← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း (၁၆၉) - အတိတ်မှ အပြစ် (၃)

သူက တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ထျန်းပုယီဘက်သို့ လှည့်ကာ ပြောလိုက်၏။

“ညီလေးထျန်... မင်းရဲ့ တပည့် ကျန်းရှောင်ဖန်းကို ဒီကို လာခိုင်းလိုက်စမ်းပါ”

ထျန်းပုယီ၏ မျက်နှာမှာ ပျက်သွားသော်လည်း မငြင်းဆန်ရဲဘဲ လှည့်ကာ ခေါ်လိုက်သည်။

“နံပါတ်ခုနစ်... မင်း ဒီကို လာခဲ့ဦး၊ ဂိုဏ်းချုပ်က မင်းကို ပြောစရာ ရှိလို့တဲ့”

ထိုအခါ လူအုပ်ကြီးမှာ အံ့အားသင့်သွားကြပြီး အထူးသဖြင့် တာ့ကျူးတောင်ထိပ်မှ တပည့်များ ပို၍ အံ့သြသွားကြလေသည်။

ကျန်းရှောင်ဖန်းမှာ ပို၍ပင် လန့်သွားသော်လည်း ဆရာ၏ အမိန့်ကို မဖီဆန်ရဲသဖြင့် အားတင်းကာ လျှောက်သွားလိုက်လေသည်။

ခဏအကြာတွင် လူအုပ်ကြီးက နေရာဖယ်ပေးလိုက်ပြီး ကျန်းရှောင်ဖန်းမှာ တာအိုရွှမ်၏ ရှေ့တွင် တစ်ဦးတည်း ရပ်လိုက်သည်။

“ဂိုဏ်းချုပ်...”

တာအိုရွှမ်က သူ့အား အချိန်အတော်ကြာ စိုက်ကြည့်နေပြီး တိုးတိုးလေး မေးလိုက်၏။

“အခုထိတောင် မင်းရဲ့ လျှို့ဝှက်ချက်တွေကို မပြောချင်သေးဘူးလား။”

ကျန်းရှောင်ဖန်းမှာ တုန်ယင်သွားပြီး လူတိုင်း၏ အကြည့်များမှာ မိမိထံသို့ စုပြုံရောက်ရှိလာသည်ကို ခံစားလိုက်ရ၏။ ထိုအကြည့်များထဲတွင် စိုးရိမ်ပူပန်မှုများ၊ မထီမဲ့မြင်ပြုမှုများနှင့် သံသယများစွာ ပါဝင်နေလေသည်။

တာအိုရွှမ်က ထပ်မံ သက်ပြင်းချလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။

“ကျန်းရှောင်ဖန်း... မင်း ငါတို့ ချင်းယွင်ဂိုဏ်းကို ရောက်လာကတည်းက ချင်းယွင်ဂိုဏ်းက မင်းကို မကောင်းတာ တစ်ခုခု လုပ်ခဲ့ဖူးလို့လား။”

ကျန်းရှောင်ဖန်းက ချက်ချင်းပင် ခေါင်းယမ်းကာ ငြင်းဆန်လိုက်သည်။

“ဂိုဏ်းချုပ်... မရှိပါဘူး... အဲဒီလို မရှိပါဘူး။ ဆရာနဲ့ ဆရာကတော်က ကျွန်တော့်အပေါ် ကောင်းကြပါတယ်။”

သူ ထိုသို့ပြောလိုက်ချိန်တွင် ထျန်းပုယီ၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ယင်သွားပြီး သူ၏ မျက်နှာတွင် အလွန်ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာလေသည်။

“ဒါပေမဲ့...”

ကျန်းရှောင်ဖန်း၏ မျက်နှာမှာ တွန့်လိမ်သွားပြီး သူ၏ စိတ်ထဲတွင် အတွေးနှစ်ခုမှာ အပြန်အလှန် တိုက်ပွဲဝင်နေပုံရ၏။ သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့... တပည့်မှာ တကယ့်ကို အခက်အခဲ ရှိလို့ပါ... ကျွန်တော်... ကျွန်တော် မပြောနိုင်...”

