အခန်း ၁၆၅
Vol. 17 Ch. 165
အခန်း (၁၆၅) - ကျူးရှန်းဓား (၂)
ယခင်က အပြင်းအထန် ဒဏ်ရာရထားသော သူ၏ ခန္ဓာကိုယ်မှာ ယခုအခါ မည်သည့်ဒဏ်ရာမျှ မရှိတော့သကဲ့သို့ ဖြစ်နေ၏။
ကျူးရှန်းဓား ထွက်ပေါ်လာသည်နှင့် သူ၏ အသက်ဓာတ်များပင် ပြန်လည်ပြည့်ဖြိုးလာသကဲ့သို့ပင်။
တာအိုရွှမ်၏ အစိမ်းရင့်ရောင်ဝတ်စုံရှည်မှာ အလင်းတန်းများကြားတွင် တလွင့်လွင့် ဖြစ်နေပြီး သူ၏ မျက်နှာမှာလည်း လက်ထဲမှ အလင်းဖြူများကြောင့် ပိုမိုဖြူဖျော့နေပုံရ၏။
သူသည် အောက်တွင်ရှိသော လင်းကျင်းယွီ၊ ကျန်းရှောင်ဖန်းနှင့် အခြားသူများကို သတိပင်မထားမိဘဲ ယွီချင်းခန်းမဆောင်ကြီးဆီသို့ တိုက်ရိုက် ပျံသန်းသွားလေတော့သည်။
လင်းကျင်းယွီနှင့် အခြားသူများမှာ မှင်တက်သွားကြ၏။ ကျူးရှန်းဓားကို အသုံးပင် မပြုရသေးခင်မှာပင် ဤမျှလောက် အစွမ်းထက်နေလျှင် အမှန်တကယ် အသုံးပြုပါက မည်မျှ အင်အားကြီးမားမည်ကို တွေးပင် မတွေးရဲကြပေ။
အတော်ကြာ ငေးကြည့်နေပြီးမှ သုံးယောက်သား သတိပြန်ဝင်လာကာ တောင်ရှေ့ဘက်သို့ အမြန်ပြေးသွားကြလေသည်။
သူတို့ ထွက်ခွာသွားပြီးနောက် တောအုပ်နက်နက်ထဲမှ သွယ်လျသော လူရိပ်တစ်ခုမှာ အေးအေးလူလူ လမ်းလျှောက်ထွက်လာ၏။
သူမသည် ဝေးကွာသွားသော ကျန်းရှောင်ဖန်း၏ ကျောပြင်ကို ကြည့်ကာ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ရပ်နေလေသည်။
သူမမှာ ပိယောင်ပင် ဖြစ်၏။
တာအိုရွှမ် ထွက်ခွာသွားချိန်မှစ၍ ချင်းယွင်တောင်ရှေ့ပိုင်းရှိ ယွီချင်းခန်းမဆောင်ကြီးကို အခြေပြုထားသော တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်နေလေပြီ။
လွန်ခဲ့သော နှစ်ပေါင်းရာချီကလည်း ချင်းယွင်တောင်ခြေတွင် လမ်းမှန်ဂိုဏ်းကြီး သုံးခုဖြစ်သော ချင်းယွင်ဂိုဏ်း၊ ထျန်းယင်ကျောင်းတော်နှင့် ဖန်ရှန်းတောင်ကြားတို့ ပူးပေါင်းကာ နတ်ဆိုးဂိုဏ်းများကို အပြတ်အသတ် အနိုင်ယူခဲ့ဖူးသည်။
သို့သော် ယနေ့တွင်မူ ဖန်ရှန်းတောင်ကြားမှ လူတစ်ယောက်မျှ မရှိသည့်အပြင် ထျန်းယင်ကျောင်းတော်မှ ဂိုဏ်းချုပ်ကြီး ဖူဟုန် အပါအဝင် အဆင့်မြင့်ပုဂ္ဂိုလ်များမှာလည်း ဖန်ရှန်းတောင်ကြား တပည့်အဖြစ် အယောင်ဆောင်ထားသော နတ်ဆိုးဂိုဏ်းသားတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရနေကြ၏။
ထို့ကြောင့် ယခုအခါ ဖူခုံး၊ ဖာရှန်းနှင့် အနည်းငယ်သော သူများမှလွဲ၍ ကျန်ရှိသော ချင်းယွင်ဂိုဏ်းသားများသာ အားကိုးရာမဲ့စွာ ခုခံနေကြရလေသည်။
