အခန်း ၉၆၃
Vol. 70 Ch. 963
အခန်း ၉၆၃ နာကြည်းမှု ဝေသားရဲ
လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိစမြဲဖြစ်သည်။ ထိုလျှို့ဝှက်ချက်များကို အတင်းအဓမ္မ ဖော်ထုတ်သိရှိရန်လည်း မလိုအပ်ပေ။ ကျင့်ကြံသူလေးဦးတွင် လျှို့ဝှက်ချက် တစ်ခုခုရှိနေပြီး သူတို့က ထုတ်မပြောလိုလျှင် စုမင်က အတင်းအကျပ် ပြုမည် မဟုတ်ချေ။ အမှန်စင်စစ် သူအရေးအကြီးဆုံးအဖြစ် ရှုမြင်ထားသည့်အရာမှာ ထိုလေးဦးသည် ဖုန်မှုန့်မီးရှို့သူများ မျိုးနွယ်စုထံသို့ သွားရောက်မည်ဖြစ်ပြီး သူကိုယ်တိုင်လည်း ထိုနေရာသို့ သွားချင်နေခြင်းပင် ဖြစ်သည်။
လူတစ်ဦး၏ အသက်အရွယ်သည် ထိုသူ အမှန်တကယ် ရင့်ကျက်လာသည်လော ဆိုသည်ကို မပြသနိုင်သကဲ့သို့ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာသော အရေးအကြောင်းများကလည်း ရင့်ကျက်မှုကို သက်သေမပြနိုင်ပေ။ ယင်းအစား လူတစ်ဦးသည် အခြားတစ်ဦးအပေါ် မည်မျှ နားလည်ခွင့်လွှတ်တတ်လာသနည်း ဆိုသည့်အချက်ကသာ ရင့်ကျက်မှုကို ဖော်ပြနေခြင်း ဖြစ်သည်။
အချို့သော အရာများသည် နှုတ်မှ ထုတ်ပြောရန်ပင် မလိုအပ်ချေ။ လူတို့အနေဖြင့် အချင်းချင်း နားလည်ခွင့်လွှတ်ပေးရန် ဆန္ဒရှိနေသရွေ့ အရာခပ်သိမ်းသည် အဆင်ပြေချောမွေ့နေမည်သာ ဖြစ်သည်။
အတိတ်ကာလက စုမင်သည် အခြားသူများအပေါ် မည်သို့ နားလည်ခွင့်လွှတ်ပေးရမည်ကို မသိခဲ့ပေ။ သို့သော် အဖြစ်အပျက်များစွာကို ဖြတ်သန်းကြုံတွေ့ခဲ့ရပြီးနောက်တွင်မူ အချို့သော ကိစ္စရပ်များ၌ မည်သို့ နားလည်ခွင့်လွှတ်ရမည် ဆိုသည်အား သူ သင်ယူ တတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ သူတို့အနေဖြင့် ထုတ်မပြောလိုပါက သူလည်း ဆက်လက်မေးမြန်းနေမည် မဟုတ်ဟု စိတ်ပိုင်းဖြတ်ထားသည်။
အမှန်တကယ်တွင် ကိစ္စရပ်တစ်ခုကို သိရှိထားသော်လည်း လျှို့ဝှက်ထားပေးခြင်းနှင့် သိရှိထားသည်အား အဆက်မပြတ် ပါးစပ်သရမ်း ပြောဆိုနေခြင်းတို့၏ ကွာခြားချက်မှာ လူတစ်ဦး၏ ရင့်ကျက်မှု ရှိ၊ မရှိ ဆိုသည့်အချက်ပင် ဖြစ်သည်။
စုမင်က ဟင်းလင်းပြင် သားရဲကြီးပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကဲ... ရွှီဟွေ၊ သူ့ကို မူလအတိုင်း ပြန်ပြောင်းပေးလိုက်တော့"
ရွှီဟွေက ခေါင်းလှည့်ကာ စုမင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လွင်လာ၏။ စုမင် သိရှိနားလည်နေသည့် အရာများကို သူမကော မည်သို့လျှင် မသိဘဲ နေမည်နည်း။ သို့သော် ဤကဲ့သို့ ဆက်သွယ်ပြောဆိုရသည့် အနေအထားမျိုးတွင် ပျော်ရွှင်မှုဆိုသည်သာ ရှိနေသည်။ မည်သည့် အကြံအစည်မှ မရှိသကဲ့သို့ အခြားသော ရည်ရွယ်ချက်၊ အတွေးအမြင်မျိုးလည်း စွက်ဖက်ပါဝင်နေခြင်း မရှိပေ။
သူမ၏ ဘဝတစ်လျှောက်တွင် ဤသို့သော အခိုက်အတန့်မျိုးကို ကြုံတွေ့ရခဲလှသည်။
ထို့ကြောင့်ပင် ရွှီဟွေက ဤအချိန်လေးကို တန်ဖိုးထား မြတ်နိုးချင်နေမိသည်။ အမှန်တရားကို ဖွင့်ဟဝန်ခံလိုက်ရပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် သူတို့နှစ်ဦးကြားက ဤရင်းနှီးကျွမ်းဝင်သော ဆက်သွယ်ပြောဆိုမှု အငွေ့အသက်လေးအား သူမ ဆုံးရှုံးမခံလိုပေ။
