← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄) - ကျူးရှန်းဓား (၁)

ကျိုးယင်းက စူးရှစွာ တစ်ချက်အော်လိုက်ပြီးနောက် သူ၏ ကိုယ်ခန္ဓာမှာ အဝေးသို့ လွင့်ထွက်သွားလေသည်။

ခဏအတွင်းမှာပင် နတ်ဆိုးဂိုဏ်းသား လေးဦးလုံး သေဆုံးသွားကြပြီ ဖြစ်သည်။

အတိုင်းအဆမရှိသော စိမ်းမြမြ အလင်းတန်းများမှာ ဝေလငါးကြီး ရေစုပ်သကဲ့သို့ ကျန့်လုံဓားအတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီး အဘိုးအို၏ လက်ထဲသို့ ပျံသန်းသွားလေသည်။

လင်းကျင်းယွီသည် ပါးစပ်အဟောင်းသား ဖြစ်နေသော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်ချေ။

အဘိုးအိုက ခေါင်းကို အနည်းငယ် ခါယမ်းကာ တစ်စုံတစ်ခုအတွက် သက်ပြင်းချလိုက်သကဲ့သို့ ရှိပြီးနောက် လက်ထဲရှိ ကျန့်လုံဓားကို သေချာကြည့်ကာ လင်းကျင်းယွီထံသို့ ပစ်ပေးလိုက်၏။

လင်းကျင်းယွီက အလိုအလျောက် ဖမ်းယူလိုက်စဉ် အဘိုးအိုမှာ ဘိုးဘေးခန်းမအတွင်းသို့ ပြန်ဝင်သွားရင်း တီးတိုးရေရွတ်သံကို ကြားလိုက်ရသည်။

“ကျန့်လုံဓားဆိုတာ တောင်ဘက်နယ်စပ်က အလွန်ကြမ်းတမ်းတဲ့ နေရာက ကျောက်စိမ်းပွင့်ပေါင်း သောင်းချီကို စုစည်းပြီး သွန်းလုပ်ထားတာ”

“မကောင်းဆိုးဝါးပေါင်း များစွာကို ဖျက်ဆီးခဲ့ပြီးပြီ။ ဒီဓားကို သုံးတဲ့အခါ မင်းက မဆုတ်မနစ်တဲ့ သတ္တိနဲ့ ရှေ့ကိုပဲ တိုးရမယ်၊ တိုက်စစ်ကိုပဲ အဓိကထားရမယ်”

“မင်းရဲ့ အဆင့်က မလုံလောက်ဘူးဆိုရင်တောင် ရန်သူတွေကို သတ်ပစ်မယ်ဆိုတဲ့ သန္နိဋ္ဌာန် ရှိရမယ်။ ဒါမှမဟုတ်ရင်တော့ ဒီဓားရဲ့ နတ်ဘုရားစွမ်းအင်ကို မင်း ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး၊ ဒါကို မှတ်ထား”

လင်းကျင်းယွီမှာ ကြောင်အသွားသော်လည်း အဘိုးအိုက ဘိုးဘေးခန်းမအတွင်းသို့ ဝင်တော့မည်ကို မြင်သောအခါ သတိပြန်ဝင်လာပြီး အလျင်စလို ပြောလိုက်သည်။

“စီနီယာ... ဒီနေ့ နတ်ဆိုးဂိုဏ်းက ချင်းယွင်ဂိုဏ်းကို အင်အားအလုံးအရင်းနဲ့ လာတိုက်နေတာပါ။ စီနီယာအနေနဲ့ ကူညီပေးဖို့ ကျွန်တော် တောင်းပန်ပါတယ်...”

