← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂) - ဘိုးဘေးခန်းမ (၁)

ချင်းယွင်တောင်၏ နောက်ဘက်တွင် အရေးကြီးသော နေရာနှစ်ခု ရှိလေသည်။ တစ်ခုမှာ ချင်းယွင်ဂိုဏ်း၏ အမွန်မြတ်ဆုံးသော မြင့်မြတ်နယ်မြေ ဖြစ်သည့် ဟွမ်ယွဲ့ဂူ ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က ပါရမီရှင် ဘိုးဘေးချင်းယဲ့သည် ထိုနေရာ၌ တံခါးပိတ် ကျင့်ကြံရင်း အလင်းပွင့်သွားခဲ့ရာ ထိုအချိန်မှစ၍ ချင်းယွင်ဂိုဏ်းသည် တစ်လောကလုံးကို လွှမ်းမိုးကာ သူရဲကောင်းများကို မွေးထုတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ဘိုးဘေးချင်းယဲ့ နောက်ပိုင်းတွင် ဟွမ်ယွဲ့ဂူသည် ချင်းယွင်ဂိုဏ်း၏ အမြင့်မြတ်ဆုံးသော နယ်မြေ ဖြစ်လာခဲ့ရာ လွန်ခဲ့သည့် နှစ်တစ်ထောင်တစ်လျှောက် ဂိုဏ်းချုပ်မှလွဲ၍ မည်သူမျှ ဝင်ရောက်ခွင့် မရှိခဲ့ချေ။

အခြားတစ်နေရာမှာမူ ဘိုးဘေးခန်းမပင် ဖြစ်၏။

နာမည်နှင့်လိုက်အောင်ပင် ဘိုးဘေးခန်းမသည် ချင်းယွင်ဂိုဏ်း၏ မျိုးဆက်အဆက်ဆက်မှ ဘိုးဘေးများကို ပူဇော်ရာနေရာ ဖြစ်လေသည်။

ချင်းယွင်ဂိုဏ်းကို စတင်တည်ထောင်သူ ချင်းယွင်ဇီမှသည် ဘိုးဘေးချင်းယဲ့နှင့် မျိုးဆက်အဆက်ဆက်သော ဘိုးဘေးများအထိ ထိုအခန်းထဲ၌ အထိမ်းအမှတ် နာမည်ပြားများ ရှိနေ၏။

အမွှေးတိုင်များမှာလည်း နေ့စဉ်မပြတ် ထွန်းညှိပူဇော်ထားခြင်း ခံရသည်။

အရေးကြီးသော အခါသမယတိုင်းတွင် ချင်းယွင်ဂိုဏ်းသည် ဂိုဏ်းချုပ်ကိုယ်တိုင် ဦးဆောင်၍ ထိုနေရာတွင် ဘိုးဘေးများအား ရိုသေစွာ ပူဇော်ကန်တော့လေ့ရှိရာ ချင်းယွင်ဂိုဏ်း၏ အရေးပါသော နေရာများအနက် တစ်ခုအဖြစ် သတ်မှတ်ထားပေသည်။

သို့သော်လည်း ဘိုးဘေးများကို ကန်တော့သည့် အချိန်များမှလွဲ၍ ထိုနေရာသည် ပုံမှန်အားဖြင့် အေးစက်တိတ်ဆိတ်ပြီး အသက်ဝင်မှု ကင်းမဲ့နေတတ်၏။

လင်းကျင်းယွီက နတ်ဆိုးဂိုဏ်းသား လေးဦးကို ဤနေရာသို့ မျှားခေါ်လာချိန်တွင် သူမြင်လိုက်ရသည်မှာ ကျယ်ပြောသော ကွင်းပြင်ကြီးတစ်ခုနှင့် အုတ်ကြွပ်ပြားများ မိုးထားကာ ရှေးဟောင်းဆိုင်းဘုတ်နှင့် တိုင်နီကြီးများဖြင့် ခန့်ညားထည်ဝါလှသော ကျောင်းဆောင်ကြီးပင် ဖြစ်လေသည်။

