← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁) - နောက်ကျောမှ ထိုးသောဓား (၃)

တပည့်များသည် သူတို့ အမြဲတမ်း နတ်ဘုရားကဲ့သို့ ကြည်ညိုခဲ့ရသူ၏ နောက်မှ လိုက်ပါသွားကြ​သည်။

သူ၏ ကိုယ်နေဟန်ထားမှာ အရင်အတိုင်း မတ်မတ်ရှိနေသေးသော်လည်း သူ၏ အစိမ်းရောင်ဝတ်ရုံပေါ်တွင်မူ သွေးကွက်များနှင့် ချန်းစုန့်၏ ဓားချက်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာကို အထင်အသား မြင်တွေ့နေရချေသည်။

ဒဏ်ရာအပြင်းအထန် ရထားသော တာအိုရွှမ်သည် ဤမျှအထိ မည်သို့ ခံနိုင်ရည် ရှိနေပါသနည်း။

၎င်းတို့သည် ခန်းမကို ဖြတ်ကျော်လာကြရာ လူငယ်တပည့်များထဲတွင် အဓိကတပည့်များ မပါဝင်သဖြင့် ဤနေရာသို့ မည်သူမျှ မရောက်ဖူးကြချေ။

တာအိုရွှမ်သည် ခန်းမနှင့် ပန်းခြံကို ဖြတ်ကျော်သွားရာ ယွီချင်းနန်းတော်ဘက်မှ ဆူညံသံများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် ထုံထျန်းတောင်၏ နောက်ဘက်တောင်ကုန်းဆီသို့ ဦးတည်သွားကြလေသည်။

တာအိုရွှမ်က ရှေ့မှ ဦးဆောင်ပြီး ကျန်သူများက ပတ်ဝန်းကျင်ကို သတိထားကြည့်ရှုရင်း နောက်မှ လိုက်ပါလာကြ၏။

နတ်ဆိုးဂိုဏ်းသား အများစုမှာ ရှေ့ဘက်မှ တိုက်ခိုက်နေကြသော်လည်း ချန်းစုန့်က ရန်သူများကို နောက်ဘက်မှ လမ်းပြခေါ်လာနိုင်သည် မဟုတ်လော။

ကျန်းရှောင်ဖန်းသည် လူအုပ်၏ နောက်ဆုံးမှ လိုက်ပါလာရာ သူ၏ မျက်လုံးနှစ်လုံးမှာ နီမြန်းနေပြီး မျက်နှာတွင် အမူအရာ မရှိသော်လည်း သူ၏ ရင်ထဲတွင်မူ မုန်တိုင်းထန်နေသကဲ့သို့ ဖြစ်နေ၏။

ချင်းယွင်ဂိုဏ်း၏ ဘေးအန္တရာယ်နှင့် သူ၏အတိတ်က ကံကြမ္မာများကြားတွင် ရုန်းကန်နေရချေသည်။

သူ၏ မှတ်ဉာဏ်ထဲတွင် မြက်ဘုရားကျောင်းရွာမှ လူများကို သတ်ခဲ့သူကို မမြင်ခဲ့ရသော်လည်း ထိုမြင်ကွင်းကို ပြန်တွေးမိတိုင်း ထူးဆန်းသော အနက်ဝတ် လူတစ်ဦးကိုသာ မြင်ယောင်မိ၏။

ယနေ့ အခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုသူမှာ ချန်းစုန့် ဖြစ်နိုင်ခြေ များလှပေသည်။

မြက်ဘုရားကျောင်းရွာမှ ကျန်ရစ်သူ နှစ်ဦးရှိသော်လည်း ကျန်းရှောင်ဖန်း တစ်ဦးတည်းသာ ထိုလူနှင့် ဖူကျစ်တို့ တိုက်ခိုက်နေသည်ကို မြင်ခဲ့ရခြင်း ဖြစ်သည်။