သူတို့သည် မိုက်မဲနေကြခြင်း ဖြစ်သည်။ ရှားရှားပါးပါး မိုက်မဲခွင့် ရနေကြခြင်းလည်း ဖြစ်၏။
သူမက စကားကို နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ညာဘက်လက်ကို မြှောက်ကာ နျန်ယင်းဆီသို့ ဝှေ့ယမ်းလိုက်သည်။ ခရမ်းရောင်နှင့် ပြာလဲ့ရောင် အခိုးအငွေ့နှစ်ခုက ကျင့်ကြံသူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ လည်စလုပ်က ပြန်လည်ထွက်ပေါ်လာပြီး မို့မောက်နေသော ရင်သားများက ပြားချပ်သွားကာ တင်ပါးကလည်း ပြန်လည်ကျုံ့ဝင်သွားသည်။ ချောမွေ့နေခဲ့သော အရေပြားကလည်း ယခင်အတိုင်း တစ်ဖန် ပြန်လည် ကြမ်းတမ်းလာခဲ့သည်။
ရွှီဟွေသည် ထိုအရာအားလုံးကို လုပ်ဆောင်ပြီးသည်နှင့် စုမင် အနီးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
"မင်းတို့လေးယောက်အနေနဲ့ လျှို့ဝှက်ချက်ကို ပြောပြချင်စိတ်ရှိရင် ပြောပြလို့ရတယ်။ မပြောချင်ဘူးဆိုရင်လည်း ငါ့ဘက်က အကျပ်ကိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဖုန်မှုန့်မီးရှို့သူတွေဆီ ဘယ်လိုသွားရမလဲဆိုတာတော့ ငါ သိချင်တယ်။ မင်းတို့ လာခဲ့တဲ့ လမ်းကြောင်းကို ငါ စောင့်ကြည့်နေခဲ့တာ။ မင်းတို့ဆီမှာ မြေပုံ ရှိရမယ်။ လမ်းကြောင်းကိုသာ ပြောပြ၊ ငါ ချက်ချင်း ထွက်သွားပေးမယ်"
စုမင်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
တိကျိုမိုရှား ပေးခဲ့သော မြေပုံပေါ်ရှိ ဖုန်မှုန့်မီးရှို့သူများနှင့် ပတ်သက်သည့် အမှတ်အသားများမှာ အလွန်အမင်း ဝေဝါးသည်။ အဘယ်ကြောင့်ဆိုသော် ဤမျိုးနွယ်စုသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်း၏ အပြင်ဘက်အလွှာတွင် တည်ရှိသည့် ကောင်းကင်ဖြတ်သန်းသူ မျိုးနွယ်စုနှင့် မတူညီသောကြောင့် ဖြစ်သည်။ ဖုန်မှုန့်မီးရှို့သူများသည် ကြယ်ပင်လယ်၏ ဗဟိုချက်နှင့် နီးကပ်သော ဒေသတွင် နေထိုင်ကြသည်။ ထိုနေရာသည် နဝမ မျိုးနွယ်စုများ တစ်ကြိမ်တစ်ခါမျှ ရောက်ရှိခဲ့ဖူးခြင်း မရှိသော နေရာတစ်နေရာပင် ဖြစ်၏။
ထို့ကြောင့်ပင် ဖုန်မှုန့်မီးရှို့သူများနှင့် ပတ်သက်သော သူတို့၏ အမှတ်အသားများသည် စုမင်အတွက် ယေဘုယျ ပုံကြမ်းလောက်ကိုသာ ပေးစွမ်းနိုင်ပြီး အသေးစိတ် အချက်အလက်များ မပါဝင်ခဲ့ပေ။ အကယ်၍ သူသာ ထိုနေရာကို အကန်းစမ်း၍ သွားရောက်ရှာဖွေမည်ဆိုပါက ခက်ခဲကြန့်ကြာမှုများ အလွန်တရာ ကြီးမားနိုင်သကဲ့သို့ ကြုံတွေ့ရမည့် ဘေးအန္တရာယ်များကလည်း များပြားမည် ဖြစ်သည်။
နျန်ယင်း၏ ခန္ဓာကိုယ်မှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်နှင့် သူ၏ မျက်နှာမှာ ဖြူဖျော့သွားကာ သူတို့အုပ်စုရှိရာသို့ ချက်ချင်း ပြန်ပြေးသွားခဲ့သည်။ သူသည် ရွှီဟွေအား စောင်းငဲ့၍ပင် မကြည့်ရဲတော့ပေ။ အခြားသော မဟာလောကများမှ လူများအနေဖြင့် ဤအမျိုးသမီး၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ဂုဏ်သတင်း အသေးစိတ်ကို မသိရှိကြလျှင်ပင် နံနက်ခင်း တာအိုလောကမှ လာသူတစ်ဦးအနေဖြင့်မူ သူမအကြောင်းကို ပြောလိုက်သည်နှင့်ပင် ကြားရသူများ မျက်နှာပျက်သွားနိုင်လောက်သည့် အတိုင်းအတာမျိုးအထိ ကြောက်မက်ဖွယ်ကောင်းသူဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။ သူမသည် လူသတ်ရာတွင် ယင်ကောင်တစ်ကောင်ကို ရိုက်သတ်သကဲ့သို့ မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ဖြတ်တတ်သူဖြစ်ပြီး သူမ၏ နှလုံးသားထဲမှ ရန်လိုမုန်းထားမှုနှင့် ရက်စက်ကြမ်းကြုတ်မှု အဆင့်အတန်းသည် အခြားသူများကို အကြောက်တရားဖြင့် တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။
သို့သော် ရွှီဟွေအား သတိထား ကြောက်ရွံ့နေရသည့်တိုင် သူသည် စုမင်၏ လုပ်ရပ်ကြောင့် ပို၍ပင် အံ့အားသင့်တုန်လှုပ်သွားခဲ့ရသည်။ ကင်းမြီးကောက် သခင်မလေးဟု လူသိများသည့် ရွှီဟွေသည် သနားညှာတာမှု ကင်းမဲ့ပြီး နှလုံးသား မရှိသူတစ်ဦး ဖြစ်သည်။ သူမနှင့် မြွေသခင်မလေးတို့ကြားရှိ မျက်နှာချင်းဆိုင် အားပြိုင်မှုများနှင့် ကွယ်ရာ တိုက်ခိုက်မှုများမှာ အဆုံးသတ်သည်ဟူ၍ မရှိခဲ့ပေ။ သူတို့၏ ကိုယ်ပိုင် ဆရာများမှအပ အခြား မည်သူ တစ်ဦးတစ်ယောက်ကမျှ သူတို့ကို အမိန့်နာခံလာအောင် ခိုင်းစေနိုင်သည်ဟု တစ်ခါမျှ မကြားဖူးခဲ့ချေ။
သို့ပါလျက်နှင့် စုမင်၏ စကားတစ်ခွန်းတည်းဖြင့်ပင် ရွှီဟွေက သူ့ကို မူလခန္ဓာကိုယ်အတိုင်း ပြန်လည်ပြောင်းလဲပေးခဲ့သည်။ အကယ်၍ ဤအကြောင်းကို အခြားသူများအား ပြန်လည်ပြောပြလျှင်ပင် မည်သူကမျှ ယုံကြည်ကြမည် မဟုတ်ပေ။
နျန်ယင်း ခေါင်းငုံ့သွားသည့်အခါ ရွှမ်ရှန်းနှင့် ကျန်နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ မျက်လုံးချင်း ဖလှယ်လိုက်ကြသည်။ သူတို့ ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ရွှမ်ရှန်းက သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ ကျောက်စိမ်းပြားတစ်ပြားအား ထုတ်ယူလိုက်သည်။ ထို့နောက် အာရုံစူးစိုက်၍ မှတ်တမ်းတင် အမှတ်အသားပြုလိုက်ပြီးနောက် ထိုကျောက်စိမ်းပြားကို စုမင်ထံသို့ လှမ်းပစ်ပေးလိုက်သည်။
"ဒါက ဖုန်မှုန့်မီးရှို့သူတွေဆီကို လမ်းပြပေးမယ့် မြေပုံပါပဲ။ စီနီယာ... စီနီယာ့ဘေးနားမှာ ရှိနေတာက ရွှေ့ပြောင်းခြင်း ဝဲဂယက်တစ်ခု ဖြစ်ပါတယ်။ အဲဒီရဲ့ တစ်ဖက်ခြမ်းကို ရောက်သွားတဲ့အခါ မြေပုံပေါ်မှာ အဲဒီနေရာကို သွားဖို့ အသေးစိတ် လမ်းညွှန်ချက်တွေ ပေါ်လာပါလိမ့်မယ်"
စုမင်က ကျောက်စိမ်းပြားကို ဖမ်းယူလိုက်သည်။ သူသည် နတ်ဘုရားအာရုံဖြင့် မြေပုံကို စစ်ဆေးပြီးနောက် ထိုလေးယောက်အား စေ့စေ့စပ်စပ် အကဲခတ် ကြည့်ရှုလိုက်သည်။ ထို့နောက် အောက်ရှိ ဟင်းလင်းပြင်သားရဲကြီးက ဖြည်းညင်းစွာ လှည့်ပတ်သွားပြီး ရွှေ့ပြောင်းခြင်း ဝဲဂယက်ဆီသို့ မျောလွင့်သွားတော့သည်။
ရွှေ့ပြောင်းခြင်း ဝဲဂယက်၏ အနီးသို့ ရောက်သောအခါ ဟင်းလင်းပြင်သားရဲကြီး ရပ်တန့်သွားပြီး စုမင်က တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။
"မင်းတို့အားလုံး အရင်ဝင်သွားကြ"
