← Chapters

အခန်း (၆၇၃-၆၇၄)

Vol. 50 Ch. 673-674

အခန်း (၆၇၃-၆၇၄)

Vol. 50 Ch. 673-674

အပိုင်း ၆၇၃ - ပင်လယ်အနက်မှ လာသူ

"မစားတော့ဘူး။ နင်ပဲ ဆက်စားပါ..."

ကူစုဝမ်သည် အန်မချမိစေရန် လည်ပင်းကို လက်ဖြင့် ဆုပ်ကိုင်ကာ စကားထစ်ထစ်အအနှင့် ငြင်းဆန်သည်။

"ကောင်းပြီ။ ဒါလည်း ငါ့အတွက် ကောင်းတာပဲ"

ပိုင်အာ၏ ပုံရိပ်က လှစ်ခနဲ ပျောက်သွားပြီး အနက်ရောင် ရေလှိုင်း ပြန်ဖြစ်ကာ တိုက်ပွဲကွင်းပြင်ကို နောက်တစ်ကြိမ် ဖြတ်သန်း စီးဆင်းလိုက်၏။ ၎င်းက နောက်တစ်ဖန် သန့်ရှင်းခံလိုက်ရပြီး ဝုန်းခနဲ အသံ ထွက်ပေါ်လာကာ ကူစုဝမ် ရှေ့မှောက်သို့ သူမ ပြန်ရောက်လာခဲ့သည်။

"နံစော်နေတာပဲ"

သူမက ကိုယ့်ချိုင်းကိုယ် နမ်းကြည့်၍ မျက်မှောင်ကြုတ်ကာ ရေရွတ်နေသည်။ အမှန်တကယ်အားဖြင့်လည်း သူမကိုယ်တွင် အလောင်းအငွေ့အသက်များ ထူထပ်နေပြီး မျက်လုံးများမှာ အဖြူရောင်သက်သက် ဖြစ်လာကာ သင်္ချိုင်းဂူအတွင်းမှ တက်လာသကဲ့သို့ ထင်မှတ်ရသဖြင့် ကြောက်စရာကောင်းလှ၏။

"ပိုင်အာ၊ ဟိုကို ကြည့်စမ်း။ ဧရာမ မျှော့ကြီးတစ်ကောင်ကို မြင်လား။ သူ့အသားကလည်း မွှေးလောက်တယ်နော်"

စိတ်တည်ငြိမ်သွားသော ကူစုဝမ်သည် အဝေးသို့ လက်ညှိုးထိုးပြလိုက်ရာ ယုယင်နှင့် တိုက်ခိုက်နေသော ရန်သူနှစ်ယောက်အနက်မှ မျှော့စိမ်း ဖြစ်သည်။ သို့သော် မီးခြင်္သေ့များ ကူညီရန် ထပ်မံရောက်ရှိလာသောကြောင့် ယုယင်က ခက်ခက်ခဲခဲ တိုက်ခိုက်မနေရတော့ဘဲ စစ်ကူအဖြစ် ငါးကောင်တောင် ရှိနေခဲ့၏။ တိုက်ပွဲ ပြင်းထန်သောကြောင့်သာလျှင် သူမက ဖိအားအောက် မကြာခဏ ရောက်ရှိသွားပြီး အပြန်အလှန် သေဘေး နီးနေစဥ် တိုက်ပွဲ ချိန်ခွင်လျှာ တစ်ဖက်စောင်းသွားစေမည့် ပိုင်အာ၏ စိတ်ကို မျှော့စိမ်းမှာ ဆွဲဆောင်သွားမိသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှ တိုက်ပွဲကို မော့ကြည့်နေသော ကူစုဝမ်သည် ယွမ်ရှောင်က ကျူးရှန်လုအား သတ်ဖြတ်လိုက်ကြောင်း မြင်ခဲ့ရ၏။ ဤအရာက စစ်မှန်သော အလှည့်အပြောင်း ဖြစ်၍ မိုးကြိုးဌာနတစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားသကဲ့သို့ သူမ၏ နှလုံးသားထဲရှိ တွန့်ဆုတ်မှုများ အလုံးစုံပျောက်ကွယ်ပြီး အဆုံးအစမဲ့ ​ယုံကြည်မှုများ အစားထိုးလာသည်။ သူမသည်လည်း ပိုင်အာနှင့် ယုယင်ကဲ့သို့ သစ္စာရှိ နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့လေသည်။

"သွားစားလိုက်တော့လေ"

