အခန်း (၆၇၁-၆၇၂)
Vol. 50 Ch. 671-672
အပိုင်း ၆၇၁ - ဓားဌာန၏ ဓားသိုင်းများ
"ဝူး..."
လေထဲမှ ထွက်ပေါ်လာသော အော်သံက စိတ်မချမ်းမြေ့စရာကောင်းသော်လည်း အမှန်တကယ် တိုက်ခိုက်လာသည်မှာ နောက်ဆက်တွဲ ကျရောက်သည့် လေပြင်း ဖြစ်နေသည်။ လေဆိုးက ဝိညာဥ်ပြောင်း အင်မော်တယ် ဖြစ်သော်လည်း ယွမ်ရှောင်က တည်ငြိမ်စွာဖြင့် ရုန်းပိုင်နက်များ အဆက်မပြတ် လည်ပတ်နေသော ထီးကို ကျောဘက်၌ ကာထားလိုက်၏။ ထောင်စောင့်နဂါး အသက်တံဆိပ်၏ နဂါးပုံရိပ်များ ထင်ဟပ်လာကာ လုပ်ကြံမှုကို တားမြစ်လိုက်သည်။ ထို့နောက် ၎င်းသည် ခရမ်းရောင် လေဝဲပမာ ပြောင်းလဲ၍ အနီရောင် လေပြင်းကို ဖိနှိပ်ကာ ကောင်းကင်၌ အင်အားနှစ်ရပ် အားပြိုင်ကုန်သည်။ လေဆိုး၏ ယုတ်ညံ့ပြင်းထန်သော နတ်ဆိုးချီကို အသက်တံဆိပ်က သန့်စင်သော ချီဖြင့် တွန်းလှန်လိုက်ရာ လှပသော မြင်ကွင်းတစ်ရပ် ဖြစ်၏။
"ငါက ကျင့်ကြံဆင့် နိမ့်ပေမယ့် အသက်တံဆိပ်က သူ့အတွက် သေဘေးပဲ"
တန်ပြန်အားများကြောင့် ယွမ်ရှောင်က နောက်ဆုတ်ပေးလိုက်ရသောအခါ လေဆိုးကို ခရမ်းရောင် ချီများ ဖုံးလွှမ်းသွား၏။ သူမက ခေါင်းကို ဆုပ်ကိုင်လျက် နာကျင်စွာ အော်ဟစ်ရင်း ဆက်တိုက် ထွက်ပြေးနေခဲ့ပြီး ဟိုက်ဒရာတံဆိပ်အောက်တွင် ညှင်းပန်းနှိပ်စက်ခံနေရသည်။
သို့သော်လည်း နောက်ဆုတ်ပေးလိုက်ရသော ယွမ်ရှောင်က ဦးခေါင်းတည့်တည့်ထံ ပစ်မှတ်ထားကာ ကျဆင်းလာသော မိစ္ဆာဆူးချွန်တစ်ခုကို ခံစားမိလိုက်၏။ ၎င်းက အလင်းရောင် မတောက်ပဘဲ မှေးမှိန်နေသော်လည်း အန္တရာယ်များပြီး ရန်သူများသည် တစ်ယောက်ပြီးတစ်ယောက် အချက်ကျကျ ဝင်ရောက်လုပ်ကြံနေခြင်း ဖြစ်သည်။ အသေသတ် တိုက်ကွက်များ ဝင်ရောက်လာသည်မှာ မျက်စိတ်တစ်မှိတ်အတွင်း ဖြစ်ပြီး သူ၏ တုံ့ပြန်မှု လျင်မြန်သောကြောင့် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည်။
သူက နေရာတွင် မလှုပ်မယှက် ရပ်နေပြီး မူလဝိညာဥ်ကို ထွက်ပေါ်လာစေကာ ၎င်းသည် ကြာဖြူတစ်ပွင့် ဖန်ဆင်းရင်း ဆူးချွန်ထံမှ ကာကွယ်ပေးခဲ့သည်။ ကြာပန်းပွင့်ဖတ်များက အဖြူရောင် နဂါးများအဖြစ် ကွဲထွက်ကာ ရှူ ထုတ်ဖော်ထားသည့် မိစ္ဆာဝိညာဥ်ကို ဝိုင်းဝန်းကိုက်ခဲနေကြ၏။ မီးခြင်္သေ့များကလည်း အချင်းချင်း ဆက်သွယ်၍ ရန်သူကို တွန်းလှန်ရန် မိုးကြိုးအစီအရင်ငယ်တစ်ခု ထုတ်ဖော်ခဲ့သည်။ ရှူသည် ပစ်မှတ်ကို အသေသတ်ရန် တိုးဝင်လာခဲ့သော်လည်း ပူးပေါင်းတိုက်ကွက်နှင့်သာ ရင်ဆိုင်လိုက်ရပြီး သွေးချင်းချင်းနီ၍ လွင့်စင်သွားသည့်အပြင် မိစ္ဆာဝိညာဥ်လည်း ကိုယ်တွင်းသို့ ပြင်းထန်စွာ ရိုက်ထုတ်ခံလိုက်ရ၏။
လျှို့ဝှက်လုပ်ကြံသော တိုက်ကွက်များမှ လွတ်မြောက်ခဲ့သော်လည်း ယွမ်ရှောင်အနေဖြင့် ခဏတာပင် သတိမလွတ်ရဲပေ။ ထင်ထားသည့်အတိုင်း ကျူးရှန်လု၏ ဓားမြှောင်က ရောက်ရှိလာကာ ဓားသွားပတ်ပတ်လည် တောက်လောင်နေသော မီးတောက်များမှာ ဖီးနစ်ငှက်အသွင်ဆောင်လျက် နှလုံးသားကို ပစ်မှတ်ထားသည်။ လေဆိုးသည်လည်း ပြင်းထန်စွာ တိုက်ခတ်နေသော လေပြင်းများအကြား သွေးရောင် ဓားသွားများအဖြစ် ကိုယ့်ကိုကိုယ် ဖြိုခွဲကာ ပြိုင်တူ တိုက်ခိုက်လာပြန်၏။
