ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ သူတို့၏ အပေါ်ရှိ ကောင်းကင်မှာ သွေးရောင်လွှမ်းသွားသည်။ မိုင်ပေါင်းရာနှင့်ချီရှိသော တိမ်တိုက်များမှာလည်း လွင့်စဉ်သွားသည်။
မည်သူ အနိုင်ရသနည်း။
သွေးရောင်မကောင်းသောအငွေ့အသက်များ ပျောက်ကွယ်သွားပြီးနောက် ချီဇွေယွန်းသည် ယီယွင်ကို ကျောခိုင်း၍ ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး မျက်နှာမှာ ဖြူဖျော့နေသည်။ သူ၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာများ မတွေ့ရသော်လည်း အခြေအနေ ဆိုးရွားနေကြောင်း သိသာသည်။
ယီယွင်မှာမူ ပို၍ ဆိုးရွားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဘယ်ဘက်ပခုံးတွင် ကြောက်မက်ဖွယ်ကောင်းသော သွေးအပေါက်ကြီးတစ်ခု ရှိနေသည်။ နှလုံးသားနှင့် လက်နှစ်သစ်သာ ကွာတော့သည်။
အကယ်၍ မိစ္ဆာစက်ဝန်းတစ်သောင်း သာ မရှိပါက လှံမှာ သူ၏ နှလုံးသားကို ဖောက်ထွက်သွားလိမ့်မည်။ ယီယွင် မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ပြန်လည်ကောင်းမွန်ရန် နှစ်ပေါင်းများစွာ ကြာမြင့်လိမ့်မည်။ ချီဇွေယွန်း ပြောခဲ့သည့် အသက်အန္တရာယ် ရှိနိုင်သည်ဆိုသည့် စကားမှာ အမှန်ပင်။
“ချီဇွေယွန်း အနိုင်ရတာလား ဒါမှမဟုတ် သရေကျတာလား”
လော့မျိုးနွယ်စုဝင်များမှာ စိုးရိမ်တကြီး မေးမြန်းကြသည်။
ထိုအချိန်တွင်…
“ပန်း........”
ချီဇွေယွန်း၏ အပေါ်ပိုင်း အဝတ်အစားများ ပေါက်ကွဲထွက်သွားပြီး သူ၏ ရင်ဘတ်တွင် အနက်ရောင် ဘီးပုံသဏ္ဌာန်တစ်ခု ထင်ကျန်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ယီယွင်၏ မိစ္ဆာစက်ဝန်းတစ်သောင်း ပင် ဖြစ်သည်။
“ဒါ… ဒါ မင်းရဲ့ တိုက်ကွက်က ဘာလဲ” ချီဇွေယွန်းက တုန်ရီသော အသံဖြင့် မေးသည်။
သူပြောနေစဉ်တွင် ရင်ဘတ်ပေါ်ရှိ ဘီးမှာ လှုပ်ရှားလာသည်။ နတ်ဆိုးများနှင့် တစ္ဆေများမှာ အသက်ဝင်လာပြီး ချီဇွေယွန်း၏ အသက်စွမ်းအင်ကို ဖျက်ဆီးပစ်နေသည်။ ချီဇွေယွန်းသည် လှံကို တင်းကြပ်စွာ ကိုင်ထားသော်လည်း ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ပေ။
“ခရက်”
လှံဖျားမှာ မြေပြင်ထဲသို့ စိုက်ဝင်သွားသော်လည်း သူ၏ ခန္ဓာကိုယ်ကို မထောက်ကူနိုင်တော့ပေ။
“အဲ့ဒီတိုက်ကွက်က ကြောက်စရာကောင်းလိုက်တာ အဲ့ဒါ ဘာလဲ”
“ဒါ ဖျက်ဆီးခြင်းပဲ ဒီဘီးထဲမှာ ငါ ဖျက်ဆီးခြင်း စွမ်းအားကို ခံစားမိတယ်” အသက်အရွယ်ကြီးရင့်သော အကြီးအကဲတစ်ဦးက အံ့အားသင့်စွာ ပြောသည်။
ဒါ ဖျက်ဆီးခြင်း ဥပဒေသလား
ဤစကြဝဠာတွင် မည်သည့်အရာမျှ ထာဝရ မတည်မြဲပေ။ ဖျက်ဆီးခြင်းမှာ မည်သူမျှ ရှောင်လွှဲ၍ မရသော နိယာမတစ်ခု ဖြစ်သည်။ မိစ္ဆာစက်ဝန်းတစ်သောင်း မှာ ချီဇွေယွန်း၏ ခန္ဓာကိုယ်ပေါ်တွင် စွဲထင်ကျန်နေပြီး သူ့၏ အသက်စွမ်းအင်ကို ဆက်လက် ဖျက်ဆီးနေဆဲ ဖြစ်သည်။
ချီဇွေယွန်း၏ အသက်စွမ်းအင်မှာ အလွန်ကြီးမားသော်လည်း ဖျက်ဆီးခြင်း စွမ်းအားကို တားဆီးရန် ပို၍ ခက်ခဲလာသည်။ နောက်ဆုံးတွင် သူသည် လှံတံကို တင်းကြပ်စွာ ကိုင်ထားရင်း ဖြည်းညှင်းစွာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။