ထိုတိတ်ဆိတ်မှုများကြားတွင် အတိတ်က သမိုင်းကြောင်းများကို ပြောပြနေသကဲ့သို့ပင်။

မှောင်ရိပ်သန်းနေသော ကျောင်းဆောင်အတွင်းမှ ရံဖန်ရံခါတွင် နံ့သာမီးခိုးငွေ့များ လွင့်ပျံလာတတ်သည်။ အပြင်ဘက်မှ ကြည့်လျှင် ဖယောင်းတိုင်မီးရောင်များနှင့် လေထဲတွင် တုန်ရီနေသော မီးအိမ်များကို မြင်တွေ့နိုင်လေသည်။

သို့ရာတွင် ကျောင်းဆောင်ရှေ့၌ ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်၍ တိတ်ဆိတ်စွာ တံမြက်လှည်းနေသော အဘိုးအိုတစ်ဦးမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။

ထိုစဉ် အလျင်စလို ပြေးလာသော ခြေသံများကို ကြားလိုက်ရသဖြင့် အဘိုးအိုက ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်၏။

လင်းကျင်းယွီ၏ စိတ်ထဲတွင် နောင်တအနည်းငယ် ရသွားသည်။ သူသည် နတ်ဆိုးဂိုဏ်းသားများကို ဟွမ်ယွဲ့ဂူနှင့် ဝေးရာသို့ မျှားခေါ်လာရန်သာ စဉ်းစားခဲ့မိရာမှ ဘိုးဘေးခန်းမသို့ မှားယွင်းခေါ်ဆောင်လာခဲ့မိပြီ ဖြစ်သည်။

ဤနေရာသည် ဘိုးဘေးများကို ပူဇော်ထားသည့် နေရာဖြစ်ရာ အကယ်၍ နတ်ဆိုးဂိုဏ်းသားများ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပါက သူသည် အကြိမ်ပေါင်း တစ်သောင်း သေရသော်လည်း ထိုအပြစ်ကို ဆေးကြောနိုင်မည် မဟုတ်ချေ။

ဤသို့ တွေးလိုက်မိသည်နှင့် လင်းကျင်းယွီသည် ချက်ချင်းပင် အရှိန်သတ်လိုက်ပြီး ကျန့်လုံဓားကို ရင်ဘတ်တွင် ကန့်လန့်ကာ၍ နောက်က လိုက်လာသော ရှန်ကွမ်အတုနှင့် ကျန်လူများကို ရင်ဆိုင်ရန် လှည့်ကြည့်လိုက်၏။

ထိုစဉ် ခပ်လှမ်းလှမ်းရှိ တောအုပ်အတွင်းမှ ငှက်တစ်ကောင် ရုတ်တရက် ပျံထွက်သွားပြီးနောက် ဆူညံသံများ ထွက်ပေါ်လာလေသည်။

လင်းကျင်းယွီမှာ ထိတ်လန့်သွားပြီး ထိုအသံမှာ ကျန်းရှောင်ဖန်း ရှိရာအရပ်မှ လာခြင်းဖြစ်ကြောင်း သတိထားမိလိုက်သဖြင့် မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။

သို့သော် သူသည် သေရေးရှင်ရေး တိုက်ပွဲကို ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သိနေသဖြင့် စိတ်ကို အတင်းတည်ငြိမ်အောင် ထိန်းကာ အကာအကွယ်အတွက် အာရုံစူးစိုက်လိုက်၏။

ယနေ့ သူ အသက်ဆုံးရှုံးရပါစေဦးတော့၊ ဤနတ်ဆိုးဂိုဏ်းမှ သူခိုးများကို ဘိုးဘေးခန်းမအတွင်းသို့ ခြေတစ်လှမ်းမျှ မဝင်စေရဟု သူက စိတ်ပိုင်းဖြတ်ထားလေသည်။

ကျန့်လုံဓားသည် ဝိညာဉ်ရှိနေသကဲ့သို့ စိမ်းပြာရောင် အလင်းတန်းများ ဖြာထွက်နေကာ သခင်ဖြစ်သူ၏ မျက်နှာထက်မှ မယိမ်းယိုင်သော သန္နိဋ္ဌာန်ကို ထင်ဟပ်နေ၏။

