အခန်း (၆၆၃-၆၆၄)
Vol. 50 Ch. 663-664
အပိုင်း ၆၆၃ - မိုးကြိုးငါးပါး ကပ်ဘေး
မိုးကြိုးမျိုးစေ့ကို ချောင်ရူက အပြည့်အဝ အသုံးချလိုက်သောအခါ အသွင်အပြင်ပါ ပြောင်းလဲသွားသဖြင့် ကိုယ်ပွား ကိုးယောက်ခွဲထားသည့် နိုင်းထက် အဆများစွာ ကျော်လွန်နေသည်။ ယွမ်ရှောင်သည် မတူညီ ကွဲပြားသော မိန်းမလှကိုးယောက် ရှေ့မှောက်တွင် ရပ်နေသော မြင်ကွင်းကြောင့် အံ့သြပြီး အလွန်ထူးခြားကြောင်း ဝန်ခံရပေလိမ့်မည်။
"ကောင်းတယ်။ ဒီလောက်ဆို မင်း ငါ့ကို ကူညီပေးနိုင်ပြီ"
သူက ခေါင်းညိတ်ပြ၍ အဝတ်အစား ဝတ်ဆင်ရန် ပြင်ဆင်လိုက်သောအခိုက်တွင် ရွှေရောင် ချောင်ရူသည် လက်ကို ရုတ်တရက် ဖမ်းကိုင်ပြီး ကြာကြည့်တစ်ချက်ပစ်ကာ ညှို့ငင်နိုင်သော နှုတ်ခမ်းဖျားမှ စကားတစ်ခွန်း ထွက်ကျလာ၏။
"လောကစည်းစိမ်ကို ကိုးဆလောက် ပိုပြီး မခံစားချင်ဘူးလား"
သူ မတုံ့ပြန်နိုင်ခင်မှာပင် ချောင်ရူကိုးယောက်အကြား ဆွဲသွင်းခံလိုက်ရပြီး သာယာလွန်းသော ခံစားချက်များအကြား အသက်ပင် မရှူနိုင်အောင် နစ်မျောသွားခဲ့ရသည်။
ကုန်းပတ်ပေါ်သို့ ပြန်ရောက်လာသော မိန်းမနှစ်ယောက်ကမူ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရင်း ချောင်ရူအပေါ် မနာလိုစိတ်ဖြင့် အကြိမ်ကြိမ် ချောင်းကြည့်ခဲ့သည်။ အကြောင်းအရင်းမှာ ပါရမီ မြင့်မားသွား၍လော၊ ယွမ်ရှောင်၏ ယုံကြည်မှုကြောင့်လော သို့မဟုတ် ဆက်ဆံရေးကြောင့်လော ပြောရန်ခက်သော်လည်း အားလုံးပင် ဖြစ်နေနိုင်၏။
"ချောင်ရူကတော့ လောင်းကြေးထပ်တာ မှန်သွားပြီ"
"ဒီလမ်းက နင့်အတွက်လည်း ပွင့်နေတုန်းပါပဲ"
ကူစုဝမ်၏ မှတ်ချက်ကြောင့် ယုယင်မှာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းပြသည်။
"သူက သက်ရှိအားလုံးကို တန်ဖိုးထားတယ်။ ငါက သေမျိုးတွေအပေါ် အပြစ်ကျူးလွန်ထားပြီးသားမို့ သေမလား ရှင်မလားတောင် မသိပါဘူး"
ကူစုဝမ်သည်လည်း ထိုနည်းနှင်နှင်ဖြစ်ကာ မည်သည့်အချိန်တွင် အပြစ်ဒဏ်ခံရမည်ကို အတွေးများရင်း ဆက်လက် ခစားနေခဲ့သည်။ နတ်သင်္ဘောကြီးအနားတွင် မီးခိုးရောင် မြူခိုးထုတစ်ခု ရုတ်တရက် ရောက်ရှိလာကာ မျက်နှာပြင်အထက်တွင် နဂါးများကဲ့သို့ လှုပ်ရှားနေသော လျှပ်စီးများ မြင်နိုင်၏။
"မိုးကြိုးငါးပါး ကပ်ဘေး"
