← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈) - အတိတ်မှ အပြစ် (၂)

“အဟမ်း...အဟမ်း...”

ဘေးတွင် ရပ်နေသော အဆိပ်နတ်ဘုရားက နှစ်ချက်ခန့် ချောင်းဟန့်ကာ သတိပေးလိုက်ရသည်။

ချန်းစုန့်မှာ နှစ်ပေါင်းများစွာ ကျင့်ကြံလာသူ ဖြစ်သည့်အလျောက် ချက်ချင်းပင် သတိပြန်ဝင်လာပြီး ဟယ်ဟွမ်ဂိုဏ်းခေါင်းဆောင် ဆန်းမြောင်သခင်မမှာ မသိမသာ ညှို့ယူနိုင်သော စွမ်းရည်ရှိကြောင်း သဘောပေါက်သွား၏။ သူမအား သာမန် အလှပဂေးများနှင့် မနှိုင်းယှဉ်သင့်ပေ။

သူက ဆန်းမြောင်သခင်မအား ဆက်မကြည့်ရဲတော့ဘဲ တဖက်သို့လှည့်ကာ ပြောလိုက်ရသည်။

“ကျူးရှန်းဓားအစီအရင်ရဲ့ စွမ်းအားအပြည့်ကို ကျုပ် မမြင်ဖူးပေမဲ့ ချင်းယွင်ဂိုဏ်းရဲ့ ရှေးဟောင်းမှတ်တမ်းတွေအရတော့... ဘိုးဘေးကြီးချင်းယဲ့ရဲ့ အထွတ်အထိပ် ကာလမှာ နတ်ဆိုး... အဟမ်း... မြင့်မြတ်တဲ့ဂိုဏ်းနဲ့ တိုက်ခိုက်တုန်းက ကျူးရှန်းဓားအစီအရင်ကို အသုံးပြုခဲ့ဖူးတယ်”

“ကောင်းကင်ယံမှာ ရှိနေတဲ့ ခုနစ်ရောင်ခြယ် ဓားကြီးအပြင် တခြား ခြောက်ရောင်ခြယ် ချီဓားတွေဟာလည်း တောင်ထိပ်ခြောက်ခုရဲ့ တည်နေရာတွေအတိုင်း တိတိကျကျ တည်ရှိနေပြီး အကာအကွယ်ကလည်း အရမ်းကျယ်ပြန့်တယ်”

“ချင်းယွင် တောင်ထိပ်ခုနစ်ခုလုံးကို ဝန်းရံထားပြီး မိုးရွာသလို ကျလာတဲ့ ဓားတွေက အခုကျုပ်တို့ ခုခံခဲ့တာထက် အဆပေါင်းများစွာ ပိုစွမ်းအားကြီးတယ်။”

သရဲဘုရင်မှာ ခဏတာ တိတ်ဆိတ်သွားပြီး သက်ပြင်းရှည်ကြီး ချလိုက်ကာ ပြောလိုက်သည်။

“ဒီဘိုးဘေးချင်းယဲ့ ဆိုတဲ့ လူက တကယ့်ကို ကြောက်စရာကောင်းတာပဲ။”

အဆိပ်နတ်ဘုရားက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဒါဆို ကျူးရှန်းဓားအစီအရင်ရဲ့ စွမ်းအားက ဒီလောက်တောင် ကြီးမားနေရင် ကျုပ်တို့တစ်သက်မှာ ဒါကို ဖျက်ဆီးနိုင်မှာ မဟုတ်တော့ဘူးပေါ့”

သရဲဘုရင်က ခေါင်းယမ်းလိုက်ပြီး ပြုံးလျက် ဆို၏။

“ကျုပ်တော့ အဲဒီလို မထင်ဘူး။”

အဆိပ်နတ်ဘုရားနှင့် ကျန်သူများက သူ့ကို ကြည့်လိုက်ပြီး မေးလိုက်ကြသည်။

“ဘာဖြစ်လို့လဲ... ​တာအိုရောင်းရင်းသရဲဘုရင်... ခင်ဗျားမှာ ဘာအတွေးရှိလို့လဲ။”

သရဲဘုရင်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ဒီနေ့ တိုက်ပွဲကို ကြည့်ရသလောက်တော့ တစ်ဖက်မှာ တာအိုရွှမ်က ရှေးဟောင်းကျူးရှန်းဓားကို ထိန်းချုပ်ပြီး အစီအရင်ကို ဖွင့်နိုင်ခဲ့ပေမဲ့ သူ အတင်းအကျပ် လုပ်နေရတာ သိသာတယ်”

“ဒါကြောင့် ကျူးရှန်းဓားအစီအရင်ရဲ့ စွမ်းအားက လျော့နည်းနေတာ။ ဒုတိယအချက်ကတော့ ဒီအစီအရင်ရဲ့ စွမ်းအားက အရမ်းကြီးလွန်းလို့ အသက်ဓာတ်နဲ့ ချီစွမ်းအင်တွေကို အမြောက်အမြား သုံးစွဲရတယ်”

“ဒါကို ပေါ့ပေါ့တန်တန် တွေးလို့မရဘူး။ ကျုပ် သေချာပေါက် ပြောရဲတာကတော့ တာအိုရွှမ်ဟာ အခု ဒဏ်ရာဟောင်းတွေ ပြန်ပေါ်နေပြီ၊ သူ မသေသေးဘူးဆိုရင်တောင် တစ်ဝက်သေနေပြီပဲ။”

“မှန်တယ်...”

ဤစကားကို အဆိပ်နတ်ဘုရားတို့က ပြောခြင်းမဟုတ်ဘဲ ပြန်လျှောက်လာသော ယွီယန်ဇီက ပြောလိုက်ခြင်း ဖြစ်၏။ သူက ထိုစကားကို ကြားပြီးနောက် မပြောဘဲ မနေနိုင်တော့ပေ။

အဆိပ်နတ်ဘုရားက သရဲဘုရင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာပျက်သွားကာ မေးလိုက်၏။

“သရဲဘုရင်... ခင်ဗျား စဉ်းစားနေတာက...”

သရဲဘုရင်က စကားဖြတ်ပြောလိုက်သည်။

“မှန်တယ်... ကျုပ် ချင်းယွင်ကို ပြန်သွားဖို့ စဉ်းစားနေတာ။ အခုအချိန်ဟာ ချင်းယဲ့ခေတ်ကစလို့ နှစ်ပေါင်းတစ်ထောင်အတွင်း ချင်းယွင်ဂိုဏ်းရဲ့ အားအနည်းဆုံး အချိန်ပဲ”

“ဒီအခွင့်အရေးကို သုံးပြီး ကျုပ်တို့ရဲ့ ရင်ထဲက အပူကို မရှင်းထုတ်နိုင်ရင် ဘယ်တော့မှ ရှင်းနိုင်တော့မှာလဲ။ နောက်ပြီး ချင်းယွင်ဂိုဏ်းဟာ ကျုပ်တို့ သေတွင်းက လွတ်လာပြီးမှ ပြန်တိုက်လိမ့်မယ်လို့ ဘယ်တော့မှ ထင်ထားမှာမဟုတ်ဘူး”

“ဒီလို မမျှော်လင့်ထားတဲ့ အချိန်မှာ တိုက်ခိုက်ရင် ကျုပ်တို့ သေချာပေါက် အနိုင်ရလိမ့်မယ်။”

ပတ်ဝန်းကျင်ရှိ နတ်ဆိုးဂိုဏ်းသားများမှာ ရုတ်တရက် ဆွံ့အသွားကြပြီး မျက်နှာများ ပျက်သွားကြသည်။

အတွေ့အကြုံများစွာရှိသော မြေခွေးအိုကြီး အဆိပ်နတ်ဘုရားပင်လျှင် သရဲဘုရင်၏ စကားကြောင့် မှင်တက်သွားရလေသည်။

သရဲဘုရင်က ပတ်ဝန်းကျင်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“ဒီနေ့ဟာ ကျုပ်တို့ရဲ့ မြင့်မြတ်တဲ့ဂိုဏ်းရဲ့ နှစ်ပေါင်းတစ်ရာစာ အရှက်ရမှုကို ဆေးကြောဖို့ အကောင်းဆုံး အခွင့်အရေးပဲ”

“အားလုံးဟာ ကျုပ်နဲ့အတူ မြေအောက်မယ်တော်နဲ့ ကောင်းကင်ဧကရာဇ်ရဲလရှေ့မှာ သစ္စာဆိုထားကြတာပဲ၊ ဘာလို့ အစွမ်းကုန် မတိုက်ထုတ်နိုင်ရမှာလဲ။”

