← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း (၁၆၃) - ဘိုးဘေးခန်းမ (၂)

“အား”

လင်းကျင်းယွီက အော်ဟစ်လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာ လွင့်ထွက်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်လာလေသည်။

သူသည် ကျန့်လုံဓားကိုပင် ဆက်မကိုင်ထားနိုင်တော့ဘဲ ဓားမှာ လေထဲတွင် လည်ပတ်သွားပြီးနောက် တံမြက်စည်းလှည်းနေသော အဘိုးအို၏ ရှေ့တည့်တည့် မြေကြီးထဲသို့ စိုက်ဝင်သွားလေသည်။

စိမ်းပြာရောင် အလင်းများမှာ ဓားပတ်လည်တွင် လှည့်ပတ်နေပြီး တဖြည်းဖြည်းချင်း မှေးမှိန်သွားလေသည်။

လင်းကျင်းယွီသည် အမြဲတမ်း ခေါင်းမာတတ်သူ ဖြစ်ရာ သူ၏ ဒဏ်ရာကို ငုံ့ကြည့်လိုက်သောအခါ သွေးနှင့် အသားများ ရောထွေးနေသည်ကို မြင်လိုက်ရသည်။

ဒဏ်ရာအစစ်အမှန်မှာ လက်ထိပ်ခန့်သာ ရှိသော်လည်း စွမ်းအင်တစ်ခုက သူ၏ ကိုယ်တွင်းသို့ တိုးဝင်ကာ အပ်တစ်ချောင်းကဲ့သို့ အဟန့်အတားမရှိ ပျံ့နှံ့နေသဖြင့် သူ၏ အကြောများမှာ အလွန်အမင်း နာကျင်နေလေသည်။

သို့သော် သူက ရန်သူကို ပြန်လည် တိုက်ခိုက်ရန် ကုန်းရုန်းထသော်လည်း ခြေထောက်များမှာ အားမရှိတော့ဘဲ မတ်တတ်ပင် မရပ်နိုင်တော့ချေ။

သူက အသက်ကို ပြင်းပြင်းရှူနေရစဉ် ရှန်ကွမ်အတုနှင့် ကျန်လူများမှာမူ အလွန်ပင် မောက်မာစွာဖြင့် ကျယ်လောင်စွာ ရယ်မောနေကြ၏။

“ကလေး၊ ဘယ်လိုလဲ။ ငါက ငါ့အစွမ်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ပဲ သုံးရသေးတယ်၊ မင်းက ဒီအခြေအနေ ရောက်သွားပြီ။ အမြန် အရှုံးပေးလိုက်တာ ပိုကောင်းလိမ့်မယ်”

လင်းကျင်းယွီ၏ မျက်နှာကြွက်သားများမှာ နာကျင်မှုကြောင့် တွန့်ကွေးနေသော်လည်း သူ၏ ရှေ့မှ အခြေအနေဆိုးကြီးကြောင့် သူ အလွန်ပင် စိုးရိမ်နေမိသည်။

သူ၏ အနောက်တွင်ရှိသော ဘိုးဘေးခန်းမကို သတိရလိုက်သည်နှင့် ထိုအင်အားများ မည်သည့်နေရာမှ လာသည်ကို မသိဘဲ သူသည် ဖြည်းဖြည်းချင်း ရုန်းကန်၍ မတ်တတ်ရပ်လိုက်၏။

နတ်ဆိုးဂိုဏ်းသားများမှာ သူ့ကို မတားဆီးဘဲ မျောက်ပြပွဲ ကြည့်နေသကဲ့သို့သာ ဆက်ကြည့်နေကြသည်။

ရင်ဘတ်မှ နာကျင်မှုမှာ ဦးနှောက်သို့ တိုးဝင်လာတော့မည့်အတိုင်း ခံစားနေရလေသည်။

လင်းကျင်းယွီမှာ ကောင်းကောင်း မရပ်နိုင်သေးမီမှာပင် နောက်ထပ်တစ်ကြိမ် မူးဝေမှုကို ခံစားလိုက်ရသဖြင့် ခေါင်းကို လှည့်ကာ အသက်ကို ပြင်းပြင်းရှူရင်း တံမြက်လှည်းနေသော အဘိုးအိုရှေ့ရှိ ကျန့်လုံဓားဆီသို့ ယိုင်တိုင်တိုင် လျှောက်သွားလိုက်သည်။ သူက အမောတကောဖြင့် ပြောလိုက်၏။

“အဘိုး... ဒီနေရာက အန္တရာယ်များတယ်၊ အမြန်... အမြန်... အမြန်သွားတော့...”

