အခန်း (၆၆၉-၆၇၀)
Vol. 50 Ch. 669-670
အပိုင်း ၆၆၉ - မိုးကြိုးများ ထပ်မံ ကျဆင်းလာပြီ
ကောင်းကင်စစ်တပ်နှင့် နတ်ဆိုးအုပ်စု၏ သတ်ဖြတ်လိုစိတ်က ပတ်ဝန်းကျင်တွင် ဝုန်းခနဲ လွှမ်းမိုးသွားသောအခါ ယုယင်ရော ကူစုဝမ်ပါ ကြောက်လန့်တကြား ဖြစ်သွားကြ၏။
"အရှင်"
သူတို့က အားကိုးစရာအဖြစ် ယွမ်ရှောင်ကို ခေါ်လိုက်သောအခါ စကားတစ်ခွန်းဖြင့် အဖြေပေးလာခဲ့သည်။
"ဧည့်သည်ကို လက်ဗလာနဲ့ ဧည့်ခံလို့တော့ ဘယ်ဖြစ်မလဲ"
သူ၏ အကြည့်က ကောင်းကင်အထက်ရှိ မိုးကြိုး မဟာအစီအရင်သို့ ရောက်ရှိသွားကာ မိုးကြိုးဌာန၏ အဆင့်မြင့် အရာရှိများကို သတ်ရန် စွမ်းအားများ ကုန်ခမ်းသွားသော်လည်း ရှေ့ပြေးရန်သူများအား ဖြေရှင်းရန် လုံလောက်နေ၏။ ယနေ့တွင် ၎င်းကို အသုံးပြုလိုက်လျှင် သူက ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း ထပ်မံ ဖုံးကွယ်ထားနိုင်မည် မဟုတ်သော်လည်း သရုပ်မှန် ပေါ်ပေါက်သွားပြီဖြစ်ရာ အကြောင်း မဟုတ်တော့ပေ။ သေခြင်းတရားနှင့် ရင်ဆိုင်နေသော သူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားကာ ကောင်းကင်သို့ လက်ညှိုးထိုးလိုက်သည်နှင့် တပြိုင်နက် အပြာရောင် မိုးကြိုးတစ်စင်း ပြေးထွက်ကာ နတ်ဆိုးမြူမှ ဖောက်ထွက်၍ မဟာအစီအရင်သို့ ဝင်ရောက်သွားခဲ့သည်။
"ဥပဒေအရ အပြစ်သားတွေကို မိုးကြိုးက အပြစ်ပေးတယ်"
သူက မလှုပ်ရှားလျှင် တည်ငြိမ်သော်လည်း စတင်လိုက်သောအခါ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော မိုးကြိုးချီများ ဖြာထွက်ကာ ကောင်းကင်တစ်ခွင် တုန်ခါစေသည်။ သူက ကောင်းကင်မှ ဆင်းသက်လာသည့် မိုးကြိုးနတ်ဘုရားသဖွယ် ထင်ရပြီး လျှပ်စီးများ ခြံရံလျက် ဒေါသကြောင့် မျက်နှာထား တင်းမာနေ၏။
"သတ်စမ်း"
အမိန့်သံကို မဟာအစီအရင်မှ ပြန်လည် တုံ့ပြန်ပြီး ကောင်းကင်အနှံ့အပြား မိုးကြိုးများ ပြည့်နှက်စေကာ လက်ညှိုးညွှန်ရာ တိုက်ခိုက်တော့မည့်အတိုင်းပင်။ ယွမ်ရှောင်က ကောင်းကင်စစ်တပ်ကို ပစ်မှတ်အဖြစ် ညွှန်ပြလိုက်သောအခါ မိုးကြိုးအစင်းပေါင်း ထောင်ချီသည် နတ်ဆိုးမြူနှင့် လေပြင်းကို ထိုးခွင်းဆုတ်ဖြဲရင်း အနက်ရောင် နဂါးကြီးများပမာ လူးလူးလွန့်လွန့် ကျဆင်းလာခဲ့သည်။
"ဝုန်း ဝုန်း ဝုန်း"
ပေါက်ကွဲသံများနှင့်အတူ ပြန့်ထွက်လာသော မိုးကြိုးချီများအကြားတွင် ချိုအင်မော်တယ်များမှာ ခြေလက်တခြား ကိုယ်တခြား ဖြစ်သွားသကဲ့သို့ စစ်သူကြီးများလည်း မီးကျွမ်းနေသော အလောင်းပမာ တူးခြစ်မည်းနက်၍ သေဆုံးကုန်သည်။
"အား"