ကူစုဝမ်က ထပ်မံ တိုက်တွန်းလိုက်သောအခါ ပိုင်အာသည် တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြကာ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ခဏအကြာတွင် သူမက မျှော့စိမ်းဘေးတွင် ထွက်ပေါ်လာ၍ လက်သီးဖြင့် ထိုးချလိုက်သောအခါ အစိမ်းရောင် သွေးများ တရစပ် ပန်းထွက်ကုန်၏။

"ကျူးရှန်လု သေပြီ။ ကျန်တာတွေလည်း ဒီအလောင်းနတ်ဆိုးရဲ့ အစာ ဖြစ်သွားတာလား"

အမှန်တရားကို သဘောပေါက်သွားသောအခါ ယုလင်းသည် ကြောက်စိတ်ကြောင့် တုန်ရီလာပြီး ကျောတွင် ဟောင်းလောင်းပေါက် ဒဏ်ရာကြီး ရထားသော မျှော့စိမ်းနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့က တွန့်ဆုတ်သွားသော်လည်း လုပ်ကြံရန် တာဝန် ကျရှုံးကြောင်း နားလည်သောကြောင့် စကားတစ်ခွန်းမှ ပြောစရာ မလိုဘဲ ထွက်ပြေးကြတော့၏။

"ပြေးချင်းတာလား။ ငါ့ကိုများ ဘာထင်နေလဲ"

ယုယင်က အေးစက်စက် ကြုံးဝါး၍ မီးခြင်္သေ့ငါးကောင်နှင့်အတူ ယုလင်းနောက်သို့ တရကြမ်း လိုက်သွားကြသည်။ ဓားပျံစီးနင်ရာတွင် ကျင်လည်သော ဓားသမားတစ်ယောက် ဖြစ်သည့်အတွက် သူမက လျင်မြန်စွာ အမီလိုက်သွားနိုင်ပြီး ရန်သူကို လုံးထွေးသတ်ပုတ်ရင်း တားဆီးလိုက်၏။

"ပိုးကောင်လေး၊ ဘယ်ပြေးမလို့လဲ"

မျှော့ကြီးက မြေအောက်သို့ တိုးဝင်ကာ ထွက်ပြေးသွားသဖြင့် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ပိုင်အာကလည်း အမြှောက်ဆံတစ်လုံး အလား ပြင်းထန်စွာ ခုန်ဆင်း၍ လိုက်ပါသွားကာ အက်ကြောင်းသည် ချောက်ကမ်းပါးအဖြစ် ပွင့်ထွက်လာ၏။ သေးငယ်သော ပုံရိပ်လေးက မျှော့ကြီးကို မြေအောက်မှ ဆွဲထုတ်ရင်း မြေပေါ် ပြန်တက်လာခဲ့သည်။

"လွှတ်စမ်း"

၎င်းက အော်ဟစ်၍ ရုန်းကန်နေစဥ် ပိုင်အာသည် ရမ်းခါလျက်ရှိသော စုပ်ခွက်တစ်ခုကို ဆွဲဆုတ်ပစ်လိုက်သည်။ ဗြိခနဲ အသံ ထွက်ပေါ်လာကာ မျှော့အရေခွံက ရွံရှာဖွယ် စုတ်ပြဲသွားပြီး မြေပြင်အနှံ့ အစိမ်းရောင် သွေးများ စွန်းထင်းကုန်၏။ ထိုသွေးများနှင့် ထိမှန်သော နေရာတိုင်း၊ မြေပြင် ဖြစ်စေ၊ အဆောင်အအုံများ ဖြစ်စေ၊ မီးခိုးများ ထွက်ပေါ်လာအောင် လောင်ကျွမ်းပြီး စတင်၍ ပုပ်သိုးဆွေးမြည့်လာသည်။ လွတ်လမ်း မရှိတော့ကြောင်း သဘောပေါက်သွားသည့် မျှော့စိမ်းသည် ပြန်လည်တိုက်ခိုက်ရန်အတွက် သိသိသာသာ ကျုံ့ပစ်လိုက်ကာ ကြောက်မက်ဖွယ် အစိမ်းရောင်လူ အသွင် ဖန်ဆင်းခဲ့၏။ ၎င်းသည် လူသဏ္ဍာန်ဖြစ်သော်လည်း တစ်ကိုယ်လုံး စုပ်ခွက်များ ပြည့်နှက်၍ နံရိုးများမှ ဆူးချွန်တပ် ရေဘဝဲလက်တံ ရှစ်ချောင်း ဆန့်ထွက်နေသည်။

