အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း (၁၆၇) - အတိတ်မှ အပြစ် (၁)
လူတိုင်းမှာ တုန်လှုပ်သွားကြပြီး တာအိုရွှမ်အား ယွီချင်းခန်းမအတွင်းသို့ အလျင်အမြန်ပင် ခေါ်ဆောင်သွားကြလေ၏။
သို့သော် ယခုအချိန်တွင် ယွီချင်းခန်းမမှာ ပျက်စီးယိုယွင်းနေပြီဖြစ်ရာ မူလက ခန့်ညားထည်ဝါလှသော ဗိသုကာလက်ရာများမှာ ထက်ဝက်ခန့် ပြိုကျပျက်စီးနေပြီး နေရာအနှံ့တွင် ကျောက်တုံးကျောက်ခဲများနှင့် သစ်သားစများ ပြန့်ကျဲနေလေသည်။
ထျန်းပုယီနှင့် ကျန်ရှိသူများက စောင့်ဆိုင်းနေစဉ် တပည့်ငယ်များက နေရာတစ်ခုကို အလျင်အမြန် ရှင်းလင်းပေးကြပြီး ဘေးနားမှ ကုလားထိုင်တစ်လုံးကို ဆွဲယူကာ တာအိုရွှမ်အား ထိုင်စေလိုက်၏။
ဝန်းရံထားသော အကြီးအကဲ ခေါင်းဆောင်များမှာလည်း မိမိတို့ထံတွင်ရှိသော နတ်ဆေး သို့မဟုတ် မည်သည့်အဖိုးတန်ဆေးဝါးကိုမဆို တာအိုရွှမ်အား တိုက်ကျွေးရန် အလုအယက် ထုတ်ပေးနေကြလေသည်။
ခဏအကြာတွင် တာအိုရွှမ်၏ ခန္ဓာကိုယ်မှာ လှုပ်ရှားလာပြီး ညည်းတွားသံရှည်ကြီးတစ်ခုနှင့်အတူ ဖြည်းညင်းစွာ နိုးလာ၏။
တာအိုရွှမ်၏ မျက်နှာမှာ မည်သည့်သွေးရောင်မျှ မရှိတော့ဘဲ ဖြူဖျော့နေသည်ကို ထျန်းပုယီနှင့် ကျန်သူများ မြင်တွေ့လိုက်ရ၏။
အထူးသဖြင့် သူ၏ ဝမ်းဗိုက်ရှိ ဒဏ်ရာမှာ သွေးများ ခဲနေသော်လည်း မည်သည့်အချိန်ကမှန်းမသိဘဲ ပိုမိုကြီးထွားလာပြီး ဝတ်ရုံ၏ ရှေ့ဘက်အောက်ပိုင်း တစ်ခုလုံးနီးပါး သွေးများဖြင့် မည်းနက်နေလေရာ အားလုံးက စိုးရိမ်တကြီး ကြည့်နေကြတော့သည်။
တာအိုရွှမ်မှာ သူ၏ အသက်ဓာတ် အပြင်းအထန် ထိခိုက်သွားခဲ့သည်မှာ သိသာလှ၏။ သတိရလာပြီးနောက် စကားပင် မပြောနိုင်ရှာပေ။
ထျန်းပုယီက သူခက်ခက်ခဲခဲး ဖော်စပ်ထားသော တာ့ဟွမ်တန် သုံးလုံးကို အလျင်အမြန် တိုက်ကျွေးလိုက်၏။ ခဏအကြာတွင် ဆေးအာနိသင် ပြလာပြီး တာအိုရွှမ်၏ မျက်နှာမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာလေသည်။
ထိုအချိန်တွင် တပည့်များလည်း စုရုံးရောက်ရှိလာကြရာ လင်းကျင်းယွီ၊ ကျန်းရှောင်ဖန်း၊ လုရွှယ်ချီနှင့် ကျန်သူများလည်း အပြေးအလွှား ရောက်ရှိလာလေသည်။
ဂိုဏ်းချုပ်၏ ဒဏ်ရာမှာ အလွန်ပြင်းထန်လှကြောင်း မြင်တွေ့ရချိန်တွင် သူတို့၏ မျက်နှာများ ဖြူဖျော့သွားကြ၏။
ခဏအကြာတွင် စုန့်တာ့ရန်၊ ချီဟောင်နှင့် ကျန်သူများလည်း အပြေးအလွှား ပြန်ရောက်လာကြလေသည်။