"နတ်ဆိုး၊ မိစ္ဆာနဲ့ လူသားက တိုက်ခိုက်တာတောင် အတွဲညီနေတယ်။ စိတ်လှုပ်ရှားစရာပဲ"
ယွမ်ရှောင်က ခပ်ဟဟ ရယ်မောရင်း တိုက်ကွက်တစ်ခုပင် မထုတ်ဖော်ရသေးဘဲ ခံစစ်အဖြစ် ကာကွယ်ခဲ့သည့်အပြင် မီးခြင်္သေ့များမှာလည်း လျှော့တွက်မရသော အင်အားစု ဖြစ်နေသည်။
"လာစမ်းပါ"
သူက အသက်တံဆိပ်ကို ပြန်လည်ဆင့်ခေါ်လိုက်သကဲ့သို့ မီးခြင်္သေ့လေးကောင်လည်း ရှေ့တက်လာကြ၏။ အသက်တံဆိပ်မှ နဂါးခေါင်း ကိုးလုံး လူးလွန့်ထွက်ပေါ်လာကာ ၎င်းတို့ကို ကိုက်ခဲပြီး စွမ်းအားချင်း ပေါင်းစပ်လိုက်ကြသည်။ ထို့နောက် မိုးကြိုးမဟာအစီအရင်၏ စွမ်းပကားသည် အသက်တံဆိပ်ကို ဖြတ်သန်းကာ သူ၏ ခန္ဓာကိုယ်အတွင်း စီးဝင်လာခဲ့ပြီး ဖျက်ဆီးနိုင်စွမ်း မြင့်မားသော မိုးကြိုးများ ဖြာထွက်လာခဲ့သည်။ ခန္ဓာကိုယ်ပေါ်တွင်လည်း ခရမ်းရောင် နဂါးရုန်းများ ဖြစ်ပေါ်လာကာ မိုးကြိုးချီတို့ ဖြတ်သန်းစီးဆင်းနေပြီး မျက်လုံးများသည် မုန်တိုင်း ဗဟိုချက်ကဲ့သို့ လျှပ်စီးများ လင်းထိန်တောက်ပသွား၏။
"ဒါက မိုးကြိုးနတ်ဘုရားလား"
ဤမြင်ကွင်းသည် စီရင်သူများ တွေ့လိုက်ရသည်နှင့် တပြိုင်နက် နှလုံးသားများ အဆက်မပြတ် တုန်ခါသွားကာ ကိုးကွယ်လိုစိတ်ပင် ဖြစ်တည်လာသည်။
"တစ်လောကလုံး တိတ်ဆိတ်သွားရင်တောင် မိုးကြိုးက ဆိတ်သုဥ်းမှာ မဟုတ်ဘူး"
ယွမ်ရှောင်၏ ခံတွင်းမှ ဤစကားလုံးများ ထွက်ကျလာသည်နှင့် တပြိုင်နက် မိုးကြိုးများမှာ ခဏအတွင်း ပေါက်ကွဲသွားခဲဲ့ပြီး အမှောင်ကောင်းကင်တစ်ခွင် မိုးချုန်းသံများ ပဲ့တင်ထပ်ကုန်၏။ မရေမတွက်နိုင်သော ခရမ်းရောင် မိုးကြိုးများသည် ရန်သူများကို တိုက်ခိုက်လိုက်ကြပြီး ဤအခိုက်အတန့်တွင် မိုးကြိုးဌာနအထက်တွင် နေ့အလင်းရောင် ရောက်လာသည့်ပမာ ထင်မှတ်ရသည်။
"ဒါက မိုးကြိုးဌာနရဲ့ အစွမ်းအထက်ဆုံး သိုင်းပညာ၊ ကိုးကောင်းကင် ကမ္ဘာဖျက်မိုးကြိုးပါလား"
မိုးကြိုးဧကရာဇ်၏ ကိုယ်ပိုင် သိုင်းကွက်ကို ယွမ်ရှောင်က မဟာအစီအရင်၏ စွမ်းအား အကူအညီဖြင့် ထုတ်ဖော်လိုက်သောအခါ လမ်းတလျှောက် အရာရာဖျက်ဆီးပစ်နိုင်မည့် မိုးကြိုးစက်လုံးသဏ္ဍာန် ပျံ့နှံ့သွား၏။ နေမင်းပမာ ထင်မှတ်ရသော မိုးကြိုးစက်လုံးကြီးသည် ကိုးကြိမ်တိုင်တိုင် ပေါက်ကွဲ၍ နဂါးဟိန်းသံနှင့် ခြင်္သေ့ဟောက်သံများသည် နတ်ဆိုးများ၏ အော်သံကိုပင် ဖုံးလွှမ်းနေသည်။ နောက်ဆုံးတွင် ၎င်းက မိုးကြိုးများကို တစ်လှိုင်းပြီး တစ်လှိုင်း ဆက်တိုက် ပစ်ခတ်၍ ကောင်းကင်ယံတွင် လှပလွန်းသော ကြာပန်းသဏ္ဍာန် ဖြစ်ပေါ်လာကာ ပွင့်ဖတ်များကိုပင် လျှပ်စီးကြောင်းများဖြင့် ပုံဖော်ထား၏။
