အခန်း (၆၆၅-၆၆၆)
Vol. 50 Ch. 665-666
အပိုင်း ၆၆၅ - မိုးကြိုးဌာနကို သိမ်းပိုက်ခြင်း
လနတ်သားသည် မယ်တော်ကြီးကို မော့မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ သူမ၏ ဆံပင်အနက်ရောင်များက ခြောက်ပေ ရှည်လျား၍ ဖြာကျနေပြီး အသားအရေမှာ ဖြူဆွတ်ဆွတ် ဖြစ်ကာ ရုပ်ရည်သွင်ပြင် လှပသော်လည်း ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများကြောင့် အလှပျက်နေသည်။ ပန်းပွင့်သဏ္ဍာန် ဝတ်ရုံရှည်ကြီးက လေထဲတွင် မျောလွင့်ပြီး လက်ချောင်းများမှာ ထူးဆန်းစွာပင် ရှည်လျားလှ၏။ အပြင်လူတစ်ယောက်သာဆိုလျှင် သူမသည် နူးညံ့သိမ်မွေ့၍ ကာကွယ်ပေးတတ်သော အစ်မကြီးတစ်ယောက်နှင့် ဆင်တူသော်လည်း လက်လှမ်းမမီသကဲ့သို့ ခံစားရပေလိမ့်မည်။
"အလောင်းနတ်ဆိုးတစ်ကောင်က ဒီလောက်တောင် အနံ့အသက်ကို ဖုံးကွယ်ထားနိုင်တာ သာမန်တော့ မဟုတ်ဘူး"
ဘဝတလျှောက်လုံး အလောင်းနတ်ဆိုး သုံးကောင်သာ မြင်ဖူးသော ထူးထူးခြားခြား အပုပ်နံ့ မရသောကြောင့် လနတ်သားက စိတ်ထဲမှ တွေးတောနေမိသည်။ ပထမဆုံးမှာ ငရဲကိုးထပ်ကမ္ဘာတွင် ရင်ဆိုင်ခဲ့ရသော အလောင်းကောင် ဖြစ်ကာ နတ်ဆိုးအသွင်သာ ရှိပြီး ဖုံးကွယ်ထားနိုင်ခြင်း မရှိသောကြောင့် အလားအလာ အနည်းဆုံး ဖြစ်၏။ ထို့နောက် ပိုင်အာ ဖြစ်ပြီး တစ်ချိန်က လူသားဖြစ်ခဲ့သော်လည်း နာကျည်းချက်များကြောင့် နတ်ဆိုး အသွင် ပြောင်းလဲသွားခဲ့သည်။ စွမ်းအားအရ နှိုင်းယှဥ်လျှင် မယ်တော်ကြီးက သူမထက် အဆပေါင်းများစွာ သာလွန်ပြီး အဆက်မပြတ် ဝါးမျိုစားသောက်ရင်း နာရကချောက်နက် နတ်ဆိုးမျိုးနွယ်၏ အထွတ်အထိပ် နတ်ဆိုးကြီး ဖြစ်၏။ အပုပ်နံ့ မရှိခြင်း မဟုတ်ဘဲ အနံ့ပေါင်းစုံ အလောင်းပေါင်းစုံ များပြားနေသောကြောင့် ပျောက်ကွယ်သွားခဲ့သည်။ အလောင်းနတ်ဆိုးသည် စားသောက်ခြင်းဖြင့် အဆင့်တက်လာနိုင်သော်လည်း ကန့်သတ်ချက် ရှိကာ များများစားလေ၊ ပို၍ ဖောင်းကားလေလေ ဖြစ်ပြီး ပမာဏတစ်ခုသို့ ရောက်ရှိသွားလျှင် ကိုယ့်ကိုကိုယ် ဖျက်ဆီးမိပေလိမ့်မည်။
ပိုင်အာကို ယွမ်ရှောင်က ထောင်စောင့်နဂါး အသက်တံဆိပ်ဖြင့် သန့်စင်ပေးခဲ့ပြီး အလောင်းနတ်ဆိုးမျိုးနွယ်၏ သဘာဝ ကန့်သတ်ချက်အား အကြိမ်ကြိမ် အခါခါ မြှင့်တင်ပေးခဲ့သောကြောင့် အလွန်အမင်း ကျေးဇူးတင်နေခြင်း ဖြစ်သည်။ မယ်တော်ကြီးက ကန့်သတ်ချက် ရောက်နေပြီ ဖြစ်သောကြောင့် ပျက်စီးချီပင်လယ်အတွင်း အမြဲတမ်း နေထိုင်ကာ ကိုယ့်ကိုကိုယ် တိုက်စားမသွားမိစေရန် ဆက်တိုက် သန့်စင်နေရ၏။ သို့သော် ပိုင်အာကမူ ယွမ်ရှောင်နှင့်အတူ ရှိနေသရွေ့ ထိုကန့်သတ်ချက်မျိုး ရင်ဆိုင်ရမည် မဟုတ်ပေ။ ကျန်တစ်ဖက်တွင်မူ မယ်တော်ကြီး၏ စွမ်းပကား ကြီးမားပုံကို လနတ်သားပင် အဝေးမှ ခံစားနေရသောကြောင့် လူသားပိုင်နက်သို့ ကျူးကျော်လာလျှင် သေချာပေါက် ဘေးဒုက္ခကြီး ဖြစ်သွားပေလိမ့်မည်။