"အလောင်းနတ်ဆိုးလည်း အရေးမစိုက်ဘူးကွ"

မျှော့စိမ်းက မကောင်းဆိုးဝါးဆန်ဆန် ပြုံးကာ ပိုင်အာထံ ပြေးဝင်၍ စတင် တိုက်ခိုက်ခဲ့သည်။ ကြမ်းတမ်းသော ခွန်အားသက်သက်ဖြင့် တဝုန်းဝုန်း ထိုးနှက်နေကြသည်ဖြစ်ရာ နှစ်ယောက်လုံး လွင့်ထွက်သွားကြ၏။ မျှော့စိမ်း၏ ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ သန်မာ၍ အနီးကပ် တိုက်ခိုက်ရေးတွင် ကြောက်စရာကောင်းကြောင်း သိသာသော်လည်း အကောင်းဆုံး အခြေအနေတွင် ရှိမနေခဲ့ပေ။

"ဘုန်း"

နတ်ဆိုးနှစ်ကောင် အနီးကပ် သတ်ပုတ်နသောကြောင့် လက်သီးချက်တိုင်း ပြင်းထန်၍ သွေးကြောများ ပွက်ပွက်ဆူကာ သွေးများ ပန်းထွက်လာစေနိုင်သော သက်ရောက်မှုများ ရှိသည်။ မြေပြင်က ဆက်လက် ပေါက်ကွဲ၍ ထိုးချက်များအောက်တွင် များစွာသော အဆောက်အအုံများ အမှုန့် ဖြစ်ကုန်၏။ သူတို့က လေကဲ့သို့ လျင်မြန်စွာ လှုပ်ရှားပြီး အဝေးမှ စီရင်သူများပင် ပေါက်ကွဲမှုကိုသာ မြင်နိုင်ကြသည်။

"မင်းက သာမန်ပါပဲ။ မယ်တော်ကြီးနဲ့ ယှဥ်ရင် အဝေးကြီး လိုသေးတယ်"

မျှော့စိမ်းက ပြောပြောဆိုဆိုနှင့် ပိုင်အာကို ရုတ်တရက် ဆွဲချုပ်လိုက်ပြီး ရေဘဝဲလက်တံများသည် ခြေလက်များအား ရစ်ပတ်၍ ​ဆူးချွန်များ စိုက်ဝင်ကာ သွေးကြောများ၌ စုပ်ခွက်တို့ ကပ်တွယ်စေသည်။ ဆူးချွန်နှင့် စုပ်ခွက်များက သူမ၏ ခန္ဓာကိုယ်နှင့် အပြည့်အဝ ချိတ်ဆက်သွားကာ တင်းကျပ်လှသောကြောင့် မျှော့စိမ်းအနေဖြင့် ဝါးမျိုနိုင်သော အခွင့်အရေး ရနေ၏။

"မင်းက အလောင်းနတ်ဆိုး ဖြစ်နေရင်တောင် ခြောက်ကပ်နေအောင် သွေးစုပ်ပစ်မယ်"

မျှော့စိမ်းက လှောင်ပြုံးတစ်ချက်ဖြင့် ရေရွတ်ကာ စုပ်ခွက်များကို အသက်သွင်း၍ မွေးရာပါ နတ်ဆိုးစွမ်းရည်အား အသုံးပြုလိုက်သည်။ ကြမ်းတမ်းသော စုပ်အားကြောင့် သန်မာသည့် ပိုင်အာ၏ ရုပ်ခန္ဓာလေးပင် တွန့်လိမ်သွား၏။

"သာမန် အလောင်းနတ်ဆိုးတွေကတော့ သွေးစုပ်ခံရမှာကို ကြောက်ကြတယ်။ ဒါပေမယ့် ငါက ပင်လယ်ရေနက်ပိုင်းမှာ ရှင်သန်ခဲ့တာပဲ"

မျ​က်နှာရော ခန္ဓာကိုယ်ပါမကျန် စုပ်ခွက်များ ကပ်တွယ်နေသောကြောင့် သေရေးရှင်ရေး ဖြစ်နေသော်လည်း ပိုင်အာသည် တည်ငြိမ်စွာ စကားစလိုက်သည်။ မျှော့စိမ်းအပေါ်သို့ နိမိတ်မကောင်းသော အရိပ်မည်းကြီးတစ်ခု အုပ်မိုးလာကာ တစ်ဖက်လူသည် အလောင်းနတ်ဆိုး ဖြစ်နေသည့်အပြင် ပင်လယ်ကြီး၏ နာကျည်းချက်များကို သယ်ဆောင်ထား၏။

