အခန်း (၆၆၇-၆၆၈)
Vol. 50 Ch. 667-668
အပိုင်း ၆၆၇ - မိုးကြိုးဌာန စတေးခံရခြင်း
မကြာသေးခင်က ဖြစ်ပွားခဲ့သော ကပ်ဘေး၏ နောက်ဆက်တွဲ လူအင်အား ပြတ်လပ်မှုကြောင့် အစောင့်အကြပ် မရှိသောအခါ မိုးကြိုးဌာန၏ အစွန်အဖျား တောနက်အတွင်း ရန်သူများ စိမ့်ဝင်နေကာ ပုန်းအောင်းနိုင်ခဲ့ကြသည်။ ချောက်ကမ်းပါးတစ်ခုအတွင်း ချပ်ဝတ်ကိုယ်စီ ဆင်မြန်းထားသော ကျူးရှန်လုနှင့် ယုလင်းတို့ ထွက်ပေါ်လာကာ ခေါင်းမော့ဿ ခပ်တိုးတိုး ရေရွတ်လိုက်ကြ၏။
"လေဆိုး၊ မျှော့စိမ်း"
ခေါ်သံက လေထဲတွင် လွင့်ပါသွားသော အခိုက်တွင် ပတ်ဝန်းကျင် လေထုမှာ အလျင်အမြန် လည်ပတ်ကာ တစ္ဆေညည်းသံများ မရေမတွက်နိုင်လောက်အောင် ပြည့်နှက်နေသည့် လေဆင်နှာမောင်းတစ်ခု ဖြစ်ပေါ်လာသည်။ သာမန်လေပြင်းဟု ထင်မှတ်ရသော အရာသည် သေမျိုးများကို ဝါးမျိုစားသောက်ထားသဖြင့် အငြှိုးကြီးဝိညာဥ်များ အပြည့်ဖြင့် နတ်ဆိုးတစ်ကောင် ဖြစ်နေ၏။ လေဆင်နှာမောင်း အတွင်းမှ မြေပြင်အထိ ဆံပင်ရှည်များ ဒရွတ်ဆွဲနေသော အနီရောင်ဝတ် မိန်းမတစ်ယောက် လှမ်းထွက်လာကာ မျက်လုံးများမှာ မျက်ရည်များ အဆက်မပြတ် စီးကျ၍ ကန်းနေသယောင်ပင်။ သူမက လေတစ်ချက်တိုက်လိုက်ရုံဖြင့် လွင့်စင်သွားလောက်အောင် အားနည်းဟန် ရှိသော်လည်း မဟာစစ်သူကြီးနှစ်ယောက်ပင် အနားမကပ်ရဲကြပေ။
ထို့နောက် တောင်ကြား၏ မြေပြင်က ဘုန်းခနဲ အက်ကွဲဲသွားကာ အစိမ်းရောင် မျှော့ကြီးတစ်ကောင် လူးလွန့် တိုးထွက်လာသည်။ ၎င်း၏ တစ်ကိုယ်လုံး စုပ်ခွက်များ အပြည့်ရှိပြီး ကပ်တွယ်မိသော သားကောင် လွတ်ထွက်မသွားစေရန် အဆူးချွန်များ ပါဝင်သည်။ မီးခိုးများ တလူလူ ထွက်ပေါ်လာကာ ၎င်းသည် ဧရာမ အရွယ်အစားမှ ကျုံ့ဝင်လာကာ အစိမ်းရောင် လူငယ်တစ်ယောက်အဖြစ် လူယောင်ဆန်းလိုက်ပြီး ကျောင်းတော်သားသဖွယ် ယပ်တောင်တစ်ချောင်းပင် ကိုင်ထားသေး၏။
"စစ်ကူတွေ ရောက်လာပြီလား"
"အချိန်ကပ်သွားပေမယ့် တပ်သား တစ်ထောင် စီစဥ်လိုက်နိုင်တယ်။ စုစုပေါင်း အင်အား သုံးထောင်ပဲ"
မျှော့စိမ်းက ဖြေလိုက်သောအခါ ကျူးရှန်လုသည် မကျေနပ်ဟန် ပြလိုက်သဖြင့် စကားဆက်သည်။
"ဒါကို မလုံလောက်ဘူး ထင်နေတာလား။ လုဖန် စီစဥ်ထားတာထက်တောင် ပိုများနေပြီ"