"ဝူရီ၊ လုဖန် ဘယ်မှာလဲ"
အရပ်ရှစ်ပေမြင့်သော မယ်တော်ကြီးက ငုံ့ကြည့်လာကာ မေးခွန်းထုတ်လိုက်သောအခါ အသံနက်ကြီး ဖြစ်နေပြီး ဆွဲဆောင်မှု လုံးဝ မရှိပေ။
"သူ ရောက်မလာသေးပေမယ့် နောက်ထပ် သုံးရက် လိုသေးတယ်လို့ သတင်းစကား ပါးလိုက်တယ်။ သူက မဟာတာအို အစီအရင်ကို ဖြေရှင်းပြီးရင် လှုပ်ရှားဖို့ ပိုပြီး လွယ်ကူသွားလိမ့်မယ်"
ဝူရီက ကမန်းကတန်း ပြန်ဖြေလိုက်သောအခါ သူမသည် အမူအရာကင်းမဲ့စွာ ခေါင်းညိတ်ပြ၏။
"သုံးရက်က ကန့်သတ်ချက်ပဲ။ အချိန်တန်လို့မှ သူ မလုပ်နိုင်ရင် ငါတို့ ထပ်မစောင့်တော့ဘူး။ အကူအညီ မပေးနိုင်ရင် သူ့ကိုလည်း သတ်မယ်"
"ကျွန်မ ပြောလိုက်ပါမယ်"
ဝူရီ၏ မျက်နှာက ထိုစကားကြောင့် ကြောက်လန့်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားသော်လည်း အလျင်အမြန် မျက်နှာထားပြင်ကာ လျှောက်ထားလိုက်၏။
"မယ်တော်ကြီး၊ လုဖန်က အဆင်မပြေ ဖြစ်သွားရလို့ တောင်းပန်ကြောင်း ပြသဖို့ လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ"
ထို့နောက် ရှောင်ညီအစ်မသည် လနတ်သားကို ရှေ့သို့ တွန်းပို့လိုက်သောအခါ မယ်တော်ကြီး၏ အကြည့် ကျရောက်လာခဲ့သည်။
"ယောကျ်ားတစ်ယောက်လား"
လမင်းသခင်မ ဝူရီ မိတ်ဆက်မပေးနိုင်ခင်မှာပင် မယ်တော်ကြီးက မှတ်ချက်ပေးကာ လက်ဆောင်ကို လက်ခံထားလိုက်၏။
"သူ့ကို ထားခဲ့လိုက်"
လနတ်သားကို ဆက်သရန် ဤမျှ ရိုးရိုးရှင်းရှင်း အောင်မြင်သွားလိမ့်မည်ဟု သူမ မထင်ထားသော်လည်း သတင်းကောင်း ဖြစ်နေ၍ ပြုံးပြုံးရွှင်ရွှင်နှင့် ခွင့်တောင်းလိုက်သည်။
"ဒါဆိုရင် ကျွန်မကို သွားခွင့်ပြုပါဦး"
မယ်တော်ကြီးက အင်းမလုပ်အဲမလုပ် တည်ငြိမ်နေသောအခါ သူမသည် တစ်ကိုယ်လုံး တောင့်တင်းသွားလျက် အဝေးသို့ ထွက်ပြေးသွားရာ လှည့်ပင်မကြည့်ခဲ့ပေ။ နောက်ဆုံးတွင် တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်၌ လနတ်သားသည် မယ်တော်ကြီးနှင့်အတူ ကျန်ရစ်ခဲ့ရပြီး လေထဲတွင် မျောလွင့်နေသော ဆံပင်နက်များ မျက်နှာသို့ လာရောက်ထိခတ်နေ၏။ ပျက်စီးလျှင်လည်း ပြဿနာမရှိသော နတ်ဆိုးကိုယ်ပွား ဖြစ်သည့်တိုင်အောင် အရှိန်အဝါ ဖိအားအောက်တွင် သူက စိုးရိမ်စပြုလာသည်။