မှောင်စပျိုးကာစ အချိန်တွင် မိုးကြိုးဌာနတစ်ခွင် မွှေနှောက်ရမ်းကားခဲ့သော ဤအုပ်စုမှာ ယွမ်ရှောင်၏ ဒေါသကို ပထမဆုံး ခံစားလိုက်ရသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အော်သံနက်ကြီးများ ပျံ့နှံ့လာ၏။ နတ်ဆိုးများမှာ ပစ်မှတ် မဟုတ်သောကြောင့် မသေသော်လည်း ရပ်နေသည့် မြေပြင်တွင် မိုးကြိုးပစ်ချက်ကြောင့် တွင်းနက်ကြီးများ ဖြစ်ပေါ်ကုန်သည်။ မဟာအစီအရင်၏ စွမ်းအားက လျော့ကျသွားသောကြောင့် ယခင်တစ်ခါလောက် ပြင်းထန်မနေသဖြင့် အချို့မှာ ချက်ချင်း မသေဘဲ ခြေပြတ်လက်ပြတ် ဖြစ်သွားသည်။ စွမ်းအားအပြည့်သာဆိုလျှင် မိုးကြိုးဌာန၏ အရာရှိများကဲ့သို့ အလောင်းရော ဝိညာဥ်ပါ မကျန် ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။ သို့ရာတွင် ရန်သူများက ယွမ်ရှောင်၏ ကြောက်မက်ဖွယ် စွမ်းပကားကို သိရှိသွားကြပြီး ကောင်းကင်စစ်တပ်အနေဖြင့် မဟာအစီအရင်ကို သူ ထိန်းချုပ်နိုင်ကြောင်း သတင်းမရထားချေ။
ရက်စက်ကြမ်းတမ်း၍ အစွမ်းထက်လှသော ဝှက်ဖဲကြောင့် လက်အောက်ခံ စစ်သည်တော်များ လုံးဝနီးပါး အပြတ်ရှင်းခံလိုက်ရသောအခါ မဟာစစ်သူကြီးနှစ်ယောက် မျက်နှာပျက်သွားကြ၏။ ထို့အပြင် တိုက်ခိုက်ရန် ချီတက်လာသော နတ်ဆိုးများသည်လည်း ထိုစွမ်းအားကြောင့် ကြောက်လန့်၍ မဟာအစီအရင်နှင့် တစ်သားတည်း ဖြစ်နေပုံရသော မိုးကြိုးနတ်ဘုရားကို ကြည့်ကာ ခြေလှမ်းများ ရပ်တန့်သွားကြသည်။
"အောက်တန်းစားတွေက မိုးကြိုးဌာနကို ကျူးကျော်ချင်သေးတာလား"
ယွမ်ရှောင်၏ မျက်လုံးက နတ်ဆိုးအုပ်စုထံ ဝေ့ဝဲရောက်ရှိလာပြီး ကောင်းကင်သို့ လက်နှစ်ဖက် မြှောက်ကာ မိုးကြိုးကို ဖမ်းဆုပ်ဟန်ပြုပြီး ပတ်ဝန်းကျင်သို့ ဖိချသယောင် လုပ်လိုက်သည်။
"ပြေးကြ"
နတ်ဆိုးများက ခြေလှမ်း ပြင်လိုက်သော်လည်း နောက်ကျသွားပြီဖြစ်ကာ မဟာအစီအရင်သည် ကန့်သတ်ချက် ရောက်သည်အထိ တုန်ခါသွားကာ လက်ကျန်စွမ်းအား အကုန်အစင် ထုတ်ဖော်လိုက်ပုံရသည်။ အနက်ရောင်မိုးကြိုးများ ထပ်မံကျဆင်းလာပြီး ဖြတ်သန်းသွားသော နေရာတိုင်း နာနာကျင်ကျင် အော်သံများ ထွက်ပေါ်လာကာ သွေးချောင်းစီး၍ နတ်ဆိုးများ အလောင်း ဖြစ်ကုန်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန့်ကြဲသွား၏။ မိုးကြိုးချီများက နတ်ဆိုးမြူအတွင်း ဆက်လက် ခရီးနှင်လိုက်သောအခါ လောကကြီးတစ်ခုလုံး မိုးကြိုးကပ်ဘေး ကျရောက်လာသကဲ့သို့ ချောင်အိမ်တော်တစ်ခုလုံး လွှမ်းခြုံနေသည်။
"အစွမ်းထက်လိုက်တာ"
နတ်ကျောက်စိမ်းရုံးတော်အတွင်း မိုးကြိုးများ အဆက်မပြတ် ပစ်ချနေသည်ကို မြင်သောအခါ စီရင်သူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။ ညအမှောင်ကြောင့် လျှပ်စီးအလင်းများက ပိုမိုထင်ရှားပြီး မိုးကြိုးဌာနမှာ နေအလင်း ရောက်လာသည့်အတိုင်း လင်းထိန်သွားသည်။ မဟာအစီအရင် မျက်နှာပြင်တွင် ခံစားချက်ကင်းမဲ့သော်လည်း မျက်ဝန်း၌ ဒေါသမီး တောက်လောင်နေသော မျက်နှာကြီးတစ်ခု ဖြစ်ပေါ်လာကာ မိုးကြိုးများ ဆက်တိုက် မှုတ်ထုတ်လိုက်သည်။
