အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆) - ကျူးရှန်းဓား (၃)
သရဲဘုရင်က စိတ်ထဲတွင် လှောင်ပြုံးပြုံးနေသော်လည်း မျက်နှာတွင်မူ အပြုံးမပျက်ဘဲ ပြောလိုက်၏။
“ဒါကြောင့်မို့လို့... အချိန်ဆွဲနေရင် မတော်တဆ တစ်ခုခု ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ပါ ပူးပေါင်းပြီး ဒီချင်းယွင်ဂိုဏ်းသားတွေကို တစ်ခါတည်း...”
ယွီယန်ဇီမှာ စိတ်တက်ကြွနေသဖြင့် ပြန်ပြောလိုက်လေသည်။
“ကောင်းပြီ... ငါ မင်းနဲ့အတူ တိုက်ခိုက်မယ်”
သရဲဘုရင်က ခေါင်းညိတ်ပြုံးရယ်ရင်း ပြောလိုက်၏။
“တာအိုရောင်းရင်း အရင်ကြွပါ”
ယွီယန်ဇီက ရယ်မောကာ ခုန်တက်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ငွေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး အဖြူအနက် နှစ်ဖက်ပါသော ထူးဆန်းသည့် မှန်တစ်ချပ် သူ၏ လက်ထဲတွင် ပေါ်လာလေသည်။
သူ့နောက်မှ သရဲဘုရင်၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားပြီး မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်သန်းသွား၏။
သူသည် တစ်စုံတစ်ခုကို လုပ်ရန် ပြင်လိုက်သော်လည်း ထိုအချိန်မှာပင် ဝေးကွာသော အရပ်မှ နက်ရှိုင်းပြီး ထူးဆန်းသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ရုတ်တရက်ဆိုသလို... နှစ်ပေါင်းထောင်ချီကြာအောင် ကောင်းကင်သို့ ထိုးထွက်နေသော ချင်းယွင်တောင်တန်းကြီးတစ်ခုလုံး တုန်ခါသွားသယောင် ရှိပေသည်။
လူတိုင်း၏ လက်ထဲရှိ နတ်ဓားများမှာလည်း ရုတ်တရက် နွေးထွက်လာပြီး ထိုခမ်းနားလှသော အလင်းတန်းကြီးဆီသို့ ဦးတည်ကာ တိုးညှင်းစွာ မြည်ဟီးနေကြ၏။
တိမ်တိုက်များကို ဖြတ်ကျော်ကာ ကောင်းကင်သို့ ထိုးထွက်နေသော ထုံထျန်းတောင်ထိပ်ရှိ ကြည်လင်နေသော ကောင်းကင်ကြီးမှာ တစ်စထက်တစ်စ မှောင်မိုက်လာလေသည်။
ဝေးကွာသော အရပ်မှ ထိုတောက်ပလှသော အလင်းတိုင်ကြီးမှာ ချုပ်နှောင်မှုများကို ဖြတ်ကျော်လာသော လျှပ်စစ်စီးကြောင်းတစ်ခုကဲ့သို့ နဝမကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် ပျံသန်းဝင်ရောက်လာလေသည်.။
ရုတ်တရက် ပေါက်ကွဲထွက်သွားလေတော့၏။
ခမ်းနားသည့် အလင်းရောင်များမှာ ကမ္ဘာမြေပေါ်သို့ ကျရောက်လာပြီး ထိုအလင်းရောင်များကြားတွင် နစ်မြုပ်နေသော လူရိပ်မှာ ဓားကို ကောင်းကင်သို့ မြှောက်ထားလေသည်။