"မင်းရဲ့ အနံ့က ထူးဆန်းနေတယ်"
ရုပ်ရည် လှပသော်လည်း ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော သူမက ခေါင်းငုံ့၍ လနတ်သား၏ လည်ပင်းကို နမ်းကြည့်ကာ အစွယ်များပေါ်အောင် သွားဖြဲပြလိုက်သည်။
"ငါက နတ်ဆိုး မဟုတ်ဘူး။ နားခိုရာဂိုဏ်းထဲက နတ်သားရဲတစ်ကောင်ပဲ။ ငါက လူသား အင်မော်တယ်တွေကို မုန်းတီးတယ်။ နားခိုရာ လက်နက်ကို သိမ်းပိုက်ဖို့ ကူညီနိုင်မယ့် နည်းလမ်းလည်း သိတယ်"
လနတ်သား၏ နဖူးအထက်တွင် အဝါရောင် မျက်လုံးတစ်စုံ ထပ်မံ ထွက်ပေါ်လာပြီး အေးစက်စက် ပြန်လည် စိုက်ကြည့်ကာ အေးအေးဆေးဆေး ပြောပြလိုက်သည်။
"ဟုတ်လား"
မယ်တော်ကြီးက သူ့ကို ရှည်လျားသော လက်အစုံဖြင့် လက်မောင်းမှ ဖမ်းဆွဲကာ ကလေးတစ်ယောက်ကဲ့သို့ ချီမြှောက်လိုက်၏။ ထို့နောက် လက်သည်းများ ရုတ်တရက် ရှည်ထွက်လာကာ အသားထဲသို့ ဖောက်ဝင်ပြီး အပြာရောင် သွေးများကို မြစ်ရေစီးသည့်ပမာ အရှိန်အဟုန်ပြင်းပြင်း စီးဝင်စေလိုက်သည်။
"ဒါက ဘာလဲ"
ပုပ်သိုးနေသော စွမ်းအားကို ခံစားမိသဖြင့် လနတ်သားက မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်၏။
"အလောင်းသွေး"
မယ်တော်ကြီးက ပြန်ဖြေကာ သူ့ကို လွှတ်ပေးပြီး ပြုံးပြလိုက်သော်လည်း ကြည့်ကောင်းမနေဘဲ နှုတ်ခမ်းထောင့်များ ဆွဲဖြဲလိုက်သကဲ့သို့ပင်။
"ဒါက ဘာအတွက်လဲ"
"အမိန့်နာခံအောင်လို့"
"ကောင်းပြီ"
"လူချောလေး၊ နာသွားလား"
ထို့နောက် သူမက လနတ်သားကို ရင်ခွင်အတွင်း ရုတ်တရက် ဆွဲဖက်ကာ ကြင်နာယုယရန် ကြိုးစားလိုက်သော်လည်း အတင်းအကြပ် လုပ်ယူထားရပြီး သားကောင်ငယ်ကို စားသောက်ကာနီး ကျီစယ်နေသော ကျားရဲပမာ ထင်မှတ်ရသည်။
"နို့သောက်မလား ငါ့ကလေး"
မယ်တော်ကြီးက မိခင်တစ်ယောက် ဖြစ်ချင်နေသည့်ပမာ မေးလိုက်သောအခါ လနတ်သားသည် အခွင့်အရေးကို လက်လွှတ်မခံဘဲ တောင်းဆိုသည်။
"ကျုပ် ပျက်စီးချီ အဆီအနှစ်ကို လိုချင်တယ်"
"စားလိုက်"
သူမက ခဏတာ တန့်သွားသော်လည်း ခေါင်းကို ပွတ်သပ်၍ လွှတ်ပေးကာ ပျက်စီးချီပင်လယ်ထံ ဆွဲခေါ်သွားပြီး ခွင့်ပြုလိုက်သည်။ မယ်တော်ကြီးက ဖောက်လွဲဖောက်ပြန် ဖြစ်နေကြောင်း လနတ်သားက ကြားဖူး၍ အလောင်းနတ်ဆိုး၏ ကစားစရာ မဖြစ်စေရန် တိုက်ပွဲအတွက်ပင် ပြင်ဆင်ထား၏။ ထိုအစား သူမက သားတစ်ယောက် ကောက်ရလိုက်သည့်ပမာ အလိုလိုက်နေပြီး ပြဿနာရှိသည်မှာ ခန္ဓာကိုယ်တစ်ခုလုံး ပြာနှမ်းနှမ်းသွေးများ ပျံ့နှံ့နေပြီ ဖြစ်လေသည်။
ကောင်းကင်ရုံးတော်ဘက်တွင် ဓားယာဥ်က မိုးကြိုးဌာနသို့ ဆင်းသက်ကာ ယွမ်ရှောင်၊ ယုယင်နှင့် ကူစုဝမ်တို့ ထွက်လာခဲ့သည်။