"သူက ပြဿနာကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းချင်နေလို့ပါ"
"ဒါဆိုရင် နည်းနည်းလောက် စောင့်ကြ။ ရှုလည်း ရောက်နေပြီထင်တယ်။ သူနဲ့အတူ ထိပ်တန်းမိစ္ဆာတွေ ခေါ်လာလိမ့်မယ်"
ယုလင်းက ဝင်ရောက်ဖြန်ဖြေလိုက်သောအခါ နောက်ထပ် သတင်းတစ်ခု ရလိုက်သဖြင့် ကျူးရှန်လု ကျေနပ်စွာ ခေါင်းညိတ်ခဲ့သည်။
"စစ်ဧကရာဇ်က သဘောတူလိုက်တယ်။ မင်းရဲ့ လေပြင်းကို မိုးကြိုးဌာနတစ်ခုလုံး စိတ်ကြိုက် လွှတ်လို့ရပြီ။ ဒီတစ်ခေါက် ပွဲတော်ကြီးမှာ သွေးချောင်းစီးအောင် စားသောက်လိုက်စမ်း"
ထို့နောက် ယုလင်းသည် အနီရောင်ဝတ် မိန်းမထံ အကြည့်ပြောင်းကာ ကျေနပ်စွာ ပြုံး၍ အသိပေးလိုက်၏။ သူမ၏ အသက်ဓာတ် ကင်းမဲ့သော မျက်လုံးများက မော့ကြည့်လာသောအခါ မဟာစစ်သူကြီးနှစ်ယောက်လုံး ပျောက်ကွယ်သွားပြီ ဖြစ်၏။ နာရကချောက်နက်၏ ထိပ်တန်းနတ်ဆိုးများက ရှေ့မှောက်ရှိ ခမ်းနားကြီးကျယ်သော လူသားနယ်မြေ၏ မိုးကြိုးဌာနကို စိုက်ကြည့်နေရင်း မျှော့စိမ်းမှ စကားဆိုသည်။
"ဒီနေရာမှာ သောင်းကျန်းရတာ ပျော်စရာကောင်းလိမ့်မယ်"
"လူသားတွေရဲ့ အသက်ဆိုတာ ခဏလေးပါပဲ။ နောက်ဆုံးကျ အစာ ဖြစ်ရတယ်။ ငါ့ကြောင့် တိုက်ပွဲအတွင်းမှာ အလောင်းတောင်လိုပုံပြီး သွေးချောင်းစီးစေရမယ်"
လေဆိုး၏ မျက်လုံးအိမ်များ ပြူးထွက်လာကာ ဝါးမျိုစားသောက်ချင်သော လောဘတို့ ဖြစ်ပေါ်နေသည်။
ကောင်းကင်ရုံးတော်၏ တော်ဝင်နန်းတွင်းရှိ ရွှေရောင်နန်းတော်တစ်ခုသည် ကောင်းကင်အထက်တွင် လွင့်မျောရင်း တောက်ပနေသည်။ ခေါင်မိုးအထက်တွင် ပုံရိပ်သုံးခု ရပ်နေကာ အလယ်တွင် အိမ်ရှေ့စံ ထိုက်ယု ဖြစ်ပြီး ဘယ်ဘက်တွင် ဓားတစ်လက်အသွင် ထက်ရှသော အရှိန်အဝါနှင့် မြောက်ပိုင်းကြယ် ဓားနတ်ဆိုး ရှိကာ ညာဘက်၌ တောင့်တင်းသန်မာ၍ သြဇာတိက္ကမအပြည့်ဖြင့် နဂါးကျားအရှင် နေရာယူထား၏။
"ညမှောင်တာနဲ့ တိုက်ပွဲ စတော့မယ်"
နဂါးကျားအရှင်က အမှောင်ထု စတင် ရောက်ရှိလာသော မိုးကြိုးဌာနကို မျှော်ကြည့်ကာ ကောက်ချက်ချသည်။
"အရှင့်သားက သူတို့အချင်းချင်း တိုက်ခိုက်ခိုင်းတယ်ဆိုတာ လုဖန် သိလိမ့်မယ်"
မြောက်ပိုင်းကြယ် ဓားနတ်ဆိုးက ဤသို့ ပြောလိုက်သောအခါ ထိုက်ယု၏ မျက်နှာတွင် အပြုံးတစ်ချက် ပေါ်လာသည်။