“ပြောစမ်း”

ရုတ်တရက် မိုးကြိုးပစ်လိုက်သကဲ့သို့ ကျယ်လောင်လှသော ဟိန်းဟောက်သံကြီးက တစ်ပြင်လုံးကို တုန်ခါသွားစေပြီး လူတိုင်းကို ထိန့်လန့်သွားစေသည်။

ကျန်းရှောင်ဖန်းမှာ မသိစိတ်ဖြင့် နောက်သို့ ဆုတ်လိုက်မိပြီး ထိုသူကို မြင်လိုက်ရချိန်တွင် ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

ဤကဲ့သို့ ဟိန်းဟောက်လိုက်သူမှာ ချင်းယွင်ဂိုဏ်းမှ မဟုတ်ဘဲ ထျန်းယင်ကျောင်းတော်၏ သာဝကလေးပါးအနက် တစ်ဦးဖြစ်သော ဖူခုံးပင် ဖြစ်လေသည်။

ဖူခုံးမှာ ထျန်းယင်ကျောင်းတော်၏ သာဝကလေးပါးအနက် အငယ်ဆုံးဖြစ်သော်လည်း သူ၏ စိတ်နေစိတ်ထားမှာ အပြင်းထန်ဆုံး ဖြစ်သည်။

သူ၏ လူငယ်ဘဝတွင် နတ်ဆိုးများနှင့် မိစ္ဆာများကို နှိမ်နင်းရာ၌ သူ၏ လက်ရှိ ဗုဒ္ဓလမ်းစဥ်၏ အဖိုးတန်ရတနာ ရွှေရောင်သပိတ်ဖြင့် မိစ္ဆာများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။

နောက်ပိုင်းတွင် အသက်ကြီးလာပြီး တရားဓမ္မများကို ပိုမိုနားလည်လာချိန်မှသာ ထျန်းယင်ကျောင်းတော်တွင် အေးအေးဆေးဆေး သီတင်းသုံးနေခဲ့ခြင်း ဖြစ်သည်။

ယနေ့ ချင်းယွင် တိုက်ပွဲတွင် ဖူခုံးမှာ သူ၏ ပါဏာတိပါတကံကို ဖောက်ဖျက်ကာ သူ၏ ဗုဒ္ဓစွမ်းအင်များကို သုံး၍ နတ်ဆိုးဂိုဏ်းများနှင့် သွေးချောင်းစီးအောင် တိုက်ခိုက်ခဲ့ရသည်။

ယခုအချိန်တွင် သူ၏ သင်္ကန်းတွင် သွေးစွန်းကွက်များဖြင့် ပြည့်နေပြီး ရဟန်းတော်တစ်ပါးနှင့် မတူဘဲ ငရဲမှ လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေလေရာ ကျန်းရှောင်ဖန်းနှင့် ကျန်သူများ လန့်သွားကြသည်မှာ မဆန်းပေ။

မူလက ထျန်းယင်ကျောင်းတော်အဖွဲ့မှာ ချင်းယွင်တောင်သို့ လာရောက်ခြင်းမှာ အပြစ်ပေးရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

မည်သူ့ကိုမျှ လက်ဆင့်မကမ်းသော ဗြဟ္မာ့ဉာဏ်တော် တရားကို ချင်းယွင်တောင်မှ တပည့်ငယ်တစ်ဦးက တတ်မြောက်နေခြင်းမှာ မည်သို့မျှ မဖြစ်နိုင်ပေ။

ယခု ဖူခုံးက ကျန်းရှောင်ဖန်း၏ မရေရာသော စကားများကို ကြားလိုက်ရချိန်တွင် အလွန်အမင်း ဒေါသထွက်သွားတော့၏။

ထို့အပြင် ယနေ့တွင် သူ၏ သီလများ ပျက်စီးသွားခဲ့သဖြင့် စိတ်မကြည်မလင် ဖြစ်နေပြီး ခြင်္သေ့ဟိန်းသံအသုံးပြာကို ဟိန်းဟောက်လိုက်ခြင်း ဖြစ်သည်။