ရွှမ်ရှန်းက ခေါင်းညိတ်လိုက်သည်။ စုမင်အနေဖြင့် သူ့အား ဤမျှ လွယ်လွယ်ကူကူ ယုံကြည်မည် မဟုတ်ကြောင်းကို သူ ခန့်မှန်းမိပြီးသား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသာ စုမင်၏ နေရာတွင် ရှိနေမည်ဆိုပါကလည်း ဤနည်းတူ ပြုမူမည်သာ ဖြစ်သည်။ သူသည် မြေပုံပေါ်တွင် မည်သည့် လှည့်စားမှုမျှ ပြုလုပ်ထားခြင်း မရှိသောကြောင့် ဤတောင်းဆိုချက်ကို မကန့်ကွက်ပေ။ ထိုအခိုက်အတန့်တွင် သူသည် ဘေးရှိ သုံးဦးအား တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် သူတို့အချင်းချင်း အကြည့်ချင်းဖလှယ်ကာ စုမင်၏ စကားကို နာခံရန်သာ ရွေးချယ်လိုက်ကြသည်။
သူတို့လေးဦးသည် အလင်းတန်းရှည်များအဖြစ် ပြောင်းလဲသွားကာ ရွှေ့ပြောင်းခြင်း ဝဲဂယက်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။ ဝဲဂယက်အနီးသို့ ရောက်သောအခါ မည်သူမျှ တုံ့ဆိုင်းမနေကြပေ။ ရွှမ်ရှန်းက ပထမဆုံး ဝင်ရောက်သွားပြီး နျန်ယင်းက သူ့နောက်မှ ကပ်လျက် လိုက်ပါသွားသည်။ ကျန်နှစ်ဦးကလည်း ခဏအကြာတွင် အသီးသီး ဝင်ရောက်သွားကြလေသည်။
သူတို့ ပျောက်ကွယ်သွားပြီးနောက် စုမင် အောက်ရှိ ဟင်းလင်းပြင်သားရဲကြီးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သကဲ့သို့ ဖြစ်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးက ရုတ်တရက် ကျုံ့ဝင်သွားပြီး ပေရာဂဏန်းခန့် အရွယ်အစားသို့ ရောက်ရှိသွားသောအခါ ရွှေ့ပြောင်းခြင်း ဝဲဂယက်အတွင်းသို့ တွားသွား ဝင်ရောက်သွားတော့သည်။ သူ့ခန္ဓာကိုယ်သည် ဝဲဂယက်အတွင်းသို့ ချက်ချင်းဆိုသလို ပေါင်းစပ်ဝင်ရောက်သွားပြီး မည်သည့်အရိပ်အယောင်မျှ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားလေသည်။
ဝဲဂယက်အတွင်း၌မူ အရောင်အသွေး စုံလင်သော ကမ္ဘာတစ်ခု ရှိနေသည်။ ကြီးမားကျယ်ပြန့်ကာ တစ်ဝက်တစ်ပျက် ပွင့်လင်းမြင်သာနေသော ဥမင်လိုဏ်ခေါင်းကြီး တစ်ခေါင်း အတွင်း၌ ရွှမ်ရှန်းနှင့် အခြားသုံးဦးသည် မျက်လွှာများကို ပိတ်ထားကြလျက် ရှေ့သို့ ဆွဲငင်ခေါ်ဆောင်ရာနောက်သို့ သူတို့၏ ခန္ဓာကိုယ်များအား လျှောတိုက်မျောပါခွင့် ပြုထားကြသည်။ သူတို့၏ နောက်ကွယ်တွင်မူ ယခုအခါ ပေရာဂဏန်းခန့်သာ ရှိတော့သည့် ဟင်းလင်းပြင်သားရဲကြီး ရှိနေသည်။ သူ့ကျောပြင်ပေါ်တွင် မတ်တတ်ရပ်နေသူကား ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာရန် မျက်လုံးအစုံအား ပြူးကျယ်စွာ ဖွင့်ထားသည့် ရွှီဟွေပင် ဖြစ်သည်။ ထိပ်ပြောင်ကြိုးကြာကမူ မွေးရာပါ စူးစမ်းတတ်သော စိတ်သဘာဝအရ မျက်လုံးကို လုံးဝ မှိတ်မထားပေ။ ထို့အစား ပတ်ဝန်းကျင် တစ်ခွင်ကို လိုက်လံစိုက်ကြည့်နေလေသည်။
အသူရာနဂါးကလည်း ထိုနေရာ၌ မျက်လုံးမှိတ်ထားရန် လိုအပ်ကြောင်းကို မသိရှိသဖြင့် ပတ်ပတ်လည်အား လှည့်ပတ်ကြည့်ရှုနေလေသည်။
စုမင်ကမူ ဤကဲ့သို့သော နေရာမျိုးတွင် မျက်စိမှိတ်ထားလေ့ရှိသည့် အကျင့်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ သူသည် ဝဲဂယက်အတွင်းရှိ ကမ္ဘာထဲသို့ ဝင်ရောက်လိုက်သည့် ခဏချင်းမှာပင် အဝေးဆီသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ ရင်းနှီးကျွမ်းဝင်နေသော စွမ်းအားလှိုင်းဂယက်များ ကိန်းအောင်းနေသည့် မှောင်မိုက်သော အနက်ရှိုင်းဆုံး နေရာဆီသို့ ဖြစ်သည်။