မိုးကြိုးဌာန၏ အင်မော်တယ်များက ဤပြကွက်ကြောင့် မင်သက်နေစဥ် ရန်သူသုံးယောက်သည်လည်း ကိုးကောင်းကင် ကမ္ဘာဖျက်မိုးကြိုးသိုင်းကြောင့် တိုက်ကွက်များ အလျင်စလို ရပ်တန့်ကာ အပြင်းအထန်ဆုံး မထိမှန်စေရန်သာ ခုခံလိုက်ရသည်။ သူတို့၏ စွမ်းအား အကုန်အစင် ကာကွယ်ရန် အသုံးပြုခဲ့သော်လည်း ဒဏ်ရာရနေဆဲ ဖြစ်ပြီး ကျူးရှန်လု၏ ခါးအထက်ပိုင်း မီးကျွမ်းသွားခဲ့ပြီး မျက်နှာတစ်ခုလုံး ပြတ်ရှဒဏ်ရာအပြည့်ဖြင့် မျက်လုံးများ ပြူးထွက်နေ၏။ ချော်ရည်ဓားဝိညာဥ်တွင် လျှပ်စစ်ကြောင့် အက်ရာများ ဖြစ်ပေါ်လာသကဲ့သို့ နတ်ဆိုးချီကို လောက်ကျွမ်းပစ်နေသော မိုးကြိုးများအောက်တွင် လေဆိုးသည်လည်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေသည်။ အရိပ်မိစ္ဆာ ရှူလည်း ထိုနည်းနှင်နှင်ဖြစ်ကာ ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး ကြေမွပြီး ဝတ်ရုံ ပျက်စီးသွားသောကြောင့် ပုံပျက်ပန်းပျက် မျက်နှာ ထွက်ပေါ်လာ၏။
"သတင်းကောင်းကတော့ ခေါင်းတလား ဝှက်ဖဲကို သုံးလို့ မရတော့ဘူးထင်တယ်"
ရန်သူများ အကြောက်ဆုံးအရာသည် လုဖန်၏ တိုက်ကွက်ကိုပင် ကာကွယ်နိုင်ခဲ့သော ခေါင်းတလားဖြစ်သည်။
"သတင်းဆိုးကတော့ နှစ်ရက်လောက်နဲ့တင် သူက ငါတို့ထဲက ဘယ်သူ့ကိုမဆို တစ်ကိုယ်တော် ရင်ဆိုင်လာနိုင်တာပဲ"
လေဆိုးက တုန်တုန်ရီရီနှင့် ရေရွတ်နေစဥ် ကျူးရှန်လု၏ သတ်ဖြတ်လိုစိတ်မှာ ပိုမို ပြင်းထန်လာခဲ့၏။
"အခု မဟာအစီအရင်ရဲ့ စွမ်းအားတွေကို သူ အကုန်သုံးလိုက်ပြီ။ ငါတို့ သတ်ရမယ်။ တိုက်ကြစို့"
ထိုအချိန်တွင် ယွမ်ရှောင်က မိုးကြိုးများ ခြံရံလျက် ဧကရာဇ်တစ်ပါးသဖွယ် ရန်သူသုံးယောက်အလယ် တမင်တကာ ဆင်းသက်လာသည်။
"စစ်သူကြီးကျူး၊ မင်း နားလည်မှု လွဲနေတာထင်တယ်။ မင်းတို့ တိုက်ခိုက်တဲ့ အလှည့်ပြီးပြီ။ အခု ငါ့ဓားကို ကြည့်ပေတော့"
စကားဆုံးသည်နှင့် တပြိုင်နက် သူက လှုပ်ရှားလိုက်ပြီး မီးခြင်္သေ့များမှာ အားနည်းနေပြီဖြစ်သော်လည်း လေဆိုးနှင့် ရှူကို ထိန်းထားကြသည်။ အသက်တံဆိပ်က ခန္ဓာကိုယ်အတွင်း ပြန်လည် ဝင်ရောက်သွားကာ လက်ထဲတွင် ဓားပိုင်နက် ငါးခုသာ ရှိသော ကောင်းကင်သင်္ချိုင်းဓားဝိညာဥ် ကိုင်ဆွဲလျက် စီရင်သူ လူငယ်လေးသည် ကျူးရှန်လုကို အေးစက်စက် စိုက်ကြည့်နေ၏။
"ဓားဆိုတာ ဒီလို သုံးရတယ်"
မိုးပြာရောင် ဓားကို တစ်ချက် ခါလိုက်ရာ ဓားမြှောင်အဖြစ် လက်ထဲမှ တဟုန်ထိုး လွတ်ထွက်သွားကာ မူလဝိညာဥ်လည်း လိုက်ပါနေသည်။ မူလတွင် ၎င်းက ရိုးရှင်းစွာ လေခွင်း၍ ပျံသန်းလာသော်လည်း ဖြည်းဖြည်းချင်း ကြောက်မက်ဖွယ်ကောင်းကာ ဖျက်ဆီးနိုင်စွမ်းကို အမြင့်ဆုံး အခြေအနေအထိ စုစည်းလိုက်၏။
"ဝှစ်"
စူးရှသော ဓားဟိန်းသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသောအခါ ကျူးရှန်လု ကွက်ခနဲ မျက်နှာပျက်သွားသည်။
"ဓားဌာနရဲ့ ဓားမြှောင်သိုင်း၊ အင်မော်တယ်သတ်ဓားချက်"
၎င်းသည် သတ်ဖြတ်လိုစိတ် တစ်ခုတည်းကိုသာ ထုတ်ဖော်သော ဓားမြှောင်သိုင်း ဖြစ်ပြီး ရိုးရှင်းသော်လည်း အလုံးစုံ ဖျက်ဆီးနိုင်၏။ မူလဝိညာဥ်က ဓားကို လမ်းညွှန်ပေးနေရင်း လက်ထဲတွင် အဖြူရောင် ကြာတစ်ပွင့် စုစည်းလိုက်သောအခါ တည်ရှိမှုသက်သက်ဖြင့်ပင် ကျူးရှန်လုတစ်ယောက် ကြောက်လန့်သွားသည်။