ဘိုးဘေးခန်းမရှေ့တွင် တံမြက်လှည်းနေသော ထိုအဘိုးအိုသည် လင်းကျင်းယွီ၏ လက်ထဲရှိ ကျန့်လုံဓားကို မြင်လိုက်ရသောအခါ ကိုယ်ခန္ဓာမှာ ရုတ်တရက် တုန်ခါသွားလေသည်။

အခြားတစ်ဖက်တွင်မူ နတ်ဆိုးဂိုဏ်းသား လေးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောလိုက်ကြ၏။ ဤလူများ၏ နတ်ဆိုးဂိုဏ်းအတွင်း အဆင့်အတန်းမှာ နိမ့်မည်မဟုတ်ပေ။

ဤနေရာသည် ချင်းယွင်ဂိုဏ်း၏ အရေးကြီးသော နေရာတစ်ခု ဖြစ်ကြောင်း သူတို့က တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ကြသဖြင့် ယခုတစ်ကြိမ်တွင် ကောင်းကောင်း ဆုလာဘ်ရတော့မည်ဟု တွေးနေကြ၏။

ရှန်ကွမ်အတုက မောက်မာစွာ ရယ်မောရင်း ပြောလိုက်သည်။

“ကလေး၊ မင်းရဲ့ အရည်အချင်းက မဆိုးဘူးပဲ။ အခု ချင်းယွင်ဂိုဏ်းက လမ်းဆုံးနေပြီ။ ငါတို့ဂိုဏ်းထဲ ဝင်မလား... မင်းရဲ့ အနာဂတ် တိုးတက်ဖို့ ငါ အာမခံတယ်”

“ထွီ”

လင်းကျင်းယွီသည် စက်ဆုပ်ရွံရှာမှုကို ခံစားလိုက်ရပြီး နှာခေါင်းတစ်ချက် ရှုံ့ကာ ပြန်ပင် မဖြေတော့ချေ။

ရှန်ကွမ်အတုသည် ဒေါသထွက်မည့်အစား အေးစက်စွာ ရယ်မောရင်း ပြောလိုက်၏။

“ကောင်းပြီ၊ မင်းက သေချင်နေမှတော့ မင်းအလိုအတိုင်း ဖြစ်စေရမယ်”

ပြောပြီးသည်နှင့် သူက မျက်ရိပ်ပြလိုက်ရာ ကျန်ရှိသော ဝတ်စုံနက်ဝတ် လူသုံးဦးမှာ ချက်ချင်းပင် စတင်တိုက်ခိုက်တော့သည်။

လင်းကျင်းယွီသည် အံကို တင်းတင်းကြိတ်ကာ ကျန့်လုံဓား၏ စိမ်းပြာရောင် အလင်းများကို လှိုင်းထစေလျက် ခုခံလိုက်၏။

ဝတ်စုံနက်ဝတ် လူသုံးဦး အသုံးပြုသော မှော်ရတနာများမှာ အဝါရောင်ပျံလွှားဓား တစ်လက်၊ လေးလံလှသော လက်နက်တစ်ခုနှင့် နောက်ဆုံးတစ်ခုမှာ အရိုးဖြူများဖြင့် ပြုလုပ်ထားသော ထူးဆန်းကြောက်မက်ဖွယ်ကောင်းသည့် ဓားတစ်လက် ဖြစ်လေသည်။ ၎င်း၏ ယင်စွမ်းအင်မှာ အလွန်ပင် ထူထပ်လှ၏။

လင်းကျင်းယွီသည် တစ်ယောက်တည်းနှင့် သုံးယောက်ကို ခုခံ တိုက်ခိုက်နေရသည်။

ကျန့်လုံဓား၏ အစိမ်းရောင်အလင်းများမှာ ရှေ့ဆင့်နောက်ဆင့် ဝှေ့ယမ်းကာ ခုခံနေသဖြင့် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အနေအထား တစ်ခုအထိ ထိန်းထားနိုင်သော်လည်း တဖြည်းဖြည်း အရေးနိမ့်လာနေ၏။

လင်းကျင်းယွီသည် ငယ်စဉ်ကတည်းက ချင်းယွင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ပါရမီ အလွန်ထူးချွန်သူ ဖြစ်လေသည်။