လူတိုင်းမှာ အသက်ရှူပင် မေ့သွားကြပြီး ကောင်းကင်ကို ငေးကြည့်နေကြ၏။ ထိုအချိန်တွင် ကျောက်စိမ်းကန်ထဲရှိ ရေချီလင်မှာလည်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သော်လည်း အဆိပ်နတ်ဘုရားနှင့် ဆန်းမြောင်သခင်မတို့ကို ထပ်မံ မတိုက်ခိုက်တော့ပေ။
ထို့အစား ရေတိုင်များအားလုံး ပေါက်ကွဲကာ ပူးပေါင်းသွားပြီး စိတ်ကူးပင် မယဥ်နိုင်လောက်အောင် ကြီးမားလှသော အကာအရံအဖြစ် ပြောင်းလဲသွားကာ ရေချီလင်ကို ကောင်းကင်သို့ ပင့်တင်ပေးလိုက်လေသည်။
ကောင်းကင်ယံထက်တွင် သားရဲကြီး၏ ဟိန်းဟောက်သံမှာ အဆက်မပြတ် မြည်ဟီးနေ၏။
သရဲဘုရင်နှင့် ယွီယန်ဇီတို့၏ ဘေးတွင်ရပ်ကာ တိုက်ပွဲကို တိတ်ဆိတ်စွာ ကြည့်နေသော ချန်းစုန့်မှာ ထိုအလင်းတန်း ပေါ်လာသည်နှင့် မျက်နှာဖြူဖျော့သွားပြီး ရေချီလင် ကောင်းကင်သို့ ပျံတက်သွားသည်ကို မြင်သောအခါ ကိုယ်ကို မနည်းထိန်းလိုက်ရကာ အက်ကွဲသောအသံဖြင့် ဟစ်အော်လိုက်လေသည်။
“ကျူးရှန်း...”
သရဲဘုရင်နှင့် ယွီယန်ဇီတို့လည်း တစ်ပြိုင်နက်တည်း မျက်နှာဖြူဖျော့သွားကြ၏။ သရဲဘုရင်က အော်မေးလိုက်လေသည်။
“တာအိုရွှမ်က ထိုက်ချိရွှမ်ချင်တာအိုရဲ့ ထိုက်ချင်းအဆင့်ကို ရောက်မှ ကျူးရှန်းဓားကို ထိန်းချုပ်နိုင်ပြီး ကျူးရှန်းဓားအစီအရင်ကို သုံးနိုင်မှာလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား”
ချန်းစုန့်က ခါးသီးစွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။
“မှန်ပါတယ်... ဒါပေမဲ့ တာအိုရွှမ်က အဲဒီအဆင့်ကို...”
ယခုအခါ လူတိုင်း တိုက်ပွဲကို ရပ်တန့်လိုက်ကြပြီး ထျန်းပုယီနှင့် အခြားသူများလည်း မြေပြင်သို့ ပြန်ဆင်းလာကြ၏။ ချင်းယွင်ဂိုဏ်းသားအားလုံးမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြလေသည်။
ဤဒဏ္ဍာရီလာ ရှေးဟောင်းဓားမှာ တစ်ချိန်က ဘိုးဘေးချင်းယဲ့၏ လက်ထဲတွင် လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့ဖူးပြီး ယနေ့တွင် ချင်းယွင်ဂိုဏ်း၏ အန္တရာယ်အကြီးဆုံး အချိန်၌ ဂိုဏ်းချုပ် တာအိုရွှမ်၏ လက်ထဲတွင် ထပ်မံ ပေါ်ပေါက်လာခဲ့ချေပြီ။
ကောင်းကင်ယံတွင် ရေချီလင်မှာ တာအိုရွှမ်၏ အောက်သို့ ရောက်သည်အထိ ပျံတက်သွားပြီး ညင်သာစွာ ဟိန်းဟောက်ကာ ခေါင်းကို အနည်းငယ် ငုံ့ထား၏။
ထိုသားရဲကြီးပင်လျှင် ဤရှေးဟောင်းဓားအပေါ် ကြောက်ရွံ့ရိုသေမှု ရှိနေသယောင်ပင်။