"ဘာမှ ကြီးကြီးမားမား မဖြစ်နိုင်ဘူး။ စိတ်မပူကြပါနဲ့"
မြေပြင်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ကူစုဝမ် က ကြောက်စိတ်ကြောင့် တုန်တုန်ရီရီ ဖြစ်နေသောအခါ ယွမ်ရှောင်သည် အားကိုးစရာသဖွယ် တောက်တောက်ပပ ပြုံးပြရင်း နှစ်သိမ့်ပေးခဲ့သည်။
"ဟုတ်ကဲ့။ နားလည်ပါပြီ"
ကျန်တစ်ဖက်၌ ယုယင်က အဆင်ပြေနေပုံရပြီး ယွမ်ရှောင်ဘက် လှည့်ကြည့်ကာ အသိပေးစရာ ရှိသည်ကို ပြောလိုက်၏။
"ဓားဌာနမှာ သူခိုးလုပ်ခဲ့တာက တစ်ချိန်မဟုတ် တစ်ချိန် ပေါ်သွားမှာ သေချာတယ်"
"အခြေအနေကို မီးစင်ကြည့်ကရမှာပေါ့"
ယွမ်ရှောင်၏ တည်ငြိမ်သော မျက်နှာထားက သူမကို စိတ်အေးသွားစေပြီး ထိုကိစ္စအကြောင်း ပူပန်မနေတော့ပေ။
"အရှင်က နောက်ထပ် ဘာလုပ်ဖို့ စီစဥ်ထားလဲ"
"မိုးကြိုးဌာနကို ထိန်းချုပ်ထားပြီး ကျင့်ကြံဖို့ အာရုံစိုက်ထားမယ်"
မိုးကြိုးဧကရာဇ် သေသွားသောကြောင့် ဤနေရာသည် သူ့အတွက် အလုံခြုံဆုံး ဖြစ်လာ၏။ ထိုအခိုက်တွင် ပိုင်အာက ရိုရိုကျိုးကျိုး ချဥ်းကပ်လာကာ သတင်းပို့ခဲ့သည်။
"မကြာခင်က ကောင်းကင်စစ်တပ်ရဲ့ လူတစ်စု ရောက်လာတယ်။ အခု နတ်မိုးကြိုးဗျူရိုမှာ ရှိနေတယ်"
ကောင်းကင်စစ်တပ်ဆိုသည်မှာ လုဖန်၏ အင်အားစု ဖြစ်သောကြောင့် ယွမ်ရှောင်က မျက်ခုံးပင့်လိုက်သည်။ မိုးကြိုးဧကရာဇ် မရှိတော့သဖြင့် မိုးကြိုးဌာနသည် သူ၏ အိမ်ကွင်း ဖြစ်နေသော်လည်း တစ်ဖက်လူသည် နတ်ဆိုးများသာမက နောက်လိုက်များပင် စေလွှတ်နေ၏။
"သွားတွေ့ကြတာပေါ့။ ဘယ်လိုအင်အားစုလဲဆိုတာ အချက်အလက်တွေ ရှိလား"
ယွမ်ရှောင်က ဤသို့ ဆုံးဖြတ်ပြီး နတ်မိုးကြိုးဗျူရိုသို့ သွားရာလမ်းတွင် ပိုင်အာထံ ဆက်လက်စုံစမ်းသည်။
"ကျွန်မ သိရသလောက်တော့ မဟာစစ်သူကြီးနှစ်ယောက်၊ အဆင့်သုံး အရာရှိ ဆယ်ယောက်၊ ဦးချိုအင်မော်တယ် တစ်ရာနဲ့ အရာရှိငယ်တစ်ထောင် ပါတယ်။ သူတို့ ပြောတာကတော့ မိုးကြိုးဌာန ကြီးကြီးမားမား ထိခိုက်ထားလို့ နတ်ဆိုးတွေ ကျူးကျော်လာမှာကို စိုးရိမ်တယ်တဲ့။ ကောင်းကင်ရုံးတော်ရဲ့ ရဲဘော်ရဲဘက်အချင်းချင်းမို့ သူတို့က စီရင်သူတွေနဲ့ ချန်ပီယံကို ကာကွယ်ပေးဖို့ လာတာလို့ ပြောတယ်"
ပိုင်အာ၏ သတင်းအချက်အလက် အရ ဤမျှ ကြီးမားသော အင်အားစုသည် ကာကွယ်ပေးရန် မဟုတ်ဘဲ မိုးကြိုးဌာနကို ကောင်းကင်စစ်တပ်လက်အောက် သိမ်းပိုက်ရန် ဖြစ်ကြောင်း သူ ချက်ချင်း နားလည်လိုက်လေသည်။
အပိုင်း ၆၆၆ - ဌာနချင်း ကျူးကျော်မှု