နတ်ဆိုးဂိုဏ်းသားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

သူတို့မှာ သူရဲဘောကြောင်သူများ မဟုတ်သော်လည်း ခုနလေးတင်မှ ချင်းယွင်တောင်ပေါ်မှ အသက်လု ထွက်ပြေးလာရခြင်း ဖြစ်ရာ ချက်ချင်း ပြန်တက်တိုက်ရန်မှာ မလွယ်ကူပေ။

သရဲဘုရင်၏ ဤသတ္တိနှင့် ဗျူဟာမှာ သေခြင်းတရားကို လျစ်လျူရှုလွန်းရာ ရောက်နေသဖြင့် လူများလက်ခံရန် ခက်ခဲနေလေသည်။

အချိန်အတော်ကြာသည်အထိ မည်သူမျှ စကားမဆိုကြပေ။

သရဲဘုရင်၏ မျက်နှာမှာ ဖြည်းည်းချင်း ပျက်ယွင်းလာပြီး နောက်ဆုံးတွင် ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။

“ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို... ခင်ဗျားတို့ကတော့... အား…”

ပြောပြီးနောက် သူက အကြီးအကျယ် စိတ်ပျက်သွားဟန်ဖြင့် သူ၏ ဂိုဏ်းသားများရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားတော့သည်။

ချင်းလုံ၊ ယိုကျီနှင့် ကျန်သူများက သူ့အား လာရောက်ဆီးကြိုကြ၏။ ချင်းလုံက တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်သော်လည်း သရဲဘုရင်က ခါးသီးစွာ ပြုံးလိုက်သည်။

“ဗျူဟာအကြောင်း ဆွေးနွေးဖို့ မတန်တဲ့သူတွေ... တကယ်ကို ဗျူဟာအကြောင်း ဆွေးနွေးဖို့ မတန်တဲ့သူတွေပဲ”

“ထားလိုက်ပါတော့... နောက်မှ ဆွေးနွေးကြတာပေါ့။ ဒီနေ့တော့ ဒီမှာတင် ရပ်လိုက်ရအောင်၊ ပြန်ကြစို့... အဟမ်း... ပိယောင်ရော”

ထိုစကားကို ကြားလိုက်ရချိန်တွင် ချင်းလုံနှင့် ယိုကျီတို့ နှစ်ဦးစလုံး တုန်လှုပ်သွားကြသည်။

ယိုကျီမှာ မျက်နှာကို ပုဝါနက်ဖြင့် ဖုံးအုပ်ထားသော်လည်း သူမ၏ အသံကို ကြားရုံဖြင့် အလွန်အံ့အားသင့်နေကြောင်း သိသာလှ၏။ သူမက ရေရွတ်လိုက်သည်။

“ကျွန်မတို့ ယွီချင်းခန်းမမှာ ချင်းယွင်ဂိုဏ်းနဲ့ တိုက်နေတုန်းက ပိယောင်က ရှင့်ကို အရင်သွားရှာမယ်လို့ ပြောခဲ့တာပဲ... မဟုတ်မှလွဲရော...”

သရဲဘုရင်၏ မျက်နှာမှာ အကြီးအကျယ် ပျက်သွားပြီး အရေးတကြီး မေးလိုက်သည်။

“ကျုပ် တောင်ပေါ်တက်သွားကတည်းက သူမကို မတွေ့ခဲ့ဘူး။”

ချင်းလုံက အလန့်တကြား ပြောလိုက်၏။

“သူမ ချင်းယွင်တောင်ပေါ်မှာ ကျန်နေခဲ့တာများလား”

သရဲဘုရင်၏ နဖူးတွင် ချွေးစေများ ချက်ချင်း ထွက်လာတော့၏။ သူက ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီး ဆို၏။

“ယောင်အာဟာ ငါ့ရဲ့ သွေးသားရင်းချာပဲ၊ ငါ သူမကို ဘယ်တော့မှ ပစ်မထားဘူး။ ငါ အခုပဲ ချင်းယွင်တောင်ပေါ် ပြန်တက်မယ်။”

ချင်းလုံက အရေးတကြီး တားလိုက်၏။

“ဂိုဏ်းချုပ်... ဒါ... ဒါက လုံးဝ မဖြစ်သင့်ဘူး... ဒါက တကယ့်ကို...”