တာအိုရွှမ်မှာ အလင်းတန်းများကြားတွင် လုံးလုံးလျားလျား နစ်မြုပ်နေပြီး ရေချီလင်၏ ဦးခေါင်းပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်လေသည်။
သူသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။
ဓားကို တင်းတင်းဆုပ်ကိုင်ကာ ကောင်းကင်သို့ မြှောက်လိုက်လေသည်။
ကောင်းကင်ယံ၏ အလင်းလှိုင်းများကြားတွင် ထူးဆန်းသော မန္တန်ရွတ်ဆိုသံများ ထွက်ပေါ်လာ၏။ ထိုအသံမှာ နတ်ဘုရားများနှင့် ဗုဒ္ဓများက သီဆိုနေသကဲ့သို့ ရှိသလို၊ ငရဲပြည်မှ မိစ္ဆာများက ရယ်မောနေသကဲ့သို့လည်း ရှိပေသည်။
အမျိုးအမည်မသိသော ကြောက်ရွံ့မှုတစ်ခုမှာ ချင်းယွင်တောင်ထိပ်ရှိ လူတိုင်းကို လွှမ်းမိုးသွားလေတော့သည်။
ရုတ်တရက် ထုံထျန်းတောင်ထိပ်၏ နောက်ဘက် ဟွမ်ယွဲ့ဂူရှိရာအရပ်မှ ခရမ်းရောင် အငွေ့အသက်များ တက်လာပြီး ရေချီလင်နှင့် တာအိုရွှမ်တို့ထံသို့ တိုက်ရိုက် အလင်းပေးလိုက်လေသည်။
ခဏအကြာတွင် ဝေးကွာသော အခြားတောင်ထိပ် ခြောက်ခုမှ ထူးဆန်းသော အလင်းတန်းခြောက်ခု ပျံသန်းထွက်ပေါ်လာ၏။
၎င်းတို့မှာ အဝါရောင်၊ စိမ်းပြာရောင်၊ အနီရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်နှင့် အပြာရောင်တို့ ဖြစ်ကြပြီး တာအိုရွှမ်၏ လက်ထဲရှိ တောက်ပနေသော ကျူးရှန်းဓားထဲသို့ သတ္တမမြောက် အလင်းတန်းအဖြစ် စုစည်းသွားလေတော့သည်။
ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားကာ ကျယ်လောင်သော မိုးခြိမ်းသံကြီး ထွက်ပေါ်လာလေသည်။
လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာသဖြင့် လူတိုင်း၏ မျက်နှာပျက်ကုန်ကြလေသည်။ ထုံထျန်းတောင်ထိပ်ရှိ သဲများနှင့် ကျောက်ခဲများ လွင့်စင်ကုန်ပြီး အလင်းရောင် ခုနစ်သွယ်မှာ ဆက်လက် တောက်ပနေဆဲ ဖြစ်၏။
ကျူးရှန်းဓား၏ အထက်တွင် အရောင်ခုနစ်မျိုးဖြင့် ဖွဲ့စည်းထားသော ဧရာမဓားပုံသဏ္ဌာန် အလင်းတန်းကြီးတစ်ခု ပေါ်လာလေသည်။
၎င်းမှာ တဖြည်းဖြည်း ကြီးမားလာပြီး ထိုဓားကြီးမှတစ်ဆင့် အခြားသော ရောင်စုံဓားငယ်ပေါင်းများစွာကို အဆက်မပြတ် ခွဲထွက်သွားလေသည်။
ခဏချင်းမှာပင် တစ်ကောင်းကင်လုံး ဓားများဖြင့် ပြည့်နှက်သွားပြီး ထုံထျန်းတောင်ထိပ်တစ်ခုလုံးကို အလွန်ပင် ခမ်းနားထည်ဝါသော မြင်ကွင်းအဖြစ် ပြောင်းလဲလိုက်လေတော့သည်။
ချန်းစုန့်မှာ တုန်ရီနေပြီး တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်၏။
“ကျူးရှန်းဓားအစီအရင်... ကျူးရှန်းဓားအစီအရင်ပဲ...”