တာအိုရွှမ်မှာ ခွန်အားအနည်းငယ် ပြန်လည်ရရှိလာပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ ထျန်းပုယီနှင့် ကျန်သူများမှာ သူ့အား စိုးရိမ်တကြီး ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ သူက အားယူကာ ပြုံးပြလိုက်ပြီး ပြောလိုက်၏။
“ကျုပ် တောင့်ခံနိုင်ပါသေးတယ်... စိုးရိမ်မနေကြပါနဲ့။”
ထိုအခါမှ ထျန်းပုယီနှင့် ကျန်သူများ စိတ်သက်သာရာ ရသွားကြတော့၏။ သူတို့ထဲမှ တစ်ယောက်မှာ ဒဏ္ဍာရီလာ ရှေးဟောင်းကျူးရှန်းဓားကို မြင်တွေ့ခဲ့ရသည်ကို သတိရသွားသော်လည်း ထိုဓားမှာ တာအိုရွှမ်၏ လက်ထဲတွင်လည်း မရှိသလို ဘယ်နေရာမှာမှလည်း ရှာမတွေ့ပေ။
ယွီချင်းခန်းမ အပြင်ဘက်ရှိ ရေချီလင်မှာလည်း ရေကန်သို့ ပြန်မသွားဘဲ ထိုနေရာတွင် ဝပ်နေလေသည်။ ရှေးဟောင်းကျူးရှန်းဓားကိုလည်း ရေချီလင် အနီးအနားတွင် မတွေ့ရပေ။
တာအိုရွှမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ၏ ဘေးနားတွင် ရပ်နေသော ချင်းယွင်ဂိုဏ်း တပည့်များမှာ ထက်ဝက်ကျော်ခန့် မရှိတော့သည်ကို သတိပြုမိသွားပြီး မျက်နှာပျက်သွားတော့၏။ သူက အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“ကျုပ် ထွက်သွားပြီးနောက်... ဒီမှာ... ဒီမှာ အသေအပျောက် ဘယ်လောက်တောင် ရှိသွားတာလဲ။”
သူနှင့် အနီးဆုံးတွင် ရှိနေသော ထျန်းပုယီမှာ ခဏတာ တွေဝေသွားပြီး တိုးတိုးလေး ပြောလိုက်၏။
“ဂိုဏ်းချုပ်စီနီယာအစ်ကို... အစ်ကိုကြီးရဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်...”
တာအိုရွှမ်က သူ၏စကားကို ဖြတ်ပြောလိုက်၏။
“မြန်မြန်ပြောစမ်း”
ထျန်းပုယီက ခဏမျှ တိတ်သွားပြီး ပတ်ဝန်းကျင်ကို တစ်ချက်ပြန်ကြည့်လိုက်၏။ တစ်စုံတစ်ခုကို အတည်ပြုရန် လိုအပ်သကဲ့သို့ လုပ်ဆောင်ပြီးမှ တာအိုရွှမ်အား အသေအပျောက် စာရင်းကို ပြောပြလိုက်တော့သည်။
ဤတိုက်ပွဲတွင် ချင်းယွင်ဂိုဏ်းမှာ အမှန်တကယ်ပင် အကျအဆုံး များပြားလှ၏။ နတ်ဆိုးဂိုဏ်းများ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် အကြီးအကဲ ၂၅ ဦးအနက် ၁၄ ဦး အသတ်ခံခဲ့ရပြီး လေးငါးဦးမှာ ဒဏ်ရာအပြင်းအထန်း ရရှိခဲ့သည်။
တောင်ထိပ်ခုနစ်ခု၏ ခေါင်းဆောင်များထဲတွင် ဂိုဏ်းချုပ် တာအိုရွှမ်နှင့် သစ္စာဖောက် လုံရှို့တောင်ထိပ်မှ ချန်းစုန့်တို့မှအပ ရှန်ကျန်းလျန်နှင့် ထျန်းယွင်တို့မှာ အသတ်ခံလိုက်ရလေသည်။