ယုယင်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပြီး ချောင်ရူသည် ဝိညာဥ် ပြောင်းလဲ နယ်ပယ်သို့ တက်တော့မည် ဖြစ်ကြောင်း အားကျဖွယ် သိသွားခဲ့သည်။ ၎င်းသည် ရွှေအင်မော်တယ် နယ်ပယ်ပြီးလျှင် ရောက်လာမည်ဖြစ်ကာ အရေးပါသော အသွင်ပြောင်းလဲမှုကို ကိုယ်စားပြု၏။ ထူးခြားသည်မှာ ဝိညာဥ်ကို ပစ်မှတ်ထားခြင်း ဖြစ်ကာ ကျော်ဖြတ်နိုင်သည်နှင့် တပြိုင်နက် ထူးထူးခြားခြား သန်မာလာပေလိမ့်မည်။ ကပ်ဘေးတွင် အဆင့်ငါးဆင့် လာမည် ဖြစ်ကာ ယွမ်ရှောင် လက်ချက်ဖြင့် သေဆုံးသွားသော ချောင်ရှန်းသည် အစောပိုင်း ဝိညာဥ်ပြောင်းလဲ နယ်ပယ် ကျင့်ကြံသူ ဖြစ်၍ ချောင်ရူမှာ အစ်ကိုဖြစ်သူကို မီရန် လက်တစ်ကမ်းသာ လိုတော့၏။
"ဝုန်း"
ကပ်ဘေး၏ ပထမအဆင့် မိုးကြိုးက သတိပေးချက် မရှိဘဲ ရုတ်တရက် ကျဆင်းလာသောအခါ ယွမ်ရှောင်နှင့် ချောင်ရူသည် ရောင်စုံလျှပ်စီးများဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်၍ ကျော်ဖြတ်ရန် နတ်သင်္ဘောအထက်မှ ဆင်းသွားကြသည်။ မြေဓာတ်ဖြင့် အားဖြည့်ထားသော မိုးကြိုးချီမှာ ထိုအတားအဆီးကို ပြင်းထန်စွာ ထိမှန်သွားသော်လည်း လျင်မြန်စွာ စုပ်ယူခံလိုက်ရသဖြင့် ပြိုကွဲသွားသည်။ ယွမ်ရှောင်၏ အကူအညီဖြင့် ချောင်ရူသည် ကပ်ဘေးကို လွယ်လွယ်ကူကူ ကျော်ဖြတ်နေကြောင်း မြင်သောအခါ ယုယင်သည် ၎င်းအား ရင်ဆိုင်ရန် ကြိုးစားရုန်းကန်ခဲ့ရသည်များကို ခါးသီးစွာ မှတ်မိသွားသော်လည်း မနာလိုရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။
"ချောင်ရူက ပိုပြီး အသုံးဝင်လာတော့မှာပဲ"
ကူစုဝမ်သည် အခြေတည်အဆင့် ရွှေအင်မော်တယ်သာ ဖြစ်သောကြောင့် ယွမ်ရှောင်အတွက် လုံးဝ အသုံးမဝင်တော့လျှင် ဓားချက်အောက် အသက်ပျောက်မည်ကို စိုးရွံ့နေခဲ့သည်။
ထိုအချိန်တွင် ကပ်ဘေးမြူထုကြီးသည် အနီရောင် ပြောင်းလဲသွားကာ မီးနဂါးကဲ့သို့ တောက်လောင်နေသော မိုးကြိုးများ ထွက်ပေါ်လာခဲ့သည်။ မိုးကြိုးငါးပါး ကပ်ဘေးကို ဆက်တိုက် ကျော်ဖြတ်နေသော မြင်ကွင်းကြောင့် ယုယင်နှင့် ကူစုဝမ်တို့ နှစ်ယောက်လုံး မင်သက်နေကြ၏။ သူတို့အနေဖြင့် ရက်ပေါင်းများစွာ အချိန်ယူရနိုင်သော်လည်း ချောင်ရူသည် ယွမ်ရှောင်၏ အကူအညီဖြင့် ရက်ပိုင်းအတွင်း အလယ်အဆင့် ဝိညာဥ်ပြောင်းလဲ အင်မော်တယ် ဖြစ်လာသောအခါ ချောင်ရှန်းထက်ပင် ပို၍ အစွမ်းထက်လာခဲ့သည်။
"သူတို့ရဲ့ ဆက်ဆံရေးကြောင့်လား"
ဤအတွေးကြောင့် အမျိုးသမီးနှစ်ယောက်က အကြည့်ချင်းဆုံ၍ အမှန်တရားကို လက်ခံလိုက်ကြ၏။ ယွမ်ရှောင်ကို ပြုစုပေးလိုက်ရုံဖြင့် ချောင်ရူမှာ ကောင်းကင်သို့ ထိုးတက်သွားသောအခါ ရိုးရိုးသားသား ပြောရလျှင် ဤစွမ်းအားမျိုးကို သူတို့ မလိုချင်ဘဲ မရှိချေ။ သို့သော် ဤမျှဖြင့် မပြီးဆုံးသေးဘဲ တတိယမြောက် ရေဓာတ်မိုးကြိုးများ ထပ်မံကျဆင်းလာသောအခါ ချောင်ရူသည် ကျော်ဖြတ်လိုက်ရုံဖြင့် ယုယင်နှင့် ကျင့်ကြံဆင့် တူညီသွားသည်ဖြစ်ရာ မွန်းကြပ်စရာကောင်းလှ၏။ ထို့အပြင် သူမသည် ထိပ်တန်း မိုးကြိုးမျိုးစေ့ကို ပိုင်ဆိုင်ထားသောကြောင့် တိုက်ခိုက်ရေးစွမ်းအားတွင် သေချာပေါက် သာလွန်ပေလိမ့်မည်။ အဆင့်လေး မိုးကြိုးတမန်တော်တစ်ယောက်က အချို့သော ကြယ်နယ်စားများထက်ပင် ကျော်လွန်သွားသောအခါ အလွန့်အလွန် ကံကောင်းမှုကို လက်ခံရခြင်းပင်။ ယုယင်သည် ယွမ်ရှောင်ထံ စောစော မခိုဝင်မိသည့်အတွက် စိတ်ထဲတွင် မနာလိုခြင်းကြီးစွာ ဖြစ်ပေါ်ရင်း မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွား၏။ ကံကောင်းစွာဖြင့် တစ်ဖက်လူက နောက်ပိုင်းအဆင့်ထက် ထပ်၍ မတက်တော့သဖြင့် အမျိုးသမီးနှစ်ယောက်၏ မနာလိုမှုများ ရပ်တန့်သွားရသည်။
ချောင်ရူ၏ ကပ်ဘေးကြောင့် ယွမ်ရှောင်လည်း အမြတ်ထွက်ခဲ့ပြီး ကပ်ဘေးမိုးကြိုးများဖြင့် မူလဝိညာဥ်ကို သန့်စင်ပစ်လိုက်သောကြောင့် ရွှေရောင် ပြောင်းလဲသွား၏။ ထို့ကြောင့် သူက အစောပိုင်းအဆင့် ရွှေအင်မော်တယ် ဖြစ်လာပြီး အဆင့်လေးနှင့် အောက် မည်သည့် ကောင်းကင်ရုံးတော် အရာရှိကိုမဆို အခြေခံအင်အားဖြင့် သတ်နိုင်လာခဲ့သည်။
"နောက်ထပ် လိုချင်သေးတယ်"
ကပ်ဘေး ကျော်ဖြတ်နေရသော်လည်း ချောင်ရူမှာ မှိန်းမော၍ ခံစားချက်များအတွက်မှ မလွတ်မြောက်နိုင်သေးပေ။
"ချီးကို နောက်ထပ်လား။ မင်းက သူများတွေ သိစေချင်တဲ့ စွဲလန်းမှု ရှိနေတာလား။ ဟိုနှစ်ယောက် ကြည့်နေတယ်"
ယွမ်ရှောင်က ငေါက်ငမ်းလိုက်သော်လည်း အကြောင်းမထူးသည့်အပြင် ကိုးယောက်လုံး ပိုဆိုးသွားသည်။
"သူတို့ ကြည့်ပြီး ငါ့ကို မနာလိုဖြစ်နေတာ သဘောကျတယ်"
သူမသည် အတိတ်တွင် ဤမိန်းမနှစ်ယောက်လက်အောက်တွင် ဖိနှိပ်ခံရသောကြောင့် ယနေ့တွင် အောင်ပွဲခံရပေလိမ့်မည်။ လက်ရှိတွက် သူမ၏ အဆင့်က အဆပေါင်းများစွာ မြင့်တက်လာသောအခါ မည်သည်ကိုမျှ ဂရုမစိုက်ချင်တော့သော်လည်း ယွမ်ရှောင်၏ အစီအစဥ်ကို နှောင့်ယှက်မိမည် စိုးရိမ်သဖြင့် ရပ်တန့်လိုက်ရသည်။ ချောင်ရူကိုးယောက်က တစ်ယောက်တည်း အဖြစ် စုစည်းကာ အဝတ်အစားများ ပြန်လည် ဝတ်ဆင်၍ ယွမ်ရှောင်နှင့်အတူ ဆင်းသက်လာသောအခါ မျက်နှာအထက် ပျော်ရွှင်မှုများ ဖုံးဖိမရချေ။ ရှက်ရွံ့မနေဘဲ ကျားရိုင်းပမာ ပြင်းထန်သော စရိုက်ရှိသောကြောင့် သူမသည် စိတ်ပိုင်းဆိုင်ရာ လက်စားချေရန်အတွက် စကားဖြင့် အနိုင်ယူလိုက်သေးသည်။
"သူ့ကို လျှောက်မလုပ်နဲ့လို့ ပြောပါတယ်။ ဒီကောင်လေးက ဇွတ်ဖြစ်နေလို့။ ငါဖြင့် ရှက်လိုက်တာဟယ်"
ဤစကားများက မိန်းမနှစ်ယောက်ကို ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်စေသည်။