"ဟမ်"

ထိုအခိုက်အတန့်တွင် သူမက အနက်ရောင် ရေလှိုင်းအဖြစ် ရုတ်တရက် အရည်ပျော်ကျသွား၍ မျှော့စိမ်းသည် လေကိုသာ ဖက်တွယ်ထားသကဲ့သို့ ဖြစ်သွားသည်။ သို့သော် ၎င်းက လက်မလျှော့ဘဲ ထိုရေများကို ခြောက်သွေ့သွားသည်အထိ စုပ်ယူလိုက်မိပြီး ထူးထူးဆန်းဆန်း ကျောစိမ့်လာသည်။

"အလောင်းနတ်ဆိုးရော ဘယ်ရောက်သွားတာလဲ"

ကိုယ့်ကိုကိုယ် ငုံ့ကြည့်လိုက်သောအခါ ခန္ဓာကိုယ် ဆတ်ခနဲ တုန်ရီ၍ ဝမ်းဗိုက်အတွင်းမှ အသံများ မြည်ဟီးလာသည်။

"မဟုတ်ဘူး။ မလုပ်နဲ့"

၎င်းက ကူကယ်ရာမဲ့စွာ အော်ဟစ်နေစဥ်မှာပင် ဘန်းခနဲ ပေါက်ကွဲ၍ အစိမ်းရောင် အသားစများ နေရာအနှံ့ ပက်ဖြန်းသွား၏။ အနက်ရောင် ရေလှိုင်းက တစ်ဖန် စိမ့်ထွက်လာကာ မျှော့အလောင်းကို ချက်ချင်း ပွဲတော်တည် စားသောက်ပစ်လိုက်သည်။ ထို့နောက် ပိုင်အာ၏ အသွင် ပြန်လည် ဖြစ်တည်လာကာ လေထဲတွင် ဝဲပျံရင်း အထင်သေးစွာ ရေရွတ်လိုက်သည်။

"ငတုံး၊ ငါကပဲ တခြားနတ်ဆိုးတွေကို စားတာ။ ဘယ်သူမှ ငါ့ကို မစားနိုင်ဘူး"

စကားပြောပြီးနောက် သူမအတွက် "ငတုံး"ဆိုသော စကားလုံးက ပျော့ပြောင်းလွန်းနေသဖြင့် "စောက်ငတုံး"ဟူ၍ အစားထိုးကာ ခက်ထန်စွာ ပြန်လည် ကြုံးဝါးလိုက်လေသည်။

အပိုင်း ၆၇၄ - ကမ္ဘာသစ်၏ အဖွင့်ဓားချက်

မြေပြင် တိုက်ပွဲက ကြမ်းတမ်း ရက်စက်သော်လည်း စီရင်သူများ၏ အာရုံက ဝေဟင်တိုက်ပွဲ၌သာ ရှိနေကြသည်။ အရေအတွက် များပြားလာသောအခါ သူတို့က ပိုမိုရဲရင့်ပြီး ရှေ့တက်ကာ စိတ်အားထက်သန်စွာ အော်ဟစ် အားပေးခဲ့၏။ ယွမ်ရှောင်က စီရင်သူတိုင်း၏ တိုက်ပွဲဝင် စိတ်ဓာတ်ကို မီးညှိပေးခဲ့ပြီး ယခင်က ရှုတ်ချဖူးသူများပင် သူနှင့်အတူ စည်းလုံးစွာ ရပ်တည်နေကြပြီ ဖြစ်သည်။ မိုးကြိုးဌာန ကပ်ဆိုက်သောအခါ မျှော်လင့်ချက်အဖြစ် ထွက်ပေါ်လာသော ဤချန်ပီယံက စီရင်သူတိုင်း၏ နှလုံးသားကို ဖမ်းစားပြီး တောက်ပသော မီးရှူးတန်ဆောင်ဟု သတ်မှတ်ခံခဲ့ရလေသည်။

"လုယောင်၊ လုယောင်"

အရပ်လေးမျက်နှာမှ အော်ဟစ်အားပေးသံများက ကောင်းကင်သို့ လှိုင်းလုံးပမာ မြင့်တက်သွား၏။

"ကောင်းတယ်။ ကောင်းတယ်"