ကျန်းရှောင်ဖန်းမှာ မိုးကြိုးသံကဲ့သို့ ကျယ်လောင်လှသော အသံကြောင့် ခဏတာ မှင်တက်သွားပြီး သတိမဝင်နိုင်သေးပေ။ လင်းကျင်းယွီနှင့်အတူ အနောက်တွင် ရပ်နေကာ ရေချီလင်ကို ကြည့်ပြီး ပြုံးနေသော ဦးလေးဝမ်မှာလည်း လန့်သွားပြီး ခေါင်းလှည့်ကြည့်လိုက်မိ၏။

သွေးရောင်များ ပေကျံနေပြီး ကျန်းရှောင်ဖန်းကို လူစားတော့မည့် မိစ္ဆာတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသော ဘုန်းကြီးတစ်ပါး...

ယွီချင်းခန်းမအတွင်းတွင် ခဏချင်းပင် တိတ်ဆိတ်သွားတော့သည်။

“အား...”

ရုတ်တရက် ရင်ကွဲမတတ် အော်ဟစ်သံကြီးတစ်ခုမှာ ဤပျက်စီးနေသော ယွီချင်းခန်းမအတွင်းမှ ထွက်ပေါ်လာလေသည်။

ဦးလေးဝမ်၏ မျက်နှာမှာ သွေးရောင်မရှိတော့ဘဲ တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူက ဖူခုံးအား တုန်တုန်ယင်ယင် လက်ညှိုးထိုးပြကာ အော်ဟစ်နေတော့သည်။

“သရဲ... သရဲ... သရဲ... သရဲကြီး...”

ထိုအသံမှာ အလွန်ပင် စူးရှပြီး ဝမ်းနည်းစရာ ကောင်းလှ၏။ နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း ခန်းမအတွင်းရှိ လူတိုင်းမှာ တစ်ပြိုင်နက်တည်း အေးစိမ့်မှုကို ခံစားလိုက်ရ၏။

ဒေါသထွက်နေသော ဖူခုံးပင်လျှင် ဦးလေးဝမ်ကြောင့် လန့်သွားပြီး ပျာပျာသလဲဖြင့် မိမိကိုယ်ကို ကာကွယ်ပြောဆိုလိုက်သည်။

“ဘာ... မင်း ဘာပြောတာလဲ၊ ငါက ဘာလို့ သရဲဖြစ်ရမှာလဲ။”

သို့သော် ဦးလေးဝမ်မှာ အစွဲဝင်နေသူကဲ့သို့ တစ်ကိုယ်လုံး အပြင်းအထန် တုန်ယင်နေပြီး ဘေးမှ လင်းကျင်းယွီက သူ့အား နှစ်သိမ့်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။

ဦးလေးဝမ်က ဖြည်းဖြည်းချင်း နောက်ဆုတ်သွားပြီး ဖူခုံးအား မကြည့်ရဲတော့ဘဲ မျက်လုံးကို တင်းတင်းမှိတ်ကာ အလွန်အမင်း ကြောက်ရွံ့နေဟန်ဖြင့် ထပ်ခါတလဲလဲ ပြောနေတော့သည်။

“သရဲ... သရဲ... သူက လူသတ်ခဲ့တာ... ငါ့ကို မသတ်ပါနဲ့... ငါ့ကို မသတ်ပါနဲ့... ငါ... ငါ... အား... အား...”

ရုတ်တရက် မြူမှုန်တစ်ခုက ထိုနေရာကို တိတ်ဆိတ်စွာ လွှမ်းမိုးသွားပြီး ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့ နှစ်ဦးလုံး တစ်ပြိုင်နက်တည်း အေးခဲသွားကြ၏။

အထူးသဖြင့် ကျန်းရှောင်ဖန်း၏ မျက်လုံးအိမ် အနက်ပိုင်းတွင် နီမြန်းသော အရောင်တစ်ခုမှာ ပြန်လည်ပေါ်ပေါက်လေသည်။

လူတိုင်း၏ စိုက်ကြည့်ခြင်းကို ခံနေရသော ဖူခုံးမှာ အလွန်အမင်း စိတ်မသက်မသာ ဖြစ်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။