ထိုအဘိုးအို၏ ကိုယ်ခန္ဓာမှာ ခဏတာ ရပ်တန့်သွားသော်လည်း လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်၏။

“ချင်းယွင်ဂိုဏ်းမှာ ထူးချွန်တဲ့ ပညာရှင်တွေ အများကြီး ရှိပါတယ်။ ဂိုဏ်းချုပ် တာအိုရွှမ်ဆိုရင်လည်း လောကမှာ ရှားပါးတဲ့ ပါရမီရှင်တစ်ဦးပဲ။ သူရှိနေတာပဲ၊ ဘာကြောက်စရာ ရှိလို့လဲ”

လင်းကျင်းယွီက ရှေ့သို့ တစ်လှမ်းတိုးကာ ဝမ်းနည်းစွာ ပြောလိုက်သည်။

“ဒါပေမဲ့... ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပါတယ်”

ထိုအဘိုးအိုမှာ သိသိသာသာ ထိတ်လန့်သွားပြီး ခေါင်းကို ရုတ်တရက် လှည့်ကာ မေးလိုက်၏။

“တာအိုရွှမ်ကို ဒဏ်ရာရအောင် ဘယ်သူက လုပ်နိုင်လို့လဲ”

လင်းကျင်းယွီမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဒဏ်ရာရအောင် လုပ်သူမှာ မည်သူဖြစ်ကြောင်း သူသိသော်လည်း ဤအချိန်တွင် ချင်းစုန့်၏ အမည်ကို ပြောရန်မှာ အဘယ်ကြောင့်မှန်းမသိ ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရသည်။

အကယ်၍ သူသာ ပြောလိုက်ပါက ထိုသူနှင့် ပတ်သက်သမျှ အားလုံးကို ဖြတ်တောက်လိုက်သကဲ့သို့ ခံစားနေရသဖြင့် သူ စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။

အဘိုးအိုက ဆက်မေးလိုက်သည်။

“တာအိုရွှမ်ရော ...။ သူ အခု ဘယ်လိုနေလဲ”

“ဂိုဏ်းချုပ်ကြီးရဲ့ ဒဏ်ရာကပြင်းထန်နေပေမဲ့ ဘာကြောင့်လဲတော့ မသိဘူး၊ သူ ဟွမ်ယွဲ့ဂူထဲကို ဝင်သွားပါတယ်”

“ဟွမ်ယွဲ့ဂူ”

ထိုအဘိုးအို၏ မျက်နှာမှာ ချက်ချင်းပင် တည်ငြိမ်သွားပြီး လင်းကျင်းယွီကို ကြည့်နေသော်လည်း မိမိကိုယ်ကိုယ် ပြောနေသကဲ့သို့ သက်ပြင်းချကာ ပြောလိုက်၏။

“ချင်းယွင်ဂိုဏ်းဆိုတာ နှစ်ပေါင်းတစ်ထောင် သမိုင်းရှိတဲ့ ဂိုဏ်းကြီးပဲ၊ ဘာကို စိုးရိမ်နေတာလဲ”

ပြောပြီးနောက် အဘိုးအိုက ဖြည်းညှင်းစွာ ပြန်လှည့်သွားပြန်သည်။ လင်းကျင်းယွီ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး အော်ပြောလိုက်လေသည်။

“စီနီယာ... ချင်းယွင်ဂိုဏ်း အန္တရာယ်ဖြစ်နေတာကို ဒီအတိုင်းပဲ ရပ်ကြည့်နေတော့မှာလား မကယ်တင်တော့ဘူးလား”

အဘိုးအိုက အားမလိုအားမရ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“လူငယ်လေး... ချင်းယွင်ဂိုဏ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကတည်းက တည်ထောင်လာခဲ့တာ။ သူ့ရဲ့ အတွင်းအင်အားတွေကို မင်း ဘယ်သိနိုင်မလဲ။ မင်း ဘာမှ စိုးရိမ်စရာ မလိုပါဘူး”

လင်းကျင်းယွီမှာ နားမလည်နိုင်ဘဲ ထပ်မံတောင်းပန်ရန် ပြင်လိုက်စဉ်မှာပင် သူ၏လက်ထဲ၌ ငြိမ်သက်နေသော ကျန့်လုံဓားမှာ ရုတ်တရက် ပူနွေးလာပြီး တစ်စုံတစ်ခု၏ လှုံ့ဆော်မှုကို ခံလိုက်ရသကဲ့သို့ အစိမ်းရောင် အလင်းများ ပြန်လည် တောက်ပလာပြန်သည်။

လင်းကျင်းယွီသည် လက်ထဲရှိ ကျန့်လုံဓားကို ကြည့်ရင်း တစ်ခုခုကို ခံစားမိသကဲ့သို့ ဟွမ်ယွဲ့ဂူရှိရာ ဘက်သို့ လှည့်ကြည့်လိုက်၏။