"လုယောင်"
ဤမျှ ခမ်းနားလှသော ပြကွက်နှင့် စွမ်းအားသည် စီရင်သူအားလုံးကို အရိုးစွဲသည်အထိ မှတ်မိသွားစေရန် လုံလောက်၏။
"တမန်တော်လုက မဟာအစီအရင်ကို သုံးပြီး နတ်ဆိုးတွေကို တိုက်ခိုက်နေတာပဲ"
"သူက မိုးကြိုးဌာနရဲ့ အနာဂတ်ဆိုတာ မမှားဘူး"
"အင်မော်တယ်ပြိုင်ပွဲ ချန်ပီယံကို ဘယ်သူက ယှဥ်ရဲမှာလဲ"
ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်လိုက်သော အားပေးသံများက မိုးချုန်းသံများနှင့် ယှဥ်နိုင်လောက်အောင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် စီရင်သူများက ယခင်ခေါင်းဆောင် မိုးကြိုးဧကရာဇ်ကို လုံးဝ မေ့လျော့သွားပြီ ဖြစ်၏။ နတ်ဆိုးများ ကျူးကျော်လာသောအခါ ကယ်တင်ရှင်သည် နယ်မြို့လေးတစ်မြို့မှ ရောက်လာသော စီရင်သူ လူငယ်လေးပင်။
မိုးကြိုးဌာနတစ်ခုလုံးသည် မိုးကြိုးများ အဆက်မပြတ် ကျဆင်းနေသောကြောင့် လင်းထိန်ပြီး မဟာအစီအရင်၏ တိုက်ခိုက်မှုအောက်တွင် ကောင်းကင်စစ်တပ်၏ တပ်သားများ သေဆုံးပြီး နတ်ဆိုးသုံးထောင်မှာလည်း အတုံးအရုံး လဲကျကုန်သည်။ ချောင်အိမ်တော်သည်ပင် မြေပြင်၌ ပြားပြားဝပ် ပျက်စီးသွားကာ မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် မိုးကြိုး ပစ်ခံထားရသဖြင့် မီးလောင်ပြင်အတိုင်းသာ မြင်ရ၏။
အရာအားလုံး တိတ်ဆိတ်သွားသောအခါ အလယ်ဗဟိုတွင် ရပ်နေသော ယွမ်ရှောင်က မဟာအစီအရင်ကို ရပ်တန့်ခဲ့သည်။ ယခင် အရာရှိ သတ်ပွဲမှာ သူ့လက်ချက်ဖြစ်ကြောင်း သိနေသည့်တိုင်အောင် ကူစုဝမ်နှင့် ယုယင်သည် နောက်တစ်ကြိမ် ကြုံရသောအခါ တုန်လှုပ်ခြောက်ခြားသွားပြန်၏။
"နှစ်ခါတောင် တိုက်ခိုက်လိုက်ပြီဆိုတော့ မဟာအစီအရင်ရဲ့ စွမ်းအားတွေ ကုန်ဆုံးသွားလောက်ပြီမလား"
ယုယင်သည် ပတ်ပတ်လည်မှ တလူလူ ထွက်ပေါ်လာသော မီးခိုးများကို ကြည့်နေရင်း သတိပြန်ဝင်လာကာ စိုးရိမ်တကြီး ရေရွတ်မိသည်။ ထိုစကားကြောင့် ကူစုဝမ်လည်း ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မိုးကြိုးဌာန၏ အခမ်းနားဆုံးနှင့် အမြင့်မြတ်ဆုံး လက်နက် ဖြစ်သော မဟာအစီအရင်က စွမ်းအားများ ကုန်ခမ်းနေဟန်ဖြင့် မှေးမှိန်ကာ ကျုံ့ဝင်နေသည်ကို မြင်လိုက်ရ၏။
"ရန်သူ အင်အားစုတွေ အကုန်လုံးနီးပါး သေကုန်ကြပေမယ့် မဟာစစ်သူကြီးနှစ်ယောက်နဲ့ ထိပ်တန်း နတ်ဆိုးတွေ ကျန်နေတုန်းပဲ"
ဤရန်သူများက ယနေ့ည တိုက်ပွဲ၏ အဓိက စိန်ခေါ်မှုဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်ထားသည်။ မဟာအစီအရင်သည် ပထမကြိမ် တိုက်ခိုက်မှုကြောင့် အားနည်းသွားသဖြင့် သူတို့ကို တိုက်ရိုက် မသတ်ဖြတ်နိုင်တော့ပေ။ သို့မဟုတ်လျှင် ယွမ်ရှောင်က စွမ်းအားအကြီးဆုံး ရန်သူများကိုသာ ပစ်မှတ်ထားခဲ့ပေလိမ့်မည်။