ထျန်းပုယီနှင့် ဖုန့်ဟွေ့တောင်ထိပ်ခေါင်းဆောင် ကျန်းရှူချန်တို့သာ ကျန်ရစ်တော့သော်လည်း သူတို့မှာလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပြီး ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများများဖြင့် ဖြည့်နှက်နေလေသည်။
ရှောင်ကျူးတောင်ထိပ်မှ ရွှေယွဲ့ တစ်ဦးတည်းသာ ထျန်းယွင်ကျောင်းတော်မှ ဖူဟုန်နှင့် ကျန်သူများကို လိုက်ပါပို့ဆောင်ပေးရသောကြောင့် တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ပေ။
တာအိုရွှမ်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ပြန်လည်မတ်တပ်ရပ်ရန်ပင် ခက်ခဲသွားတော့၏။ ချင်းယွင်ဂိုဏ်းက ယခင်က ဂုဏ်ယူခဲ့ရသော အင်အားစုများမှာ ဤတိုက်ပွဲတွင် ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့ရလေပြီ။
ထျန်းပုယီက မျက်နှာတွင် ခံရခက်သော နာကျင်မှုများနှင့်အတူ တိုးတိုးလေး ပြောလိုက်၏။
“ဂိုဏ်းချုပ်စီနီယာအစ်ကို... ဒီလို သွေးကြွေးမျိုးကို ကျုပ်တို့ မဖြစ်မနေ လက်စားချေရမှာပါ။ ဒါပေမဲ့ အခုချိန်မှာ အစ်ကိုကြီးရဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။ အလွန်အမင်း ဝမ်းမနည်းပါနဲ့။”
တာအိုရွှမ်က သက်ပြင်းတစ်ချက်ချကာ မျက်လုံးများကို မှိတ်လိုက်ပြီး ဆို၏။
“ငါ... တာအိုရွှမ်ဟာ ချင်းယွင်ဂိုဏ်းရဲ့ မျိုးဆက်အဆက်ဆက် ဘိုးဘေးတွေကို မျက်နှာပျက်စေခဲ့ပြီ။”
သူ၏ အသံမှာ ပြောမပြနိုင်သော နာကျင်မှုများဖြင့် အက်ရှနေလေရာ နားထောင်နေကြသော လူအုပ်ကြီးမှာ ခဏတာ တိတ်ဆိတ်သွားကြ၏။
ထိုစဉ် သူတို့ဘေးနားရှိ အပျက်အစီးများပေါ်မှ သစ်သားတုံးတစ်တုံးမှာ ရုတ်တရက် ဝုန်းခနဲ ပြုတ်ကျသွားပြီး အပျက်အစီးများ ထောင့်တစ်နေရာမှ လူတစ်ယောက် ခေါင်းပြူထွက်လာလေသည်။
အားလုံးမှာ လန့်သွားကြပြီး သေချာကြည့်လိုက်သောအခါ ဆွံ့အသွားကြတော့၏။ ထိုသူမှာ နှစ်ပေါင်းများစွာ ရူးသွပ်နေခဲ့သော ဦးလေးဝမ်ပင် ဖြစ်လေသည်။
ကမ္ဘာပျက်မတတ် တိုက်ပွဲကြီးအတွင်း သူသည် မည်သည့်အချိန်က ဤယွီချင်းခန်းမအတွင်းသို့ ပြေးဝင်လာပြီး မည်သည့်နေရာတွင် ပုန်းနေခဲ့သည်ကို မသိရဘဲ ယခုအချိန်မှသာ တွားသွားပြီး ထွက်လာခြင်းဖြစ်သည်
သူ၏ တစ်ကိုယ်လုံးတွင် ဖုန်မှုန့်များ ပေကျံနေပြီး ဆံပင်များမှာလည်း ဖြူဖျော့ကာ မျက်နှာမှာလည်း ညိုမည်းနေသော်လည်း သူ၏ အမူအရာမှာ ကြောက်ရွံ့နေပုံမရဘဲ ထုံအအဖြင့် ပြုံးနေလေသည်။