"သေချာပေါက် သိတာပေါ့။ ဒါတောင်မှ ဂရုမစိုက်ဘဲ နောက်လိုက်တွေ ပို့လိုက်ပြီး မိုးကြိုးဌာနကို သိမ်းပိုက်ဖို့တောင် တော်တော်လေး ရင်းနှီးထားတယ်။ ကြည့်ရတာ သူက ယွမ်ရှောင်ကို ငါတို့ထက်တောင် သတ်ချင်နေသလိုပဲ။ ပြီးတော့ ငါကလည်း ဝင်စွက်ဖက်မှာ မဟုတ်ဘူး"
"မိုးကြိုးဌာနကို စွန့်ပစ်လိုက်တာ တန်ပါ့မလား"
မြောက်ပိုင်းကြယ် ဓားနတ်ဆိုး၏ အမေးကို သူက ခေါင်းညိတ်ပြပြီး ပြုံးမြဲပြုံးနေဆဲပင်။
"ဝံပုလွေ ဖမ်းချင်ရင် သိုးအုပ်ကို စတေးရမှာပေါ့"
"ဒါပေမယ့် မိုးကြိုးဧကရာဇ် ပျောက်နေတယ်"
"သူ့ကို ငါပဲ တာဝန်တစ်ခု ပေးလိုက်လို့ ခရီးထွက်သွားတယ်။ မှတ်ထားကြ၊ မင်းတို့က ငါ့အတွက် ယုံကြည်ရတဲ့ နောက်လိုက်တွေပဲ။ မိုးကြိုးဧကရာဇ်ကလည်း အကြွင်းမဲ့ သစ္စာရှိတယ်"
"နားလည်ပါပြီ"
မြောက်ပိုင်းကြယ် ဓားနတ်ဆိုးရော နဂါးကျားအရှင်ပါ နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သောအခါ ထိုက်ယုသည် သက်တောင့်သက်သာရှိသော ပုံစံမျိုးဖြင့် ထိုင်ချလိုက်၏။
"ပျော်ပျော်ကြီး ပွဲကြည့်ကြမယ်။ မိုးကြိုးဌာနက ပျက်စီးနေပြီဆိုမှတော့ စစ်တလင်း အဖြစ် အသုံးပြုတာ သင့်တော်တယ်။ တလွဲအယူအဆတွေနဲ့ စီရင်သူတွေဆိုတာ ငါ နန်းတက်ရင် အရင်ဆုံး ဖယ်ရှားပစ်ရမယ့် အရာပဲ"
ထိုက်ယု၏ စကားကြောင့် အရာရှိနှစ်ယောက်လုံး အကြည့်ချင်းဖလှယ်၍ တိတ်ဆိတ်သွားကာ တစ်ခုခုကို နားလည်သွားပုံပေါ်သည်။
အမှောင်ထု စတင် ရောက်ရှိလာသောအခါ မိုးကြိုးဌာန၏ လမ်းများတွင် ကသောင်းကနင်း ဖြစ်နေကာ အလန့်တကြား အော်သံများ ထွက်ပေါ်လာသဖြင့် ချိုအင်မော်တယ်များ သောင်းကျန်းနေကြပြီ ဖြစ်သည်။ ယခင်ကဆိုလျှင် သူတို့သည် မိုးကြိုးဌာနကို ကြောက်လန့်၍ ကျူးလွန်ရဲမည် မဟုတ်သော်လည်း လက်ရှိ ဟန်တားမည့် အဆင့်မြင့် အရာရှိများ မရှိတော့ပေ။ ဤအော်သံများသည် ရာထူးအောက်ခြေအဆင့် အင်မော်တယ်များထံမှ ထွက်လာခြင်း ဖြစ်ကာ ကောင်းကင်ရုံးတော်မှ ပစ်ပယ်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် စစ်သူကြီးများသည် အဆင့်မြင့်အရာရှိ အိမ်တော်များကို ဝင်ရောက်စီးနင်းကာ ငွေတစ်ပြားပင် မကျန်အောင် သိမ်းယူသွားကြပြီး ချွတ်ခြုံကျ မွဲတေသွားအောင် ဆောင်ရွက်နေသည်။ လက်ကျန်အရာရှိများက တော်ဝင်နန်းတော်ကို မရေမတွက်နိုင်သော သတင်းများ ပို့၍ အကူအညီတောင်းသော်လည်း မည်သူမျှ ရောက်မလာခဲ့ပေ။ စိတ်တိုင်းကျ သောင်းကျန်းပြီးသောအခါ ထိုလူရမ်းကားများ ထွက်ခွာသွားသဖြင့် အနည်းငယ် အသက်ရှူချောင်ကာ စီရင်သူများသည် နတ်ကျောက်စိမ်းရုံးသို့ တိုက်ရိုက် ပြေးထွက်လာကြ၏။ သူတို့က ထိုနေရာတွင် မည်သူ နေထိုင်ကြောင်း အတိအကျ သိထားပြီး မိုးကြိုးဌာန၏ အနာဂတ်အတွက် နောက်ဆုံးမျှော်လင့်ချက်ကို အားကိုးချင်နေသည်။ ထိုအချိန်တွင် နတ်ဆိုးအရှိန်အဝါများက တောနက်ကြီးအတွင်းမှ စတင် ဖြစ်ပေါ်လာပြီး ကောင်းကင်ကို ဖုံးကွယ်သွားလောက်အောင် မြူများ ထူထဲကုန်သည်။
"နတ်ဆိုးတွေ"
"မြောက်ဘက်တောထဲက ထွက်လာတာ"
ကျယ်လောင်များပြားသော နတ်ဆိုးဟိန်းသံများ မိုးကြိုးဌာနသို့ ဝင်ရောက်လာခြင်းမှာ စီရင်သူများတစ်သက် ယုံနိုင်ဖွယ် မရှိချေ။ နတ်ဆိုး အခိုးအငွေ့များသည် မိုးကြိုး မဟာအစီအရင်ကိုပင် ဖုံးကွယ်မတတ် ထူထပ်နေပြီး မိုးကြိုးဌာန တည်ထောင်လာသမျှ တလျှောက်လုံး အမှောင်မိုက်ဆုံး ည ဖြစ်လာပေတော့မည်။ နတ်ဆိုးမြူများ စုဝေးလာကာ ဦးတည်နေသော အရပ်မျက်နှာသို့ ကြည့်လိုက်သောအခါ ကျောက်စိမ်းရုံးတော်အတွင်းမှ ချောင်အိမ်တော် ဖြစ်နေသည်။
"လုယောင်"
"ဘာကြောင့်လဲ။ ရန်သူက ဘာကြောင့် ဒီနေရာအထိ ကျူးကျော်လာနိုင်တာလဲ။ ကောင်းကင်ရုံးတော်ကရော ဂရုမစိုက်ဘူးလား။ မိုးကြိုးဧကရာဇ် ဘယ်ရောက်နေတာလဲ။ အင်ပါယာက ဘာဖြစ်ချင်နေတာလဲ"
နတ်ဆိုးများ၏ ပစ်မှတ် မည်သူမည်ဝါဖြစ်ကြောင်း နားလည်သွားသော အပြင်သို့ ပြေးထွက်လာသည့် စီရင်သူအားလုံး မျက်လုံးများ ရဲရဲနီကုန်သည်။ သူတို့၏ နှလုံးသားအတွင်း ဝမ်းနည်းမှုက စိတ်ဓာတ်ကျစဖွယ် နေရာယူကာ ကောင်းကင်ရုံးတော်၏ အာဏာကို ထိန်းသိမ်းပေးသော မိုးကြိုးဌာနသို့ နတ်ဆိုးများသည် ဗြောင်ကျကျ ဝင်ရောက်လာနေသည် မဟုတ်ပါလော။ လူတိုင်း ဒေါသထွက်နေကြသော်လည်း စွမ်းအား ကင်းမဲ့သောကြောင့် ယွမ်ရှောင်အတွက် တိတ်တဆိတ် ဆုတောင်းပေးရုံသာ တတ်နိုင်တော့သည်။