"ဖြည်းဖြည်းစား၊ လောစရာ မလိုဘူး"
ယွမ်ရှောင်ကိုယ်တိုင်ကမူ စိုးရိမ်မနေဘဲ မုန်တိုင်းမတိုက်ခင် ပင်လယ်ပြင်ကဲ့သို့ တည်ငြိမ်နေကာ ပိုင်အာကို မှာကြားနေသည်။ သူမက နာခံစွာ ခေါင်းညိတ်၍ ရေလှိုင်းပမာ အရည်ပျော်ကျသွားကာ မီးလောင်ပြင်အတွင်း စီးဆင်းသွားခဲ့သည်။ ထို့နောက် လေပြင်းများ ပိုမို အေးစက်စွာ တိုက်ခတ်လာသဖြင့် သူက မော့ကြည့်လိုက်သောအခါ လေဆိုးသည် မျက်နှာကို လက်ဖြင့် ဖုံးအုပ်၍ ကြောက်စရာကောင်းစွာ ရယ်မောနေခဲ့၏။
"မင်း ဒေါသထွက်တာက တကယ် ထိန်းရသိမ်းရ မလွယ်ပါလား"
အနားတွင် လူအသွင်ဖြင့် ရပ်နေသော မျှော့စိမ်းက အနည်းငယ် စိတ်ပျက်ဟန်ဖြင့် ခါးသက်သက် ပြုံးသည်။ သူတို့၏ အနောက်တွင် ဝိညာဥ်ပြောင်း အင်မော်တယ်နတ်ဆိုးများ အကောင်နှစ်ဆယ်ခန့် ကျန်ရစ်ပြီး ယွမ်ရှောင်ကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေကြ၏။ ကျန်တစ်ဖက်တွင် ကောင်းကင်စစ်တပ်မှ အင်မော်တယ် ၁၃ယောက်သည် မြေပြင်မှ ထရပ်လာကာ ဒဏ်ရာမရှိသလောက် အထိအခိုက် ကင်းသည်။ အစွမ်းထက်ရန်သူ အားလုံး စုစည်းလိုက်ကြပြီး သတ်ဖြတ်လိုစိတ်နှင့် အရှိန်အဝါများက ယွမ်ရှောင်ထံ ဖိအားသဖွယ် ဖိနှိပ်လာခဲ့သည်။
"ငါတို့ အလှည့် ရောက်ပြီ"
ကျူးရှန်လုက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ခြိမ်းခြောက်လိုက်သော်လည်း ယွမ်ရှောင်မှာ အပြုံးမပျက်သဖြင့် ရန်သူတစ်ဝက်ခန့် တုန်လှုပ်သွားစေသည်။
"မင်းတို့ရဲ့ အစွမ်းကို မြင်ချင်နေပြီ။ မြန်မြန် လုပ်စမ်းပါ"
ထို့နောက် ဦးဆောင်လာသူ လေးယောက်က အကြည့်ချင်း ဖလှယ်၍ ယွမ်ရှောင်ကို ဝန်းရံကာ လှုပ်ရှားလိုက်ကြ၏။
"စကားမစပ်၊ မင်းတို့ ခန စောင့်ပေးလို့ရမလား။ အရိပ်မိစ္ဆာ၊ မင်း မသေခင် ဒီမိတ်ဆွေတွေကို မျက်နှာလေးတော့ ပြလိုက်ပါဦး"
ထိုအခိုက်အတန့်တွင် သူက ကိုယ့်အရိပ်ကိုယ် ငုံ့ကြည့်ပြီး လှောင်ပြောင်သရောဟန်ဖြင့် ရုတ်တရက် ပြောလိုက်လေသည်။
အပိုင်း ၆၇၀ - မီးခြင်္သေ့ကိုးကောင်
အရိပ်ထဲတွင် မိစ္ဆာတစ်ကောင် ပုန်းအောင်းနေပြီး ပစ်မှတ် အားအနည်းဆုံး အချိန်တွင် ထွက်ပေါ်လာပြီး သတ်ဖြတ်ရန် ကြံစည်ထားသော်လည်း ဖော်ထုတ်ခံလိုက်ရသည်။ ယွမ်ရှောင်၏ စကားအဆုံးတွင် အရိပ်ထဲမှ အနက်ရောင် မိစ္ဆာတစ်ကောင် ခွဲထွက်သွားကာ တစ်ကိုယ်လုံး ဝတ်ရုံရှည် ခြုံထားကာ ခြေထောက်များ မရှိဟန်ဖြင့် မြေပြင်အထက် မျောလွင့်နေ၏။ ၎င်းက အမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေပြီး မြင်နိုင်ရန် ခက်ခဲလှကာ ဤသို့သော ပတ်ဝန်းကျင်မျိုး၌ ရှာတွေ့ရန် မလွယ်ချေ။