"ပျက်စီးစမ်း"
သူက ချော်ရည်ဓားကို နှစ်ပိုင်းခွဲ၍ ကြက်ခြေခတ် သဏ္ဍာန် ဆွဲကိုင်ကာ ဓားမြှောင်ကို ဟန့်တားလိုက်သည်။ ဓားမြှောင်က ဒေါင်ခနဲ ထိမှန်၍ ပြန်ကန်ထွက်သွားသော်လည်း ယွမ်ရှောင်၏ မူလဝိညာဥ် ပစ်ခတ်လိုက်သည့် ကြာဖြူမှာ သူ၏ မူလဝိညာဥ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွား၏။ သူက ခေါင်းကွဲမတတ် နာကျင်သွားကာ သွေးများ အဆက်မပြတ် အန်ထွက်လျက်သား လွင့်ထွက်သွားခဲ့သည်။
"အရမ်း သန်မာလွန်းတယ်"
သူ လွင့်ထွက်နေစဥ်မှာပင် ဓားမြှောင်ကို ဖမ်းယူ၍ ဓားရှည်အသွင် ကိုင်ဆောင်ထားသော ယွမ်ရှောင် ရောက်ရှိလာကာ ပိုင်းချခဲ့သည်။
"နေမင်းသုံးပါး ကောင်းကင်ဖွင့်"
ကျူးရှန်လုသည် လေထဲတွင် အင်အားများ စုစည်း၍ ခန္ဓာကိုယ် တည်ငြိမ်စေရန် ကြိုးစားနေရင်း မြင်လိုက်ရသော ဓားချက်ကြောင့် ဦးရေပြားပင် ထုံကျင်သွားသည်။ သူ၏ ဓားနှစ်လက်ထံမှ ပိုင်နက်နှစ်ဆယ်ကျော်သည် မီးတောက်ကြီးများပမာ ထွက်ပေါ်လာကာ ၎င်းကို ဟန့်တားရန် ကြိုးစား၏။ သို့သော် သူ မထင်ထားသည်မှာ ဓားချက်က ရက်စက်ကြမ်းကြုတ်လွန်းနေခြင်း ဖြစ်ပြီး သုံးကြိမ်တိတိ ဆက်တိုက် ပိုင်းချလိုက်သောအခါ နေမင်းသုံးစင်း ဝင်ဆောင့်လိုက်သည့်အလား ဖြစ်ပြီး ချော်ရည်ဓားပင် လက်ထဲမှ လွတ်ကျသွားသည်။
"ရေဆန်ဓားချက်"
ထို့နောက် ယွမ်ရှောင်သည် ဓားဝိညာဥ်ကို ဓားပျံအသွင်ဖြင့် တက်စီးကာ ဓားဌာန၏ သုံးဆင့် ဓားကွက်များအနက် နောက်ဆုံး ဓားချက် ထွက်ပေါ်လာ၏။ ဓားပျံက လေထဲတွင် အထက်အောက် နိမ့်ဆင်းကာ ပင်လယ်ကိုးစင်းရှိ ရေလှိုင်းလုံးများအပေါ် လှိုင်းစီးနေသည့်အလား ရှေ့တိုးလာသည်။
"ဝုန်း"
ပင်လယ်ကိုးစင်းကို ဆန်တက်လာသော ရေစီးကြောင်းကဲ့သို့ အားပါပြင်းထန်သည့် ဓားဖျားက ကျူးရှန်လု၏ ရင်ဘတ်ကို တိုက်ရိုက် ထိုးဖောက်သွားကာ မိုးကြိုးချီများလည်း အနီးကပ် ပေါက်ကွဲသွားသဖြင့် မိုင်ပေါင်းများစွာ လွင့်သွားပြန်သည်။
"အား"
ကျူးရှန်လုက မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်ကာ ဝိညာဥ်အထိ အသည်းခိုက်လောက်အောင် နာကျင်လွန်း၍ မြေပြင်သို့ မကျခင်မှာပင် လေထဲ၌ ကြောက်လန့်တကြား အသက်ပျောက်သွားပြီ ဖြစ်၏။ ဓားမြှောင်ဖြင့် ပစ်ခတ်ခြင်း၊ ဓားရှည်ဖြင့် ပိုင်းခြင်း၊ နောက်ဆုံးတွင် ဓားပျံဖြင့် အဆုံးသတ်လိုက်ခြင်း စသော ဓားကွက်များသည် ယွမ်ရှောင်၏ လက်ထဲတွင် အသက်စေနိုင်သည်သာမက ခန့်ညားလှပနေသည်။ မိုးကြိုးဌာနရှိ အင်မော်တယ်အားလုံးက ကောင်းကင်သို့ မော့ကြည့်ရင်း ရှင်းလင်းပြတ်သားစွာ မြင်ခဲ့ရ၏။ ထို့နောက် မိုးချုန်းသံကဲ့သို့ ကျယ်လောင်ပြင်းထန်သော အော်ဟစ်အားပေးသံများက တခဲနက် ထွက်ပေါ်လာကာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။