ထိုအဘိုးအိုမှာ ဘိုးဘေးခန်းမကို နေ့စဉ်ထိန်းသိမ်းနေသူ ဖြစ်ပုံရပြီး မျက်နှာမှာ ညှိုးနွမ်းကာ အရေးအကြောင်းများမှာလည်း ထင်ရှားနေ၏။

သို့သော် ထူးဆန်းသည်မှာ လင်းကျင်းယွီနှင့် နတ်ဆိုးဂိုဏ်းသားများ တိုက်ခိုက်နေစဉ်က သူသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်ကြည့်နေပြီး ထွက်လည်း မပြေးသလို စကားလည်း တစ်ခွန်းမျှ မပြောခဲ့ချေ။

ယခုအခါ သူက လင်းကျင်းယွီ၏ ရင်ဘတ်ကို ကြည့်ကာ ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်။

“ခွဲခွာခြင်းအပ်ကိုး။ မင်းက နတ်ဆိုးဂိုဏ်း ချန်ရှန်းခန်းမရဲ့ လူသတ်သမား ကျိုးယင်းမဟုတ်လား”

နတ်ဆိုးဂိုဏ်းသား လေးဦးလုံး၏ အပြုံးများမှာ ရပ်တန့်သွားကြ၏။ ရှန်ကွမ်အတု၏ မျက်နှာမှာ ရုတ်တရက် အေးစက်သွားပြီး ပြောလိုက်သည်။

“ဒီနေရာမှာ ပညာရှင်ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဟုတ်တယ်၊ ငါက ကျိုးယင်းပဲ။ မင်းက ဘယ်သူလဲ”

ထိုအဘိုးအိုမှာမူ သူ့ကို ပြန်မဖြေဘဲ မိမိဘာသာ ရေရွတ်လိုက်၏။

“ခွဲခွာခြင်းအပ်ဆိုတာ နတ်ဆိုးဂိုဏ်းရဲ့ ရှားပါးရတနာတစ်ခုပဲ။ စွမ်းအားက အရမ်းကြီးမားတယ်၊ ဒါပေမဲ့ မင်းလို အဆင့်နိမ့်တဲ့လူရဲ့ လက်ထဲမှာတော့ သူတစ်ပါးကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့ လက်နက်တစ်ခု ဖြစ်နေရတာပဲ၊ ဒါဟာ ဒီရတနာကို စော်ကားတာပဲ”

ကျိုးယင်းမှာ ဒေါသထွက်သွားသော်လည်း ယခုအချိန်တွင် ဤလျှို့ဝှက်ဆန်းကြယ်သော အဘိုးအို၏ နောက်ခံကို သူ မမှန်းဆနိုင်သေးချေ။

အဘိုးအိုမှာ ယိုင်နဲ့နဲ့ ဖြစ်နေသော်လည်း သူ၏ ဟန်ပန်မှာ အံ့အားသင့်စရာ ကောင်းနေသဖြင့် ကျိုးယင်းမှာ စိတ်မအေး ဖြစ်လာပြီး ဒေါသတကြီး မေးလိုက်သည်။

“တကယ်ပဲ မင်းက ဘယ်သူလဲ”

အဘိုးအိုက သက်ပြင်းချကာ ပြောလိုက်၏။

“ငါက ဘယ်သူလဲတဲ့လား။ ဟဲဟဲ... ငါကိုယ်တိုင်တောင် ငါဘယ်သူလဲဆိုတာ မေ့နေပြီ...”

ပြောပြီးနောက် သူသည် အလွန်ဝမ်းနည်းပူဆွေးနေသည့်ပုံ ပေါ်နေပြီး သူ၏လေသံမှာလည်း အလွန်ပင် ခြောက်ကပ်နေသည်။

ထို့နောက် သူက ခေါင်းလှည့်ကာ ကြောင်ကြည့်နေသော လင်းကျင်းယွီကို ကြည့်၍ ခေါ်လိုက်သည်။

“ကလေး...”