ချင်းစုန့်သည် သူ့ကို အလွန်အမင်း မျက်နှာသာပေးကာ ဂရုတစိုက် သင်ကြားပေးရုံသာမက ကျော်ကြားလှသော ကျန့်လုံဓားကိုပင် လက်ဆောင်ပေးခဲ့၏။

အဘယ်ကြောင့်ဆိုသော် ဤလူငယ်လေးထံတွင် သူတစ်ချိန်က ကြည်ညိုခဲ့ရဖူးသော ထိုသူ၏ အရိပ်အယောင်ကို မြင်တွေ့ခဲ့ရခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

လင်းကျင်းယွီသည်လည်း ချင်းစုန့်၏ ကြိုးစားအားထုတ်မှုများကို အလဟဿ မဖြစ်စေခဲ့ချေ။

အချိန်တိုအတွင်း သူ၏ ထူးခြားသော ပါရမီနှင့် မိဘများအတွက် ကလဲ့စားချေလိုသည့် ပြင်းပြသော ဆန္ဒတို့ကြောင့် သူ၏ တာအိုပညာမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ရာ နှစ်အနည်းငယ်အတွင်းမှာပင် မျိုးဆက်သစ် တပည့်များကြားတွင် ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။

သို့သော် သူမည်မျှပင် ကြိုးစားခဲ့ပါစေ၊ သူ၏ ပညာမှာ အချိန်ကန့်သတ်ချက် ရှိနေသေးသဖြင့် တစ်ဖက်လူများကို ယှဉ်ရန် ခက်ခဲနေသေးသည်။

ယခုအခါ နတ်ဆိုးဂိုဏ်းသား သုံးဦးကို ရင်ဆိုင်ရာတွင် တင်းပုတ်လက်နက်က ရှေ့တည့်တည့်မှ တရစပ် ထုနှက်နေပြီး ပျံလွှားဓားက ဘေးမှနေ၍ အလစ်ဝင်ရောက် တိုက်ခိုက်နေသည်။

ပို၍စိုးရိမ်စရာ ကောင်းသည်မှာ ထိုအရိုးဖြူဓားပင် ဖြစ်၏။ ၎င်း၏ အေးစက်သော ယင်စွမ်းအင်မှာ ထိုလူ၏ ထိန်းချုပ်မှုအောက်တွင် ရုတ်တရက် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။

သူ ဓားကို ခုခံလိုက်တိုင်း ထိုယင်စွမ်းအင်များက သူ့ကို တိုက်ခိုက်သဖြင့် အေးစက်သော လေကို ရှူရှိုက်မိကာ ကိုယ်ခန္ဓာမှာ အလိုအလျောက် တုန်ရီလာလေသည်။

သူတို့သည် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသော်လည်း လင်းကျင်းယွီက အစွမ်းကုန် ခုခံနေသည့်ကြားမှ ကျန့်လုံဓား၏ စိမ်းပြာရောင် အလင်းတန်းများမှာ ဝတ်စုံနက်ဝတ် လူသုံးဦး၏ ဖိနှိပ်ခြင်းကို တဖြည်းဖြည်း ခံလာရ၏။

သူ၏ ရှုံးနိမ့်မှုမှာ မလွဲမသွေ ဖြစ်လာတော့မည့်ပုံ ရှိနေပြီး နောက်ဆုံးတွင် သူသည် နောက်သို့ တစ်လှမ်း ဆုတ်ပေးလိုက်ရလေသည်။

အနောက်တွင် ရပ်နေသော ရှန်ကွမ်အတုက အေးစက်စွာ ရယ်မောလိုက်၏။

သူ တစ်လှမ်း ဆုတ်လိုက်သည်နှင့် နောက်ထပ် ဆုတ်ခွာခြင်းကို မရပ်တန့်နိုင်တော့ချေ။ ထိုအခြေအနေက ဝတ်စုံနက်ဝတ် လူသုံးဦး၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး မှော်ရတနာ သုံးခုလုံးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လာတော့သည်။

လင်းကျင်းယွီမှာ ချွေးများ ပြန်လာပြီး နောက်သို့သာ ဆက်တိုက် တွန်းပို့ခံနေရကာ မတ်တတ်ပင် မရပ်နိုင်တော့ချေ။