ဘေးနားတွင် ရပ်နေကြသော ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့မှာ တစ်ပြိုင်နက်တည်း လျှောက်သွားကြ၏။ မည်သို့ပင်ဖြစ်စေ သူတို့နှင့် ဦးလေးဝမ်အကြား ဆက်ဆံရေးမှာ သာမန်မျှသာ မဟုတ်ပေ။
လင်းကျင်းယွီက သူ့အား ဆွဲယူကာ စစ်ဆေးကြည့်လိုက်ရာ ကိုယ်ပေါ်တွင် ခြစ်ရာအနည်းငယ်မှအပ တစ်စုံတစ်ရာ ထိခိုက်မှု မရှိသည်ကို တွေ့လိုက်ရသည်။
ဤမျှ ကံကောင်းမှုမျိုးမှာ သူ့ထက် အဆပေါင်းရာချီ ကျွမ်းကျင်မှုရှိသော ချင်းယွင်တပည့်များစွာထက်ပင် သာလွန်နေပေသည်။
သူတို့နှစ်ဦးလုံးမှာ သက်ပြင်းရှည်ကြီးများ ချလိုက်ကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများထဲတွင် ဤမျှ ကံကောင်းမှုအတွက် ဝမ်းသာသည့် အရိပ်အယောင်များ ပါဝင်နေလေသည်။
ကျန်းရှောင်ဖန်း၏ စိတ်အခြေအနေမှာ ယခုမှသာ အနည်းငယ် ပုံမှန်ပြန်ဖြစ်လာသကဲ့သို့ပင်။
ချန်းစုန့် ထွက်ခွာသွားခြင်းနှင့် အထူးသဖြင့် တောင်ကုန်းနောက်ဘက်တွင် နတ်ဆိုးဂိုဏ်းမှ လူနှင့် အနီးကပ် တိုက်ခိုက်ခဲ့ရသော ဒေါသများမှာ ဖြည်းဖြည်းချင်း အေးချမ်းသွားပြီ ဖြစ်သည်။
ဤအကြောင်းကို တွေးတောမိချိန်တွင် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်မိ၏။
သူ၏ ရက်စက်ကြမ်းကြုတ်သော အမူအရာကို မြင်တွေ့ခဲ့ရသည့် လုရွှယ်ချီမှာ ယခုအချိန်တွင် ရေပြင်ကဲ့သို့ ငြိမ်သက်နေပြီး တိတ်ဆိတ်စွာ ရပ်နေလေသည်။ သူမ ဘာတွေတွေးနေသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
နတ်ဆိုးဂိုဏ်း လူအုပ်ကြီးမှာ သွေးချောင်းစီးသော လမ်းကြောင်းတစ်ခုကို အသက်စွန့်ကာ ဖောက်ထွက်ခဲ့ကြပြီး တာအိုရွှမ်၏ ကျူးရှန်းဓားအစီအရင်ကို ဖောက်ထွက်ကာ ထုံထျန်းတောင်ထိပ်မှ ထွက်ပြေးသွားကြပြီ ဖြစ်သည်။
ချင်းယွင်တောင်ခြေတွင် သရဲဘုရင်က ပထမဆုံး တည်ငြိမ်လာပြီး ပျာပျာသလဲ ဖြစ်နေသော လူအုပ်ကြီးကို ထပ်ခါတလဲလဲ အော်ဟစ်ကာ တားဆီးလိုက်သည်။
ထိပ်သီးခေါင်းဆောင် လေးဦးမှာ သူတို့၏ လူစာရင်းကို စစ်ဆေးကြည့်လိုက်ပြီး ခဏအကြာတွင် သရဲဘုရင်၊ အဆိပ်နတ်ဘုရား၊ ယွီယန်ဇီနှင့် ဆန်းမြောင်သခင်မတို့မှာ စုရုံးကာ တစ်ဦးကိုတစ်ဦး စကားမဆိုဘဲ ကြည့်နေကြတော့၏။
ချင်းယွင်ဂိုဏ်းမှာ အထိနာခဲ့သလို နတ်ဆိုးဂိုဏ်းမှာလည်း ပိုကောင်းမနေပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက နတ်ဆိုးဂိုဏ်း အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဤနှစ်များအတွင်း နတ်ဆိုးဂိုဏ်းတပည့်များမှာ မိမိတို့ဂိုဏ်းကို ပြန်လည်ကြီးပွားအောင် အစွမ်းကုန် ကြိုးစားခဲ့ကြရသည်။