ကြီးမားသော အလင်းတန်းကြီးတစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး သူ၏လက်ထဲရှိ ကျန့်လုံဓားမှာလည်း ထိုဘက်သို့ ဦးတည်၍ တစ်စုံတစ်ရာကို ဆင့်ခေါ်နေသကဲ့သို့ ရှိနေ၏။

“အဲဒါ ထွက်ပေါ်လာပြီ... နောက်ဆုံးတော့ လောကထဲကို ရောက်လာပြီပေါ့”

အဘိုးအိုသည်လည်း မည်သည့်အချိန်က ထိုဘက်သို့ လှည့်ကြည့်နေသည်ကို မသိရချေ။ သူ၏ မျက်နှာထက်တွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေပြီး ရေရွတ်လိုက်၏။

“ကလေး... မင်း ကံကောင်းတာပဲ။ မကြာခင်မှာ မင်း ဒဏ္ဍာရီလာ ကျူးရှန်းဓားကို မြင်တွေ့ရတော့မယ်”

ဟွမ်ယွဲ့ဂူအတွင်းမှ ထွက်ပေါ်လာသော ထိုအလင်းတန်းမှာ ပိုမိုတောက်ပလာပြီး ထူးဆန်းသော လေချွန်သံတိုးတိုးလည်း တစ်ပါတည်း ထွက်ပေါ်လာလေသည်။

ဂိုဏ်းတည်ထောင်သူ၏ ဘိုးဘေးခန်းမရှေ့တွင် ရပ်နေသော အဘိုးအိုမှာ ထိုတောက်ပလှသည့် အလင်းတန်းကို ငေးမောကြည့်နေ၏။ အံ့ဩတုန်လှုပ်နေသော လင်းကျင်းယွီက မနေနိုင်တော့ဘဲ လှည့်မေးလိုက်လေသည်။

“စီနီယာ... အဲဒါက ကျွန်တော်တို့ ချင်းယွင်ဂိုဏ်းရဲ့ အဖိုးတန်ဆုံး ရတနာဖြစ်တဲ့ ရှေးဟောင်းကျူးရှန်းဓားလား”

ထိုအဘိုးအိုက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဘာကိုမျှ ဂရုမစိုက်လိုတော့သည့်ဟန်ဖြင့် အဝေးသို့ မျက်နှာလွှဲလိုက်ကာ ရေရွတ်လိုက်၏။

“ကျူးရှန်းဓား ထွက်ပေါ်လာပြီဆိုရင်တော့... ဒီချင်းယွင်တောင်ပေါ်မှာ တာအိုရွှမ်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် သူ့ကို အနိုင်ယူနိုင်တဲ့သူ ဒီလောကမှာ မရှိတော့ဘူး။ သွားတော့လေ...”

ပြောပြီးသည်နှင့် သူ၏ ကိုယ်တစ်ပိုင်းမှာ ဘိုးဘေးခန်းမ၏ အရိပ်အောက်သို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

လင်းကျင်းယွီမှာ ရုတ်တရက် ခွဲခွာရမည်ကို နှမြောတသ ဖြစ်သွားကာ လှမ်းခေါ်လိုက်မိ၏။

“စီနီယာ...”

ထိုအဘိုးအိုက ခြေလှမ်းရပ်လိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြောလိုက်လေသည်။

“တစ်နေ့နေ့မှာ မင်းဆန္ဒရှိရင် တာအိုရွှမ်ဆီကို သွားပြီး... ဘိုးဘေးခန်းမက အစေခံက နှစ်ပေါင်းရာချီပြီး ပျင်းနေလို့၊ မင်းကို ပုံမှန်လာပြီး စကားပြောစေချင်တယ်လို့ သွားပြောလိုက်ပါဦး။ သူ သဘောတူမလားဆိုတာ ကြည့်ရသေးတာပေါ့”

လင်းကျင်းယွီမှာ ခဏတာ မှင်တက်သွားပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

“ဘာပြောချင်တာလဲခင်ဗျ”

သို့သော် ထိုအဘိုးအိုမှာ အဖြေမပေးတော့ဘဲ မှောင်မိုက်သော အရိပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