သို့သော်လည်း နှစ်ပေါင်းနှစ်ထောင် သမိုင်းကြောင်းရှိသော ချင်းယွင်ဂိုဏ်းမှာ ယနေ့တွင် သူတို့၏ ခိုင်မာသော အခြေခံအင်အားကို ထုတ်ပြလိုက်လေပြီ။
ထျန်းပုယီ၊ ရှန်ကျန်းလျန်နှင့် ကျန်းရှူချန်တို့ကဲ့သို့သော တောင်ထိပ်သခင်များသာမက ကျန်ရှိသော တောင်ထိပ်ခုနစ်ခုမှ အကြီးအကဲများမှာလည်း ပူးပေါင်းတိုက်ခိုက်နေကြ၏။
ထို့အပြင် ထျန်းယင်ကျောင်းတော်မှ ဖူခုံးနှင့် ဖာရှန်းတို့လည်း ရှိနေသဖြင့် နတ်ဆိုးဂိုဏ်းမှ ကျွမ်းကျင်သူများက အစွမ်းကုန် တိုက်ခိုက်နေပြီး အသာစီး ရနေသော်လည်း အလွယ်တကူ အနိုင်မရနိုင်ဘဲ ရှိနေလေသည်။
ဤတိုက်ပွဲတွင် လက်ရှိခေတ်၏ ထိပ်တန်းကျင့်ကြံသူ အများအပြား ပါဝင်နေကြ၏။
ကျင့်ကြံခြင်း စွမ်းအားများဖြင့် ခိုင်ခံ့အောင် တည်ဆောက်ထားသော ယွီချင်းခန်းမဆောင်ကြီးမှာလည်း နေရာအနှံ့ ပျံသန်းနေသော မှော်လက်နက်များ၏ တိုက်ခိုက်မှုဒဏ်ကို မခံနိုင်တော့ဘဲ နောက်ဆုံးတွင် အမိုးကြီးမှာ ကျယ်လောင်သော အသံနှင့်အတူ ပြိုကျသွားကာ ဖုန်မှုန့်များ နေရာအနှံ့ ပျံ့လွင့်သွားလေတော့သည်။
လူအများမှာ ထိတ်လန့်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်သို့ ပျံတက်ကာ မြေပြင်မှ ကောင်းကင်သို့ တိုက်ပွဲကို ပြောင်းရွှေ့လိုက်ကြ၏။
တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ သူတို့၏ စွမ်းရည်များကို ပိုမိုလွတ်လပ်စွာ ထုတ်ဖော်နိုင်လာကြလေသည်။
ကောင်းကင်ယံတစ်ခုလုံးမှာ တောက်ပသော အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး အုပ်စုလိုက် တိုက်ခိုက်နေကြသည်မှာ ကြယ်တံခွန်များ ဖြတ်သန်းသွားသကဲ့သို့ပင်။
ချင်းယွင်တောင်ထိပ်မှာ အမျိုးမျိုးသော မှော်လက်နက်များ၏ အလင်းတန်းများအောက်တွင် နစ်မြုပ်နေသယောင် ရှိပေသည်။
နတ်ဆိုးဂိုဏ်းသားများမှာ ထူးဆန်းသော မှော်လက်နက် အမျိုးမျိုးကို ထုတ်သုံးနေကြသော်လည်း လမ်းမှန်ဂိုဏ်းဘက်တွင်မူ အကြီးအကဲအများစုမှာ နတ်ဓားများကိုသာ အသုံးပြုနေကြ၏။
ထိုအကြီးအကဲများမှာ ထိုက်ချိရွှမ်ချင်တာအိုကို ရှန်ချင်းအဆင့်အထိ ကျင့်ကြံထားသူများ ဖြစ်သဖြင့် သူတို့၏ ဓားအလင်းတန်းများမှာ လိုသလို ပြောင်းလဲကာ တိုက်ခိုက်နေကြလေသည်။
နတ်ဆိုးဂိုဏ်းဘက်မှ ကျွမ်းကျင်သူ အလွန်အမင်း များပြားမနေလျှင် သူတို့ အရေးနိမ့်စရာ အကြောင်းမရှိပေ။