"စကားများမနေနဲ့။ မင်းမှာ အစွမ်း ရှိလာပြီဆိုတော့ ရတနာတွေကို ကိုင်တွယ်နိုင်လာပြီမလား။ အခု ဒါတွေကို ထိန်းချုပ်ပြီး ငါ့ကမ္ဘာကို ကာကွယ်ပေးရမယ်"
ယွမ်ရှောင်က ဖြတ်ပြော၍ လှံကိုးချောင်းအဖြစ် တစ်စစီ ပြန့်ကြဲနေသော ထာဝရ မိုးကြိုးဆေးအိုးနှင့် မိုးကြိုးသင်္ဘောကို ညွှန်ပြကာ အမိန့်ပေးခဲ့သည်။
"ငါ အခုမှ ခေါင်းမော့နိုင်တာကို အိမ်စောင့်ရမှာလား"
"ညီမလေး၊ သူက နင့်အပေါ် ဒီလောက်ယုံကြည်လို့ ခိုင်းတာလေ"
ချောင်ရူက အခြေအနေ မသိဘဲ စောဒတက်နေ၍ ယုယင်မှ ဝင်ပြောလိုက်ခြင်း ဖြစ်ကာ မမှားယွင်းပေ။ ယွမ်ရှောင်က သေမျိုးလောကများကို ကာကွယ်ချင်သောကြောင့် ၎င်းတို့အား ကာကွယ်စောင့်ရှောက်ပေးလျှင် နောက်ဆံမတင်းဘဲ ရှေ့တိုးနိုင်ပေလိမ့်မည်။ ဤနေရာသို့ ကောင်းကင်ရုံးတော်မှ အင်မော်တယ်များ မကြာခဏ လာလေ့မရှိသောကြောင့် မိုးကြိုးဧကရာဇ် သေဆုံးသွားကြောင်း အပြင်လူများ မသိနိုင်ပေ။ ထို့ကြောင့် သာမန် အဆင့်မြင့် အရာရှိများသာ ရောက်လာလျှင် ချောင်ရူအနေဖြင့် ရတနာများဖြင့် အနိုင်ယူနိုင်ပေလိမ့်မည်။
"ငါက လုဖန်နဲ့ ဆက်ကစားဖို့ ပြန်သွားတော့မယ်"
ယွမ်ရှောင်က တစ်ချက်ပြုံးကာ ရေရွတ်နေသဖြင့် ချောင်ရူသည် စိုးရိမ်တကြီး မှာကြားသည်။
"ဒီအတိုင်းဆက်သွားရင် ကောင်းကင်ရုံးတော်က မိုးကြိုးဧကရာဇ် တစ်ခုခု ဖြစ်သွားတာကို သိဖို့ မကြာလောက်ဘူး"
"မစိုးရိမ်ပါနဲ့။ ငါ့မှာ အကြံ ရှိတယ်"
"ငယ်ငယ်လေးနဲ့ ဉာဏ်နီဉာဏ်နက် များလိုက်တာ"
"ငါ သွားတော့မယ်"
သူက ဆက်မပြောလိုဟန်ဖြင့် ယုယင်နှင့် ကူစုဝမ်ကို ခေါ်ဆောင်ပြီး စီးနင်းလာခဲ့သော မိုးကြိုးဌာန၏ ဓားယာဥ်အပေါ် တက်သွား၏။
"ယောကျ်ားတွေကတော့နော်၊ ကိစ္စပြီးတာနဲ့ ပစ်သွားတာပဲ"
"တော်စမ်းပါ။ နောက်ကျရင် မင်းကို လျော်ကြေး ပေးပါ့မယ်"
သူမက မကျေမနပ်ဖြင့် နှုတ်ခမ်းဆူကာ ပွစိပွစိ ပြောနေသောကြောင့် ယွမ်ရှောင်သည် မကြားချင်ဟန်ဖြင့် လက်ကာပြ၍ မျက်တောင်တစ်ခတ်အတွင်း ယာဥ်ကို ကူစုဝမ်အား မောင်းနှင်စေပြီး ထွက်ခွာသွားတော့သည်။
"ဒီကောင်မတွေကို လက်စားချေလိုက်ရတာ တန်တယ်။ တစ်ယောက်က ငါ့ရှေ့မှာ မြင့်မြတ်ချင်ယောင် ဆောင်တယ်။ နောက်တစ်ယောက်က ငါ့အစ်ကိုဆီမှာ ကုန်းတိုက်တတ်တယ်။ ဒီနေ့ ငါ့ကြောင့် သူတို့ကို လက်စားချေလိုက်ရတာ တန်ချက်။ ဒီခန္ဓာကိုယ် ကိုးခုကတော့ တကယ် အမိုက်စားပဲ"
မြင်ကွင်းအတွင်းမှ ဓားယာဥ် ပျောက်ကွယ်သွားသောအခါတွင်မှ ချောင်ရူသည် အောင့်မထားနိုင်တော့ဘဲ ကျေနပ်မှုအပြည့်ဖြင့် ရယ်မောလိုက်လေသည်။.