လင်းကျင်းယွီမှာ ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးမှ လှည့်ကြည့်လိုက်ရာ အချိန်တိုအတွင်းမှာပင် ထိုအလင်းတိုင်ကြီးမှာ ပိုမိုစူးရှလာပြီး ကြည့်ရန်ပင် ခက်ခဲလာချေပြီ။ ထို့အတူ ကျန်းရှောင်ဖန်းအတွက်လည်း စိုးရိမ်လာသဖြင့် ချက်ချင်းပင် အပြေးထွက်လာခဲ့၏။

ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် သူ ယခင်ရှိခဲ့သည့် နေရာသို့ ပြန်ရောက်လာသည်။ လင်းကျင်းယွီမှာ ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး အေးစက်သော လေထုကို ပြင်းထန်စွာ ရှူသွင်းလိုက်မိလေသည်။

ထိုလမ်းခွဲတွင် လူနှစ်ယောက် ရှိနေဆဲ ဖြစ်သည်။ ကျန်းရှောင်ဖန်း ရှိနေသော်လည်း အခြားတစ်ယောက်မှာမူ ရှောင်ကျူးတောင်ထိပ်မှ လုရွှယ်ချီ ဖြစ်နေသည်။

သို့သော် သူ့ကို တုန်လှုပ်သွားစေသည်မှာ မြေပြင်တစ်ဝိုက်တွင် သွေးကွက်များ နေရာအနှံ့ ရှိနေခြင်းပင်။

အနီးအနားရှိ သစ်ရွက်များပေါ်တွင်လည်း သွေးများ စင်ဟပ်နေသည်မှာ ငရဲခန်းသို့ ရောက်နေသယောင် ထင်မှတ်ရပေသည်။

ကျန်းရှောင်ဖန်းနှင့် ရင်ဆိုင်နေခဲ့သော ဝတ်စုံနက်နှင့် လူမှာလည်း မည်သည့်အချိန်က သေဆုံးသွားသည်မသိ မြေပြင်ပေါ်တွင် လဲလျောင်းနေ၏။

အလောင်းမှာ ဖြူဖျော့ခြောက်ကပ်နေပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးများအားလုံး အစုပ်ယူခံထားရသည့်ပုံစံ ပေါက်နေလေသည်။

လင်းကျင်းယွီ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ဝင်လာသဖြင့် ကျန်းရှောင်ဖန်းဆီသို့ အမြန်ပြေးသွားကာ အော်ဟစ်မေးလိုက်၏။

“ရှောင်ဖန်း... မင်း အဆင်ပြေရဲ့လား”

လင်းကျင်းယွီ ရောက်လာသည့်အချိန်မှစ၍ ကျန်းရှောင်ဖန်းမှာ သူ့ကို လှည့်မကြည့်ဘဲ လုရွှယ်ချီကိုသာ စိုက်ကြည့်နေလေသည်။

အမြဲတမ်း စိတ်လှုပ်ရှားဖွယ် ဆက်ဆံရေး ရှိခဲ့ကြသော ထိုနှစ်ဦးထဲမှ လုရွှယ်ချီမှာ ရုတ်တရက် သူမ၏ ထျန်းယာနတ်ဓားကို ဆွဲထုတ်လိုက်ပြီး ကျန်းရှောင်ဖန်းကိုသာ အာရုံစိုက်ထား၏။

လင်းကျင်းယွီက ကျန်းရှောင်ဖန်းကို သူ၏ ညီအရင်းကဲ့သို့ သဘောထားသူ ဖြစ်သဖြင့် လုရွှယ်ချီက ကျန်းရှောင်ဖန်းကို ရန်ပြုတော့မည့်ဟန် မြင်သည်နှင့် ဒေါသတကြီး အော်ပြောလိုက်လေသည်။

“စီနီယာအစ်မလု... မင်း ဘာလုပ်မလို့လဲ”

သူသည် ကျန်းရှောင်ဖန်း၏ ရှေ့တွင် ကာကွယ်ပေးသည့်အနေဖြင့် ရပ်လိုက်ပြီး လုရွှယ်ချီကို ရင်ဆိုင်လိုက်၏။

လုရွှယ်ချီ၏ မျက်နှာမှာ ဒေါသ၊ အံ့ဩမှုနှင့် မကျေနပ်မှုများ ရောပြွမ်းနေပြီး သူမ၏ မျက်ဝန်းများတွင်လည်း စိတ်မသက်မသာ ဖြစ်နေသည့်အရိပ်အယောင်များ ပေါ်လွင်နေသည်။

လင်းကျင်းယွီက ကြားထဲက ဝင်ရပ်လိုက်သောအခါ သူမမှာ အံ့အားသင့်သွားပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်လေသည်။

“မင်း...”