"အခု ကျူးကျော်သူတွေကို ရှင်းပစ်နိုင်တော့မယ်။ နောက်တစ်ဆင့်ကတော့ ရန်သူတွေကို ကြောက်လန့်အောင် ခြောက်ပြီး ထောက်ခံသူတွေ များလာအောင် လုပ်ရမယ်"
ယွမ်ရှောင်က ကျူးရှန်လု၏ ဓားဝိညာဉ်နှင့် ဓားအရိုးကို စုပ်ယူ ဝါးမျိုရင်း မိုးကြိုးဌာန၏ လက်ရှိ အခြေအနေကို ကောင်းကင်မှ အကဲခတ်နေသည်။ ကျူးရှန်လု အသတ်ခံလိုက်ရသော အခိုက်အတန့်တွင် မိုးကြိုးဌာနသို့ ကျူးကျော်လာသော ရန်သူများ၏ တိုက်ပွဲ ကျရှုံးသွားပြီဖြစ်ကြောင်း မည်သူမဆို သိနိုင်လေသည်။
အပိုင်း ၆၇၂ - ပိုင်အာ၏ စွမ်းအား
"ဂျိန်း ဂျိန်း ဂျိန်း"
အထက်ကောင်းကင်တွင် မိုးကြိုးများ အဆက်မပြတ် ဟိန်းဟောက်နေသကဲ့သို့ အောက်ဘက်၌ ရန်သူအင်အားစုနှင့် မီးခြင်္သေ့တို့၏ တိုက်ပွဲမှာလည်း ပြင်းထန်ကာ ဓားအလင်းများ၊ အသက်တံဆိပ်များနှင့် နတ်ဆိုးစွမ်းရည်များ နေရာအနှံ့ ထွက်ပေါ်လာသည်။ ရှုပ်ထွေးကာ ပျက်စီးခြင်း၏ ပြယုဂ် ဖြစ်သော မိုးကြိုး မီးလောင်ပြင်တွင် အနက်ရောင် ရေလှိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ မည်သူမျှ သတိမထားခဲ့ပေ။ ရန်သူတိုင်းက ပစ်မှတ်များကို သတ်ဖြတ်ရန်သာ အာရုံစိုက်ထားသဖြင့် ခြေထောက်အောက်သို့ ရုတ်တရက် ရောက်လာသည့် ရေကို ဂရုမစိုက်ခဲ့ကြချေ။ ၎င်းသည် မြေပြင်တလျှောက် ဖြတ်သန်းစီးဆင်းနေကာ အလောင်းများအပေါ်သို့ သက်ရှိတစ်ကောင်ကဲ့သို့ တရွေ့ရွေ့ တက်လှမ်းသွား၏။ စစ်သူကြီးများဖြစ်စေ၊ မိစ္ဆာ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ သန်မာသော နတ်ဆိုး ဖြစ်စေ၊ အလောင်းတိုင်းက ရေလှိုင်း တိုက်စားမှုအောက်တွင် ကျုံ့ဝင်ကာ အမှတ်တမဲ့ ပျောက်ကွယ်ကုန်သည်။
မဟာအစီအရင်၏ မိုးကြိုးပစ်ချက်ကြောင့် သေဆုံးသွားသော အလောင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများက တိတ်တဆိတ် ဝါးမျိုခံလိုက်ရ၏။ သေလုမျောပါး ဖြစ်နေသူ အချို့က ပြန်လည် ရှင်သန်ချင်သဖြင့် မျှော်လင့်ထားကြသည်။ အစပိုင်းတွင် သူတို့က ရေလှိုင်းကို ဂရုမစိုက်ကြသော်လည်း တဖြည်းဖြည်း ခြောက်ခြားလာပြီး တစ်စတစ်စ စားသောက်ခံနေရပြီး အကြွင်းအကျန် ဝိညာဥ်ပင် မလွတ်ချေ။
"အသားကို စားပြီး သွေးသောက်မယ်။ ဓားအရိုးနဲ့ မူလဝိညာဥ်တွေကတော့ အရှင့်အတွက် ချန်ထားလိုက်မယ်"
ပိုင်အာသည် ပင်လယ်ကမ်းခြေတွင် ခရုကောက်နေသော မိန်းကလေးပမာ တတွတ်တွတ် ရေရွတ်ရင်း တိုက်ပွဲနှင့် သီးခြားကမ္ဘာတွင် ရှိနေသည့်အလား စားသောက်ဝါးမျိုနေခဲ့သည်။ မည်သူမျှ သတိမထားနိုင်ခင်မှာပင် တိုက်ပွဲမြေပြင်က သန့်ရှင်းစင်ကြယ်သွားကာ ရေလှိုင်းများ စုစည်းရာမှ သူမ၏ ခန္ဓာကိုယ် မြင့်တက်လာခဲ့၏။
"ငါ ဗိုက်ပြည့်သွားပြီ"
သူမက အောက်သို့ ငုံ့ကြည့်၍ အနည်းငယ် ဖောင်းနေသော ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ကျေနပ်စွာ ပြောနေခဲ့သဖြင့် ဝဝလင်လင် မစားရသည်မှာ ကြာနေခဲ့ပေလိမ့်မည်။ သို့ရာတွင် သူမက မတင်းတိမ်ဘဲ ဆက်လက် ဆာလောင်သည့်ဟန်ပန်ဖြင့် ယုယင်၊ ကူစုဝမ်နှင့် မီးခြင်္သေ့များ ရင်ဆိုင်တိုက်ခိုက်နေသော ရန်သူများထံ စိုက်ကြည့်နေခဲ့သည်။