အပိုင်း ၆၆၄ - နာရက နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်
နတ်ဆိုးညီလာခံတွင် လမင်းနတ်ဆိုးလှိုဏ်ဂူမှ မြေခွေးနတ်ဆိုး လူငယ်များမှာ တစ်ယောက်ပြီးတစ်ယောက် လက်ဆောင်အဖြစ် ဆက်သခံနေရ၏။ တည်ငြိမ်၍ သန့်စင်သော ချီရှိသည့် ကောင်းကင်ရုံးတော် ပတ်ဝန်းကျင်၌ မွေးမြူထားသဖြင့် ၎င်းတို့မှာ အလိုရှိချင်စရာ ဇိမ်ခံကျွန်များ ဖြစ်သောကြောင့် လမင်းသခင်မသည်လည်း မျက်နှာသာပေးမှုများစွာ ရယူနိုင်ခဲ့သည်။ နာရကပတ်ဝန်းကျင်၌ ချီက ယိုယွင်းပျက်စီးနေသည့်အတွက် ကြမ်းတမ်းညစ်ညမ်းကာ ဤနေရာတွင် မွေးဖွားလာသော မည်သည့်နတ်ဆိုးမဆို အပုပ်နံ့များ ထွက်ကာ သန့်ရှင်းမြင့်မြတ်ခြင်း မရှိပေ။ ထို့ကြောင့် သန့်စင်သော အငွေ့အသက် ထွက်ပေါ်နေသော မြေခွေးနတ်ဆိုးများမှာ ရှားပါးပစ္စည်း ဖြစ်လာကာ လနတ်သားက ပြိုင်ဘက်ကင်း ရတနာသဖွယ် ထင်မှတ်ရသည်။ မယ်တော်ကြီးထံ ဆက်သရန်အတွက် ထိုက်တန်သည်ဟု လမင်းသခင်မက ရာနှုန်းပြည့် ယုံကြည်နေသဖြင့် အံ့မခန်း ဆွဲဆောင်မှုရှိကြောင်း သက်သေပင်။
လနတ်သားက အချိန်တိုင်း ဝေါယာဥ်အတွင်း၌ နေထိုင်ရပြီး မျက်နှာချေများ မပျက်စေရန် ရှောင်ညီအစ်မက အမြဲတမ်း ဂရုစိုက်ပေးနေသောကြောင့် သည်းမခံချင်တော့ပေ။ ကံကောင်းသည်မှာ လမင်းနတ်ဆိုးဂူမှ ရေကန်ရှိ ပျက်စီးချီများ ဝါးမျိုနိုင်ခဲ့သောကြောင့် အတ္တနတ်ဘုရား နယ်ပယ်သို့ လျှို့ဝှက် အဆင့်တက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ရုံးတော်တွင် ချီက တည်ငြိမ်၍ သန့်စင်သော်လည်း နာရကချောက်နက်တွင် ပြောင်းပြန်ဖြစ်နေသောကြောင့် နတ်ဆိုးများနှင့် မိစ္ဆာများ၏ ကျင့်ကြံရာ နယ်မြေ ဖြစ်လာခဲ့သည်။ သူက အပြင်ကို မမြင်ရသော်လည်း ဤနေရာသည် ကြီးနိုင်ငယ်ညှင်း လုပ်ရပ်များဖြင့် ရက်စက်ကြမ်းကြုတ်စွာ ရိုင်းရိုင်းစိုင်းစိုင်း နေထိုင်ကြသည့် ပတ်ဝန်းကျင်ဖြစ်ကြောင်း လုံလောက်အောင် နားလည်ခဲ့သည်။