“ငါ ဒီလူကို လုံးဝ မသိဘူး၊ မင်းတို့ အားလုံးက ဘာကို ကြည့်နေကြတာလဲ။”

လင်းကျင်းယွီက ဦးလေးဝမ်အား ဆုပ်ကိုင်ထားသော လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီး ကျန်းရှောင်ဖန်းဆီသို့ လျှောက်သွားလိုက်၏။

ကျန်းရှောင်ဖန်းကို မကြည့်ဘဲနှင့်ပင် သူ၏ စိတ်အခြေအနေမှာ မိမိနှင့် တူညီနေကြောင်း သိနိုင်လေသည်။

သူတို့နှစ်ဦးလုံးမှာ မိမိကိုယ်ကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေကြသော်လည်း ပြင်းထန်သော အသက်ရှူသံများက သူတို့၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေလေသည်။

“သူက... ဘာလို့... မင်း... လို့... ပြောတာလဲ...”

လင်းကျင်းယွီက တစ်လုံးချင်းစီ ဖြည်းဖြည်းချင်း မေးလိုက်၏။ သူ၏ အမူအရာမှာ ကျန်းရှောင်ဖန်းကဲ့သို့ပင် ကြောက်စရာကောင်းလှသော်လည်း ခြားနားချက်မှာ သူ၏ မျက်လုံးများတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေသော်လည်း သတိတရား ရှိနေခြင်း ဖြစ်သည်။

ဖူခုံးက ဒေါသတကြီး ပြန်ပြောလိုက်သည့။

“ငါ ဘယ်လိုသိမှာလဲ၊ သူက အရူးတစ်ယောက်ပဲလေ။”

ကျန်းရှောင်ဖန်းနှင့် လင်းကျင်းယွီတို့၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားပြီး ချင်းယွင်တပည့် အများစုမှာလည်း မျက်မှောင်ကြုတ်ကာ ဘေးစောင်းကြည့်လိုက်ကြ၏။

သို့သော် ထိုအချိန်တွင် ဖူခုံး၏ အနောက်တွင် ထိုင်နေသော ဆရာတော်ဖူဟုန်က ရုတ်တရက် စကားပြောလိုက်၏။ သူ၏ အသံမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေလေသည်။

“အမိတ္တဘ... မကောင်းတဲ့ အကုသိုလ်ကို စိုက်ပျိုးခဲ့မိလို့ အခုတော့ မကောင်းတဲ့ အကျိုးဆက်ကို ခံစားရပြီပေါ့။ ကံတရားပါပဲ...”

ထိုစကားကို ကြားလိုက်ရချိန်တွင် ခန်းမတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။

ဖူခုံး၏ ခန္ဓာကိုယ်မှာ သစ်သားတုံးကဲ့သို့ အေးခဲသွားပြီး အချိန်အတော်ကြာမှ ဆရာတော်ဖူဟုန်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကာ ကြမ်းတမ်းသော အသံဖြင့် မေးလိုက်၏။

“စီနီယာအစ်ကို... အစ်ကို ဘာပြောလိုက်တာလဲ။”

ဆရာတော်ဖူဟုန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူ၏ ဒဏ်ရာကြောင့်လား သို့မဟုတ် အပြစ်ရှိသလို ခံစားနေရခြင်းကြောင့်လား မသိရပေ။ သူ၏ မျက်လုံးများကို မှိတ်ထားပြီး အချိန်အတော်ကြာမှ တိုးတိုးလေး ခေါ်လိုက်၏။

“ဖာရှန်း...”