သွေးများ စိုရွှဲနေသော လက်တစ်ဖက်မှာ ထိုအချိန်မှာပင် လင်းကျင်းယွီ၏ ပုခုံးပေါ်သို့ ရောက်လာပြီး သူ၏ ဝတ်စုံဖြူပေါ်တွင် သွေးကွက်တစ်ခု ထင်ကျန်ရစ်စေ၏။ ထိုလက်မှ ထွက်ပေါ်လာသော သွေးညှီနံ့မှာ လင်းကျင်းယွီ၏ နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။

လင်းကျင်းယွီမှာ ထိတ်လန့်သွားကာ ကိုယ်ကို အမြန်လှည့်လိုက်ပြီး မေးလိုက်၏။

“ရှောင်ဖန်း... မင်း အဆင်ပြေရဲ့လား”

သူ့ရှေ့တွင် မြင်လိုက်ရသည်မှာ နက်မှောင်သော သွေးရောင်အလင်းတန်းများ လွှမ်းနေသည့် မျက်ဝန်းတစ်စုံပင် ဖြစ်သည်။

ထိုမျက်ဝန်းများထဲတွင် နာကျင်မှုအရိပ်အယောင်များလည်း ယှက်သန်းနေ၏။

ကျန်းရှောင်ဖန်း၏ မျက်နှာမှာ တောင့်တင်းနေပြီး နှုတ်ခမ်းများ တုန်ရီနေသည်။ နောက်ဆုံးတွင်မှ ထိုသွေးရောင်အလင်းမှာ မှိန်ဖျော့သွားပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။

“ငါ အဆင်ပြေပါတယ်”

ထိုအခါမှ လင်းကျင်းယွီလည်း သက်ပြင်းချနိုင်တော့သည်။

“အင်း... ဂိုဏ်းချုပ်ကြီးလည်း မကြာခင် ထွက်လာတော့မှာ။ ငါတို့ သူ့ကို ကာကွယ်ပြီး စစ်မြေပြင်ဆီ ပြန်ပို့ပေးဖို့ အဆင်သင့်လုပ်ထားရမယ်”

ကျန်းရှောင်ဖန်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ ဝိညာဉ်ဝါးမျိုတုတ်ကိုသာ တင်းတင်းဆုပ်ကိုင်ထား၏။

ဘေးမှ ကြည့်နေသော လုရွှယ်ချီမှာမူ ဘာစကားမျှ မပြောဘဲ အချိန်အတော်ကြာမှ ထျန်းယာဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်လေသည်။

လင်းကျင်းယွီက မေးရန် ပြင်လိုက်သော်လည်း ထိုအချိန်မှာပင် ဟွမ်ယွဲ့ဂူဘက်မှ လေချွန်သံတိုးတိုးမှာ ရုတ်တရက် ကျယ်လောင်လာပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေတော့သည်။ ထိုတောက်ပသော အလင်းတန်းမှာလည်း ပိုမိုခမ်းနားလာချေပြီ။

အလင်းဝိုင်းအတွင်းမှ လူရိပ်တစ်ခုမှာ ဖြည်းညှင်းစွာ မြင့်တက်လာလေသည်။ တာအိုရွှမ်သည် အလင်းတန်းများအကြားတွင် ရပ်နေပြီး သူ၏ ညာလက်မှာ ပခုံးမှ လက်ဖဝါးအထိ အလွန်တောက်ပသော အလင်းဖြူများဖြင့် ဖုံးလွှမ်းနေသဖြင့် ဘာကို ကိုင်ထားသည်ကို မည်သူမျှ မမြင်နိုင်ကြပေ။

All Chapters