ထိုအချိန်တွင် အဆိပ်နတ်ဘုရားနှင့် ဆန်းမြောင်သခင်မတို့ ပြန်လည်ရောက်ရှိလာကြရာ ချန်းစုန့်က ဖြူဖျော့သော မျက်နှာဖြင့် ပြောလိုက်လေသည်။
“ဒီအစီအရင်ကို ချင်းယွင်ဂိုဏ်း တည်ထောင်သူ ချင်းယွင်ဇီက စတင်ဖန်တီးခဲ့တာ။ ဘိုးဘေးချင်းယဲ့က နှစ်ပေါင်းရာချီပြီး သွေးနဲ့ချွေး ရင်းနှီးပြီးတော့ ပိုပြီး အစွမ်းထက်အောင် လုပ်ခဲ့တာလေ”
“ကျူးရှန်းဓားကို သုံးပြီးတော့သာ ဒီအစီအရင်ကို နှိုးလိုက်မယ်ဆိုရင် သူ့ရဲ့ အစွမ်းက ဘယ်လောက်ရှိမလဲဆိုတာ မင်းတို့ စိတ်တောင် မကူးနိုင်ဘူး။ ငါတို့... ငါတို့ ဆုတ်ခွာကြရင် မကောင်းဘူးလား”
သရဲဘုရင်၏ မျက်နှာထား ပြောင်းလဲသွားသော်လည်း ယွီယန်ဇီကမူ ဒေါသတကြီးဖြင့် ပြောလိုက်၏။
“အလကား လျောက်ပြောတာတွေ။ သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ လူတစ်ယောက်နဲ့ ဓားတစ်လက်ပဲ ရှိတာလေ... ဘာများ ဖြစ်သွားမှာမို့လို့လဲ”
ချန်းစုန့်က ခါးသီးစွာ ရယ်မောရင်း ခေါင်းခါလိုက်ကာ အဆိပ်နတ်ဘုရားကို အလောတကြီး ပြောလိုက်လေသည်။
“ဂိုဏ်းချုပ်... ဒီကျူးရှန်းဓားအစီအရင်ကို လျှို့ဝှက်မန္တန်တွေနဲ့ ဖွင့်ရတာ။ မူလကတည်းက အလွန် အစွမ်းထက်တယ်။ ချင်းယွင်ဂိုဏ်း စတင်တည်ထောင်စက ဒီအစီအရင်ကို အားကိုးပြီးတော့ပဲ ခက်ခက်ခဲခဲ ရှင်သန်ခဲ့ရတာပါ”
“နောက်ပိုင်း ဘိုးဘေးချင်းယဲ့ ရောက်လာတဲ့အခါမှာ သူ့ရဲ့ ပါရမီနဲ့ ချင်းယွင်တောင်တန်း ခုနစ်ခုရဲ့ နှစ်ပေါင်းထောင်ချီက ဝိညာဉ်စွမ်းအားတွေကို ပေါင်းစပ်လိုက်တာ”
“အဲဒီအပေါ်မှာ ကျူးရှန်းဓားရဲ့ ပြိုင်ဘက်ကင်းတဲ့ ဝိညာဉ်စွမ်းအားကို ကြားခံအဖြစ် သုံးလိုက်တဲ့အခါမှာ ကောင်းကင်ကို ခွဲပြီး မြေကြီးကို ဖြိုနိုင်တဲ့အထိ အစွမ်းရှိသွားတာပါ။ ငါတို့ သူ့ကို တိုက်ရိုက်ရင်မဆိုင်သင့်ဘူး”
အဆိပ်နတ်ဘုရားမှာ မျက်နှာဖြူဖျော့သွားသော်လည်း လက်ထဲရောက်လုဆဲဆဲ ဖြစ်နေသော အောင်ပွဲကို မမြင်ဖူးသည့် အစီအရင်တစ်ခုကြောင့် လက်လွှတ်ရန်မှာ ချက်ချင်း ဆုံးဖြတ်ရခက်နေလေသည်။
ယွီယန်ဇီမှာမူ မကျေမနပ် ဖြစ်နေသော်လည်း သရဲဘုရင်ကမူ ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်၏။
“ဒီအစီအရင်က အရမ်း အစွမ်းထက်တယ်။ ငါတို့ အတင်းတိုက်လို့ မရဘူး... သွားကြမယ်”
ယွီယန်ဇီ၊ အဆိပ်နတ်ဘုရားနှင့် ဆန်းမြောင်သခင်မတို့မှာ အံ့ဩသွားကြပြီး ငြင်းခုံရန် ပြင်လိုက်သော်လည်း...