ယွမ်ရှောင်က အောက်သို့ ငုံ့ကြည့်လိုက်သောအခါ စိတ်ဓာတ်ပြင်းပြသော မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။ သူက တရားမျှတမှုအတွက် တစ်ကိုယ်တော် တိုက်ခိုက်လေ့ရှိသည့်တိုင်အောင် လူသားမျိုးနွယ် ပါဝင်ပတ်သက်လာလျှင် လမ်းချင်းတူသူများ လိုအပ်၏။ လုအန်း၊ လျူမူ၊ ချောင်ရူ၊ ယုယင် စသူတို့ဖြင့် မလုံလောက်ဘဲ မှန်ကန်သော အကြောင်းပြချက်ဖြင့် ပြောင်းလဲလိုသည်ဖြစ်ရာ ထောက်ခံသူများလည်း ရှိရပေလိမ့်မည်။

မိုးကြိုးဌာနရှိ အဆင့်ခြောက်အောက် အရာရှိများက သူ၏ ရပ်တည်ချက် အမှန်တရားကို မသိသေးသော်လည်း ထောက်ခံကြပေလိမ့်မည်ဟု ယွမ်ရှောင်အနေဖြင့် ယုံကြည်သည်။ အရေအတွက် သန်းချီသော မိုးကြိုးဌာန၏ နယ်ခံများမှာ သူ ဆက်လျှောက်ရမည့် လမ်း၏ အစ ဖြစ်လာ၏။

"တစ်နေ့မှာ အမှန်တရား ထွက်ပေါ်လာတာတောင် သူတို့က ငါနဲ့အတူ ရပ်တည်ဖို့ သတ္တိမရှိဘူးဆိုရင် ဒီနယ်​မြေက ကယ်တင်ခံရဖို့ မထိုက်တန်ဘူး"

ဤစိုးရိမ်စိတ်ကြောင့် သူက သက်ပြင်းတစ်ချက် ချလိုက်သော်လည်း မျက်ဝန်းများမှာ တက်ကြွနေဆဲပင်။ မတရားမှုကို ပုန်ကန်လိုသည့် မွေးရာပါစိတ်ဓာတ်က ပြင်းပြင်းထန်ထန် တောက်လောင်နေပြီး သူ၏ ကံကြမ္မာ ဖြစ်သည်။

"ကျူးရှန်လုနဲ့ မျှော့စိမ်း သေပြီ။ အရိပ်မိစ္ဆာကလည်း ထွက်ပြေးသွားတယ်။ ယုလင်းကလည်း သေဖို့ မကြာတော့ဘူး။ ကျန်တဲ့ နောက်လိုက်တွေလည်း ရှုံးပြီ။ မင်းတစ်ယောက်တည်း ကျန်တော့တယ်"

ယွမ်ရှောင်က သွေးနီရောင် လေပြင်းကို တည်ငြိမ်စွာ ကြည့်ရင်း စကားဆိုလိုက်သောအခါ လူအသွင် ထွက်ပေါ်လာခဲ့သည်။ လေဆိုးက ပါးလွှာသော စက္ကူတစ်ရွက်ပမာ လေထဲတွင် မျောလွင့်နေရင်း ရှူကဲ့သို့ ထွက်ပြေးနိုင်သော စွမ်းရည်မျိုး မရှိသဖြင့် ချောင်ပိတ်သွား၏။

"မယ်တော်ကြီးက နောက်ထပ် အလောင်းနတ်ဆိုးကို တည်ရှိခွင့် မပေးဘူး။ မင်းက ဒါကို လက်ခံထားရင် နတ်ဆိုးချောက်နက်တစ်ခုလုံးရဲ့ ရန်သူ ဖြစ်ပြီး ဘယ်တော့မှ ရန်ငြှိုးပြေမှာ မဟုတ်ဘူး"

သူမက အောက်တွင် သတ်ဖြတ် စားသောက်နေသော ပိုင်အာကို ငုံ့ကြည့်ရင်း အသိပေးလာခဲ့သည်။

"ဒါဆိုရင်လည်း ကောင်းပါတယ်။ ငါ့ဓားကို အားဖြည့်ပေးဖို့ နတ်ဆိုးတွေ လိုနေတာနဲ့ အတော်ပဲ"

သူကလည်း လက်ထဲရှိ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ကို တစ်ချက်မြှောက်ပြရင်း ဖြေသည်။