နတ်ဆိုးများသည် မျိုးဆက်များစွာ တိုင်အောင် သန့်ရှင်းသော ချီကို လောဘတက်ကာ ကောင်းကင်ရုံးတော်ကို ကျူးကျော်ရန် စိတ်ဆန္ဒပြင်းထန်ကြ၏။ ၎င်းနှင့် ယှဥ်လျှင် သူတို့၏ မွေးရပ်မြေသည် အရိုင်းဆန်ကာ အရသာရှိလှသော လူသားဆိုသည့် အစားအစာလည်း မရှိပေ။ ဤညီလာခံသည် ရွှေအင်မော်တယ် အဆင့်နှင့်အထက် နတ်ဆိုးကြီးများ စုဝေးကာ လာမည့်စစ်ပွဲအတွက် စည်းလုံးညီညွတ်ရန် ရည်ရွယ်ကျင်းပခဲ့သည်။ သူတို့က လူ့အသွေးအသားကို စားသောက်ကြသော်လည်း ညီလာခံတွင် လူယောင်ဖန်ဆင်းကာ ယဥ်ကျေးသဖွယ် ပြုမူနေကြပြန်သည်။
"မင်း ဘယ်ကိုရောက်နေမလဲ"
လနတ်သားသည် သခင်မဟွာလျန်ကို ရုတ်တရက် သတိရသွားကာ နားတစ်ဖက်ရှိ နှလုံးသားသဏ္ဍာန် နားဆွဲကို ပွတ်သပ်နေခဲ့သည်။ အပြင်ဘက်တွင် ဆူညံနေပြီး နတ်ဆိုးများသည် ညစ်ညမ်းနေသော စွမ်းအားကို ဆေးကြောရန်နှင့် အဆင့်အတန်းရှိချင်ယောင်ဆောင်ရန် အတွက် မဟာတာအိုနယ်မြေကို ပိုင်ဆိုင်ချင်နေကြသည်။ ပြတင်းပေါက်မှတဆင့် မြင်ရသော မြင်ကွင်းက ကြီးကျယ်ခမ်းနား၍ အဆောက်အအုံများ လှပစွာ တည်ဆောက်ထားပြီး စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များ တည်ဆောက်ထားကြ၏။ သို့သော် အသေအချာ ကြည့်လျှင်မူ အမှန်တရား ပေါ်လွင်ပြီး နေရာတိုင်း ညစ်ညမ်းမှုများ ပြည့်နှက်နေကာ နတ်ဆိုးများသည် လူသားများပမာ ရယ်မောနေရာမှ သားရဲကောင်ကဲ့သို့ မကြာခဏ မာန်ဖီလျက်ရှိသည်။
"ညီလာခံကို မယ်တော်ကြီး မလာဘူးဆိုတော့ နင့်ကို ပျက်စီးချီပင်လယ်အထိ သွားပို့ရမယ်"
ညီလာခံတွင် ခေါင်းဆောင်၏ အရိပ်အယောင်ကိုပင် မမြင်ရသောကြောင့် လမင်းသခင်မက အိမ်တိုင်ရာရောက် ပို့ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
"ပျက်စီးချီပင်လယ် ဟုတ်လား။ ပျက်စီးယိုယွင်းနေတဲ့ ချီအဆီအနှစ်တွေ ပြည့်နှက်နေမှာပေါ့"
လနတ်သားက ခပ်တိုးတိုး မေးလိုက်သောအခါ ရှောင်ချင်းသည် အနားကပ်၍ လေးနက်စွာ သတိပေးသည်။
"ဟုတ်တယ်။ ဒါပေမယ့် သိပ်ပြီး စိတ်ကူးယဥ်မနေနဲ့။ အဲ့တာက မယ်တော်ကြီးရဲ့ ပိုင်ဆိုင်မှု ဖြစ်ပြီး ဘယ်နတ်ဆိုးမှ တစ်စက်ကလေးတောင် မခိုးရဲဘူး။ အကျိုးဆက်က သေရတာထက် ပိုဆိုးရွားလိမ့်မယ်"
"မယ်တော်ကြီး စားတာခံလိုက်ရင် ဘယ်သူမှ မသေဘူး။ ဒါပေမယ့် သူမရဲ့ ကိုယ်ထဲမှာ ထာဝရ ပိတ်မိနေပြီး နာကျင်မှုကို မပြတ်တမ်း ခံစားရလိမ့်မယ်"
"နင်က သူ့ကို ကြောက်အောင် လုပ်နေတာပဲ။ မစိုးရိမ်ပါနဲ့။ ရှားပါးရတနာ ဖြစ်နေတော့ မယ်တော်ကြီးက သေချာပေါက် မျက်နှာသာ ပေးလိမ့်မယ်"