ကောင်းကင်ရုံးတော်တွင် မိုးကြိုးဌာနသည် ပြည်တွင်းလုံခြုံရေးကို တာဝန်ယူရပြီး ကောင်းကင်စစ်တပ်မှာ ပြင်ပရန်များကို ကိုင်တွယ်ရသောကြောင့် တိုက်ပွဲနှင့် မဝေးသော အစစ်အမှန် စစ်သည်တော်များ ဖြစ်လာကြ၏။ မသက်ဆိုင်သော ဌာနများ ဖြစ်သည့်အတွက် အင်ပါယာအမိန့်တော် မရှိဘဲ မိုးကြိုးဌာနအတွင်း ကောင်းကင်စစ်တပ်မှ အရေအတွက် ထောင်ချီ တပ်စွဲထားခြင်းမှာ မသက်ဆိုင်ပေ။ အခြေအနေက ရှုပ်ထွေးနေသည့်အတွက် ထိုအချက်မှာ အငြင်းပွားဖွယ်ရာ ဖြစ်နေပြီး ယွမ်ရှောင်တို့ နတ်မိုးကြိုးဗျူရိုသို့ မရောက်ခင်မှာပင် ဆူညံသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာကာ မြေပြင် တုန်ခါသွားသည်။
ပတ်ဝန်းကျင်တွင် သံချပ်ကာများ ဝတ်ဆင်ထားသော်လည်း ခေါင်းအထက်မှ ဂျိုကြီးများ ထိုးထွက်နေသည့် ပုံရိပ်ပေါင်းများစွာ မြင်နိုင်ပြီး အချင်းချင်း ရန်စောင်ကာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ သောင်းကျန်းနေသောကြောင့်ပင်။ ထိုသတ္တဝါများသည် လူသားနှင့် မိစ္ဆာ မျိုးစပ် ဖြစ်ကြပြီး အစစ်အမှန် ဘိုးဘေးများမှာ နာရကချောက်နက်နှင့် သက်ဆိုင်ပြီး ခွန်အား၊ အသိဉာဏ်နှင့် အမိန့်နာခံတတ်သောကြောင့် ကောင်းကင်ရုံးတော်တွင် နေရာရလာခြင်း ဖြစ်သည်။ အထူးသဖြင့် ကောင်းကင်စစ်တပ်သည် ရိုင်းစိုင်းကြမ်းတမ်းကာ အကြောက်အလန့်မရှိသော ဂျိုအင်မော်တယ် တပ်ခွဲများစွာ ပိုင်ဆိုင်ထားပြီး ရှေ့တန်းထိုးစစ် အဖြစ် အသုံးချသည်။ နာရက၏ အလွန်တွင် တည်ရှိသော မဟာတာအိုနယ်မြေသည် သန့်ရှင်း၍ အစွမ်းထက်သော ချီကို ပိုင်ဆိုင်ထားသဖြင့် ကျူးကျော်သိမ်းပိုက်လိုသော ရန်သူများ၏။ ဂျိုအင်မော်တယ်များတွင် အားသာချက် များသကဲ့သို့ အားနည်းချက်လည်း မနည်းပေ။ ဥပမာအားဖြင့် ကြမ်းတမ်းသော သဘာဝနှင့် သွေးထွက်သံယို ဖြစ်တတ်မှုများကြောင့် လူသားအင်မော်တယ်များက ရွံရှာကြပြီး ယခုအခါတွင်လည်း နတ်မိုးကြိုးဗျူရိုအတွင်း ထိန်းမနိုင်သိမ်းမရ ဆူပူနေကြပြန်သည်။
"တိတ်စမ်း"
မြင့်မြတ်သော မိုးကြိုးဌာနအတွင်း ဤကဲ့သို့ အနှောင့်အယှက်မျိုးကို ကူစုဝမ်က သည်းမခံနိုင်သောကြောင့် အေးစက်စက် အော်ငေါက်ရင်း ဝင်ရောက်သွားခဲ့သည်။ ရာထူးအနိမ့်ဆုံး ဖြစ်သော ယွမ်ရှောင်ကို သူမနှင့် ယုယင်က ဝန်းရံလျက် ရောက်ရှိလာသဖြင့် အာရုံစိုက်ခံလိုက်ရပြီး ကောင်းကင်စစ်တပ်မှ သာမန်စစ်သည်များ မဟုတ်ဘဲ စစ်သူကြီးနှင့် တပ်မှူးများ ဖြစ်နေကြ၏။
"ဘာတွေ ဖြစ်နေတာလဲ"
ဝင်ပေါက်တွင် သွေးများ ပေကျံနေသော မိုးကြိုးဌာန၏ လက်ကျန် အရာရှိ ဆယ်ဂဏန်းခန့် စောင့်ကြပ်နေသောကြောင့် သူမက မေးလိုက်ခြင်း ဖြစ်သည်။