စုမင်၏ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကွေးညွတ်သွားသည်။ သူသည် နဂါးခေါင်း မြင်းနက်ကြီး၏ အငွေ့အသက်ကို ခံစားမိလိုက်ခြင်း ဖြစ်သည်။ ထိုမြင်းနက်ကြီးသည် စုမင်ကို အသည်းစွဲ မှတ်မိနေသည်မှာ ထင်ရှားသည်။ ဤတစ်ကြိမ်တွင် စုမင် ဝဲဂယက်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် အဝေးဆီမှ အရှိန်ကုန်တင်ကာ ချက်ချင်း တဟုန်ထိုး ပြေးဝင်လာခဲ့တော့သည်။
"သူ ပြန်လာပြန်ပြီ"
ရွှီဟွေ၏ အသံမှာ တည်ငြိမ်နေသော်လည်း သူမ၏ မျက်ဝန်းများ အတွင်း၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုက တစ်ခဏမျှ လက်ကနဲ ဖြတ်ပြေးသွားခဲ့သည်။
ပြီးခဲ့သည့် အကြိမ်က ထိုမြင်းနက်ကြီး စုမင် နောက်သို့ လိုက်မီသွားချိန်တွင် သူသည် ဤကမ္ဘာထဲမှ လုံးဝ ထွက်မသွားနိုင်လုနီးပါး ဖြစ်ခဲ့ရသည်ကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
"ဘယ်သူလဲ။ ဘယ်သူ လာနေတာလဲ"
ထိပ်ပြောင်ကြိုးကြာသည် မျက်လုံးကို ပြူးကာ ပတ်ဝန်းကျင်အား အဆက်မပြတ် လိုက်လံ ကြည့်ရှုနေသည်။ ထိုသို့ ရှာဖွေနေစဉ်မှာပင် ကြီးမားသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေသည့် ဟိန်းဟောက်သံကြီးတစ်သံက ကမ္ဘာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဤဟိန်းဟောက်သံက လူတို့၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး ဥမင်လိုဏ်ခေါင်းကြီးကိုပါ တုန်ခါသွားစေကာ သူတို့၏ ပတ်ဝန်းကျင်ရှိ ရောင်စုံရေဘဝဲနှင့်တူသော သက်ရှိများအား ချက်ချင်း နောက်ဆုတ် ထွက်ပြေးသွားစေခဲ့သည်။
၎င်းက ရွှမ်ရှန်းနှင့် ကျန်သုံးဦး၏ မျက်နှာအမူအရာများကိုလည်း သိသိသာသာ ပြောင်းလဲသွားစေသော်လည်း သူတို့သည် မျက်စိများအား တင်းတင်းကျပ်ကျပ် မှိတ်ထားမြဲ မှိတ်ထားကြဆဲ ဖြစ်သည်။
စုမင်က ထိုအသံထွက်ပေါ်လာရာဆီသို့ အာရုံစိုက်လိုက်သောအခါ သူ့နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လွင်လာခဲ့သည်။ သူသည် မြင်းနက်ကြီးကို မြင်တွေ့ရလေလေ ပို၍ သဘောကျ နှစ်ခြိုက်လာလေလေ ဖြစ်သည်။ ၎င်းကို ယဉ်ပါးလာအောင် မွေးမြူလိုသည့် အလိုဆန္ဒမှာလည်း နှလုံးသားထဲတွင် ပိုမို ပြင်းထန်လာခဲ့သည်။ အကယ်၍ မြင်းနက်ကြီးတွင်သာ ကံကြမ္မာသခင် အဆင့်များနှင့် ညီမျှသော စွမ်းအားမျိုး ပိုင်ဆိုင်မထားပါက စုမင်အနေဖြင့် ၎င်းကို အတင်းအဓမ္မ ဖမ်းဆီးထိန်းချုပ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
"စောတာနဲ့ နောက်ကျတာပဲ ကွာမယ်... မင်းက ငါ့အပိုင် ဖြစ်လာရမှာ"
စုမင် မတ်တတ်ရပ်လိုက်သည်။ အဝေးဆီမှ မြင်းနက်ကြီး၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်နှင့် အောက်ရှိ ဟင်းလင်းပြင်သားရဲကြီးမှာ ပြင်းထန်စွာ တုန်ရီလာပြီး သူ မည်မျှအထိ ကြောက်လန့်နေကြောင်းအား ဖော်ပြနေသည်ကို သူ ခံစားသိရှိနိုင်သည်။ ထိုဟိန်းဟောက်သံက သယ်ဆောင်လာသော ထိတ်လန့်ကြောက်ရွံ့မှုသည် သားရဲတစ်ကောင်အတွက် ပို၍ပင် ကြီးမားပြင်းထန်ကြောင်း ထင်ရှားနေပေသည်။
"သွားမဆွပါနဲ့။ ပြီးခဲ့တဲ့အကြိမ်တုန်းက နင်..."