"သူတို့က ပိုလတ်ဆတ်ပြီး အရသာရှိလောက်မယ်"
သူမက နှာခေါင်းတရှုံ့ရှုံ့ဖြင့် လေထဲမှ လွင့်ပျံလာသော နတ်ဆိုးနှင့် လူသား အနံ့များကို ရှူရှိုက်ကာ အရသာရှိသည့် အသားကင်များကဲ့သို့ မွှေးကြိုင်လှ၏။
"အရှင်က ကူညီဖို့ ပြောထားတယ်"
သူမထံမှ အလောင်းအရှိန်အဝါကို ယွမ်ရှောင် သန့်စင်ပေးလိုက်သည့် အကြိမ်တိုင်း အလွန်အမင်း ဆာလောင်လေ့ရှိကာ ဧရာမ နတ်ဆိုးသားရဲကြီးများပင် လုံလောက်မည် မဟုတ်ပေ။ ထိုအချိန်တွင် တောင်ကုန်းကြီးတစ်ခုပမာ လှုပ်ရှားနေသော နတ်ဆိုးဆင်တစ်ကောင်က သူမ၏ မြင်ကွင်းအတွင်း ဝင်ရောက်လာခဲ့၏။ ၎င်း၏ ခြေထောက်နှင့် နှာမောင်းသည် ဖျက်ဆီးနိုင်စွမ်း မြင့်မားသော လက်နက်ကဲ့သို့ ဖြစ်ပြီး ရိုက်နှက်လိုက်သော နေရာတိုင်း အက်ကွဲသွားစေသည်။
ဝိညာဥ်ပြောင်း အင်မော်တယ် နတ်ဆိုးဆင်ကြီးသည် ရှေ့တန်းမှ မီးခြင်္သေ့များနှင့် တိုက်ခိုက်နေခြင်း ဖြစ်ပြီး မာကျာသော အရေခွံနှင့် ကြီးမားသော ခွန်အားကြောင့် အသာစီးရနေသည်။ ထိုအားသာချက်ကြောင့် အခြားရန်သူများ ရှေ့တက်လာနိုင်ပြီး ဝိညာဥ်ပြောင်း အင်မော်တယ် ဖြစ်ကာစ ကူစုဝမ်အပေါ် ဖိအားကြီးကြီးမားမား ဖြစ်စေခဲ့၏။ ရုန်းကျင့်ကြံသူဖြစ်သောကြောင့် ထိပ်တိုက် ရင်ဆိုင်ပွဲတွင် သူမသည် အသည်းအသန် ခုခံနေရပြီး သေဘေးနှင့် အထပ်ထပ် အခါခါ ရင်ဆိုင်ခဲ့ရသည်။
"စစ်ဧကရာဇ်ရော ကောင်းကင်ရုံးတော်ရော မိုးကြိုးဌာနအပေါ် သစ္စာဖောက်ကြပြီ။ ငါတို့သာ ကျရှုံးသွားရင် ရက်စက်တဲ့ နတ်ဆိုးတွေက ဒီနေရာကို ငရဲ ဖြစ်အောင် ပြောင်းလဲလိုက်ကြလိမ့်မယ်"
ကူစုဝမ်သည် ဤအမှန်တရားကို နားလည်ထားသော်လည်း စွမ်းအား မလုံလောက်သဖြင့် မိုးကြိုးဌာနအတွက် ခံပြင်းနေရုံသာ တတ်နိုင်သည်။ သူမက ဤနေရာကို ချစ်မြတ်နိုးပြီး ကောင်းကင်ရုံးတော်၏ မျက်စိ ဖြစ်ခဲ့သော်လည်း ယခုအခါ နတ်ဆိုးနှင့် မိစ္ဆာများသာမက လူသားများပင် ဖျက်ဆီးချင်နေကြ၏။
"ဝုန်း"
သူမ သိသည်မှာ ကျရှုံး၍ မဖြစ်ပေ။ ယွမ်ရှောင်အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ရန်သူများကို တတ်နိုင်သမျှ ထိန်းထားရပေလိမ့်မည်။ နတ်ဆိုးများက တစ်စတစ်စ အနားကပ်လာနိုင်ကြပြီး စစ်သူကြီးများလည်း ပါဝင်ကာ အေးစက်စက် ကြည့်နေခဲ့သည်။
"ဒီကောင်မ သိပ်ကြာကြာ မခံလောက်တော့ဘူး"
ရန်သူများက ကူစုဝမ်ကို အထင်သေးစွာ လှောင်ပြောင်ခဲ့ကြပြီး ရယ်သံများမှာ ဖိအားအဖြစ် ပြောင်းလဲသွား၏။
"နတ်ဆိုးဆင်၊ ရှေ့က တိုက်စမ်း"
ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ချီစွမ်းအင် အလွန်အကျွံ ထုတ်သုံးရသဖြင့် ကူစုဝမ်တစ်ယောက် အားနည်းဖျော့တော့နေစဥ် အမိန့်ပေးသံ ပေါ်ပေါက်လာ၏။ ဆင်ကြီးက နတ်ဆိုးချီကို ထုတ်ဖော်ကာ အော်ဟစ်ရင်း မီးခြင်္သေ့များအကြားမှ ဖြတ်သန်းကာ မရပ်မနား ပြေးထွက်ခဲ့သည်။ ၎င်းက သူမအနားသို့ ရောက်သောအခါ နှာမောင်းမြှောက်၍ ကြောက်စရာကောင်းစွာ ရိုက်ချလိုက်သောအခါ လေထုပင် အက်ကွဲသွားသည်။ ဤရိုက်ချက်သာ အမှန်တကယ် ထိမှန်သွားလျှင် ကူစုဝမ်မှာ နှစ်ပိုင်း ပြတ်သွားပေလိမ့်မည်။