"မြို့စားကတော်၊ တမန်တော်လု၊ နတ်မိုးကြိုးဗျူရိုအတွင်းမှာ လျှို့ဝှက်ကျင့်စဥ်တွေ သိမ်းဆည်းထားလို့ စီရင်သူတွေကလွဲပြီး ဝင်ခွင့် မရှိပါဘူး။ ဒါပေမယ့် ဒီကောင်ကြီးတွေက လုံးဝ နားမထောင်ဘဲ ဇွတ်လုပ်နေကြတယ်"
အသက်ကြီးကြီး အဆင့်ခုနစ် အရာရှိတစ်ယောက်က စိတ်ဆင်းရဲနေဟန်ဖြင့် တင်ပြလာခဲ့၏။
"ကြည့်ရုံတောင် မရဘူးလား။ ဘာကို လျှို့ဝှက်ကျင့်စဥ်လဲ။ ငါတို့ ကျင့်စဥ်တွေက နိမ့်ကျတယ်လို့ ထင်နေတာလား"
"ဟား ဟား၊ ဘယ်သူက ဂရုစိုက်မှာလဲ"
ဂျိုကြီးအင်မော်တယ်များသည် မည်သူ ရောက်လာသည်ဖြစ်စေ၊ အလေးမထားကြဘဲ ရိုင်းရိုင်းစိုင်းစိုင်း လှောင်ပြောင်နေကြစဥ် သြဇာပါသော အသံနက်ကြီးတစ်ခု အနောက်မှ ထွက်ပေါ်လာသည်။
"အကုန် ပါးစပ်ပိတ်ထားစမ်း"
ကောင်းကင်စစ်တပ်၏ ကျင့်ကြံသူများ စုဝေးလာကြပြီး မီးခြင်္သေ့ ချပ်ဝတ်လောက် မလှပသော်လည်း ကာကွယ်နိုင်စွမ်း မြင့်မားသည့် အနက်ရောင် ချပ်ဝတ်ကိုယ်စီနှင့် ဖြစ်၏။ သူတို့က စည်းကမ်းတကျ ချီတက်လာ၍ ဘေးသို့ ချဲပေးလိုက်သောအခါ ထိပ်တန်း စစ်သူကြီးများ ထွက်ပေါ်လာသည်။ ဆယ်ယောက်သည် အဆင့်သုံး အရာရှိများ ဖြစ်ပြီး အဆင့်နှစ် မဟာစစ်သူကြီး ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက် အလယ်တွင် နေရာယူထားသည်။ အမျိုးသားက မီးတောက်များ လောင်ကျွမ်းနေသယောင် အနီရောင် ဆံပင်များအထက်တွင် ခမောက်ဆောင်းထား၍ ပတ်ဝန်းကျင် အပူအချိန်ပင် မြင့်တက်စေသည်။ အမျိုးသမီးကမူ အရပ်ရှည်၍ လှပသော်လည်း မျက်နှာထား တင်းမာပြီး အကြည့် စူးရှသဖြင့် ရင်ဆိုင်ရလွယ်ကူပုံ မပေါ်ချေ။ တည်ရှိမှုနှင့် ခြိမ်းခြောက်နိုင်စွမ်းအပြင် တိုက်ခိုက်ရေးစွမ်းအားအရ ဤနှစ်ယောက်သည် မိုးကြိုးဌာန၏ မဟာစစ်သူကြီးများထက် သာလွန်၍ တိုက်ပွဲ အတွေ့အကြုံ ပြည့်ဝသည်။
"မီးတောက်စစ်သူကြီးနဲ့ ရေတပ်စစ်သူကြီးကို ဂါရဝပြုပါတယ်"
ကူစုဝမ်က ဒေါသကို ထိန်း၍ ဦးညွှတ်လိုက်ပြီး ယုယင်မှာ ထိုနှစ်ယောက်နှင့် ရာထူးအဆင့်ချင်း တူညီသောကြောင့် အရေးမစိုက်ခဲ့ပေ။
"ဒါက အင်မော်တယ်သိုင်းပြိုင်ပွဲ ချန်ပီယံအသစ် လုယောင် ဆိုတာလား"
မီးတောက်စစ်သူကြီးက တိတ်တိတ်ဆိတ်ဆိတ် ရပ်နေသော ယွမ်ရှောင်ကို ပြုံးပြလိုက်သောအခါ ကူစုဝမ်မှ ကြားဝင် မိတ်ဆက်ပေးခဲ့သည်။ မီးတောက်စစ်သူကြီးက ကျူးရှန်လု ဖြစ်ကာ ရေစစ်သူကြီးမှာ ယုလင်း ဖြစ်သည်။
"ဟုတ်တယ်"
ယွမ်ရှောင်က ခပ်တည်တည် အမူအရာဖြင့် ခေါင်းညိတ်လိုက်သောကြောင့် ဂျိုအင်မော်တယ်များကို ဒေါသထွက်စေကာ ဝင်ရောက်ငေါက်ငမ်းနေကြသည်။