"မင်းက သတ္တိတော့ ရှိပါတယ်။ ကံဆိုးတာက အရမ်း ရိုးရှင်းလွန်းတယ်။ အပြစ်ကင်းလွန်းတယ်။ အစစ်အမှန် နောက်လိုက်ဆိုတာလည်း မရှိဘူး။ ဒီလောကကြီးက မင်းလို လူတစ်ယောက်နဲ့ မထိုက်တန်ဘူး"

ထို့သို့ပြောပြီးနောက် လေဆိုးသည် မျက်နှာကို လက်ဝါးဖြင့် ဖုံးအုပ်ကာ စိတ်တိုင်းကျ ဟားတိုက်ရယ်မောလိုက်သည်။ သူမက ယွမ်ရှောင်၏ အရည်အချင်းနှင့် ခွန်အားကို လှောင်ပြောင်နေခြင်း မဟုတ်ဘဲ အပြစ်ကင်းသော ရိုးအမှုကိုသာ သရော်လိုခြင်း ဖြစ်၏။

"မင်း မကျေနပ်လို့ ဒေါသထွက်ရင်လည်း သတ်လိုက်လေ။ ငါလည်း မတရားမှုကြောင့် ဖြစ်လာတဲ့ နတ်ဆိုးတစ်ကောင်ပဲ။ သတ်လိုက်တော့ရော ဘာထူးမှာမို့လို့လဲ"

လေဆိုးက ဆက်လက် ရယ်မောရင်း ခေါင်းမော့ကာ စိုက်ကြည့်လာသည်။

"မင်း ဘယ်လောက်အထိ သွားနိုင်မလဲ ဆိုတာကိုတော့ ငါ မသိဘူး။ ဒါပေမယ့် စိတ်အားထက်သန်ရုံလေးနဲ့ လောကကြီးကို ပြောင်းလဲနိုင်မယ် ထင်နေရင်တော့ အဆုံးသတ်မလှဘူးနော်။ မင်းက အားလုံးကို ဆက်တိုက်ပြစ်မှားနေပြီး အင်အားကြီးပုဂ္ဂိုလ်တွေကို ရန်စနေတယ်။ တစ်နေ့ကျရင် လုံးဝ မထိသင့်တဲ့ ရန်သူမျိုးနဲ့ ရင်ဆိုင်ရမှာ သေချာတယ်"

လူသေများ၏ နာကျည်းချက်မှ မွေးဖွားလာသော နတ်ဆိုးတစ်ကောင်အတွက် သေခြင်းတရားက ကြောက်စရာမကောင်းပေ။ သူမအနေဖြင့် မသေခင် ယွမ်ရှောင်၏ စိတ်ကို ရှုပ်ထွေးနောက်ကျိစေကာ လမ်းလွဲသွားအောင် လုပ်နိုင်လျှင် အနိုင်ရပေလိမ့်မည်။ မျှော်လင့်မထားသည်မှာ ဤစကားများကို ကြားကြားချင်း ယွမ်ရှောင်က ရယ်မောနေခြင်း ဖြစ်သည်။

"ဒီလိုစကားတွေ လျှောက်ပြောနေကတည်းက မင်းက ငါ ဘယ်လိုလူဆိုတာကို တကယ် နားမလည်သေးပါဘူး။ ဒီည မိုးကြိုးဌာနရဲ့ ဧည့်ခံပွဲမှာ မင်းက နောက်ဆုံး ဧည့်သည်ပဲ"

ထိုအချိန်တွင် လမင်းဓားနတ်ဘုရား ယုယင်က မဟာစစ်သူကြီး ယုလင်းကို ဒေါသတကြီးဖြင့် ကွပ်မျက်လိုက်သောကြောင့် လေဆိုးမှာ နောက်ဆုံး ရှင်ကျန်သူ ဖြစ်လာခဲ့သည်။ ထို့နောက် သူမက ခေါင်းပြတ်ကို ယွမ်ရှောင်ထံ ပစ်တင်ပေးလိုက်ကာ စကားတစ်ခွန်းပင် ပြောစရာမလိုဘဲ အနာဂတ်တွင် နောက်လိုက်အဖြစ် တိုက်ပွဲဝင်ပေးမည်ဟု ကတိသစ္စာပြုလိုက်ခြင်းပင်။ မီးခြင်္သေ့များလည်း ရောက်ရှိလာပြီး သူ့ကို ဝိုင်းဝန်းကာ လှည့်ပတ်လိုက်ကြပြီး မိုးကြိုးနတ်ဘုရားထံ ခစားနေသကဲ့သို့ တူညီလှသည်။