ဦးလေးဝမ် စတင်အော်ဟစ်ကတည်းက ဖာရှန်း၏ မျက်နှာမှာ ဖြူဖျော့ပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေလေသည်။

“တပည့် ဒီမှာပါ ဆရာ။”

ဆရာတော်ဖူဟုန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ထပ်ပြီး ဖုံးကွယ်မနေပါနဲ့တော့... သူတို့ကို အမှန်အတိုင်း ပြောပြလိုက်ပါတော့။ ထိုနှစ်က မင်းရဲ့ ဂိုဏ်းတူဦးလေးက အမှားလုပ်ခဲ့တယ်၊ ဒီနေ့မှာတော့ ငါတို့ ဒကာကျန်းကို ထပ်ပြီး အပြစ်မဖို့သင့်တော့ဘူး”

ကျန်းရှောင်ဖန်း၏ ဦးနှောက်အတွင်း၌ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ နှလုံးသားကို တစ်စုံတစ်ယောက်က ဆွဲယူညှစ်ခြေနေသကဲ့သို့ ခံစားလိုက်ရ၏။

ဖာရှန်းက ဖြည်းဖြည်းချင်း ရှေ့သို့ လျှောက်လာပြီး မှင်တက်နေသော မျက်နှာများကို ကြည့်လိုက်၏။ လင်းကျင်းယွီနှင့် ကျန်းရှောင်ဖန်းကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကျန်းရှောင်ဖန်း၏ ရှေ့၌ ရပ်လိုက်လေသည်။

“အဲနှစ်... ချင်းယွင်တောင်ခြေက မြက်ဘုရားကျောင်းရွာသား အားလုံးကို သတ်ခဲ့တာ... ကျုပ်တို့ ထျန်းယင်ကျောင်းတော်က တပည့်တစ်ယောက် လုပ်ခဲ့တာ အမှန်ပါပဲ။”

“ဘာ...”

ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်မှုများ၊ မယုံကြည်နိုင်မှုများနှင့် ဒေါသသံများမှာ ချင်းယွင်တောင် ယွီချင်းခန်းမအတွင်း၌ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

တာအိုရွှမ်၊ ထျန်းပုယီကဲ့သို့သော ကျင့်ကြံမှု မြင့်မားသည့် ပညာရှိကြီးများပင်လျှင် မျက်နှာပျက်သွားလေသည်။ လင်းကျင်းယွီမှာမူ သူ၏ ကျန့်လုံဓားကို ဆွဲထုတ်လိုက်ရာ စိမ်းဖန့်ဖန့် အလင်းတန်းများ ထွက်ပေါ်လာတော့၏။

ကျန်းရှောင်ဖန်း၏ နှလုံးသားမှာမူ အချိန်အတော်ကြာအောင် နက်ရှိုင်းစွာ နစ်မြုပ်သွားခဲ့ပြီးနောက်... ထိုသို့ နစ်မြုပ်သွားပြီးသည့်နောက်တွင် အမြဲတစေ ရင်းနှီးနေခဲ့သော အေးစိမ့်သည့် ခံစားချက်နှင့် သွေးညှီနံ့များဖြင့် ပြည့်နှက်နေသော ကြမ်းတမ်းသည့် စွမ်းအင်များက သူ့အား လွှမ်းမိုးသွားတော့၏။

စွပ်စွဲပြစ်တင်သံများမှာ တဖြည်းဖြည်းနှင့် တိတ်ဆိတ်သွားလေ၏။

ဖာရှန်းသည် အခြားသူများကို အရေးမစိုက်တော့ဘဲ လင်းကျင်းယွီ၏ လက်ထဲမှ သတ်ဖြတ်ခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေသော နဂါးသတ်ဓားကိုလည်း တစ်ချက်ပင် လှည့်မကြည့်ချေ။

သူ၏မျက်ဝန်းများက ကျန်းရှောင်ဖန်းဆီသို့သာ စိုးရိမ်တကြီး စိုက်ကြည့်နေမိလေသည်။

လူတိုင်း ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ဖာရှန်းက အေးဆေးတည်ငြိမ်စွာပင် ဆက်ပြောလိုက်၏။

“အဲဒီလူသတ်သမားက ကျုပ်ရဲ့ တတိယမြောက်ဦးလေး ဖြစ်သလို ထျန်းယင်ကျောင်းတော်ရဲ့ သာဝကလေးပါးထဲက တစ်ပါးဖြစ်တဲ့ ​ဆရာတော်ဖူကျစ်ပါပဲ။”

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရပြန်၏။ လူတိုင်း အလွန်အမင်း အံ့အားသင့်သွားကြလေသည်။

All Chapters