"နာရက မိစ္ဆာနယ်မြေရဲ့ အရိပ်မိစ္ဆာ ရှု"
သူက ကျူးရှန်လုဘေးသို့ ရွေ့လျားသွားကာ အနီရောင်မျက်ဝန်းများနှင့် ဝတ်ရုံအတွင်းမှ ယွမ်ရှောင်ကို စိုက်ကြည့်နေသည်။ ဤသို့ဖြင့် ကြောက်မက်ဖွယ် ရန်သူငါးယောက် လူစုံသွားပြီဖြစ်ကာ မိစ္ဆာ၊ နတ်ဆိုးနှင့် လူသားမျိုးနွယ် အားလုံး ပါဝင်၏။ ထို့အပြင် ဝိညာဥ်ပြောင်းနယ်ပယ် ကျင့်ကြံသူ အယောက် သုံးဆယ်ကျော်လည်း ကျန်ရစ်နေပြီး ယွမ်ရှောင်တို့ကို အထက်အောက် ဘယ်ညာမှ ပိတ်ဆို့၍ သွေးဆာနေသော မျက်လုံးများအရ သေသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပုံရသည်။
"လူစုံပြီထင်တယ်။ စကြတာပေါ့"
ယွမ်ရှောင်က ရှေ့သို့ ခြေလှမ်းလိုက်သောအခါ ကျူးရှန်လုသည် လက်ဝါးထဲတွင် မီးများတောက်လောင်၍ အရှည်လေးပေနှင့် အကျယ်လေးလက်မ ရှိသော ဓားပြားကြီးတစ်လက် ဆင့်ခေါ်ခဲ့သည်။
"တာအိုကောင်းကင်အဆင့် ဓားဝိညာဥ်၊ ချော်ရည်ဓား၊ ဓားပိုင်နက်၂၉ ရှိတယ်"
ဓားသမားချင်း တူညီသော ယုယင်က တစ်ချက်ကြည့်ရုံဖြင့် ခွဲခြမ်းစိတ်ဖြာကာ ယွမ်ရှောင်ကို အသိပေးလိုက်၏။ သူမ၏ ဓားဝိညာဥ်ကလည်း အဆင့်တူတူပင်ဖြစ်ကာ ကျူးရှန်လုထက် ဓားပိုင်နက်တစ်ခု ပိုသည်။ ထို့နောက် ကျူးရှန်လုသည် ဓားနှင့်တစ်သားတည်း ဖြစ်သွားခဲ့ပြီး ဦးခေါင်းအထက်တွင် မီးလျှံမုန်တိုင်း ထွက်ပေါ်လာကာ ခေါင်းအစား မီးဖိုကြီးတစ်လုံး ရှိသော မူလဝိညာဥ် တိုးထွက်လာခဲ့သည်။ ဝိညာဥ်ပြောင်းလဲနယ်ပယ် နောက်ပိုင်းအဆင့် ဖြစ်သောကြောင့် သူက ကပ်ဘေးမိုးကြိုးသုံးခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး ချီစွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ ပိုမို သန်မာလာစေ၏။ ပို၍ အရေးကြီးသည်မှာ သူက မောက်မာခြင်းမရှိဘဲ ပစ်မှတ်ကို တစ်ကိုယ်တော် တိုက်ခိုက်ရန် တွေးမထားခဲ့ပေ။
ဘယ်ဘက်တွင် လေဆိုးသည် အနီရောင်လေပြင်းပမာ စတင် တိုက်ခတ်လာ၍ ညာဘက်ရှိ ရှူသည်လည်း အမှောင်ထဲသို့ တိုးဝင်သွားကာ အဆိပ်ပြင်းကဲ့သို့ ကြောက်မက်ဖွယ် အရှိန်အဝါ ပျံ့နှံ့လာ၏။
"ယုယင်ကို ငါတို့ ရင်ဆိုင်မယ်"
"သွေးနံ့က မွှေးလိုက်တာ"
ယုလင်းနှင့် မျှော့စိမ်းက အချင်းချင်း တစ်ချက်ကြည့်၍ နားလည်မှု ယူပြီး ကျေနပ်စွာ ပြုံးလိုက်၏။ သူတို့က ယုယင်ကို နှစ်ယောက်တစ်ယောက် ရင်ဆိုင်ကာ အရေအတွက် အသာစီးဖြင့် ပိတ်ဆို့ထားလျှင် ယွမ်ရှောင်သည် ကျူးရှန်လု၊ လေဆိုးနှင့် ရှူကို တစ်ကိုယ်တော် ရင်ဆိုင်ရပေတော့မည်။ ဖိအားအများဆုံးက ကူစုဝမ်ထံ ကျရောက်နေပြီး တိုက်စရာ ရန်သူမရှိသော ဝိညာဥ်ပြောင်းနယ်ပယ် ကျင့်ကြံသူ သုံးဆယ်ကျော်၏ ပစ်မှတ် ဖြစ်လာသောကြောင့် အကူအညီမဲ့ပြီး ထွက်ပြေးရန်ပင် မဖြစ်နိုင်ချေ။.