ယနေ့တွင် ထိုအချက်ကို အတည်ပြုနိုင်လိုက်သည်နှင့် နှစ်ရှည်လများ စုဆောင်းထားသော နာကျည်းချက်များ ထွက်ပေါ်လာပြီး သူ၏ လက်ထဲရှိ ဝိညာဉ်ဝါးမျိုတုတ်မှာလည်း သူ၏ အမုန်းတရားကြောင့် နိုးကြားလာကာ ကျန်းရှောင်ဖန်းကို ပို၍ လွှမ်းမိုးလာလေတော့သည်။

သာမန်အချိန်တွင်ဆိုလျှင် ထျန်းပုယီက ကျန်းရှောင်ဖန်း၏ ထူးဆန်းမှုကို သတိထားမိလိမ့်မည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ မည်သူကမှ သူ့ကို ဂရုမစိုက်နိုင်ကြချေ။

ချင်းယွင်ဂိုဏ်း၏ ဤတပည့်ငယ်လေးမှာ ကောင်းကင်နှင့် လူသားတို့၏ စစ်ပွဲကြားတွင် အလွန်စိတ်လှုပ်ရှားနေသည်ကို မည်သူမျှ မသိကြပေ။

သူ သတိမထားမိပါက သွေးစုပ်ပုလဲနှင့် ဝိညာဉ်ဝါးမျိုတုတ်တို့၏ ရက်စက်သော စွမ်းအင်များ၏ ဝါးမျိုခြင်းကို ခံရကာ လမ်းမှားသို့ ရောက်သွားနိုင်ပေသည်။

ထျန်းပုယီနှင့် ရွှေယွဲ့တို့၏ စိုးရိမ်မှုမှာ မှန်ကန်နေ၏။ ထုံထျန်းတောင် နောက်ဘက်ရှိ လမ်းမှာ ဆိတ်ငြိမ်သော်လည်း ခဏအကြာ လျှောက်လှမ်းပြီးနောက် နတ်ဆိုးဂိုဏ်းသား အချို့ ဘေးတစ်ဖက်တစ်ချက်မှ ထွက်ပေါ်လာရာ ချီဟောင်နှင့် ကျန်သူများက ခုခံလိုက်ကြရသည်။

တာအိုရွှမ်က တစ်ချက်ကြည့်ကာ ဂရုမစိုက်ဘဲ ရှေ့သို့ တည့်တည့် ဆက်လျှောက်သွား၏။

ချင်းယွင်ကို တိုက်ခိုက်သူများမှာ နတ်ဆိုးဂိုဏ်းမှ ထိပ်သီးပညာရှင်များ ဖြစ်သဖြင့် ဤနေရာတွင် ပုန်းအောင်းနေသူများမှာလည်း ကျင့်စဉ် နိမ့်ကျသူများ မဟုတ်ကြချေ။ ချီဟောင်၊ လုရွှယ်ချီနှင့် ကျန်သူများမှာ ၎င်းတို့ကို ချက်ချင်း မနှိမ်နင်းနိုင်ဘဲ ဖြစ်နေကြ၏။

စုန့်တာ့ရန်နှင့် အခြားသူများက တာအိုရွှမ်ကို ဆက်လက် စောင့်ရှောက်သွားကြပြီး ချီဟောင်နှင့် လုရွှယ်ချီတို့ကို ရန်သူများကို ရင်ဆိုင်ရန် ထားခဲ့ကြသည်။

ယခုအချိန်တွင် လူတိုင်း၏ စိတ်ထဲ၌ မေးခွန်းတစ်ခု ရှိနေသည်မှာ... တာအိုရွှမ်သည် အဘယ်ကြောင့် ပျံသန်းခြင်းကို မသုံးပါသနည်း၊ သူ၏ ဒဏ်ရာမှာ ထိုမျှအထိ ပြင်းထန်နေသလော။

သို့သော် မည်သူမျှ မမေးရဲကြချေ။ ခဏအကြာတွင် နောက်ထပ် နတ်ဆိုးဂိုဏ်းသား အချို့ ထပ်မံ ထွက်ပေါ်လာပြန်ရာ စုန့်တာ့ရန်၊ ဝမ်မင်နှင့် ထျန်းလင်းအာတို့က ခုခံကြပြီး ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့လည်း ရှေ့သို့ တက်သွားကြ၏။

စုန့်တာ့ရန်က အလောတကြီး ပြောလိုက်သည်။

“ငါတို့ သုံးယောက်ဆို ရပြီ၊ မြန်မြန်သွားပြီး ဂိုဏ်းချုပ်ကို စောင့်ရှောက်လိုက်ကြ...”