လေဆိုးသည် ယုလင်း၏ ခေါင်းပြတ်ကို မြင်ပြီးနောက် တစ်ဖက်လူ၏ ကြောက်စိတ်အား ခံစားလိုက်ရသဖြင့် မျက်နှာပျက်သွားသည်။ ဤတစ်ကြိမ် အရှုံးက ထိချက်ပြင်းထန်ပြီး စစ်ဧကရာဇ်ရော မယ်တော်ကြီးပါ လက်ခံနိုင်မည် မဟုတ်ပေ။ ဤသို့ဖြင့် ရယ်သံများ ရပ်တန့်သွားစဥ် ယွမ်ရှောင်၏ လက်သည် ဓားရိုးအပေါ် တင်ထားလိုက်ကာ ဓားပိုင်နက် ၁၃ခုကို အသက်သွင်းလိုက်၏။ အနားတွင် မူလဝိညာဥ်က ထွက်ပေါ်လာကာ ဖန်ဆင်းရှင်အသွင်ကို ယူ၍ လက်ဝါးနှစ်ဖက်ဖြင့် အဖြူရောင် ကြာပန်းတစ်ပွင့် ဆုပ်ကိုင်ထားသည်။

"မဟာတာအိုနယ်မြေနဲ့ သေမျိုးလောကတွေက နောက်ဆုံးကျရင် မယ်တော်ကြီးရဲ့ အစာ ဖြစ်လာမှာပဲ"

လေဆိုးက အသံကုန် အော်ဟစ်ပြီး အနီရောင် လေဆင်နှာမောင်း ဖြစ်သွားကာ သွေးသံရဲရဲ ပါးစပ်ကြီးဖြဲ၍ ယွမ်ရှောင်ထံ ပြေးဝင်လာသည်။ သူက လှောင်ပြုံးတစ်ချက် ပြုံး၍ လက်ယမ်းလိုက်သောအခါ မီးခြင်္သေ့ကိုးကောင် ရှေ့တိုးသွား၏။ ထို့နောက် သူတို့သည် ထောင့်ကိုးထောင့် ပါကွကိုးကွက် နေရာ အသီးသီးယူကာ မိုးကြိုးချီအဖြစ် အရည်ပျော်သွားကာ မဟာအစီအရင် ပုံစံငယ် ဖန်တီးလိုက်ကြသည်။ ၎င်းတွင် ထင်ဟပ်နေသော ယွမ်ရှောင်၏ မျက်နှာကြီးက သွေးနီရောင် လေပြင်းများကို ကိုက်ဝါးလိုက်သောအခါ လေဆိုး၏ နတ်ဆိုးချီများ ပြန့်ကြဲကုန်သည်။

"ငါနဲ့ တစ်​ယောက်ချင်း မချရဲဘူးလား။ ကြောက်နေတာလား"

မူလက သေရမည်ကို မကြောက်ချင်ယောင်ဆောင်ခဲ့သော လေဆိုးသည် အသက်ရှင်ရန် ပို၍ ရုန်းကန်လေလေ၊ သတ္တိကြောင်လေလေ ဖြစ်သည်။ ထိုအချိန်တွင်မှသာ ဤနတ်ဆိုးကို ဖျက်ဆီးရသည်က အရသာရှိလာပေလိမ့်မည်။

"ဟား ဟား"

ယွမ်ရှောင်က ရယ်မောနေပြီး ကိုယ့်ကိုကိုယ် သတ္တိရှိချင်ယောင်ဆောင်ခဲ့သော လေဆိုးမှာမူ အမှန်တကယ် သေခြင်းတရားကို ကြုံရသောအခါ တည်ငြိမ်မနေနိုင်ဘဲ အော်ဟစ်ရုန်းကန်လျက် ရှိ၏။ သူနှင့် မူလဝိညာဥ်က ဘယ်ညာ နေရာယူလိုက်ကြပြီး မိုးကြိုးဌာန၏ စီရင်သူများဘက်လှည့်ကာ မေးခွန်းထုတ်သည်။

"မင်းတို့အားလုံးကို မေးချင်တယ်။ မိုးကြိုးဌာနက ဘာကို တာဝန်ယူထားသလဲ"

"ကောင်းကင်က မိုးကြိုးနဲ့ တရားဥပဒေကို ဖော်ဆောင်ပြီး တာအို ကာကွယ်ရင်း မကောင်းမှုအား နှိမ်နင်းတယ်"