"မကြောက်နဲ့။ မဟာအစီအရင်က မိုးကြိုးတွေကိုတင် အမိန့်ပေးနိုင်တာ မဟုတ်ဘူး။ မီးခြင်္သေ့ကို မေ့နေကြတာလား"
ရန်သူများ၏ ကြမ်းကြုတ်ရက်စက်သော တိုက်ခိုက်မှုများအောက်တွင် ယုယင်နှင့် ကူစုဝမ်က အသက်စွန့် တိုက်ခိုက်ရန်ပင် ပြင်ဆင်ထားပြီး နိဂုံးကို လက်ခံရန် တွေးနေစဥ်မှာပင် ယွမ်ရှောင်၏ စကားသံ ထွက်ပေါ်လာခဲ့သည်။ မီးခြင်္သေ့သည် မိုးကြိုးဌာန၏ နတ်သားရဲ သင်္ကေတဖြစ်ပြီး စီရင်သူတိုင်းအတွက် ဝှက်ဖဲ တစ်ချပ် ဖြစ်၏။
"ဟုတ်တယ်"
ကူစုဝမ်က ယခုမှ သတိရသွားကာ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာသည်။ သူမက မေ့နေခြင်း မဟုတ်ဘဲ မိုးကြိုးဧကရာဇ် မရှိသောကြောင့် မဟာအစီအရင်၏ စွမ်းအားကို ဤမျှအထိ ထုတ်ဖော်နိုင်မည်ဟု ထင်မထားသောကြောင့်ပင်။
"ဂျိန်း"
ကောင်းကင်တွင် စွမ်းအား မရှိတော့ဟန်ဖြင့် မှေးမှိန်နေသော မဟာအစီအရင်က ရုတ်တရက် အလင်းများ တောက်ပကာ မိုးချုန်းသံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ ၎င်းအသံသည် ယခင် တိုက်ကွက်ကြောင့် ကြောက်လန့်နေပြီးသား ဖြစ်သော ရန်သူများကို တုန်လှုပ်သွားစေကာ နေရာအနှံ့ ပြေးပုန်းကုန်သဖြင့် ကျူးရှန်လု လည်ချောင်းကွဲမတတ် အော်ဟစ် သတိပေးနေရသည်။
"မစိုးရိမ်ကြနဲ့။ မဟာအစီအရင်က စွမ်းအား ကုန်နေပြီ"
"နတ်ဆိုးတွေ ကျူးကျော်လာတယ်။ ကောင်းကင်စစ်တပ် ပုန်ကန်တယ်။ မိုးကြိုးဌာနလည်း ပျက်စီးတော့မယ်။ မီးခြင်္သေ့ မင်း ငါ့ကို မကူညီဘူးလား"
ယွမ်ရှောင်၏ ဝိညာဥ်စွမ်းအင်များဖြင့် အားဖြည့်ထားသော စကားလုံးတိုင်းက မဟာအစီအရင်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ မိုးကြိုးဌာန ပျက်စီးတော့မည့် အရေးနှင့် ကြုံနေရသောအခါ မဟာအစီအရင်သည် ကန့်သတ်ချက်ကို ကျော်လွန်၍ နောက်တစ်ကြိမ် အသက်ဝင်လာပြန်၏။
"ဝေါင်း"
ဟိန်းသံကြီးတစ်ခုက နေရာအနှံ့ ပြန့်ထွက်သွားကာ စီရင်သူတိုင်း၏ နှလုံးသားထဲမှ ယုံကြည်မှုကို တောက်လောင်သွားစေသည်။ မိုးကြိုးဌာနကို ခေတ်အဆက်ဆက် ကာကွယ်ပေးခဲ့သော မဟာအစီအရင်သည် တဝုန်းဝုန်း မြည်သံများဖြင့် ပြင်းပြင်းထန်ထန် ကျုံ့ဝင်ကာ လင်းထိန်နေ၏။ ဤမျှသာမကဘဲ ၎င်းသည် ကိုးခု ကွဲထွက်လာကာ လျှပ်စီးစွမ်းအင်လုံးများ အဖြစ် သိပ်သည်းသွားကြသည်။ ထို့နောက် တစ်ခုချင်းစီက မီးခြင်္သေ့များအဖြစ် ပြောင်းလဲကာ လောကတစ်ခွင် တုန်လှုပ်စေမည့် အသံဖြင့် ဟိန်းဟောက်ရင်း မြေပြင်သို့ ဆင်းသက်လာခဲ့၏။ ၎င်းတို့သည် ယွမ်ရှောင်အနားတွင် လျှပ်ပြက်သည့်ပမာ တလွှားလွှား ပြေးနေသောကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး မည်းမှောင်သော်လည်း တစ်နေရာတည်း ကွက်၍ လင်းလက်နေသည်။
"အရှင်က အခုက မိုးကြိုးဌာနရဲ့ တကယ့်အုပ်စိုးသူ ဖြစ်လာပြီ"