လင်းကျင်းယွီက အံကြိတ်ကာ ကျန်းရှောင်ဖန်းကို ဆွဲပြီး ရှေ့သို့ ပြေးထွက်သွားကာ တာအိုရွှမ်ကို ပြန်မီသွား၏။ ဤတစ်ကြိမ်တွင်မူ ထူးဆန်းစွာပင် နတ်ဆိုးဂိုဏ်းသားများနှင့် မဆုံတော့ချေ။

တာအိုရွှမ်သည် ၎င်းတို့ကို ဆိတ်ငြိမ်သော လမ်းတစ်ခုအတိုင်း ခေါ်ဆောင်သွားပြီး လမ်းသုံးခွဆုံတစ်ခုတွင် ရပ်လိုက်လေသည်။

လင်းကျင်းယွီနှင့် ကျန်းရှောင်ဖန်းတို့လည်း ရပ်လိုက်ကြ၏။ ကျန်းရှောင်ဖန်းက စကားတစ်ခွန်းမှ မပြောဘဲ လင်းကျင်းယွီက တာအိုရွှမ်ကို မော့ကြည့်လိုက်သည်။

တာအိုရွှမ်က လှည့်ကြည့်လိုက်ရာ ခဏမျှ မှင်တက်သွားပြီး မျက်နှာထား ပြောင်းလဲသွား၏။ ဤလူနှစ်ဦးမှာ ထိုစဉ်က မြက်ဘုရားကျောင်းရွာမှ ကျန်ရစ်ခဲ့သည့် ကလေးနှစ်ဦးပင် ဖြစ်ချေသည်။

“ဒီရှေ့မှာက ငါတို့ ချင်းယွင်ဂိုဏ်းရဲ့ အထွတ်အမြတ်နေရာ ဖြစ်တဲ့ ဟွမ်ယွဲ့ဂူပဲ။ ငါ အထဲဝင်သွားမယ်၊ မင်းတို့ ဒီမှာစောင့်နေပြီး နတ်ဆိုးဂိုဏ်းသားတစ်ယောက်မှ အထဲမဝင်စေနဲ့။ ဟိုဘက်လမ်းကတော့ တည်ထောင်သူ ဘိုးဘေးတွေရဲ့ ခန်းမဆီကို သွားတာပဲ၊ မင်းတို့...”

လင်းကျင်းယွီက ပြတ်သားသော အမူအရာဖြင့် ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။

“ဂိုဏ်းချုပ်... စိတ်မပူပါနဲ့...”

တာအိုရွှမ်က သူ့ကို ကြည့်လိုက်သော်လည်း သူ၏ အကြည့်မှာ လင်းကျင်းယွီ လက်ထဲရှိ နဂါးသတ်ဓားပေါ်သို့ ကျရောက်သွားလေသည်။

နဂါးသတ်ဓား၏ စိမ်းမြမြ အလင်းတန်းမှာ တိတ်ဆိတ်သော တောင်ကုန်းပေါ်တွင် တစ်စုံတစ်ခုကို တောင့်တနေသကဲ့သို့ လှုပ်ခတ်နေသည်။

ဤလူငယ်လေးသည် စိတ်အားထက်သန်ပြီး ပြတ်သားလှပေရာ... တာအိုရွှမ်သည် ရုတ်တရက် လှည့်ထွက်သွားပြီး ဘိုးဘေးခန်းမဘက်သို့ သွားသည့် လမ်းကို တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ အခြားလမ်းတစ်ခုအတိုင်း လျှောက်သွားလေတော့သည်။

လင်းကျင်းယွီသည် တာအိုရွှမ် ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ လှည့်လာရာ သူ၏ မျက်မှောင်များမှာ တွန့်ချိုးနေပြီး စိတ်ကို မတည်ငြိမ်နိုင်ဘဲ ဖြစ်နေ၏။