"ပြီးသွားပြီ"
တိုက်ပွဲတလျှောက်လုံး ရန်သူများကို ရှောင်တိမ်း၍ သူမက ကိုယ့်အသက်ကို ထိန်းသိမ်းထားခဲ့ရသည်။ သို့သော် ယခုအခါ ဆင်နှာမောင်းကြီးက သေခြင်းတရား၏ လက်တစ်ဖက်ကဲ့သို့ ရောက်ရှိလာသည်ဖြစ်ရာ မျက်ဝန်းများ၌ မျက်ရည်အချို့ ကျဆင်းလာ၏။ သေရေးရှင်ရေး အခြေအနေတွင် ပိုင်အာက ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာကာ သေးငယ်သော လက်ကလေးများဖြင့် ဆင်နှာမောင်းကို ဖက်တွယ်လိုက်၏။
"ဘုန်း"
သူမက မတုန်မလှုပ် ရပ်တန့်နေသော်လည်း နတ်ဆိုးဆင်ကြီးမှာ သံမဏိနံရံကို ဝင်ဆောင့်မိသည့်အလား ယိုင်ထွက်ကာ နှာမောင်းမှ သွေးများ ပန်းထွက်ကုန်သည်။
"မင်း...မင်းက ဘာလဲ"
နတ်ဆိုးဆင်သည် တစ်ချက် ညည်းတွား၍ သွေးတစ်လုတ် အန်ထွက်ကာ ပိုင်အာကို ကြောက်လန့်စွာ ကြည့်ရင်း မေးလိုက်မိသည်။ ထို့နောက် ၎င်းက ဖက်တွယ်ခံထားရသော နှာမောင်းကို ဆွဲထုတ်ရန် အသည်းအသန် ကြိုးပမ်းခဲ့သော်လည်း၊ မည်မျှ အားစိုက်ပါစေ၊ အကြောင်းမထူးသည့်အပြင် ပြတ်ထွက်လုနီးပါး ဖြစ်လာ၏။ သူမကမူ လက်နှစ်ဖက်ဖြင့် ညှင်သာစွာ ဖက်တွယ်ထားခြင်းပင်။
"လွှတ်စမ်း"
ကြောက်လန့်မှုကြောင့် နတ်ဆိုးဆင်ကြီး တုန်လှုပ်နေသောအခါ နောက်ဆုံးတွင် သူမက လှုပ်ရှားလာသည်။ ပိုင်အာသည် နှာမောင်းမှ ဆွဲမလိုက်သောအခါ ဆင်တစ်ကောင်လုံး လေထဲ မြှောက်တက်လာကာ လက်နက်ပမာ ဖြစ်သွား၏။ သူမက အထက်သို့ ဝုန်းခနဲ ပျံတက်သွားပြီး သေးငယ်သော မိန်းကလေးငယ်တစ်ယောက်သည် ဧရာမ နတ်ဆိုးဆင်ကြီးကို နှိမ်နင်းလိုက်သော မြင်ကွင်းကြောင့် ရန်သူအားလုံး ဆွံ့အမင်သက်ကုန်သည်။
"ပြေးကြ"
ပိုင်အာက ဆင်ကြီးကို တူတစ်လက်ပမာ အသုံးချ၍ ရိုက်ချလိုက်သောအခါ သတိပေးသံများ ဆူညံသွားခဲ့သော်လည်း နောက်ကျသွားပြီ ဖြစ်၏။ ခေါင်းလေးလုံး နတ်ဆိုးမြွေတစ်ကောင်မှာ တိုက်ရိုက် ထိမှန်သွားသောကြောင့် အသားပြား ဖြစ်သွားသကဲ့သို့ အသက်ရှင်နေဆဲ ဖြစ်သည့် ဆင်ကြီးမှာလည်း နာကျင်စွာ အော်နေရဆဲပင်။ ၎င်းက နတ်ဆိုးများအနက် အရေခွံ အမာဆုံး ဖြစ်သောကြောင့် သူမ အမြင်တွင် လက်နက် ဖြစ်လာရန် သင့်လျော်ပုံရသည်။ ထို့နောက် သူမသည် ဆင်ကြီးကို ထပ်ကာထပ်ကာ လွှဲရိုက်ကာ အခြားနတ်ဆိုးများကို ညှာတာမှု မရှိဘဲ လိုက်လံ ချေမှုန်းနေခဲ့၏။
"ဒါကြီးက အလောင်းနတ်ဆိုးပဲ"
ခန္ဓာကိုယ် ကြီးမားသော နတ်ဆိုးအချို့မှာ အသားပြား ဖြစ်သွားချိန်တွင် သေးငယ် လျင်မြန်သူများက ထွက်ပြေးနေကြပြီ ဖြစ်သည်။ သာမန်နတ်ဆိုးများက အလောင်းနတ်ဆိုးမျိုးနွယ်အပေါ် မွေးရာပါ ကြောက်လန့်ကြပြီး ထူးခြားဆန်းပြားသော အရာ ဖြစ်ကာ နတ်ဆိုးများအနက်မှ တကယ့် နတ်ဆိုးကြီးပင်။ နောက်ဆုံးတွင် နတ်ဆိုးဆင်ကြီးမှာလည်း အသက်ပျောက်သွားပြီး တစ်ချိန်က စွမ်းအားကြီးမားခဲ့သည့်တိုင်အောင် အသားနှင့် ကိုယ်တွင်းအင်္ဂါများ စုတ်ပြတ်နေသည့် အလောင်း ဖြစ်ခဲ့သည်။