မိုးကြိုးဌာန၏ အဆင့်မြင့် အရာရှိတစ်ထောင်ကျော်ကို သတ်ဖြတ်၍ မိုးကြိုးဧကရာဇ်ကို ဇာတ်သိမ်းပေးလိုက်သူမှာ မဟာအစီအရင်၏ ယုံကြည်မှု ရရှိကာ မီးခြင်္သေ့များကိုပင် ဆင့်ခေါ်နိုင်မည်ဟု ကူစုဝမ်တစ်ယောက် မယုံနိုင်အောင် ဖြစ်နေသည်။ ဝှက်ဖဲများ တစ်ခုပြီး တစ်ခု ဆက်တိုက် ထွက်ပေါ်လာသော ကြောင့် နောက်ထပ်မည်မျှ ရှိနေမည်ကို အဖြေထုတ်မရနိုင်ပေ။ ရန်သူငါးယောက်သည်လည်း ရုတ်တရက် ဆင့်ခေါ်လိုက်သော မီးခြင်္သေ့များကြောင့် ဒေါသဖြင့် မျက်နှာတစ်ခုလုံး အကျည်းတန်ကုန်သည်။
"သူ့ကို သတ်လိုက်နိုင်ရင် ဒါတွေအကုန် ပျောက်သွားလိမ့်မယ်"
"မြန်မြန် တိုက်ကြစမ်း"
ကျူးရှန်လုက လေးနက်စွာ ပြောလိုက်သော်လည်း မိုးကြိုးဌာနတွင် သွေးချောင်းစီးစေရန် လေဆိုးမှာ သည်းမခံနိုင်တော့ပေ။ ယွမ်ရှောင်ကို သတ်နိုင်သည်နှင့် တပြိုင်နက် မိုးကြိုးဌာနတစ်ခုလုံး နတ်ဆိုးနှင့် မိစ္ဆာများ၏ အစာ ဖြစ်လာမည်ဟု လုဖန်က သဘောတူထားသောကြောင့် ဖြစ်သည်။ ယုလင်းက ကျူးရှန်လုတို့နှင့် ပူးပေါင်းရန် ခြေလှမ်း စလိုက်စဥ်မှာပင် မီးခြင်္သေ့ သုံးကောင် လမ်းပိတ်ရန် ရောက်ရှိလာကာ ယုယင်နှင့် ပူးပေါင်းလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကူစုဝမ်ကို ကာကွယ်ရန် နောက်ထပ်နှစ်ကောင် ထွက်ပေါ်လာကာ ယွမ်ရှောင်အနားတွင် လေးကောင် ကျန်ရစ်ခဲ့၏။
"ရွှေအင်မော်တယ်လေးတစ်ယောက်က ဒီလေးကောင်ရှိရုံနဲ့ ငါတို့လက်ကနေ လွတ်မြောက်နိုင်မယ် ထင်နေတာလား"
ကျူးရှန်လုက ယုလင်းကို မလိုအပ်ကြောင်း လက်ကာပြ၍ အထင်သေးစွာ စကားဆိုသည်။
"မင်းတို့ကို နောက်ထပ် ဝှက်ဖဲတွေ ပြဖို့ မထိုက်တန်ပါဘူး။ ငါ့မှာလည်း အလုပ်များတယ်။ စိတ်မကောင်းစရာပဲ"
ယွမ်ရှောင်က ပြောပြောဆိုဆိုနှင့် ရန်သူများကို ကျောပေးကာ ကောင်းကင်သို့ ပျံတက်သွားပြီး နတ်ဆိုးမြူအထက်မှ မိုးကြိုးတိမ်တိုက်များထံ ဦးတည်သည်။
"လုယောင် မသေသေးဘူး။ တော်သေးတယ်"
"နေဦး၊ သူ့နောက်က ဘယ်သူတွေ လိုက်လာတာလဲ"
သူက မီးခြင်္သေ့လေးကောင်နှင့် လူတိုင်း၏ မြင်ကွင်းအတွင်း ထွက်ပေါ်လာသောအခါ မူလတွင် စိတ်အေးသွားကြသော်လည်း ချက်ချင်း စိုးရိမ်သွားကြပြန်သည်။ လိုက်လာသူများမှာ ကျူးရှန်လု၊ လေဆိုးနှင့် ရှူတို့ ဖြစ်နေကြပြီး အောက်ဘက် မြေပြင်တွင်လည်း တိုက်ပွဲက ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။ ယုယင်နှင့် မီးခြင်္သေ့သုံးကောင်သည် ယုလင်းနှင့် မျှော့စိမ်းကို ရင်ဆိုင်နေပြီး ကူစုဝမ်နှင့် ခြင်္သေ့နှစ်ကောင်အား ရန်သူသုံးဆယ်ကျော် ပူးပေါင်းတိုက်ခိုက်နေကြ၏။
"ဝေါင်း"
ခြင်္သေ့ဟိန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်၍ မာန်ဖီသံများ၊ ဓားချင်း ခုတ်သံများ ဆူညံနေသော်လည်း စီရင်သူများ အာရုံစိုက်နေသည်မှာ ကောင်းကင် တိုက်ပွဲပင်။
"အဲ့ဒီစစ်သူကြီးက ဘာလို့ လူသားအချင်းချင်း တိုက်ခိုက်နေတာလဲ"
ကျူးရှန်လု၏ လုပ်ရပ်က မိုးကြိုးဌာနအတွင်းမှ လူတိုင်း၏ အတွေးကို ကမောက်ကမ ဖြစ်သွားစေသည်။