ချောင်အိမ်တော်အတွင်း၌ ယုယင်သည် တံခါးဝတွင် ရပ်ကာ ကောင်းကင်မှ ချဥ်းကပ်လာသော နတ်ဆိုးမြူများကြောင့် မျက်မှောင်ကြုတ် စိုက်ကြည့်နေခဲ့၏။ ယွမ်ရှောင်ကမူ မြေကြီးပေါ်တွင် တင်ပျဥ်ခွေ ထိုင်ကာ မျက်စိမှိတ်၍ ကျင့်ကြံနေပြီး နတ်ဆိုးများ ကျုးကျော်ဝင်ရောက်လာသည်ကို အရေးမစိုက်ဘဲ ကျောက်စိုင်ကျောက်သားပမာ တည်တည်ငြိမ်ငြိမ် ရှိသည်။ တံခါးဝရှိ လှေကားထစ်များတွင် ပိုင်အာက ဒူးတုပ်၍ ထိုင်နေရင်း မေးကို လက်ဖြင့်ထောက်ကာ အထင်ကြီးလေးစားရသော သခင်ဖြစ်သူထံ မျက်တောင်မခတ်တမ်း ငေးကြည့်နေခဲ့လေသည်။
အပိုင်း ၆၆၈ - တိုက်ပွဲ
အပြင်ဘက်တွင် နတ်ဆိုးများ ပျားပန်းခတ်မျှ ရောက်ရှိလာသော်လည်း အိမ်တော်အတွင်း အရာအားလုံး တိတ်ဆိတ်ငြိမ်သက်ကာ ရွှေအင်မော်တယ် အလယ်အဆင်သို့ တက်ရောက်သွားသောအခါ ယွမ်ရှောင်၏ မျက်ဝန်းများ ဖြတ်ခနဲ ပွင့်လာသည်။ အတွေးရတနာ ကျင့်စဥ်ကို ကျင့်ကြံပြီးနောက် မူလဝိညာဥ်၊ ချီစက်ဝန်းနှင့် ချီစွမ်းအားတို့ ပေါင်းစပ်သွားကာ လမ်းစဥ်တွင် များစွာ တိုးတက်လာ၏။ ဒန်တန်၏ ချီစက်ဝန်းအထက်တွင် ထိုင်နေသော မူလဝိညာဥ်သည် သာမန် ဝိညာဥ်ပြောင်း အင်မော်တယ်များ၏ စွမ်းအားနှင့် ယှဥ်နိုင်လောက်သော ချီပမာဏကို ပိုင်ဆိုင်ထားသည်။ ထိုအဆင့်သို့ ရောက်သွားသောအခါ သူသည် ပါရမီရှင်သက်သက် မဟုတ်တော့ဘဲ ကောင်းကင်ရုံးတော်၏ ထိပ်တန်းကျင့်ကြံသူများအနက် ဝင်ရောက်နိုင်ခဲ့သည်။
"ထပ်ပြီး အဆင့်တက်သွားပြန်ပြီလား။ ထမင်းစား၊ရေသောက်လောက် လွယ်လိုက်တာ။ ငါကတော့ ဝိညာဥ်ပြောင်း နယ်ပယ်မှာ ကပ်ဘေးမိုးကြိုးတစ်ခု ကျော်ဖြတ်နိုင်ဖို့ နှစ်ပေါင်းသုံးဆယ်လောက် ကြိုးစားရုန်းကန်နေရတယ်"
ကူစုဝမ်က နှုတ်ခမ်းကိုက်၍ မကျေမနပ် ရေရွတ်ပြီး မူလတွင် သူမအောက် များစွာ နိမ့်ကျသော ချောင်ရူပင် မနာလိုစရာကောင်းလောက်အောင် တဟုန်ထိုး မြင့်တက်သွားသည် မဟုတ်ပါလော။ သူမသည် ချောင်အိမ်တော်၏ ချွေးမ ဖြစ်သောကြောင့် ယောင်းမနှင့် အမြဲလိုလို ယှဥ်ပြိုင် ကြိုးစားတတ်သည်။
"ခင်ဗျားက ဘာကျင့်စဥ်မျိုး ကျင့်ကြံတာလဲ။ ပြစမ်းပါဦး"
ယွမ်ရှောင်က တစ်ချက်လှမ်းကြည့်၍ တောင်းဆိုလိုက်သည်။
"အစစ်အမှန် အလင်းကျင့်စဥ်၊ တာအိုကောင်းကင်အဆင့်ပါ။ ဒါပေမယ့်..."