သရဲဘုရင်၏ မျက်လုံးများက တောက်ပသွားပြီး ခဏအတွင်း အတွေးပေါင်းများစွာ ဖြတ်ပြေးသွား၏။ သူက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အဆိပ်နတ်ဘုရားနှင့် ကျန်ရှိသော နတ်ဆိုးဂိုဏ်းသားများကို ကျယ်လောင်စွာ ပြောလိုက်၏။

“အားလုံးပဲ... ကျုပ် ဆုံးဖြတ်ချက် ချလိုက်ပြီ။ ကျုပ်တို့ မြင့်မြတ်တဲ့ဂိုဏ်းရဲ့ နှစ်ပေါင်းတစ်ရာစာ အရှက်ရမှုကို ဆေးကြောဖို့အတွက် ကျုပ် သရဲဘုရင်ဟာ ခန္ဓာကိုယ် မြေစာပင်ဖြစ်ပြီး အရိုးတွေ မှုန့်မှုန့်ညက်ညက် ကြေမွသွားပါစေ... မြေအောက်မယ်တော်နဲ့ ကောင်းကင်ဧကရာဇ် မျက်နှာမပျက်စေရဘူး”

“အခု ချင်းယွင်ဂိုဏ်းမှာ အများစုဟာ သေတဲ့သူကသေ ဒဏ်ရာရတဲ့သူကရကုန်ကြပြီ၊ နောက်ပြီး တာအိုရွှမ်ကလည်း ဒဏ်ရာပြင်းထန်လို့ သေလုမျောပါး ဖြစ်နေတာ... သူ ကျူးရှန်းဓားအစီအရင်ကို ဘယ်လိုမှ မဖွင့်နိုင်တော့ဘူး”

“ကျုပ် အခု ပြန်တက်တိုက်မယ်၊ အောင်မြင်ခဲ့ရင် ဒါဟာ မြေအောက်မယ်တော်နဲ့ ကောင်းကင်ဧကရာဇ်ရဲ့ ကောင်းချီးပဲ။ အင်အားချင်း မမျှလို့ ကျုပ် ချင်းယွင်တောင်ပေါ်မှာ သေခဲ့ရင်တောင် နောင်တစ်ချိန် ဝိညာဉ်လောကမှာ မြေအောက်မယ်တော်နဲ့ ကောင်းကင်ဧကရာဇ်ကို သွားတွေ့တဲ့အခါ ကျုပ်မှာ ရှက်စရာမရှိဘူး။”

ပြောပြီးနောက် သရဲဘုရင်မှာ လူအုပ်ကြီးကို တစ်ချက်မျှ ပြန်မကြည့်တော့ဘဲ ရှေ့ဆုံးမှနေ၍ ချင်းယွင်တောင် ရှိရာသို့ ပျံသန်းသွားတော့သည်။

ချင်းလုံနှင့် ယိုကျီတို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ချက်ချင်းပင် နောက်မှ လိုက်သွားကြလေသည်။

ထို့နောက် သရဲဘုရင်ဂိုဏ်းသားများမှာလည်း စကားတစ်ခွန်းမှ မဆိုဘဲ နောက်မှ လိုက်သွားကြရာ မှင်တက်ကျန်ရစ်ခဲ့သော အဆိပ်နတ်ဘုရားနှင့် ကျန်ရှိသည့် နတ်ဆိုးဂိုဏ်းသားများမှာ ရုပ်သေးရုပ်များကဲ့သို့ ကြောင်အအဖြင့် ကျန်ရစ်ခဲ့လေသည်။

အချိန်အတော်ကြာမှ အဆိပ်နတ်ဘုရားနှင့် ကျန်သူများ သတိဝင်လာသော်လည်း စကားပင် မပြောရသေးမီ သူတို့နောက်ရှိ နတ်ဆိုးဂိုဏ်းသားများထံမှ ဆူညံသံများ ထွက်ပေါ်လာလေသည်။

အဆိပ်နတ်ဘုရားနှင့် ကျန်သူများမှာ ရင်ထဲတွင် ညည်းတွားလိုက်မိပြီး လှည့်ကြည့်လိုက်ရာ ဂိုဏ်းအသီးသီးမှ တပည့်များ၏ မျက်နှာတွင် မကျေနပ်မှုနှင့် စိတ်အားထက်သန်မှု အရိပ်အယောင်များ တွေ့လိုက်ရလေသည်။

ချင်းယွင်ဂိုဏ်း ထုံထျန်းတောင်ထိပ်တွင်မူ ယခုအချိန်၌ လေးလံသော စိတ်ခံစားချက်များ လွှမ်းမိုးနေပြီး လူအုပ်ကြီးမှာ တာအိုရွှမ်ကို ဝန်းရံကာ နှစ်သိမ့်ပေးနေကြ၏။