"ဒါက စစ်ဧကရာဇ် လက်ချက် ဖြစ်ရမယ်။ သူက တမန်တော်လုရဲ့ ပါရမီကို ကြောက်နေတာပဲ"
"ကောင်းကင်ရုံးတော်ကို လုဖန် သစ္စာဖောက်လိုက်ပြီ"
"သတင်းပို့ အဆောင်တွေ ဘယ်မှာလဲ။ ဒီအကြောင်း မဟာတာအိုနယ်မြေ တစ်ခုလုံး သိရမယ်"
"ကောင်းကင်စစ်တပ်ရဲ့ ပြစ်မှုကို မှတ်တမ်းတင်ထားကြစမ်း"
အမှန်တရား ပေါ်ပေါက်သွားသော်လည်း ကောင်းကင်စစ်တပ်သည် ဗြောင်ကျကျ သစ္စာဖောက်လိုက်ပြီ ဖြစ်သောကြောင့် ကျူးရှန်လုသည် ထိုစကားများကို အလေးမထားပေ။ ယွမ်ရှောင်သည် ရုန်းထီးနှင့် ဓားဝိညာဉ်ကို လက်တစ်ဖက်စီ ဆွဲကိုင်ကာ အနားတွင် မီးခြင်္သေ့လေးကောင် ကာကွယ်ပေးနေပြီး မြင့်မြတ်သော အသွင်အပြင်နှင့် ရဲရင့်သော အကြည့်တို့ ပိုင်ဆိုင်၏။
"သေစမ်း"
ကျူးရှန်လုမှာ ကျင့်ကြံဆင့် နိမ့်ကျသူတစ်ယောက်၏ မထီမဲ့မြင် အကြည့်ခံလိုက်ရသောကြောင့် ဒေါသတကြီး ဖြစ်သွားကာ ချော်ရည်ဓားနှင့် ချက်ချင်း ပြေးတက်လာသဖြင့် လမ်းတွင် မီးတောင်ချော်ရည် လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။ ဓားပိုင်နက် နှစ်ဆယ်ကျော်မှာလည်း မီးများ လျှံထွက်လာသောကြောင့် လေထဲတွင် မီးတောင်များ တဝုန်းဝုန်း ပေါက်ကွဲနေသကဲ့သို့ ဖြစ်၏။ ၎င်းသည် အလွန်လေးလံပြီး ကြီးမားပြင်းထန်သော မီးတောက်များအောက်တွင် ရန်သူများစွာကို တစ်ချက်တည်း သုတ်သင်ပစ်နိုင်သည်။
"ထိုက်အာဓားသိုင်း"
ဤကျင့်စဥ်က ကောင်းကင်စစ်တပ်တွင် ကျော်ကြားသော ဓားသိုင်းတစ်ခု ဖြစ်ကာ ပေါက်ကွဲအားကြောင့် လူသိများ၍ ကျူးရှန်လုနှင့် လိုက်ဖက်ညီနေသည်။ ဓားချက် ကျရောက်လာသောအခါ မီးခြင်္သေ့များသည် အမိန့်ပေးစရာပင် မလိုအပ်ဘဲ တစ်ကိုယ်လုံးရှိ လျှပ်စီးများ စုစည်း၍ တန်ပြန်တိုက်ခိုက်ရန် မိုးကြိုးအစင်းပေါင်းများစွာ မှုတ်ထုတ်ပစ်လိုက်၏။
"ဝုန်း"
ချော်ရည်ဓားနှင့် မိုးကြိုးတို့ ထိပ်တိုက် ရင်ဆိုင်သွားသောအခါ လျှပ်စီးနှင့် မီးလျှံများ ပေါက်ကွဲကုန်သည်။
"ဘေးဖယ်စမ်း"
တိုက်ပွဲအတွေ့အကြုံ ပြည့်ဝသော စစ်သူကြီးဖြစ်သည့် အားလျော်စွာ ကျူးရှန်လုသည် အမှန်တကယ် ကြောက်စရာကောင်းပြီး ၎င်းတို့ကို ကျော်ဖြတ်လာနိုင်ခဲ့၏။ သို့သော် ယွမ်ရှောင်က မူလနေရာတွင် ရှိမနေတော့သဖြင့် ဓားချက် လွဲချော်သွားပြီး မြေပြင်သို့ ထိမှန်သွားကာ မိုးကြိုးဌာနအတွင်းမှ အဆောက်အအုံအချို့ကို ပြိုကျသွားစေသည်။
"လေဆိုး တိုက်စမ်း"
သူက အမိန့်ပေးလိုက်ပြီး ပူးပေါင်းတိုက်ပွဲတစ်ခုတွင် အရေးကြီးဆုံးမှာ အသင်းလိုက် ဆောင်ရွက်နိုင်မှု ဖြစ်သည်။ ယွမ်ရှောင်က သူ၏ ဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း လေဆိုးနှင့် ရှူက အလွတ်ပေးမည် မဟုတ်ပေ။ ထို့နောက် ယွမ်ရှောင်၏ ကျောဘက်တွင် လေပြင်းတစ်ချက် ဝေ့သွားကာ အနီရောင် ဝဲတစ်ခု ရောက်ရှိလာပြီး ဝိညာဥ်ကို တိုက်စားပစ်နိုင်သည့် နှလုံးသား ကွဲမတတ် အော်သံက အကျည်းတန်စွာ ထွက်ပေါ်လာလေသည်။