ထိုကျင့်စဥ်ကို အဆင့်သုံး အရာရှိကတော်များသာ သီးသန့်ကျင့်ကြံရသောကြောင့် သူမက ထုတ်ပြရန် တွန့်ဆုတ်သွားသော်လည်း မိုးကြိုးဌာန ပျက်စီးတော့မည် ဖြစ်ရာ အရေးမစိုက်နိုင်တော့ပေ။ ထို့ကြောင့် သိုလှောင်အိတ်အတွင်း လက်နှိုက်ကာ အပြာရောင် ကျောက်ပြားတစ်ချပ်ကို ယွမ်ရှောင်ထံ သူမက ကမ်းပေးလိုက်သည်။ သူက ၎င်းကို ခဏတာမျှ ဆင်ခြင်သုံးသပ်ပြီး တစ်ဖက်လူအား ခန္ဓာကိုယ် စစ်ဆေးရန် တစ်ချက်ပုတ်၍ ရှင်းပြလိုက်သည်။
"ကျင့်ကြံထားတာ မှားနေတယ်။ တတိယအပိုင်းက သုံးခုကို နှစ်ခုအဖြစ် ဖိသိပ်လိုက်။ ဒီကျင့်စဥ်က လွှမ်းမိုးနိုင်စွမ်း ရှိပြီး ကျင့်ကြံဖို့ ခန္ဓာကိုယ်တောင့်တင်းရမယ်။ ခင်ဗျားက အားနည်းသေးငယ်တဲ့ ခန္ဓာကိုယ်နဲ့ အတင်းအကြပ် ကျင့်ကြံထားလို့ ပိတ်ဆို့နေတာပဲ။ ကျုပ် ပြင်ပေးထားတာကို လေ့ကျင့်ကြည့်လိုက်"
စကားတစ်ခွန်းတည်းဖြင့်ပင် သူမ နှစ်ပေါင်းသုံးဆယ်ကြာ မဖြေရှင်းနိုင်ခဲ့သော အချက်ကို ကူညီပေးသည့်အပြင် ကျင့်စဥ်ကိုပင် မျက်တောင်တစ်ခတ်အတွင်း ပြုပြင်ပေးလိုက်ရာ အံ့သြစရာကောင်းလှသည်။
"ကောင်းပြီ"
ကူစုဝမ်က ချက်ချင်း ထိုင်ချ၍ ယွမ်ရှောင် သင်ကြားပေးသည့်အတိုင်း အကောင်အထည်ဖော်လိုက်သောအခါ ကောင်းကင်၌ မိုးကြိုးတစ်ခု လက်ခနဲ တောက်ပသွားသည်။
"ကျင့်စဥ် ပြင်ပေးလိုက်ရင်တောင်မှ ဒီအချိန်မျိုးမှာ ရွှေအင်မော်တယ်တစ်ယောက်က ဘာများ လုပ်နိုင်..."
မြေဓာတ်မိုးကြိုးက ကူစုဝမ်ထံ ချက်ချင်း ဆင်းသက်လာသဖြင့် ယုယင် ပြောစရာ ပျောက်ဆုံးသွားကာ မင်သက်နေမိသည်။ နှစ်ပေါင်းသုံးဆယ်ကျော် အဆင့်မတက်နိုင်ခဲ့သော လူတစ်ယောက်အတွက် ကျင့်စဥ် ပြုပြင်ပေးလိုက်ပြီး ကျင့်ကြံလိုက်သည်နှင့် တပြိုင်နက် အကျိုးဖြစ်ထွန်းခဲ့သည်။ ကပ်ဘေးမိုးကြိုး ကျဆင်းလာသည်မှာ ရုတ်တရက်ဆန်သော်လည်း ကူစုဝမ်သည် ကြိုတင်ပြင်ဆင်ထားသောကြောင့် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ပြီး နတ်ဆိုးများ မတိုက်ခိုက်နိုင်ခင်မှာပင် အောင်မြင်ခဲ့၏။
"မင်းအတွက်"
ထိုအချိန်တွင် ယွမ်ရှောင်သည် ကပ်ဘေးမိုးကြိုး တစ်စင်းကို ဖမ်းယူ၍ ပန်းပွင့်သဏ္ဍာန် ပြောင်းလဲကာ ပိုင်အာထံ ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူမက ပျော်ရွှင်သောကြောင့် မျက်ဝန်းလေးများ တောက်ပကာ ၎င်းကို တန်ဖိုးကြီးရတနာသဖွယ် လက်ခံခဲ့၏။
"လမ်းညွှန်ပေးလို့ ကျေးဇူးတင်ပါတယ် အရှင်"