ထိုသို့ ဝေခွဲမရဖြစ်နေသည့် အချိန်မှာပင် ကောင်းကင်ထက်မှ ကျူးရှန်းဓားအစီအရင်မှာ စတင် ပြောင်းလဲလာလေသည်။
ကျူးရှန်းဓား၏ အထက်တွင်ရှိသော ရောင်စုံဓားကြီးမှာ ဤအစီအရင်၏ ပင်မဓားဖြစ်ကြောင်း ထင်ရှားလှပေသည်။
ယခုအခါ ၎င်းမှာ ကောင်းကင်ယံတွင် နေရာအပြည့်ယူထားပြီး ဧရာမသားရဲကြီး ရေချီလင်ပင်လျှင် ၎င်းနှင့်ယှဥ်ပါက သေးငယ်သွားသယောင် ရှိ၏။
ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ဓားငယ်များမှာလည်း တိမ်တိုက်များကဲ့သို့ သိပ်သည်းနေသဖြင့် မြင်ရသူတိုင်းကို ထိတ်လန့်တုန်လှုပ်စေပေသည်။
ဤထူးဆန်းသော မြင်ကွင်းမှာ နှစ်ပေါင်းများစွာအတွင်း တစ်ခါမျှ မမြင်ဖူးသည့် မြင်ကွင်းဖြစ်သော်လည်း ကြည့်ရသူတိုင်းမှာ စိတ်လှုပ်ရှားခြင်းထက် အေးစက်သော အငွေ့အသက်များကိုသာ ခံစားနေရ၏။
ရေချီလင်ပေါ်ရှိ တာအိုရွှမ်မှာ ကိုယ်ကို အနည်းငယ် လှုပ်ယမ်းလိုက်၏။ သူသည် မန္တန်ကို ရွတ်ဆိုရင်း ညာလက်မှ ကျူးရှန်းဓားကို ဝှေ့ယမ်းလိုက်ကာ ဘယ်လက်ညှိုးကို ဓားပုံသဏ္ဌာန်လုပ်ပြီး အောက်သို့ ညွှန်ကာ ခုတ်ချလိုက်လေသည်။
ရှီး...