ယနေ့အချိန်တွင် နတ်ဆိုးဂိုဏ်း၏ အဓိကအဖွဲ့ခွဲ လေးခုပေါင်း၏ အင်အားမှာ မဟာမိတ်ဂိုဏ်းကြီး သုံးခုအနက် မည်သည့်ဂိုဏ်းထက်မဆို သာလွန်နေပြီ ဖြစ်သည်။
မမျှော်လင့်ဘဲ ယနေ့တိုက်ပွဲတွင် တာအိုရွှမ်၏ ကျူးရှန်းဓားအစီအရင် အသုံးမပြုမီ ယွီချင်းခန်းမအတွင်း တိုက်ပွဲ၌ပင် ချင်းယွင်ဂိုဏ်း အကြီးအကဲများနှင့်အတူ သေကျေခဲ့သူ အများအပြား ရှိခဲ့ပြီး နောက်ပိုင်းတွင် ကျူးရှန်းဓားအစီအရင်အောက်တွင် သေဆုံးသူ ဆယ်ဂဏန်းကျော် ရှိခဲ့လေသည်။ ဂိုဏ်းကြီးလေးခုလုံးမှာ တပည့်များစွာ ဆုံးရှုံးခဲ့ရပြီး အထိနာခဲ့ကြလေသည်။
ယခုအချိန်တွင် ချန်းစုန့်မှာ သူ၏ ထူးခြားသော အဆင့်အတန်းကြောင့် သူတို့နှင့်အတူ လာရောက်ရပ်နေပြီ ဖြစ်သည်။
ယွီယန်ဇီမှာ မာနကြီးသူ ဖြစ်သည့်အလျောက် မိမိဂိုဏ်း၏ အကျအဆုံးများအတွက် ဒေါသထွက်နေပြီး သူ့အား အေးစက်စွာ စိုက်ကြည့်ကာ လှည့်ထွက်သွားတော့၏။
ချန်းစုန့်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသော်လည်း ပါးနပ်ပြီး သည်းခံနိုင်စွမ်းရှိသော သရဲဘုရင်က ရယ်မောလိုက်သည်ယ
“ချန်းစုန့်... ခင်ဗျားတို့ရဲ့ ချင်းယွင်ဂိုဏ်းက အင်အားကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ဒီကျူးရှန်းဓားအစီအရင်က နတ်ဘုရားတွေ၊ သရဲတစ္ဆေတွေတောင် မခန့်မှန်းနိုင်တဲ့ စွမ်းအားရှိတာပဲ။ အံ့မခန်းပါပဲ... အံ့မခန်းပါပဲ။”
ချန်းစုန့်က ခေါင်းယမ်းလိုက်ပြီး သရဲဘုရင်အား ပြောလိုက်၏။
“သရဲဘုရင် ဂိုဏ်းချုပ်... ခင်ဗျား မသိသေးဘူး ထင်တယ်၊ ခုနက ကျူးရှန်းဓားအစီအရင်ဟာ သူ့ရဲ့ စွမ်းအား တစ်ဝက်လောက်ကိုပဲ ပြနိုင်သေးတာပါ။”
“ဘာ...”
ဘေးတွင် ရပ်နေသော ဆန်းမြောင်သခင်မက အာမေဍိတ်သံ ထွက်လာ၏။ ချန်းစုန့်က သူမအား တစ်ချက်ကြည့်လိုက်ရာ ရုတ်တရက် စိတ်အာရုံ ထွေပြားသွားတော့သည်။
ထိုလှပသော မိန်းကလေး၏ နှင်းကဲ့သို့ ဖြူစင်သော အသားအရေကိုသာ သူ မြင်ယောင်နေမိ၏။
ရှေ့က တိုက်ပွဲတွင်မူ သူမ၏ ရက်စက်သော တိုက်ခိုက်မှုများကိုသာ မြင်တွေ့ခဲ့ရသော်လည်း ယခုအချိန်တွင် သူမ၏ အေးစက်သော အမူအရာအောက်၌ ညှို့ယူဖမ်းစားနိုင်သော မိန်းမပျိုလေး၏ အလှတရားများ ရှိနေသည်ကို သတိပြုမိသွားပြီး ခဏတာ ငေးကြည့်နေမိတော့သည်။