"အလောင်းနတ်ဆိုးက ရန်သူ့ဘက်က ကူညီနေတယ်။ နောက်ဆုတ်ကြ။ ဒါကို မဟာစစ်သူကြီးတွေ ကိုင်တွယ်လိမ့်မယ်"
အသက်ကြီးကြီး စစ်သူကြီးက တစ်ယောက်က အမိန့်ပေးလိုက်ပြီး သိုင်းလမ်းစဥ် ကျင့်ကြံသူ ဖြစ်ကာ ခန္ဓာကိုယ် သန်မာသော်လည်း ပိုင်အာကို ထိပ်တိုက်ရင်မဆိုင်ရဲတော့ပေ။ သို့သော် စကားအဆုံးတွင် သူမသည် ရှေ့တည့်တည့်တွင် ရုတ်တရက် ပေါ်ပေါက်ပြီး လေခွင်းလာသော အသံကပင် နောက်ကျနေသေးသည်။
"သေစမ်း"
အိုမင်းနေသော စစ်သူကြီးသည် သေခြင်းတရား ချဥ်းကပ်လာသောအခါ လက်ဦးမှုယူရန် တာအိုကောင်းကင်အဆင့် နတ်ဆိုးရိုက်တုတ်ဖြင့် မျက်နှာသို့ ရိုက်ချခဲ့သည်။ ကံဆိုးသည်မှာ တစ်ဖက်လူက ၎င်းကို သာသာယာယာ ဖမ်းယူ၍ ဆွဲလှည့်လိုက်ရုံဖြင့် လုယူသွားနိုင်ခဲ့သည်။
"ဟင်"
ဆံဖြူအဘိုးအိုက ဗလာဖြစ်သွားသော လက်နှစ်ဖက်ကို ကြည့်ရင်း စိုးရိမ်တကြီး ဖြစ်သွားသည်။ ကျန်တစ်ဖက်တွင် ပိုင်အာသည် တုတ်ကို ကွေးရန် လက်နှစ်ဖက်ဖြင့် ဖိချလိုက်သော်လည်း အလွယ်တကူဖြင့် ဂျွတ်ခနဲ ကျိုးသွားသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။
"အဘိုးကြီး၊ ဒါက နင့်အပြစ်ပဲ"
ဆံဖြူအဘိုးအိုမှာ တာအိုကောင်းကင်အဆင့် လက်နက် အလွယ်တကူ ပျက်စီးသွားသည်ကို မြင်ရသဖြင့် တုန်လှုပ်နေစဥ် အပြစ်တင်ခံခဲ့ရ၏။ သူ၏ မျက်လုံးရှေ့တွင် လက်သီးပုံရိပ်က ဖြည်းဖြည်းချင်း ကြီးမားလာနေပြီး တစ်ချက်တည်းဖြင့် ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားတော့သည်။ ပိုင်အာသည် တွန့်လိမ်သွားကာ ရေလှိုင်းသဏ္ဍာန် ပြောင်း၍ အလောင်းကို အချိန်မဆိုင်းဘဲ စားသောက်ပစ်နေသည်။ ရုပ်ရည်သွင်ပြင်က အလွန်ချစ်စရာကောင်းသော်လည်း ရန်သူတိုင်း တုန်လှုပ်ခြောက်ခြားသွားပြီး အကြောက်လွန်သွားစေကာ ထွက်ပြေးရန်မှတစ်ပါး မတွေးနိုင်ကြတော့ပေ။
"ဝှစ် ဝှစ် ဝှစ်"
လေထဲတွင် ပိုင်အာ၏ ကျစ်ဆံမြှီးလေးနှစ်ဖက် လွင့်ပျံသွားတိုင်း ရန်သူများ တစ်ယောက်ပြီးတစ်ယောက် လက်သီးဖြင့် အထိုးခံနေရကာ နေရာတိုင်း သွေးများပန်းထွက်၍ မည်သူမျှ အသက်မရှင်နိုင်ခဲ့ပေ။
"ဝုန်း"
ရန်သူများကို သုတ်သင်ပြီးနောက် သူမက မြေပြင်သို့ ဆင်းသက်လိုက်သောအခါ ကျယ်လောင်စွာ မြည်ဟီး၍ နိမ့်ဆင်းသွားသောကြောင့် အလေးချိန်မှာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားနေပုံပေါ်သည်။ သေဘေးမှ ကပ်သီးလေး လွတ်မြောက်လာခဲ့သော ကူစုဝမ်သည် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသည့် ရန်သူများကို တလှည့်၊ ပိုင်အာကို တလှည့် ကြည့်နေရင်း ယခုမှသာ တစ်ဖက်လူ မည်မျှကြောက်စရာကောင်းကြောင်း သဘောပေါက်ကာ တုန်ရီသွားတော့၏။
"နင်ရော ဗိုက်ဆာနေတာလား။ နည်းနည်းလောက် စားမလား"
ထိုအခိုက်အတန့်တွင် ပိုင်အာက လက်ဝါးထဲမှ သွေးချင်းချင်းနီနေသော မျက်လုံးတစ်လုံးကို သူမထံ ကမ်းပေးလာခဲ့လေသည်။