လင်းကျင်းယွီမှာ ထိတ်လန့်သွားပြီး အမြန်ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့... စီနီယာ...”

ထိုအဘိုးအိုက သူ့ကို အကဲခတ်ကာ အနည်းငယ်ပြုံးပြသကဲ့သို့ ရှိပြီး မေးလိုက်သည်။

“မင်းက ဘယ်တောင်ထိပ်ကလဲ”

အဘယ်ကြောင့်မှန်း မသိသော်လည်း လင်းကျင်းယွီသည် ဤအဘိုးအိုအပေါ် အလွန်ပင် ရိုသေလေးစားမှု ဖြစ်လာသဖြင့် အသံကိုနှိမ့်ကာ ပြန်ဖြေလိုက်၏။

“တပည့်က ချင်းစုန့် လက်အောက်က လုံရှို့တောင်ထိပ်ကပါ...”

စကားပြောရင်း တစ်ဝက်တွင် ချင်းယွင်ဂိုဏ်းကို သစ္စာဖောက်သွားသော ချင်းစုန့်ကို သတိရလိုက်မိရာ ရင်ထဲတွင် ဖော်ပြမတတ်နိုင်သော ခံစားချက်တစ်ခု တိုးဝင်လာပြီး နှလုံးသားမှာ နာကျင်သွားသဖြင့် ဆက်မပြောနိုင်တော့ချေ။

အဘိုးအိုက ခေါင်းညိတ်ကာ တိုးတိုးလေး ပြောလိုက်၏။

“ချင်းစုန့်ကိုး။ သူက တပည့်ရွေးတာတော့ တကယ်ကို မြင်တတ်တာပဲ၊ ဟဲဟဲ”

စကားပြောရင်း သူသည် တုန်တုန်ချိချိဖြင့် လက်ကို ဆန့်ထုတ်ကာ မြေကြီးထဲတွင် စိုက်နေသော ကျန့်လုံဓားကို လှမ်းကိုင်လိုက်လေသည်။

လင်းကျင်းယွီသည် သူ၏ နှေးကွေးသော လှုပ်ရှားမှုကို ကြည့်ရင်း စိတ်လှုပ်ရှားလာကာ တစ်စုံတစ်ခုကို မျှော်လင့်နေသကဲ့သို့ အသက်ကိုပင် မသိမသာ အောင့်ထားမိ၏။

အချိန်ကာလအတက်အကျများစွာကို ဖြတ်သန်းခဲ့ရသော ထိုအိုမင်းရင့်ရော်သည့် လက်ဖဝါးတစ်စုံသည် အေးစက်မာကြောသော ဓားရိုးကို ထိတွေ့လိုက်ပြီးနောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်လေသည်။

ဘိုးဘေးခန်းမအတွင်းမှ ခေါင်းလောင်းသံလေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

“ချွင်...”

ထူးဆန်းစွာပင် မှိန်ဖျော့နေသော ကျန့်လုံဓားမှာ ရုတ်တရက် အစိမ်းရောင် အလင်းတန်းများ တောက်ပလာကာ ကောင်းကင်ယံရှိ နေမင်းကြီးကဲ့သို့ပင် စူးရှတောက်ပလာတော့သည်။

အဘိုးအိုက ကျန့်လုံဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ရာ ဓားထွက်လာသည့် တစ်လက်မတိုင်းတွင် ကျန့်လုံဓားမှာ တုန်ခါနေပြီး နဂါးဟိန်းသံများ အဆက်မပြတ် ထွက်ပေါ်လာလေသည်။

ထိုအသံမှာ လူတိုင်း၏ ဝိညာဉ်ကို တုန်လှုပ်စေကာ ကောင်းကင်ကိုးထပ်အထိ ပဲ့တင်ထပ်သွားလေသည်။

အဘိုးအိုက မတ်တတ်ရပ်လိုက်ပြီး စိမ်းပြာရောင် အလင်းများ တောက်ပနေသော ကျန့်လုံဓားကို သူ့ရှေ့တွင် ထားကာ ညင်သာစွာ ပွတ်သပ်လိုက်၏။

ထိုကြမ်းတမ်းသော လက်အစုံသည် သူ၏ ချစ်လှစွာသော သမီးငယ်လေးကို ပွတ်သပ်နေသကဲ့သို့ အလွန်ပင် ညင်သာလှပေသည်။