ထျန်းပုယီနှင့် အခြားသူများက နတ်ဆိုးဂိုဏ်းကို ခုခံထားနိုင်သော်လည်း တောင်ခြေရှိ သာမန်ချင်းယွင်တပည့်များမှာမူ အန္တရာယ်နှင့် ရင်ဆိုင်နေရ၏။
နတ်ဆိုးဂိုဏ်းမှာ ယခုတစ်ကြိမ်တွင် အလုံးအရင်းနှင့် တိုက်ခိုက်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် သရဲဘုရင်မှာ ကျန်းရှောင်ဖန်းတွင် ရတနာရှိနေခြင်းနှင့် ထျန်းယင်ကျောင်းတော်၏ လျှို့ဝှက်ချက်ကို သိနေခြင်းကြောင့် ချင်းယွင်ဂိုဏ်းမှ ကျွမ်းကျင်သူများ ယွီချင်းခန်းမဆောင်တွင် စုဝေးနေမည်ကို သိထား၏။
ထို့ကြောင့် ချန်းစုန့် ပေးသော သတင်းအချက်အလက်ကို သုံးကာ သူတို့၏ လူများကို တိတ်တဆိတ် ဝင်ရောက်စေပြီး အငိုက်ဖမ်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း ချင်းယွင်တပည့်များမှာ ဖရိုဖရဲ ဖြစ်ကုန်ကြပြီး အများအပြား သေကြေဒဏ်ရာရကုန်ကြလေသည်။
သို့သော် သရဲဘုရင် တွက်ဆမထားမိသော အချက်တစ်ခုမှာ ချင်းယွင်ဂိုဏ်း၏ အစောင့်အရှောက် သားရဲကြီး ရေချီလင်ပင် ဖြစ်၏။
ရေချီလင်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်၊ ဘိုးဘေးချင်းယဲ့ ကွယ်လွန်ပြီးကတည်းက ကျောက်စိမ်းကန်တွင် အေးဆေးစွာ နေထိုင်ခဲ့ပြီး သူ၏ အစွမ်းကို မည်သည့်အခါမျှ ထုတ်မပြခဲ့ပေ။
လွန်ခဲ့သော နှစ်ပေါင်းရာချီက တိုက်ပွဲတွင်ပင် ပါဝင်ခဲ့ခြင်း မရှိသဖြင့် ချန်းစုန့် အပါအဝင် ဤမျိုးဆက်မှ လူများမှာ ရေချီလင် မည်မျှ အစွမ်းထက်သည်ကို မသိကြပေ။
သို့သော် နတ်ဆိုးဂိုဏ်းနှင့် ချင်းယွင်တပည့်များ၏ တိုက်ပွဲကြောင့် နိုးထလာသော ရေချီလင်မှာ တောင်စောင့်သားရဲပီပီ ဒေါသအမျက် ထွက်လာလေတော့သည်။
ဤမမျှော်လင့်ထားသော ဖြစ်ရပ်ကြောင့် တိုက်ပွဲ၏ အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။
ရေချီလင်မှာ ကျောက်စိမ်းကန်ထဲတွင် ရပ်နေပြီး တစ်ကန်လုံးရှိ ရေများမှာ ထိုသားရဲကြီးကို ဗဟိုပြုကာ ဝဲဂယက်များ ဖြစ်ပေါ်နေလေသည်။
ရေတိုင်ကြီးတစ်ခုမှာ ရေချီလင်၏ ဘေးတွင် ထွက်ပေါ်လာလေသည်။ ထိုရေတိုင်ထဲတွင် ရေချီလင် ဝါးမျိုထားသော နာကျည်းဝိညာဉ်ပေါင်းများစွာကို မြင်တွေ့နေရ၏။
ထိုသားရဲကြီး၏ စွမ်းအားဖြင့် ရေတိုင်မှာ လေးဘက်လေးလံသို့ ကွဲထွက်သွားပြီး နတ်ဆိုးဂိုဏ်းသားများကို တိုက်ခိုက်လေတော့သည်။
နတ်ဆိုးဂိုဏ်းသားများမှာ အစပိုင်းတွင် ထိုထူးဆန်းသော သားရဲကို ဂရုမစိုက်ဘဲ ဝိုင်းတိုက်ရန် ကြိုးစားကြ၏။ သို့သော် မမျှော်လင့်ဘဲ ရေတိုင်မှာ ထိတွေ့သည်နှင့် ပေါက်ကွဲထွက်သွားလေသည်။