ရှောင်ချင်းက အမှန်တရားကို ထုတ်ပြောလိုက်သောအခါ ရှောင်လန်မှ တစ်ချက် ဝင်ဟန့်သည်။ ထို့နောက် လမင်းသခင်မနှင့် ဝူချင်းသည် ဝေါယာဥ်အတွင်း ဝင်ရောက်လာပြီး လနတ်သားကို မိန်းကလေးပမာ ပြင်ဆင်ထားသည်ကို မြင်လိုက်ရသောအခါ အံ့သြမင်သက်နေကြသည်။
"အမေ ဘယ်လိုထင်လဲ"
"တကယ့်ကို အံ့မခန်းပဲ"
ပျက်စီးချီများဖြင့် ကျင့်ကြံရသော ပျက်စီးနတ်ဆိုးခန္ဓာဖြစ်ရာ သူတို့အမြင်တွင် ပြည့်စုံလှပနေသည်။
"သွားကြစို့"
ထို့နောက် လမင်းသခင်မသည် ဝေါယာဥ်ကို ပျံသန်းစေကာ အထက်ရှိ တိမ်တိုက်များ၏ ဗဟိုချက်ထံ ဦးတည်လိုက်ရင်း လနတ်သားအား အကြိမ်ကြိမ် သတိပေးနေခဲ့သည်။
"မင်းကို ငါက လမ်းကြောင်းပေါ် တင်ပေးပြီးပြီ။ အမြင့်ကို ရောက်မလား၊ သေမလားဆိုတာကတော့ ကိုယ့်ကိုကိုယ်အပေါ် မူတည်တယ်"
"ငါ နားလည်ပါတယ်"
လနတ်သားက ခေါင်းညိတ်၍ ကိုယ့်ကိုကိုယ် သေကြောင်းကြံသော လုပ်ရပ်မျိုး ကျူးလွန်မည် မဟုတ်ကြောင်း သေချာသောအခါတွင်မှ သူမ တိတ်ဆိတ်သွားခဲ့သည်။ ပန်းတိုင်သို့ ရောက်သောအခါ ဝေါယာဥ်ကို ဆင်းသက်ကာ အပြင်ထွက်လိုက်ကြပြီး အဆုံးအစ မရှိ ကြီးမားကျယ်ဝန်းကာ ခမ်းနားသော လောကကြီးကို မြင်နိုင်သည်။ သို့သော် မျက်စိတဆုံး ကြည့်လျှင် ဧရာမ နတ်ဆိုးကြီးများ လှည့်လည်သွားလာနေကာ အရပ်မျက်နှာတိုင်း တိုက်ခိုက်သတ်ဖြတ်ပြီး ဟိန်းသံများ ကျယ်လောင်၍ လေထဲတွင် သွေးနံ့များ တထောင်းထောင်းထနေသည်။ အင်မော်တယ် နတ်ဆိုးများသည် ဤပတ်ဝန်းကျင်ကို ရွံရှာသော်လည်း ဖြစ်လာရသော အကြောင်းအရင်းမှာ နယ်မြေ၏ သဘာဝတရားကြောင့် မဟုတ်ဘဲ နတ်ဆိုးအကျင့်စရိုက်ကြောင့် ဖြစ်ကြောင်း ဝန်မခံလိုကြပေ။
ပျက်စီးနေသော နယ်မြေဓာတ်လုံးမှ တိုက်ရိုက် ပြောင်းလဲလာသည့် ညစ်ညမ်းသော ချီများက သဘာဝအလျောက် အဖျက်အဆီးစွမ်းအား ပိုင်ဆိုင်သည်။ လနတ်သားက အဝေးသို့ ကြည့်လိုက်သောအခါ မိုးကုပ်စက်ဝိုင်းပင် ပုံသဏ္ဍာန် မမှန်လဲ တိမ်တိုက်များပင် သွေးစွန်းနေ၏။ နာရက၏ ယိုယွင်းနေသော နယ်မြေဓာတ်လုံးအောက်တွင် ပျက်စီးချီပင်လယ် တည်ရှိပြီး အဝေးမှ တိုက်ရိုက် မမြင်နိုင်သော်လည်း တောင်ကြီးတစ်လုံး မြင့်မားစွာ ရှိသည်ကိုမူ တွေ့ရသည်။ ၎င်းက မိုးကုပ်စက်ဝိုင်းအနားတွင် ရပ်နေဟန် ရှိနေပြီး တက်ရောက်မရနိုင်လောက်အောင် မြင့်မားကာ ပတ်ဝန်းကျင်၌ မီးမုန်တိုင်းများ တဝေါဝေါ တဝုန်းဝုန်း တိုက်ခတ်လျက် ရှိ၏။