သူ အမြဲတမ်း ဖခင်သဖွယ် အားကိုးခဲ့ရသည့် ချန်းစုန့်က သစ္စာဖောက်သွားသဖြင့် သူ၏ ကမ္ဘာကြီးမှာ ဗရုတ်သုတ်ခ ဖြစ်နေသည်။

ကျန်းရှောင်ဖန်းသည် ဖြည်းဖြည်းချင်း ခေါင်းမော့ကာ တောင်ခြေရှိ ယွီချင်းနန်းတော်ဘက်သို့ ကြည့်လိုက်သော်လည်း သစ်ပင်များကိုသာ မြင်ရပြီး ခန်းမ၏ အမိုးကိုပင် မမြင်ရချေ။

အခြားတစ်ဖက်ရှိ ဘိုးဘေးခန်းမဘက်တွင်မူ သစ်တောနောက်ကွယ်၌ အိမ်အရိပ်အယောင်အချို့နှင့် ခေါင်းလောင်းသံ သဲ့သဲ့ကို ကြားနေရ၏။

ပြင်းထန်သော တိုက်ပွဲမှ ယခုကဲ့သို့ ဆိတ်ငြိမ်သော နေရာသို့ ရောက်လာသဖြင့် နှစ်ဦးသား စိတ်ကို ချက်ချင်းမညှိနိုင်ဘဲ ဖြစ်နေကြရာ လင်းကျင်းယွီက အသက်ကို ပြင်းပြင်းရှူသွင်း လိုက်ရသည်။

ရုတ်တရက် သူတို့၏ ရှေ့ဘက်မှ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့သော အသံကြီးကို ကြားလိုက်ရလေသည်ယ.

အလွန်ဝေးကွာသော်လည်း ထိုအသံမှာ ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်လာပြီး မြေကြီးပင် တုန်ခါသွားလေသည်။

နှစ်ဦးသား ထိတ်လန့်သွားကြပြီး လင်းကျင်းယွီက ပထမဆုံး သတိပြန်ဝင်လာကာ ဝမ်းသာအားရ ဆိုလိုက်၏။

“ဒါက ရေချီလင်...”

ကျန်းရှောင်ဖန်းလည်း ထိုအသံကို မှတ်မိ၏။ ၎င်းမှာ ရေချီလင်၏ ဒေါသတကြီး ဟိန်းဟောက်သံပင် ဖြစ်ရာ ချင်းယွင်တောင်ကို စောင့်ရှောက်သည့် နှစ်ထောင်ချီ သက်တမ်းရှိ နတ်သားရဲကြီး နိုးထလာပြီး တိုက်ခိုက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

ချင်းယွင်တောင်ပေါ်ရှိ တိုက်ပွဲမှာ မည်မျှအထိ ပြင်းထန်နေသည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။

နှစ်ဦးသားမှာ တာအိုရွှမ်ကို စောင့်ရင်း အတွေးကိုယ်စီ ရှိနေကြသော်လည်း တိတ်ဆိတ်မှုမှာ ကြာရှည်မခံလိုက်ချေ။

ခြေသံများကို ကြားလိုက်ရသဖြင့် နှစ်ဦးသားမှာ ကျန်ရှိသော အဖော်များ ရောက်လာစေရန်သာ ဆုတောင်းနိုင်တော့သည်။

သို့သော် ကံကြမ္မာက ချင်းယွင်ဂိုဏ်းကို မျက်နှာသာ မပေးခဲ့ချေ။ ခဏအကြာတွင် နတ်ဆိုးဂိုဏ်းသား ငါးဦး ပေါ်လာပြီး ၎င်းတို့ကို ဦးဆောင်လာသူမှာ ဖူဟုန်ကို တိုက်ခိုက်ခဲ့သည့် ရှန်းကွမ် အတုပင် ဖြစ်လေသည်။ သူသည် ၎င်းတို့ကို မြင်သည်နှင့် ရုပ်ဆိုးစွာ ပြုံးလျက် ရှေ့သို့ တက်လာချေသည်။