ရေချီလင်၏ အစွမ်းမှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားပြီး ပြိုင်ဘက်ကင်းလှပေ၏။
ခဏချင်းမှာပင် လူခုနစ်ယောက် ရှစ်ယောက်ခန့်မှာ ရေတိုင်၏ ဒဏ်ကြောင့် ကြေမွသွားပြီး အခြား ခုနစ်ယောက် ရှစ်ယောက်မှာလည်း ရေထဲမှ ဝိညာဉ်များ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
နတ်ဆိုးဂိုဏ်းသားများမှာ ကြောက်လန့်တကြား ထွက်ပြေးကြပြီး ချင်းယွင်တပည့်များမှာမူ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြ၏။
ခဏအကြာတွင် ယွီချင်းခန်းမဆောင်၌ ရှိနေသော နတ်ဆိုးဂိုဏ်းခေါင်းဆောင်ကြီး လေးဦးမှာ အခြေအနေကို သတိပြုမိသွားကြသည်။
သူတို့သည် ကျွမ်းကျင်သူ အချို့ကို အရင်လွှတ်လိုက်သော်လည်း နောက်ဆုံးတွင် ဆန်းမြောင်သခင်မနှင့် အဆိပ်နတ်ဘုရားတို့ပါ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြလေသည်။
ထိုအခါမှသာ အခြေအနေမှာ ပြန်လည် တည်ငြိမ်သွားပြီး ရေချီလင်ကို ဝိုင်းဝန်း ထိန်းချုပ်နိုင်လာကြ၏။
ဆန်းမြောင်သခင်မနှင့် အဆိပ်နတ်ဘုရားတို့မှာ ဂိုဏ်းကြီးလေးခု၏ ထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြရာ ကျင့်စဥ်အဆင့်မှာ အခြားသူများထက် များစွာသာလွန်ပေသည်။
ဆန်းမြောင်သခင်မမှာ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သွယ်လျသော ပိုးချည်မျှင်များကို အသုံးပြုကာ မမြင်နိုင်သော ပိုက်ကွန်တစ်ခုကို ရက်လုပ်နေသကဲ့သို့ ကပြနေ၏။
ရေချီလင်က ရေတိုင်များကိုအသုံးပြု၍ အကြိမ်ကြိမ် တိုက်ခိုက်သော်လည်း ပိုက်ကွန်နှင့် ထိတွေ့ကာ ပျောက်ကွယ်သွားရလေသည်။
အဆိပ်နတ်ဘုရားမှာမူ ရေချီလင်နှင့် ဆန်းမြောင်သခင်မတို့၏ တိုက်ပွဲကို ခေတ္တမျှ ကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်ကာ လက်မဝက်ခန့်ရှိသော ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။
သူ၏ ညာလက်က ဓားမြှောင်ကို ကိုင်ထားပြီး ဘယ်လက်က ကျောက်စိမ်းပုလင်းငယ်တစ်ခုကို ကိုင်ကာ အဖုံးကို ဖွင့်လိုက်လေသည်။ အထဲတွင် ဘာရှိမည်ကို မည်သူမျှ မသိနိုင်ချေ။
ခဏအကြာတွင် အဆိပ်နတ်ဘုရားမှာ မန္တန်ကို အရှိန်မြှင့် ရွတ်ဆိုလိုက်သဖြင့် ထိုဓားမြှောင်လေးမှာ စူးရှစွာ တောက်ပလာလေသည်။
အဆိပ်နတ်ဘုရားက အသာအယာ ဝှေ့ယမ်းလိုက်ရာ သူ့အနီးရှိ ရေတိုင်မှာ တို့ဖူးတုံးကို လှီးလိုက်သကဲ့သို့ ပြတ်တောက်သွား၏။