"ခွေးကောင်လေး၊ အဆင့်လေး အရာရှိတစ်ယောက်က ဘာတွေ မောက်မာနေတာလဲ"
"မဟာစစ်သူကြီးတွေကို ဒူးထောက်ပြီး တောင်းပန်စမ်း။ မဟုတ်ရင် မိုးကြိုးဌာနကို ငါတို့ ဖျက်ဆီးလိုက်မယ်"
"တိတ်စမ်း။ ချန်ပီယံကို မလေးမစား မလုပ်ကြနဲ့။ ခွင့်လွှတ်ပါ။ ဒီလူရိုင်းတွေက သေမျိုးလောကမှာ ပူဇော်သက္ကာရ လက်ခံထားကာစမို့ နည်းနည်းလေး ထိန်းမရ ဖြစ်နေတယ်။ ကျေးဇူးပြုပြီး အဆင့်မတူတဲ့ အရိုင်းတွေကို စိတ်ထဲမထားပါနဲ့"
"ကျုပ် မေးစရာ တစ်ခုပဲ ရှိပါတယ်။ ဘာကြောင့် မိုးကြိုးဌာနကို မဖိတ်ခေါ်ဘဲ ရောက်လာကြတာလဲ"
ကျူးရှန်လုက အနေရခက်သော အပြုံးမျိုးဖြင့် ပြောလာသောအခါ ယွမ်ရှောင်သည် စိတ်ခံစားချက်ကို မျက်နှာတွင် မပြဘဲ တည်ငြိမ်စွာ တုံ့ပြန်သည်။ ထိုအခါ တစ်ဖက်လူ၏ အပြုံး ပျောက်ကွယ်သွားကာ လေးနက်စွာ ပြန်ဖြေကာ ရှင်းပြသည်။
"ရှန်ရီက တက်လှမ်းခြင်းကန်ကို ဖျက်ဆီးလိုက်တဲ့အတွက် ရန်သူတွေ ကျူးကျော်လာနိုင်တယ်။ ကောင်းကင်စစ်တပ်က ကာကွယ်ရေးကို တာဝန်ယူထားပါတယ်။ မိုးကြိုးဌာနကို နာရက နတ်ဆိုးတစ်ကောင် ကျူးကျော်ပြီး မင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်မလား။ လက်ရှိမှာ ဒီနေရာက အင်အားနည်းပြီး ကာကွယ်ဖို့ မလုံလောက်တာကြောင့် စစ်ဧကရာဇ်ကိုယ်တိုင် သွားရောက် စောင့်ရှောက်ပေးဖို့ အမိန့်ပေးလိုက်တာပါ"
ဤရှင်းပြချက်ကို ကြားသောအခါ ယွမ်ရှောင်က ရုတ်တရက် ဟားတိုက် ရယ်မောသည်။
"ကျုပ်ကို တွေ့တွေ့ချင်း စစ်ဧကရာဇ်က သတ်ဖို့ လုပ်ခဲ့တယ်။ အခုကျ ရုတ်တရက်ကြီး စောင့်ရှောက်ပေးချင်တယ်ပေါ့။ မင်းပြောတဲ့ စကားကို မင်းကိုယ်တိုင်ရော ယုံလား"
"အဲ့ဒီနေ့က စပြီး စစ်ဧကရာဇ် နောင်တ ရနေခဲ့တာပါ။ ဖခင်တစ်ယောက်အနေနဲ့ တာဝန်မကျေခဲ့တာကို ပြန်လည် ပေးဆပ်ဖို့ အခွင့်အရေးတစ်ခု ပေးစေချင်ပါတယ်"
"နားထောင်လို့တော့ ကောင်းပါတယ်။ မင်းတို့နဲ့ နာရက နတ်ဆိုးတွေ ဘယ်အချိန်လောက် စလှုပ်ရှားကြမှာလဲ။ မကြာခင် မှောင်လာတော့မယ်ဆိုတော့ အကောင်းဆုံးပဲ။ ကျုပ်က မင်းတို့ကို ချောင်အိမ်တော်မှာ ဧည့်ခံပေးပါမယ်"
ယွမ်ရှောင်က ရယ်မောနေခြင်းကို ရပ်တန့်ကာ မဟာစစ်သူကြီး နှစ်ယောက်ကို တစ်ချက်စိုက်ကြည့်၍ ပေါ်တင် စိန်ခေါ်လိုက်သဖြင့် အားလုံး မင်သက်သွားကြ၏။ ထို့နောက် သူက လက်နှစ်ဖက် နောက်ပစ်၍ နတ်မိုးကြိုးဗျူရိုအတွင်းမှ လှည့်ထွက်သွားပြီး ကူစုဝမ်နှင့် ယုယင်လည်း လိုက်ပါသွားကြသည်။
"သူ့ကိုယ်သူ တကယ် ယုံကြည်မှု ရှိလို့ ငါတို့ကို တိုက်ရိုက် စိန်ခေါ်သွားတာပဲ"