လင်းကျင်းယွီနှင့် ကျန်းရှောင်ဖန်းတို့မှာ ဘေးတွင် ရပ်နေပြီး ဦးလေးဝမ်၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြန်လုပ်ပေးကာ ဖုန်မှုန့်များကို ခါပေးနေကြလေသည်။

ဦးလေးဝမ်မှာ သူတို့နှစ်ဦးကို မှတ်မိဟန်ရှိပြီး ငြိမ်သက်စွာ ရပ်နေကာ သူတို့လုပ်သမျှကို ခံယူနေ၏။ သူ၏ မျက်လုံးများကမူ အပြင်ဘက်ရှိ ရေချီလင်ကိုသာ ကြည့်ပြီး ထုံအအဖြင့် ပြုံးနေလေသည်။

ကျန်းရှောင်ဖန်းက သူ့ကိုကြည့်ကာ ရင်ထဲတွင် နာကျင်နေပြီး အတိတ်ကို ပြန်လည်အမှတ်ရကာ သက်ပြင်းရှည်ကြီး ချလိုက်မိ၏။

လင်းကျင်းယွီကလည်း ထိုသက်ပြင်းသံကို ကြားလိုက်ရရာ စိတ်နှလုံး ထိခိုက်သွားပြီး ကျန်းရှောင်ဖန်း၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

သူတို့နှစ်ဦးလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ အပြန်အလှန် ဝမ်းနည်းမှုကို မြင်တွေ့နေရပြီး ခဏတာ စကားမဆိုနိုင်ကြပေ။

ထိုစဉ်သခင်မ ရွှေယွဲ့ လိုက်ပါပို့ဆောင်ပေးခဲ့သော ဆရာတော်ဖူဟုန်နှင့် ကျန်သူများလည်း ပြန်လည်ရောက်ရှိလာကြလေသည်။

ဆရာတော်ဖူဟုန်၏ မျက်နှာကို ကြည့်ရသည်မှာ စောစောကထက် များစွာ ကောင်းမွန်လာပုံရ၏။ ကျိုးယီ၏ တိုက်ခိုက်မှုမှာ ပြင်းထန်သော်လည်း ဆရာတော်ဖူဟုန်၏ ဗြဟ္မာ့ဉာဏ်တော်နှင့် ယှဉ်လျှင်မူ များစွာ နိမ့်ပါးလှလေသည်။

ထိုအချိန်အတွင်း ဆရာတော်ဖူဟုန်မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသော ထူးဆန်းသော စွမ်းအင်များကို အများစု ချေဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။

သို့သော် ဆရာတော်ဖူဟုန်မှာ အားနည်းနေဆဲ ဖြစ်ရာ ဘေးမှလူတစ်ယောက်က ကုလားထိုင်တစ်လုံး ဆွဲယူပေးလိုက်ပြီး ဖာရှန်းနှင့် ဖူခုံးတို့၏ ကူညီမှုဖြင့် တာအိုရွှမ်၏ ဘေးတွင် ထိုင်လိုက်လေသည်။

ဆရာတော်ဖူဟုန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

သို့သော် သူ မြင်တွေ့ရသည်မှာ သွေးချောင်းစီးနေသော အလောင်းများနှင့် ပျက်စီးနေသော ခန်းမဆောင်သာ ဖြစ်သဖြင့် သက်ပြင်းရှည်ကြီး ချလိုက်ကာ လက်အုပ်ချီလိုက်သည်။

“အမိတ္တဘ...”

တာအိုရွှမ်က ဆရာတော်ဖူဟုန်ကို ကြည့်ပြီး ခေါင်းညိတ်ပြကာ ခါးသီးစွာ ပြုံးလျက် မေးလိုက်၏။

“ဆရာတော်ရဲ့ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ။”

ဆရာတော်ဖူဟုန်က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဒီဘုန်းကြီးကတော့ မသေသေးပါဘူး... ဒါပေမဲ့ ဂိုဏ်းချုပ်ကတော့ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်သင့်ပါတယ်။”

တာအိုရွှမ်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်ရာ အပြင်ဘက်တွင် ရပ်နေသော ကျန်းရှောင်ဖန်းကို မြင်လိုက်ရ၏။

All Chapters