နှစ်ဦးသား မျက်နှာပျက်သွားကြ၏။ လင်းကျင်းယွီသည် ထိုသူများမှာ သာမန်လူများ မဟုတ်ကြောင်း သိလိုက်ရသဖြင့် ၎င်းတို့ ငါးဦးလုံးနှင့် တစ်ပြိုင်နက် ရင်ဆိုင်ရန်မှာ မလွယ်ကူလှပေ။

သို့သော် တာအိုရွှမ် ဝင်သွားသည့် ဟွမ်ယွဲ့ဂူထဲသို့ မည်သည့်အခြေအနေမျိုးမှာမဆို ၎င်းတို့ကို မဝင်စေရချေ။ သူသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး ကျန်းရှောင်ဖန်းကို အနားကပ်၍ ပြောလိုက်သည်။

“ရှောင်ဖန်း... ငါ သူတို့ကို တစ်ဖက်ကို ခေါ်သွားမယ်၊ မင်း ဒီမှာပဲ စောင့်နေချေ...”

ကျန်းရှောင်ဖန်းမှာ မှင်တက်သွားပြီး သတိမဝင်မီမှာပင် လင်းကျင်းယွီသည် ရှေ့သို့ ပြေးထွက်သွားလေတော့သည်။

နဂါးသတ်ဓားမှာ အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ထိုလူငါးဦးထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားချေသည်။

ရှန်းကွမ်အတုနှင့် ကျန်သူများမှာ အံ့အားသင့်သွားကြပြီး ဤချင်းယွင်တပည့်ငယ်လေး၏ ကျင့်စဉ်မှာ ဤမျှအထိ မြင့်မားလိမ့်မည်ဟု မထင်ထားကြချေ။

၎င်းတို့သည် သူ့ကို ဝိုင်းရံထားကြပြီး ရှန်းကွမ်အတုက တိုက်ပွဲကို ညွှန်ကြားကာ ကျန်းရှောင်ဖန်း၏ လှုပ်ရှားမှုကိုလည်း စောင့်ကြည့်နေ၏။

လင်းကျင်းယွီသည် ၎င်းတို့ကို ရင်ဆိုင်နေရရာ ထိုနတ်ဆိုးဂိုဏ်းသားများမှာ သာမန် မဟုတ်ကြချေ။

သုံးဦးမှာ သူ့ထက် အနည်းငယ်သာ နိမ့်ပြီး တစ်ဦးမှာမူ သူနှင့် အဆင့်တူ ဖြစ်နေသဖြင့် လေးဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရရာ သူ အသာစီးမရဘဲ ဖြစ်နေချေသည်။

လင်းကျင်းယွီသည် မျက်မှောင်ကြုတ်ကာ တိုက်ပွဲကို အချိန်မဆွဲလိုသဖြင့် အခွင့်အရေးရှာကာ အခြားလမ်းတစ်ခုဘက်သို့ နောက်ဆုတ်သွား၏။

ရှန်းကွမ်အတုသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ချက်ချင်းပင် လူသုံးဦးကို ခေါ်ကာ လင်းကျင်းယွီနောက်သို့ လိုက်သွားပြီး လူတစ်ဦးကိုမူ ကျန်းရှောင်ဖန်းနှင့်အတူ ထားခဲ့လေသည်။

ထိုလူသည် အေးစက်စွာ နှာခေါင်းရှုံ့ကာ ကျန်းရှောင်ဖန်းကို ကြည့်လိုက်၏။ ထိုလူငယ်လေးသည် တစ်စုံတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဖြည်းဖြည်းချင်း ခေါင်းမော့လာလေသည်။

ထိုသူ၏ ရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ သွေးချင်းချင်းနီနေသော မျက်လုံးအစုံပင် ဖြစ်ချေတော့သည်။

ချင်းယွင်ဂိုဏ်း၏ သစ်တောအတွင်း ငှက်များ၏ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာပြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားလေသည်။

အဝေးတစ်နေရာမှ ရေချီလင်၏ ဒေါသတကြီး ဟိန်းဟောက်သံမှာမူ ကောင်းကင်နှင့် မြေကြီးအကြားတွင် ဟိန်းထွက်နေလေတော့သည်။

All Chapters