"ဒီတောင်က တကယ့်ကို မြင့်တာပဲ"
လနတ်သားက အံ့သြတကြီး ရေရွတ်လိုက်သောအခါ ဝူချင်းမှ အမှန်ပြင်ပေးခဲ့သဖြင့် တုန်လှုပ်သွားရ၏။
"ဒါက တောင်မဟုတ်ဘူး။ မယ်တော်ကြီးပဲ"
"သိပ်ပြီး ထူးဆန်းသလို လုပ်မနေနဲ့။ မယ်တော်ကြီးရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်က ကန့်သတ်ချက်တိုင်းအထက်မှာ ရှိတယ်။ သူမက ဒီလောကရဲ့ ထိပ်ဆုံး နတ်ဆိုးပဲ"
အနားသို့ ချဥ်းကပ်သွားသည်နှင့်အမျှ လမင်းသခင်မက ပို၍ ရိုရိုကျိုးကျိုး ဖြစ်လာကာ ညွှတ်တွားခယရင်း သတိပေးသည်။
"လမင်းနတ်ဆိုးလှိုဏ်ဂူက ဝူရီ အခစားဝင်ပါတယ်၊ မယ်တော်ကြီး"
သတ်မှတ်နေရာသို့ ရောက်သောအခါ သူမသည် မိုးကုပ်စက်ဝိုင်းသို့ မျှော်ကြည့်ရင်း လေးစားစွာ အော်ဟစ်လိုက်သည်။ ထို့နောက် တောင်ကြီးက ဆတ်ခနဲ တုန်ခါသွားကာ သိသိသာသာပင် ကျုံ့ဝင်ကာ နတ်ဆိုးနယ်မြေတစ်ခုလုံး တုန်ခါ၍ မြေငလျင်များ ဖြစ်ပေါ်ကုန်၏။ မရေမတွက်နိုင်သော နတ်ဆိုးများမှာ ကြောက်လွန်း၍ နေရာတွင် လည်ပင်းကျုံ့၍ ရပ်နေကြပြီး အသက်ပင် ကောင်းကောင်း မရှူနိုင်တော့ပေ။ မယ်တော်ကြီးက တောင်အဖြစ် ထွက်ပေါ်လာလျှင် အိပ်စက်နေကြောင်း သိနိုင်ပြီး ၎င်းပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် နိုးထလာပြီ ဖြစ်သည်။
မယ်တော်ကြီး နိုးထလာသောအခါ ပတ်ဝန်းကျင်တစ်ခွင် အပုပ်နံ့များ တစ်စတစ်စ လျော့နည်းသွားပြီး ချိုမြိန်သော ရနံ့တစ်ခု ပျံ့လွင့်လာသော်လည်း လမင်းသခင်မတို့ အုပ်စုအပေါ် ဖိအားကြီး ကျဆင်းလာ၏။ ပေါက်ကွဲသံများအကြားတွင် အနက်ရောင်အလင်းလုံးတစ်ခု လျင်မြန်စွာ ရောက်ရှိလာကာ မျက်တောင်တစ်ခတ်အတွင်း ဝေါယာဥ်အရှေ့ ပေါ်လာခဲ့သည်။ အနက်ရောင် အလင်းများ ရုတ်တရက် တောက်ပသွားကာ ဆံပင်ရှည်ကြီးများ သဘာဝမကျလောက်အောင် ရှည်ထွက်၍ မိန်းမတစ်ယောက် စက်လုံးကို ခွဲ၍ ထွက်လာခဲ့၏။ သူမ၏ အရပ်က အလွန်တရာ မြင့်မားသောကြောင့် အရပ်ရှည်သည့် ယောကျ်ားတစ်ယောက်ဖြစ်သော လနတ်သားပင် ခါးအထိ မရောက်တရောက်သာ မီလေသည်။