ရွှီဟွေသည် စိုးရိမ်ပူပန်မှုကို မထိန်းချုပ်နိုင်တော့ဘဲ သူမ မျက်နှာထက်တွင် အထင်အရှား ပေါ်လွင်နေခဲ့သည်။ ဤသည်မှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ သူမ နှလုံးသားတွင်းမှ အမှန်တကယ် ခံစားနေရသော စိုးရိမ်မှုများကို ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။
"မင်း စိတ်ပူစရာ မလိုပါဘူး"
စုမင်၏ မျက်ဝန်းများတွင် ပြတ်သားသော ဆုံးဖြတ်ချက်ကို တွေ့မြင်နိုင်သည်။ သူသည် အဝေးမှ မှောင်မိုက်သော နေရာဆီသို့ စိုက်ကြည့်နေရင်း ဖော်ပြ၍မရနိုင်လောက်အောင် လျင်မြန်သော အရှိန်အဟုန်ဖြင့် သူရှိရာသို့ တဟုန်ထိုး ပြေးဝင်လာနေသည့် အလင်းတန်းရှည်ကြီး တစ်တန်းကို ဝေဝါးစွာ မြင်တွေ့နေရသည်။
ထိုအလင်းတန်းရှည်ကြီး အတွင်း၌ မှေးမှိန်သော အလင်းလုံး ခြောက်လုံး ရှိနေသည်။ ထိုအရာများမှာ မြင်းကြီး၏ မျက်လုံးခြောက်လုံးပင် ဖြစ်၏။ ထိုအတွင်း၌ ကိန်းအောင်းနေသော မာနထောင်လွှားမှုများကပင် စုမင်၏ ပြတ်သားမှုကို ဖြစ်တည်စေသော အရင်းအမြစ် ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ မြင်းကြီးသည် စုမင်နှင့် သိသိသာသာ ပို၍ ဝေးကွာသော နေရာ၌ ရှိနေခဲ့သည်။ ထို့ကြောင့် သူ့အတွေ့အကြုံအရဆိုလျှင် သူတို့ ဝဲဂယက်အတွင်းမှ မထွက်ခွာမီ မြင်းကြီး ပေါ်လာရန် ခက်ခဲမည် ဆိုသည်ကို သူ သိထားသည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ အလွန်အမင်း ဝေးကွာလွန်းနေသောကြောင့် ဖြစ်သည်။
စုမင်သည် မြင်းကြီးကို မြင်တွေ့လိုသကဲ့သို့ ထိုမြင်းနက်ကြီးကလည်း သူ့အား မြင်တွေ့စေချင်နေသည်။ ထိုမာနကြီးသော မြင်းနက်ကြီးအနေဖြင့် သူ၏ စိန်ခေါ်ရန်စမှုကို မှတ်မိနေစေရန် သူ အလိုရှိသည်။ သူ ဝဲဂယက်အတွင်းသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် မြင်းကြီး ချက်ချင်း ပေါ်လာစေရန် ဆန္ဒရှိသည်။ ဤသို့ ဖြစ်လာစေရန်အတွက် သူက မြင်းနက်ကြီးကို သူ့အကြောင်းအား မမေ့နိုင်လောက်အောင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်စေရန် လိုအပ်ပြီး ဤသို့ မာနခေါင်ခိုက်နေသော သက်ရှိမျိုးအတွက် စိန်ခေါ်ရန်စခြင်းသည် ဘယ်သောအခါမျှ လျစ်လျူရှု၍မရနိုင်သော စွဲလမ်းမှုတစ်ခု၏ အရင်းအမြစ် ဖြစ်လာမည် ဖြစ်သည်။
စုမင် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ ဟင်းလင်းပြင် သားရဲကြီးပေါ်မှ ဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် ခေါင်းကို မော့ကာ ကျယ်လောင်ရှည်လျားသော ဟိန်းဟောက်သံကြီး တစ်သံ ပြုလုပ်လိုက်လေသည်။ ထိုဟိန်းဟောက်သံက ကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေသည်။ ယင်းသည် ဟင်းလင်းပြင်အတွင်း ဆက်လက် ပဲ့တင်ထပ်နေပြီး အဆုံးအစမရှိသော ပဲ့တင်သံများကို ရိုက်ခတ်ဖြစ်ပေါ်စေခဲ့သည်။