ကျူးရှန်းဓားပေါ်ရှိ အလင်းတန်းများ တစ်ချက် လက်သွားပြီးနောက် ကောင်းကင်တွင် ရှိနေသော ဓားငယ်ပေါင်းများစွာမှာ နတ်ဆိုးဂိုဏ်းသားများဆီသို့ အလွန်ပြင်းထန်သော အရှိန်ဖြင့် မိုးရွာသကဲ့သို့ ကျဆင်းလာလေတော့သည်။
ဓားမိုးများ ရွာချလိုက်သဖြင့် ကမ္ဘာမြေကြီးမှာပင် တုန်ခါသွား၏။
နတ်ဆိုးဂိုဏ်းသားမှာ သူတို့၏ လက်နက်များကို မြှောက်ကာ ခုခံကြသော်လည်း ထိုဓားများမှာ မည်သည့်အရာကမျှ တားဆီး၍မရဘဲ ထိုးစိုက်ကျလာလေသည်။
ခဏတာမျှ အားလျော့သွားသည်နှင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခံရပြီး သွေးများ နေရာအနှံ့ ပျံ့ကြဲကုန်၏။
ထုံထျန်းတောင်ထိပ်တွင် အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာလေသည်။ နာကျင်စွာ အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများမှာလည်း နေရာအနှံ့ ပျံ့လွင့်နေ၏။
လေထုထဲတွင် သွေးညှီနံ့များဖြင့် ပြည့်နှက်နေပြီး သွေးမိုးများ ရွာနေသကဲ့သို့ ငရဲခန်းတစ်ခုသဖွယ် ဖြစ်နေပေသည်။
ဤမြင်ကွင်းကို ကြည့်ပြီး ချင်းယွင်ဂိုဏ်းနှင့် ထျန်းယင်ကျောင်းတော်မှ တပည့်များပင်လျှင် မျက်နှာပျက်ကုန်ကြ၏။ ဖာရှန်းမှာမူ ခေါင်းကို ငုံ့ထားကာ မန္တန်များကို ရွတ်ဆိုနေလေသည်။
နတ်ဆိုးဂိုဏ်း ခေါင်းဆောင်ကြီး လေးဦးမှာလည်း မျက်နှာများ အကြီးအကျယ် ပျက်ကုန်ကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ဘေးရှိ လူများမှာ ဤထူးဆန်းသော အစီအရင်ကြောင့် ဒဏ်ရာရကုန်ကြပြီ ဖြစ်သည်။
သူတို့သည် မိုးရွာသကဲ့သို့ ကျဆင်းနေသော ဓားများကို အားကိုးရာမဲ့စွာ ကြည့်နေကြရ၏။ ကောင်းကင်မှ ရောင်စုံပင်မဓားကြီးမှာလည်း ဓားငယ်ပေါင်းများစွာကို ဆက်တိုက် ခွဲထုတ်ပေးနေဆဲ ဖြစ်သည်။
ဓားများ ကျရောက်သော ဧရိယာမှာ ပိုမိုကျယ်ပြန့်လာပြီး ထုံထျန်းတောင်ထိပ် တစ်ခုလုံးကို ဖုံးလွှမ်းတော့မည့်အလား ရှိပေသည်။
သရဲဘုရင်က သူ့ဆီသို့ ကျလာသော ဓားတစ်လက်ကို ကာကွယ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွား၏။ ဤဓားငယ်ထဲတွင် ပါဝင်သော စွမ်းအားမှာ အလွန်ပင် ကြီးမားလှပေသည်။
ချန်းစုန့် ပြောခဲ့သကဲ့သို့ပင် ချင်းယွင်တောင်ခုနစ်ခု၏ ဝိညာဉ်စွမ်းအားမှာ လူသားတို့၏ အင်အားဖြင့် ယှဥ်ပြိုင်နိုင်စွမ်း မရှိချေ။
ထို့အပြင် ဤသည်မှာ ဓားငယ်တစ်လက်သာ ရှိသေး၏။ အကယ်၍ ကောင်းကင်ထက်မှ ထိုရောင်စုံပင်မဓားကြီးသာ တိုက်ခိုက်လာပါက သူတို့အားလုံး သေတွင်းထဲသို့ သက်ဆင်းကြရမည်မှာ အမှန်ပင်။
ခေါင်းဆောင်ကြီး လေးဦးအနက် သရဲဘုရင်မှာ ပရိယာယ် အကြွယ်ဆုံး ဖြစ်ပေသည်။ ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် သရဲဘုရင်က တာအိုရွှမ်၏ ခန္ဓာကိုယ်မှာ ကောင်းကင်တွင် ယိုင်နဲ့နေသည်ကို သတိပြုမိသွား၏။