ကပ်ဘေးမိုးကြိုး ရပ်တန့်သွားသောအခါ ကူစုဝမ်သည် ယွမ်ရှောင်ရှေ့တွင် ချက်ချင်း ဒူးထောက်၍ အရိုအသေပေးခဲ့သည်။
"ကျုပ်က ၁၆နှစ်ပဲ ရှိသေးတာ။ မွေးစားအမေရဲ့ အရှင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ စနောက်နေစဥ် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာသောကြောင့် အမျိုးသမီးသုံးယောက်၏ ဆံပင်များ ဖရိုဖရဲ ဖြစ်ကုန်သည်။ ၎င်းက တည်ငြိမ်နေသော ခြံဝန်းအတွင်း မွှေနှောက်ပစ်လိုက်သောကြောင့် ကျောက်ဆောင်များ ပြိုကျ၍ အဆောက်အအုံများ တဝုန်းဝုန်း လဲကျသွား၏။ မျက်စိတစ်မှိတ်အတွင်း ပတ်ဝန်းကျင်၌ ဟာလာဟင်းလင်း ဖြစ်သွားရာ ချောင်အိမ်တော် ပျောက်ကွယ်သွား၍ အနီရောင် လေပြင်းများ အနောက်တွင် သွေးမျက်လုံးများ တောက်ပစွာ ရှိနေခဲ့သည်။ ယွမ်ရှောင်တို့၏ အရပ်ဆယ်မျက်နှာ ပတ်ပတ်လည်တွင် နတ်ဆိုးများ ပြွတ်သိပ်နေပြီး ပါးစပ်ဖြဲ၍ မာန်ဖီကာ စိုက်ကြည့်၍ အင်အားသုံးထောင်မကသောကြောင့် ပြေးပေါက်ပိတ်ထားနိုင်၏။
အဝေးတွင်မူ စီရင်သူများသည် မိုးကြိုးဌာန၏ နောက်ဆုံးမျှော်လင့်ချက်ကို ကာကွယ်မပေးနိုင်သည့်အတွက် ဝမ်းနည်းပူဆွေးကာ အရှက်ရလျက်ရှိသည်။ လေပြင်းက ပိုမို ကြမ်းတမ်းလာကာ နာနာကျည်းကျည်း အော်သံများသည် နေရာတိုင်း ပျံ့နှံ့၍ ပတ်ဝန်းကျင်ကို အကျည်းတန်စေ၏။
"အား.."
နောက်ဆုံးတွင် မိုးကြိုးဌာနတစ်ခွင် ဖြတ်သန်းတိုက်ခတ်လာသော လေပြင်းများသည် ချောင်အိမ်တော် အထက်၌ စုစည်း၍ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေသော အနီရောင်ဝတ် မိန်းမတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ လေဆိုးက လေနှင့်အတူ လွင့်ပါသွားတော့မယောင် နုနယ်သော်လည်း ငိုရလွန်းသဖြင့် မျက်ရည်များ ခြောက်ခမ်းကာ အသက်မဲ့ မျက်ဝန်းတစ်စုံဖြင့် ယွမ်ရှောင်ကို သတ်ဖြတ်ချင်စိတ်နှင့် စိုက်ကြည့်နေ၏။
"နာကျည်းချက်က ဖြစ်ပေါ်လာတဲ့ နတ်ဆိုးတစ်ကောင်ပဲ"
ယွမ်ရှောင်က တည်တည်ငြိမ်ငြိမ်ဖြင့် ကောက်ချက်ချနေစဥ် မြေပြင်၌ အက်ကြောင်းကြီးတစ်ခု ရုတ်တရက် ကွဲထွက်ကာ အစိမ်းရောင် ဧရာမမျှော့ကြီးသည် ပါးစပ်ဖြဲ၍ တည့်တည့်မတ်မတ် တိုးထွက်လာခဲ့သည်။ အားလုံးက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြပြီး သူ၏ ဘေးပတ်လည်တွင် ယုယင်၊ ကူစုဝမ်နှင့် ပိုင်အာတို့ နေရာယူထားကြ၏။
"မိုးကြိုးဌာနကို ဒီနတ်ဆိုးတွေက ကျူးကျော်ရဲတယ်ပေါ့။ အားလုံး အမိန့်နာခံပြီး သတ်ပစ်စမ်း"
အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေသည့် အခိုက်အတန့်ကို အသံနက်ကြီးက ဖြိုခွဲ၍ ကောင်းကင်စစ်တပ်၏ ကျင့်ကြံသူများ ပျံတက်လာကြသည်။ ကျူးရှန်လု ဦးဆောင်သော စစ်သည်တော်များက နတ်ဆိုးအင်အားစုနှင့် မျက်နှာချင်းဆိုင် နေရာယူလိုက်သောအခါ အမှန်တရားကို မသိထားသော စီရင်သူများမှာ စိတ်သက်သာရာရကုန်သည်။
"ကောင်းကင်စစ်တပ် ရှေ့ထွက်လာတာလား"
"လုယောင်နဲ့ မိုးကြိုးဌာနကို ကယ်တင်ပေးပါ"
ချိုအင်မော်တယ်များ၏ နှိပ်စက်မှုကို ခံခဲ့ရသည့်တိုင်အောင် သူတို့က အခြေအနေကို သဘောမပေါက်ကြသေးပေ။
"တိုက်ကြ"
သူတို့ မျှော်လင့်ထားသည့်အတိုင်း ကောင်းကင်စစ်တပ်က ချောင်အိမ်တော်သို့ ချီတက်လာသောအခါ အရှိန်အဝါများ ပြန့်ထွက်လာကာ အတွင်း၌ ဖြစ်ပျက်နေသမျှကို ဖုံးကွယ်ပေးနိုင်သည့် အလင်းမျက်နှာပြင်တစ်ခု ဖန်တီးလိုက်ကြသည်။
"လုယောင် အသက်ရှင်ပါစေ"
စီရင်သူများက ၎င်းကို ကျော်ဖြတ်၍ မမြင်နိုင်သောကြောင့် ဆုတောင်းနေရုံသာ တတ်နိုင်၏။ အတွင်း၌ တိုက်ပွဲ ဖြစ်နေသယောင် တိုက်ခိုက်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသော်လည်း အမှန်တကယ် မြင်ကွင်းမှာ အရုပ်ဆိုးနေသည်။ ကောင်းကင်စစ်တပ်သည် နတ်ဆိုးများနှင့် ရင်ဘောင်တန်း နေရာယူထားလိုက်ပြီး ဦးဆောင်လာသော မဟာစစ်သူကြီးနှစ်ယောက်က သတ်ဖြတ်လိုစိတ်ဖြင့် အေးစက်လွန်းနေသည်။
"တကယ့်ကို လူစုံတက်စုံပါလား။ မင်္ဂလာညချမ်းလေးပါ"
ယွမ်ရှောင်က သရောလိုဟန်ဖြင့် ပြုံး၍ ကြိုဆိုလိုက်သောအခါ ကျူးရှန်လုမှာ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး သတ်မိန့်ပေးလိုက်တော့၏။
"ဝုန်း"
လူသားနှစ်ယောက်နှင့် နတ်ဆိုးနှစ်ကောင်၊ ထိပ်တန်း အင်မော်တယ်များက လူငယ်လေးတစ်ယောက်ကို ပူးပေါင်းသတ်ဖြတ်ရန် တပြိုင်နက် တိုက်ခိုက်လာကြသကဲ့သို့ ဝိညာဥ်ပြောင်းလဲနယ်ပယ် နတ်ဆိုးနှင့် စစ်သည် အယောက်သုံးဆယ်ကျော် လိုက်ပါလာသေးသည်။ ကျန်ရှိနေသော အင်အားစုက စက်ဝိုင်းသဏ္ဍာန် ဖြန့်ကျက်ကာ အကျယ်အဝန်းတစ်ခု ပိတ်ဆို့ထား၏။ ရည်ရွယ်ချက်က ရှင်းလင်းပြီး ရက်သက်ကြမ်းကြုတ်ကာ မိုးကြိုးဌာနကို အလုံးစုံ သုတ်သင်ရှင်းလင်းရန်ပင်။ ယွမ်ရှောင်ကို သတ်ပြီးနောက် ကောင်းကင်ရုံးတော်၏ အခြေခံ အုတ်မြစ် ထိခိုက်စေရန်နှင့် သစ္စာဖောက်၍ နာရကချောက်နက် လက်အောက်သို့ ခိုဝင်ကာ လူသားများအား ခြိမ်းခြောက်ရန်အတွက် သူတို့က အရာအားလုံးကို ဖျက်ဆီးပစ်ကြပေလိမ့်မည်။