ဒေါသတကြီး ဖြစ်နေသော စီရင်သူများက ပြိုင်တူ ဖြေလိုက်သောအခါ အသံကြီး ဟိန်းထွက်လာ၏။

"ဆက်မေးမယ်။ မိုးကြိုးဌာနကို ကျူးကျော်ပြီး ငါတို့ စီရင်သူတွေရဲ့ အုတ်မြစ် ပျက်စီးအောင် တိုက်ခိုက်လာရင် ဘယ်လိုစီရင်မလဲ"

"ခန္ဓာရော ဝိညာဥ်ပါ မကျန်အောင် ဖျက်ဆီးပစ်ရမယ်"

ထိုအခိုက်အတန့်တွင် သူက တရားစီရင်ရေး နတ်ဘုရားတစ်ပါးပမာ လေဆိုးကို ငုံ့ကြည့်နေခဲ့သည်။

"မိုးကြိုးဌာနက ကျူးကျော်သူကို သေဒဏ် ချမှတ်တယ်။ ကောင်းကင်က မိုးကြိုးကိုယ်စား ဒီဓားချက်ကို ခံယူလိုက်စမ်း"

စကားဆုံးသည်နှင့် တပြိုင်နက် မိုးချုန်းသံ တရစပ် ထွက်ပေါ်လာကာ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးများ ဖြတ်သန်းကုန်သည်။ မိုးကြိုးဌာန၏ စီရင်သူများသည် အဖြူရောင်ဝတ် လူငယ်လေး၏ ဓားချက် ကျဆင်းလာသည်ကိုသာ မြင်လိုက်ရ၏။ ဓားချက်သည် နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်ပြီး မိုးသည်းထန်စွာ ရွာသွန်းလာစေကာ ကမ္ဘာသစ်တစ်ခု စတင် ဖွင့်လှစ်လိုက်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်ပေသည်။

ဓားချက်က တစ်ချိန်တည်းမှာပင် လျင်မြန်သော်လည်း နှေးကွေးသည်ဟု ထင်မှတ်ရပြီး တရားမျှတမှု ဖော်ဆောင်လိုသော ယွမ်ရှောင်၏ စိတ်ဓာတ်ကို သယ်ဆောင်လာခဲ့၏။ လေနတ်ဆိုးက တိတ်ဆိတ်သွားကာ အင်မော်တယ်လမ်းစဥ်၏ အဆင့်အတန်း ခွဲခြားမှုကို ချေမှုန်း၍ အောက်ခြေသေမျိုးများအား ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့်ပေးလိုသော မိုးချုန်းသံများ ကြားနေရသည်။ မရေမတွက်နိုင်သော စီရင်သူများက ဤနေ့ကို ဘယ်တော့မှ မေ့သွားမည် မဟုတ်ဘဲ မျက်ဝန်းများ၌ မိုးကြိုးများသာ မြင်နိုင်ခဲ့၏။ အများစုက ယွမ်ရှောင်၏ ရည်ရွယ်ချက် ဆိုလိုရင်းကို နားမလည်သော်လည်း တစ်ခုခုကို ခပ်ရေးရေး ခံစားလိုက်ရပုံပေါ်သည်။

ယွမ်ရှောင်၏ စိတ်ဓာတ်ကို မည်သူမျှ မဖိနှိပ်နိုင်သကဲ့သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ချေ။ ကျင့်ကြံရေးလမ်းကြောင်း အစမှ ယခုအချိန်တိုင်အောင် သူ တိုက်ပွဲဝင်သမျှက သေမျိုးများ ဂုဏ်သိက္ခာရှိရှိ နေထိုင်ရေးအတွက် ရည်ရွယ်သည်။ အင်မော်တယ်များ၏ အမြင်တွင် သူတို့ကို အားနည်းသော ပိုးကောင်များအဖြစ် သူက မထင်စေလိုပေ။

ဤဓားချက်ကို ကူစုဝမ်က ကောင်းစွာနားလည်ပြီး ချောင်အိမ်တော်၏ ဓားသိုင်းဖြစ်ကာ သူမရော ချောင်ရှန်းပါ အသုံးပြုဖူးသည်။ ၎င်းက လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပြီး ယွမ်ရှောင် ဖော်ပြချင်နေသည့် အကြောင်းအရာကို မည်သူထက်မဆို ပိုသိကာ နားလည်နေခဲ့လေသည်။

All Chapters