ရုတ်တရက် ထိုလျှို့ဝှက်ဆန်းကြယ်သော အရိုးဖြူဓားမှာ ပျောက်ကွယ်သွားလေသည်။

လင်းကျင်းယွီမှာ ရှေ့မှလာသော တင်းပုတ် တိုက်ခိုက်မှုကို ခုခံရင်း ဘေးမှလာသော ပျံလွှားဓားကို ပယ်ထုတ်နေရစဉ် ရုတ်တရက် ခြေထောက်တွင် နာကျင်မှုကို ခံစားလိုက်ရကာ လဲကျသွားလေသည်။

ထိုအရိုးဖြူဓားသည် မည်သည့်အချိန်က မြေကြီးထဲသို့ တိုးဝင်သွားမှန်း မသိဘဲ တိတ်တဆိတ် အနားကပ်လာကာ သူ၏ ညာဘက်ခြေထောက်ကို ခုတ်ပစ်လိုက်ခြင်း ဖြစ်သည်။ သွေးများမှာလည်း တရဟော စီးကျလာတော့သည်။

လင်းကျင်းယွီက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ကျန့်လုံဓားကို လေထဲမှ ဝှေ့ယမ်းကာ ခုတ်ချလိုက်လေသည်။

ဤမြင့်မြတ်သော နတ်ဘုရားလက်နက်သည် အရိုးဖြူဓားကို ထိမှန်သွားရာ အရိုးဖြူဓား၏ ပိုင်ရှင်မှာ နောက်သို့ လွင့်ထွက်သွားကာ ဓားထက်တွင်လည်း အက်ကြောင်းလေးတစ်ခု ထင်ကျန်ရစ်လေသည်။

အရိုးဖြူဓားကို အသုံးပြုသော နတ်ဆိုးဂိုဏ်းသားမှာ နှမြောတသဖြစ်သွားပြီး အရိုးဖြူဓားကို အမြန်ပြန်သိမ်းကာ သေချာကြည့်လိုက်၏။

သို့သော် ထိုအချိန်တွင် ကျန်ရှိသော လက်နက်နှစ်ခုမှာလည်း ရောက်ရှိလာပြီ ဖြစ်ရာ လင်းကျင်းယွီမှာ သေတွင်းထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် နောက်ဆုံးအင်အားကို စုစည်းကာ ကျန့်လုံဓားကို ခေါင်းပေါ်တွင် ကန့်လန့်ကာ၍ ခုခံလိုက်၏။

“ဝုန်း”

ကျယ်လောင်သော အသံကြီးနှင့်အတူ ထူးဆန်းသော အလင်းတန်းများ ဖျတ်ခနဲ လက်သွားကာ မီးပွားများ ဘက်ပေါင်းစုံသို့ လွင့်ထွက်သွားသည်။

ထိုစွမ်းအင်များ မည်သည့်နေရာမှ လာသည်ကို မည်သူမျှ မသိသော်လည်း ကျန့်လုံဓားမှာ ထိုမှော်ရတနာ နှစ်ခုကို အတင်းအကျပ် ခုခံထားနိုင်ခဲ့လေသည်။

သို့သော် လင်းကျင်းယွီ၏ ရှေ့တွင်မူ မှောင်အတိ ကျသွားလေသည်။ ဤမီးပွားများ ထွက်ပေါ်လာသည့် ခဏတာအတွင်း သူ၏ အာရုံမှာ လွင့်ပျံ့သွားခဲ့ရာ ခပ်လှမ်းလှမ်းတွင် ရပ်နေသော ရှန်ကွမ်အတုမှာ သူ၏ရှေ့သို့ ရုတ်တရက် ရောက်လာပြီး အရုပ်ဆိုးစွာ ပြုံးပြနေသည်ကို မြင်လိုက်ရသည်။

လင်းကျင်းယွီ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားသော်လည်း သူ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ရင်ဘတ်၌ နာကျင်မှုကို ခံစားလိုက်ရသည်။

အလွန် ထက်ရှသော စွမ်းအင်စီးကြောင်းတစ်ခုက ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ စွမ်းအင်များကို တစ်ခဏ အတွင်းမှာပင် ဖျက်ဆီးပစ်လိုက်၏။

All Chapters