ထို့နောက် သူ၏ ဘယ်လက်ကို အမြန်မြှောက်လိုက်ရာ အပြာရောင်အမှုန်များ ကောင်းကင်သို့ ပျံ့လွင့်သွားပြီး ရေတိုင် ထွက်ပေါ်လာသည့် နေရာသို့ ကျရောက်သွားလေသည်။
ရေချီလင်မှာ တစ်စုံတစ်ခု မှားယွင်းနေသဖြင့် နောက်သို့လှည့်ကာ ဟိန်းဟောက်လိုက်၏။
ကန်ထဲမှ ပိုမိုကြီးမားသော ရေတိုင်ကြီးတစ်ခု ထွက်ပေါ်လာပြီး အဆိပ်နတ်ဘုရားဆီသို့ ဦးတည်သွားလေသည်။ အဆိပ်နတ်ဘုရားမှာ တုန်လှုပ်ခြင်းမရှိဘဲ ခေတ္တအကြာတွင် ရေချီလင်မှာ နာကျင်စွာ အော်ဟစ်လိုက်လေတော့သည်။
အဆိပ်နတ်ဘုရားကို တိုက်ခိုက်နေသော ရေတိုင်မှာ ကျယ်လောင်စွာ ပေါက်ကွဲပြီး ကန်ထဲသို့ ပြန်လည် ကျဆင်းသွား၏။ ပတ်ဝန်းကျင်ရှိ ရေများမှာလည်း အပြာရောင်သို့ ပြောင်းလဲသွားချေပြီ။
ဤသို့ဖြင့် အဆိပ်နတ်ဘုရားမှာ လက်တစ်ဖက်ဖြင့် ဖြတ်တောက်ပြီး အခြားလက်တစ်ဖက်ဖြင့် အဆိပ်ခတ်ကာ ရေချီလင်၏ ရေတိုင် ထက်ဝက်ကျော်ကို ခဏချင်းအတွင်း ဖျက်ဆီးလိုက်လေသည်။
ဆန်းမြောင်သခင်မမှာလည်း တစ်ဖက်မှ မျက်နှာသေဖြင့်ရပ်ကာ ဟယ်ဟွမ်ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြင့် ရေတိုင်များကို တင်းကျပ်စွာ ပိတ်လှောင်ထား၏။
ယခုအခါ မည်သူမဆို ကြည့်လိုက်သည်နှင့် ဤနတ်ဆိုးဂိုဏ်း ခေါင်းဆောင်ကြီး နှစ်ဦး၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် ရေချီလင်မှာ ရှုံးနိမ့်တော့မည်ကို သိနိုင်လေသည်။
အထက်ကောင်းကင်ယံတွင် ယွီယန်ဇီနှင့် သရဲဘုရင်တို့မှာ ဘေးချင်းယှဥ်ရပ်ကာ ကြည့်နေကြ၏။ အခြေအနေများ ပြန်လည်တည်ငြိမ်သွားသည်ကို မြင်သောအခါ ယွီယန်ဇီက မာန်တက်သော လေသံဖြင့် ပြောလိုက်လေသည်။
“ခေါင်းဆောင်ကြီးနှစ်ယောက် ပူးပေါင်းလိုက်ပြီဆိုမှတော့ ဒီသားရဲကြီး ဘယ်လောက်ပဲ အစွမ်းထက်ပါစေ... ဘာမှ မတတ်နိုင်တော့ပါဘူး”
သရဲဘုရင်က အသာအယာ ပြုံးလိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်၏။ သူတို့လူများ၏ ဝိုင်းဝန်းပိတ်ဆို့မှုကြောင့် ချင်းယွင်ဂိုဏ်းသားများမှာ ခက်ခဲစွာ ခုခံနေရသည်ကို မြင်သောအခါ ကျေနပ်စွာဖြင့် ပြောလိုက်လေသည်။
“တာအိုရောင်းရင်း ယွီယန်ဇီ... ဒီနေ့ အောင်မြင်မှုနဲ့ဆိုရင် နောင်အနာဂတ်မှာ နတ်ဆိုးဂိုဏ်းအတွင်း ခင်ဗျားရဲ့ နာမည်ကျော်ကြားမှုက ဘယ်သူနဲ့မှ နှိုင်းယှဥ်လို့ ရမှာမဟုတ်တော့ဘူး”
ယွီယန်ဇီမှာ အလွန်အမင်း ဝမ်းသာသွားပြီး ဟားဟားတိုက် ရယ်မောလိုက်လေသည်။