ဤအရာက ကျင့်ကြံသူ လေးဦး၏ မျက်နှာအမူအရာများကို ချက်ချင်း ပြောင်းလဲသွားစေသည်။ သူတို့သည် စိတ်ထဲမှနေ၍ မကြံစည်နိုင်လောက်အောင် ကျိန်ဆဲမိသွားကြသည်။ ဤနေရာသည် ဝဲဂယက်အတွင်းရှိ ကမ္ဘာဖြစ်သည်။ မျက်စိဖွင့်ကြည့်ရန် ခွင့်မပြုသကဲ့သို့ အသံတစ်ချက်မျှ ထွက်ခွင့်မရှိသော နေရာဖြစ်ပြီး အကယ်၍ ဖောက်ဖျက်မိပါက အလွန်တရာ ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ဤသည်မှာ သူတို့ ရွှေ့ပြောင်းခြင်း ဝဲဂယက်များနှင့် စတင်မိတ်ဆက်စဉ်ကတည်းက လွန်ခဲ့သော အချိန်ကာလ အတော်ကြာကပင် အသေးစိတ် သင်ယူမှတ်သားထားခဲ့ရသော အရာဖြစ်သည်။ သို့ပါလျက်နှင့် ယခုအခါ သူတို့၏ နောက်ကွယ်မှ စုမင်၏ ဟိန်းဟောက်သံကြီးက ဤတိတ်ဆိတ်ငြိမ်သက်နေသော ဝဲဂယက်ကမ္ဘာ၏ တိတ်ဆိတ်မှုကို အလုံးစုံ ချိုးဖျက်ပစ်လိုက်ပြီ ဖြစ်သည်။
ထိုရှည်လျားသော ဟိန်းဟောက်သံကြီးသည် ပြင်းထန်သော စိန်ခေါ်ရန်စမှု အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ၎င်းသည် အဆုံးအစမရှိသော အနက်ရှိုင်းဆုံး နေရာများအထိ ထိုးဖောက်ဝင်ရောက်သွားကာ ရှေ့သို့ ပြေးဝင်လာနေသော မြင်းနက်ကြီး၏ နားထဲသို့ ရောက်ရှိသွားလေသည်။ သူ့မျက်ဝန်းများ အတွင်း၌ အတိုင်းအဆမရှိသော ဒေါသတရားများ ပေါ်ထွက်လာပြီးနောက် စုမင်အား ဟိန်းဟောက်သံ တစ်သံဖြင့် ပြန်လည်တုံ့ပြန်လိုက်သကဲ့သို့ သူ့အရှိန်အဟုန်မှာလည်း အဆတစ်ရာနီးပါးခန့် ပိုမို မြန်ဆန်သွားခဲ့တော့သည်။
စုမင် ပြုံးလိုက်သည်။ ဤသည်မှာ မြင်းနက်ကြီး၏ အစစ်အမှန် အရှိန်အဟုန်ပင် ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်။ အသက်တစ်ရှိုက်စာ အချိန် ကုန်လွန်သွားပြီးနောက်၊ နောက်ထပ် တစ်ရှိုက်၊ ထို့နောက် နောက်ထပ် တစ်ရှိုက် ကုန်လွန်သွားခဲ့သည်။ လူတိုင်း ရွှေ့ပြောင်းခြင်း ဝဲဂယက်၏ ထွက်ပေါက်နှင့် နီးကပ်လာချိန်တွင်မူ စုမင်သည် သူ့အမြင်အာရုံ ထောင့်စွန်းမှ အလင်းတန်းရှည်ကြီး တစ်တန်းကို မြင်တွေ့လိုက်ရပြီး ထိုအရာက ဖော်ပြ၍မရနိုင်လောက်သော အရှိန်အဟုန်ဖြင့် သူတို့ရှိရာသို့ ပြေးဝင်လာနေခြင်း ဖြစ်သည်။ ထိုအလင်းတန်းရှည်ကြီးနှင့်အတူ ကောင်းကင်ယံသို့ ထိုးတက်နေသော မီးပင်လယ်ကြီး တစ်စင်းလည်း ပါဝင်လာသကဲ့သို့ နဂါးခေါင်းနှစ်လုံးပါရှိသော မြင်းနက်ကြီးတစ်ကောင်လည်း ပါဝင်လာခဲ့သည်။
ဤမြင်းကြီးသည် ပေပေါင်း ထောင်ချီ၍ မြင့်မားသည်။ သူသည် မီးတောက်များပေါ်တွင် ရပ်တန့်နေပြီး အသက်ရှူလိုက်တိုင်း နှာခေါင်းပေါက်များမှ မီးခိုးငွေ့မည်းများနှင့် မီးတောက်မီးလျှံများ ပန်းထွက်နေခဲ့သည်။ သူ့မျက်ဝန်းများ အတွင်း၌ ရက်စက်ကြမ်းကြုတ်သော အလင်းရောင်များ တောက်ပနေသည်။ သူက ခေါင်းကို မော့လိုက်သောအခါ တတိယမြောက် ဟိန်းဟောက်သံအား ပြုလုပ်လိုက်ပြီး မီးတောက်များပေါ်တွင် ဒုန်းစိုင်းပြေးလွှားရင်း စုမင်ရှိရာသို့ တဟုန်ထိုး ပြေးဝင်လာလေတော့သည်။
အဝေးမှ လှမ်းကြည့်မည်ဆိုပါက ဝဲဂယက်အတွင်းရှိ ကမ္ဘာကြီးတစ်ခုလုံး မီးလောင်ကျွမ်းနေသကဲ့သို့ပင် ထင်မှတ်ရသည်။ မီးတောက်များ တဖြတ်ဖြတ် မြည်ဟည်းသွားသောအခါ အရပ်မျက်နှာ အနှံ့အပြားသို့ ရိုက်ခတ် လွှမ်းခြုံသွားလေသည်။
"မင်း... မင်း... မင်း..."