၎င်းမှာ ဤအစီအရင်ကို ထိန်းချုပ်ရန် တာအိုရွှမ်အတွက် အလွန်ပင် ခက်ခဲနေကြောင်း ပြသနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အမြန်ပင် အော်ဟစ်လိုက်လေသည်။
“အားလုံးပဲ... တာအိုရွှမ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားလို့ ဒီအစီအရင်ကို အပြည့်အဝ မထိန်းနိုင်ဘူး။ ငါတို့ အင်အားချင်း စုပေါင်းပြီး တစ်နေရာတည်းကို ထိုးဖောက်ကြစို့”
နတ်ဆိုးဂိုဏ်းသားများမှာ အစပိုင်းတွင် ဖရိုဖရဲ ဖြစ်နေကြပြီး ဓားမိုးများကြားတွင် အသက်လုကာ ခုခံနေကြရခြင်း ဖြစ်သည်။
သရဲဘုရင်၏ အော်သံကို ကြားသောအခါ သူတို့မှာ စဥ်းစားမနေတော့ဘဲ သရဲဘုရင်၏ ဦးဆောင်မှုဖြင့် ကျွမ်းကျင်သူ အားလုံးမှာ အရှေ့ဘက်ခြမ်းရှိ ဓားငယ်များ နည်းပါးသော နေရာဆီသို့ စုပေါင်းကာ ထိုးဖောက်ထွက်ပြေးကြလေတော့သည်။
ထွက်ပြေးနေသည့် လမ်းတစ်လျှောက်တွင်လည်း အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်၏။ ဓားငယ်များမှာ မိစ္ဆာများကဲ့သို့ အသက်ပေါင်းများစွာကို ခြွေယူနေပြီး ကောင်းကင်ယံတွင် သွေးပန်းပွင့်များကို ဝေဆာစေခဲ့သည်။
ချင်းယွင်တပည့်များနှင့် ထျန်းယင်ကျောင်းတော်သားများမှာ မှင်တက်စွာ ကြည့်နေကြပြီး နတ်ဆိုးဂိုဏ်းသားများကို တားဆီးရန်ပင် မေ့လျော့နေကြ၏။
သို့သော် သူတို့ တားဆီးချင်လျှင်ပင် ဤဓားမိုးများကြားတွင် မဆင်မခြင် လှုပ်ရှားပါက သူတို့ကိုယ်တိုင်ပင် အရင် ဒဏ်ရာရသွားနိုင်ပေသည်။
နောက်ဆုံးတွင် အလောင်းပေါင်း တစ်ရာနီးပါးကို စတေးပြီးနောက် ခေါင်းဆောင်ကြီး လေးဦးနှင့် ချန်းစုန့် အပါအဝင် ကျွမ်းကျင်သူအနည်းငယ်မှာ အရှေ့ဘက်ခြမ်းမှ ထိုးဖောက် လွတ်မြောက်သွားကြလေသည်။
သူတို့အားလုံး ဒဏ်ရာရထားကြသော်လည်း နောက်ဆုံးတွင်တော့ အသက်ဘေးမှ လွတ်မြောက်သွားကြချေပြီ။
ကောင်းကင်ယံမှ ဓားမိုးများမှာလည်း တဖြည်းဖြည်း အားနည်းသွားကာ ရပ်တန့်သွားလေတော့သည်။
သွေးစက်များမှာ ဖြည်းညှင်းစွာ ကျဆင်းလာပြီး ထုံထျန်းတောင်ထိပ်ကို သွေးပင်လယ်တစ်ခုသဖွယ် ဖုံးလွှမ်းသွားစေခဲ့သည်။
ကောင်းကင်မှ ဓားများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တာအိုရွှမ်မှာလည်း ရေချီလင်နှင့်အတူ ဖြည်းညှင်းစွာ ပြန်လည် ဆင်းသက်လာလေသည်။
ထျန်းပုယီနှင့် အခြားသူများမှာ ထိုအချိန်မှ သတိဝင်လာကာ သူ့ကို ကြိုဆိုရန် အမြန်သွားကြ၏။
သို့သော် သူတို့ စကားပင် မပြောရသေးခင်မှာပင် တာအိုရွှမ်၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားကာ ထျန်းပုယီ၏ ရင်ခွင်ထဲသို့ လဲကျသွားပြီး သတိလစ်သွားလေတော့သည်။