ကျန့်လုံဓားမှာ ဆက်လက်၍ မြည်ဟည်းနေဆဲ ဖြစ်ရာ ခပ်လှမ်းလှမ်းတွင် ရပ်နေသော လင်းကျင်းယွီနှင့် နတ်ဆိုးဂိုဏ်းသားများမှာ ကျန့်လုံဓားတွင် ကိုယ်ပိုင်ဝိညာဉ် ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။

လင်းကျင်းယွီမှာ အဘိုးအို၏ လက်ထဲတွင် အလင်းတန်းများ ဖြာထွက်နေသည့် ကျန့်လုံဓားကို ငေးကြည့်နေမိသည်။

အိုမင်းနေသော အဘိုးအို၏ ပုံစံမှာလည်း ဓားရိုးကို ကိုင်လိုက်ပြီးနောက် ပြောင်းလဲသွားသကဲ့သို့ပင်။

ဖော်ပြမတတ်နိုင်သော ခန့်ညားထည်ဝါမှုများမှာ လျှံထွက်လာပြီး ဒဏ္ဍာရီလာ ရှေးဟောင်းဓားနတ်ဘုရား ဆင်းသက်လာသကဲ့သို့ပင်။

“ကလေး၊ သေချာကြည့်ထား။ ကျန့်လုံဓားကို ဒီလို သုံးရတာ မဟုတ်ဘူး”

လှိုင်းထနေသော စိမ်းမြမြ အလင်းတန်းများကြားတွင် ရပ်နေသော အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်၏။

သူ၏ စကားအဆုံးတွင် အစိမ်းရောင် အလင်းတန်းများမှာ တစ်ခဏချင်းမှာပင် ပေါက်ကွဲထွက်လာပြီး မြေပြင်တစ်ခုလုံးမှာ အစိမ်းရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားကာ ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးသွားလေသည်။

စူးရှသော အသံနှင့်အတူ ကျန့်လုံဓားသည် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ အဘိုးအို၏ လက်ထဲမှ ပျံထွက်သွားတော့သည်။

အဘိုးအို၏ ခန့်ညားသော အရှိန်အဝါကို မြင်တွေ့ပြီးနောက် နတ်ဆိုးဂိုဏ်းသားများမှာ ကြိုတင်ပြင်ဆင်ထားကြ၏။

ချက်ချင်းပင် သူတို့၏ မှော်ရတနာများကို တစ်ပြိုင်နက်တည်း ထုတ်၍ တိုက်ခိုက်လိုက်ကြသည်။

ကျိုးယင်တစ်ဦးတည်းသာ အနောက်တွင် ရပ်နေပြီး မျက်မှောင်ကြုတ်ကာ ဘာတိုက်ခိုက်မှုမျှ မလုပ်သေးချေ။

ထိုသုံးဦးမှာ လင်းကျင်းယွီကို တိုက်ခိုက်ခဲ့သည့် နည်းလမ်းအတိုင်းပင် တင်းပုတ်က ရှေ့မှတိုက်၊ ပျံလွှားဓားက အထက်မှပျံကာ အရိုးဖြူဓားက တိတ်တဆိတ် တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။

သို့သော် အံ့အားသင့်ဖွယ် ကောင်းသည်မှာ အဘိုးအိုသည် အဝါရောင်ပျံလွှားဓားနှင့် အရိုးဖြူဓားကို ဂရုပင်မစိုက်ဘဲ ကျန့်လုံဓားကို ကြီးမားသော အလင်းတိုင်ကြီးအဖြစ် ပြောင်းလဲကာ ထိုးနှက်လိုက်ခြင်း ဖြစ်သည်။

တင်းပုတ်ကို ထိန်းချုပ်ထားသော နတ်ဆိုးဂိုဏ်းသားမှာ မျက်နှာဖြူဖျော့သွားပြီး အတင်းအကျပ် ခုခံလိုက်သော်လည်း ကျယ်လောင်သော အသံကြီးနှင့်အတူ ကျန့်လုံဓားမှာ ရေခဲကို ဓားနှင့်လှီးသကဲ့သို့ ထိုလက်နက်ကို နှစ်ပိုင်းဖြတ်လိုက်ပြီး မဆိုင်းမတွပင် ထိုသူ၏ ဦးခေါင်းကို ခုတ်ချလိုက်လေသည်