မြင်းနက်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး အထင်အရှား ပေါ်ထွက်လာသောအခါ ထိပ်ပြောင်ကြိုးကြာသည် ပြင်းထန်စွာ တုန်ရီသွားလေသည်။ သူသည် အတောင်ပံများကို ခတ်လိုက်ပြီး မျက်လုံးအစုံအား ပြူးကျယ်ထားကာ လုံးဝ မယုံကြည်နိုင်သည့် မျက်နှာအမူအရာဖြင့် မြင်းနက်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"ကျက်သရေကို မရှိဘူး၊ အဲဒါ နာကြည်းမှု ဝေသားရဲ ကြီးပဲဟ။ ကမ္ဘာပေါ်မှာ နာကြည်းမှု ဝေသားရဲတွေ ရှိနေသေးတာလား။ နဂါးခေါင်းနှစ်လုံးတောင် ပါတယ်ဆိုတော့ ဒါက ကလေးပေါက်စလေးပဲ ရှိသေးတာပေါ့။ တောက်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထိပ်ပြောင်ကြိုးကြာက စူးရှသော အသံဖြင့် အော်ဟစ်လိုက်သည်။ မြင်းနက်ကြီးကို မြင်လိုက်ရသည့် ခဏချင်းမှာပင် သူ့ဦးနှောက် အတွင်း၌ ပြန့်ကျဲနေသော မှတ်ဉာဏ်အချို့ ပေါ်ပေါက်လာသဖြင့် မှတ်မိသမျှ အကြောင်းအရာများကို အော်ဟစ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"နာကြည်းမှု ဝေသားရဲ ဆိုတာ ဘာလဲ"
စုမင်က မြင်းနက်ကြီးကို စိုက်ကြည့်နေရင်းမှ မေးလိုက်သည်။ ထိပ်ပြောင်ကြိုးကြာ၌ လျှို့ဝှက်ဆန်းကြယ်သော အတိတ်တစ်ခု ရှိခဲ့ပြီး သူ့မှတ်ဉာဏ်များမှာလည်း အပိုင်းပိုင်းအစစ ပြန့်ကျဲနေကြောင်း သူ သိထားသည်။ ထို့ကြောင့် သူသည် တစ်ခါတစ်ရံမှသာလျှင် အချို့သော အရာများကို မှတ်မိတတ်လေ့ရှိသည်။
"မဟာလောကကြီး လေးခုရဲ့ အလွန်၊ ပဉ္စမမြောက် မဟာလောကရဲ့ အလွန်မှာ ကြီးမြတ်တဲ့ ရှေးဟောင်းနိုင်ငံတော်ကြီး သုံးနိုင်ငံ ရှိခဲ့ဖူးတယ်။ အဲဒီအထဲက တစ်ခုကတော့ ဝေနိုင်ငံပဲ။ ဒီနိုင်ငံမှာ ရေတွက်လို့မရနိုင်တဲ့ ကျင့်ကြံသူတွေ ရှိခဲ့ကြပေမယ့် ညတွင်းချင်းမှာပဲ သူတို့အားလုံး သေဆုံးသွားခဲ့ကြရတယ်။ ရှေးဟောင်း နိုင်ငံတော်ကြီး တစ်နိုင်ငံလုံး ပြာပုံဘဝ ရောက်သွားခဲ့ပြီးတဲ့ နောက်မှာတော့ ကျင့်ကြံသူအားလုံးရဲ့ ဝိညာဉ်တွေက တစ်ပေါင်းတစ်စုတည်း ပေါင်းစည်းသွားပြီး နာကြည်းမှုတွေအဖြစ် ပြောင်းလဲသွားခဲ့ကြတယ်။ ဒီနာကြည်းမှုတွေဟာ ရာစုနှစ်ပေါင်းများစွာ ကြာအောင် တိတ်ဆိတ်စွာ ကိန်းအောင်းနေခဲ့ပြီး နောက်ဆုံးမှာတော့ နာကြည်းမှု ဝေသားရဲတွေအဖြစ် သန္ဓေတည် ပေါ်ပေါက်လာခဲ့ကြတာပဲ"
စုမင်၏ မျက်ဝန်းအိမ်များ လျင်မြန်စွာ ကျုံ့ဝင်သွားလေတော့သည်။