"ငါတို့ကို ခြောက်လှန့်ဖို့ လေကြီးလေကျယ် ပြောတာလည်း ဖြစ်နိုင်ပါတယ်"
ယုလင်းက ကျောချမ်းစရာကောင်းသော အသံမျိုးဖြင့် ရေရွတ်လိုက်သောအခါ ကျူးရှန်လုမှ မှတ်ချက်ချသည်။ လေးညှို့တင်ထားသော မြှားကို ပစ်ခတ်ရတော့မည် ဖြစ်သည့်အပြင် အမှောင်ထုကလည်း တဖြည်းဖြည်း ကျုးကျော်လာသောကြောင့် အစီအစဥ်ကို အလျင်အမြန် စတင်ရန် သူတို့က ဆုံးဖြတ်ခဲ့၏။
"မိုးကြိုးဌာနမှာ ဖရိုဖရဲဖြစ်အောင် သောင်းကျန်းပြီး အာရုံလွှဲထားကြ။ ဘယ်သူမှ မင်းတို့ကို တားနိုင်မှာ မဟုတ်ဘူး။ မြန်မြန်သွားကြစမ်း"
ကျူးရှန်လုက ပြဿနာရှာရန် စိတ်အားထက်သန်နေသော ဂျိူအင်မော်တယ်များကို ညွှန်ကြားနေစဥ် ယုလင်းမှာလည်း လက်အောက်ခံ စစ်သည်များကို အမိန့်ပေးသည်။
"မိုးကြိုးဌာနက ကျင့်စဥ်တွေအားလုံး လိုက်ရှာပြီး အကုန်သိမ်းခဲ့"
"မိုးကြိုးဧကရာဇ်ကိုရော ဘယ်လိုလုပ်မလဲ"
"သူက တစ်ယောက်တည်းလေ။ တကယ်လို့ ရောက်လာရင်လည်း ကိုင်တွယ်မယ့် လူတွေ ရှိတယ်"
စစ်သူကြီးတစ်ယောက်က မေးခွန်းထုတ်သောအခါ သူမသည် နှာခေါင်းတစ်ချက်ရှုံ့၍ လက်ကာပြသည်။ ဤအချက်ကြောင့် ကောင်းကင်စစ်တပ်သည် မိုးကြိုးဌာနကို ပေါ်တင် တိုက်ခိုက်ရန် ရည်ရွယ်ကြောင်း အားလုံး နားလည်သွားကြ၏။ ကျူးကျော်သူ နတ်ဆိုးများနှင့် မဟာမိတ်ဖွဲ့ထားသော ဤသစ္စာဖောက်လောက်ကောင်များသည် ကောင်းကင်ရုံးတော်၏ မျက်စိဟု တင်စားသော စီရင်သူများရှိသည့် မိုးကြိုးဌာနကို ဖျက်ဆီးပေတော့မည်။
လုဖန်လက်အောက်ရှိ ကျင့်ကြံသူတိုင်းသည် ဤအချိန်ကို စောင့်နေခြင်း ဖြစ်သောကြောင့် သွေးများ ပွက်ပွက်ဆူနေကြသည်။ သူတို့က အဆင့်အတန်း ခွဲခြားမှုကို တိုက်ဖျက်ရန် အကြောင်းပြကာ အစစ်အမှန် အာဏာမရှိသော တော်ဝင်မျိုးနွယ်များအား ရှင်းပစ်ချင်နေသည် မဟုတ်ပါလော။ ကောင်းကင်စစ်တပ်အတွင်း ရှိနေသူများမှာ နိမ့်ကျသော အမျိုးဇာတ်ကြောင့် အရာရှိ ဖြစ်မလာနိုင်သည့်အပြင် ဆိုရိုးစကားတစ်ခုပင် ရှိနေသည်။
"အထက်တန်းစားတွေက စီရင်သူ ဖြစ်ပြီး အောက်တန်းစားတွေက ကောင်းကင်စစ်သည်တွေ ဖြစ်လာကြတယ်"
၎င်းတွင် ဖော်ပြထားသော စီရင်သူဆိုသည်မှာ လုအန်းကဲ့သို့ သာမန်လူတန်းစားများ မဟုတ်ဘဲ ကောင်းကင်ရုံးတော်၏ အဆင့်မြင့် အရာရှိများကို ဆိုလိုသည်။ အောက်ခြေစစ်သည် ဘဝမှ လက်ရှိ ရာထူးအထိ သွေးမြေကျအောင် တက်လှမ်းလာခဲ့သော ကောင်းကင်စစ်တပ်၏ စစ်သူကြီးများ၏ စိတ်ထဲတွင် လက်စားချေလိုစိတ်နှင့် ရည်မှန်းချက်များ မီးလျှံကဲ့သို့ ပြင်းထန်စွာ တောက်လောင်နေကြလေသည်။