“ရွှပ်”

လင်းကျင်းယွီ၏ မှင်တက်နေသော အကြည့်များအောက်တွင်ထိုနတ်ဆိုးဂိုဏ်းသားမှာ ခေါင်းမှ ခြေဖျားအထိ နှစ်ပိုင်းပြတ်သွားကာ သွေးများမှာ မိုးရေစက်များကဲ့သို့ နေရာအနှံ့ ပန်းထွက်ကုန်လေသည်။

ကျန့်လုံဓားမှာလည်း ရပ်တန့်မသွားဘဲ သွေးစွန်းနေသော ကောင်းကင်ယံတွင် အစိမ်းရောင် အလင်းတန်းများကို လှိမ့်ကာ ကျန်ရှိသော လူနှစ်ဦးဆီသို့ ဦးတည်သွားပြန်သည်။

အဘိုးအိုကို တိုက်ခိုက်ရန် ပြင်နေသော ပျံလွှားဓားနှင့် အရိုးဖြူဓားမှာ ယခုအခါ လန့်ဖျပ်သွားကြပြီး မည်သို့မျှ ဆက်လက် တိုက်ခိုက်ဝံ့ခြင်း မရှိတော့ဘဲ သူတို့၏ လက်နက်များကို အမြန်ပြန်သိမ်းကာ ထွက်ပြေးရန် ပြင်ကြတော့သည်။

သို့သော် ကျန့်လုံဓား၏ ပြင်းထန်သော အလင်းတန်းများမှာ ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး တစ်ခဏချင်းမှာပင် သူတို့နှင့် တိုက်မိသွားလေသည်။

အော်ဟစ်သံပင် မထွက်နိုင်ခင်မှာပင် အစိမ်းရောင် အလင်းများက ထိုနတ်ဆိုးဂိုဏ်းသား နှစ်ဦးကို ဝါးမြိုသွားပြီး တစ်စုံတစ်ခု ကွဲကြေသွားသည့် အသံများ ထွက်ပေါ်လာ၏။ ထိုလူနှစ်ဦး မည်သို့ဖြစ်သွားသည်ကို မည်သူမျှ မသိနိုင်တော့ချေ။

လင်းကျင်းယွီမှာ ချွေးအေးများ ပြန်လာပြီး သူ၏ အသိစိတ်မှာ လွင့်ထွက်သွားသကဲ့သို့ ခံစားနေရ၏။

အဝေးတွင် ရပ်နေသော ကျိုးယင်း၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ ဤအဘိုးအိုမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဆရာသခင်တစ်ဦး ဖြစ်ကြောင်းနှင့် သူ မည်သို့မျှ မယှဉ်နိုင်ကြောင်း သိလိုက်သဖြင့် ချက်ချင်းပင် လှည့်၍ ထွက်ပြေးလေသည်။

သို့သော် အစိမ်းရောင် အလင်းများမှာ တောင်ပြိုသံ၊ ပင်လယ်ဟိန်းသံများကဲ့သို့ သွေးနီရောင်များနှင့် ရောနှောကာ လျှပ်စီးကြောင်းကဲ့သို့ နောက်မှ လိုက်လာတော့သည်။

ကျိုးယင်း၏ အဆင့်မှာ အခြားသူများထက် သာသဖြင့် သူ၏လက်ကို ရမ်းလိုက်ရာ အနက်ရောင်အငွေ့အသက်များ ထွက်ပေါ်လာပြီး ကောင်းကင်အပြည့် ရှိနေသော အစိမ်းရောင် အလင်းများကို ခဏတာ ရပ်တန့်သွားစေလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ကျိုးယင်း၏ မျက်နှာမှာ ဖြူဖျော့သွားပြီး အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်သည်။

“မင်း... မင်းပဲ။ မင်းက ဝမ်...”

သူ၏ စကားမဆုံးမီမှာပင် အစိမ်းရောင်အလင်းများက ရုန်းကန်နေသော အနက်ရောင်အငွေ့များကို ဖိနှိပ်လိုက်ပြီး သူ၏ ဦးခေါင်းမှနေ၍ ရင်ဘတ်အထိ ခုတ်ချလိုက်လေသည်။

All Chapters