အခန်း ၉၆၄
Vol. 70 Ch. 964
အခန်း ၉၆၄ သုံးပါးပေါင်းစပ် ကန္တာရစကြာဝဠာ
"နာကြည်းမှု ဝေသားရဲတွေကို စကြာဝဠာကြီးက လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေးဟောင်း ဝေနိုင်ငံတော်ကြီး ပျက်သုဉ်းသွားရခြင်းဟာ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒ ဖြစ်နေလို့ပဲ။ ဒါပေမဲ့ ဝေနိုင်ငံက ဝိညာဉ်တွေဟာ မပျက်သုဉ်းသွားဘဲ တစ်ပေါင်းတစ်စုတည်း ပေါင်းစည်းပြီး နာကြည်းမှုတွေအဖြစ် ပြောင်းလဲသွားခဲ့ကြတယ်။ ဆိုလိုတာက သူတို့ဟာ စကြာဝဠာကြီးကို ဆန့်ကျင်ပုန်ကန်နေကြတာမို့ မဖြစ်မနေ ဖျက်ဆီးပစ်ရမယ့် အရာတွေပဲ"
"နာကြည်းမှု ဝေသားရဲကို သတ်ဖြတ်နိုင်သူဟာ စကြာဝဠာကြီးရဲ့ ကံကြမ္မာအထောက်အပံ့ကို ရရှိလိမ့်မယ်။ သူတို့ ဘာပဲလုပ်လုပ် အရာရာတိုင်းဟာ စိတ်ကူးထားတဲ့အတိုင်း အထမြောက် အောင်မြင်လိမ့်မယ်။ အတိတ်ကာလတုန်းက အခြား ရှေးဟောင်း နိုင်ငံတော်ကြီး နှစ်နိုင်ငံက ဝေသားရဲတွေကို ဝိုင်းဝန်းပိတ်ဆို့ မျိုးဖြုတ်သတ်ဖြတ်ခဲ့ကြတာဟာလည်း ဒီအကြောင်းရင်းကြောင့်ပဲ"
"အဲဒီနောက်မှာတော့ ဒီမျိုးနွယ်စုဟာ လုံးဝ မျိုးတုံးပျက်သုဉ်းသွားခဲ့ပြီး နာကြည်းမှု ဝေသားရဲဆိုတာ တစ်ကောင်တစ်မြီးမှ မကျန်တော့ဘူး။ ဒါ... ဒါပေမဲ့ ဒီနေရာမှာ နာကြည်းမှု ဝေသားရဲ တစ်ကောင် ရှိနေတယ်။ သူ့ကို သတ်လိုက်။ မင်းသာ သူ့ကို သတ်နိုင်ခဲ့ရင် နှစ်ပေါင်း ဘယ်လောက်ပဲ ကြာကြာ စကြာဝဠာကြီးရဲ့ ကံကြမ္မာအထောက်အပံ့က မင်းအပေါ်မှာ ရှိနေလိမ့်မယ်။ မဟာပျက်စီးခြင်း ပြီးတဲ့ နောက်ပိုင်း ကာလတွေမှာ စကြာဝဠာရဲ့ ကံကြမ္မာအထောက်အပံ့ကို ရရှိထားသူဆိုတာ အလွန် ရှားပါးတာမို့ ဒါက မင်းအတွက် အထူး အထောက်အကူ ဖြစ်စေလိမ့်မယ်"
"စုမင်... မင်းရဲ့ ကျင့်ကြံခြင်း အခြေခံ ကိုယ်ပွားဟာ ကံကြမ္မာအထောက်အပံ့နဲ့ မွေးဖွားလာခဲ့တာပဲ။ ဒါဆိုရင် မင်းသာ ဒီသတ္တဝါကို သတ်နိုင်ခဲ့မယ်ဆိုရင် အဲဒီအထောက်အပံ့တွေကို ဒီထက်မက ပိုရလာလိမ့်မယ်။ ကံကြမ္မာအထောက်အပံ့ဆိုတာ ကိုင်တွယ်ပြလို့မရတဲ့ အရာဆိုပေမယ့် နှစ်ပေါင်း တစ်သောင်းတိတိ မင်းလုပ်ချင်တဲ့ အရာမှန်သမျှ အောင်မြင်စေဖို့ အာမခံချက် ပေးနိုင်စွမ်း ရှိတယ်"
ထိပ်ပြောင်ကြိုးကြာ၏ မျက်နှာထက်တွင် တစ်ခါမျှ မမြင်ဖူးခဲ့သော တည်ကြည်လေးနက်သည့် အမူအရာတစ်ခု ပေါ်လွင်နေခဲ့သည်။ သူ စကားပြောဆိုတိုင်း အမြဲပါဝင်လေ့ရှိသည့် အောက်တန်းကျကျ ဟန်အမူအရာများမှာ ယခုစကားများတွင် လုံးဝ ပါဝင်လာခြင်း မရှိတော့ပေ။ ထိုအစား ဖြောင့်မတ်တည်ကြည်၍ ခံ့ညားထည်ဝါသော အငွေ့အသက်များသာ ဖုံးလွှမ်းနေခဲ့သည်။
သို့သော် ထိုအငွေ့အသက်မှာ လျင်မြန်စွာပင် လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။ ထိပ်ပြောင်ကြိုးကြာမှာ ရုတ်တရက် တုန်ရီသွားပြီး မျက်ဝန်းများ အတွင်း၌ ဇဝေဇဝါဖြစ်မှုများ ပေါ်ပေါက်လာသည်။ စောစောက စကားများကို ပြောဆိုခဲ့သူမှာ ထိပ်ပြောင်ကြိုးကြာကိုယ်တိုင် မဟုတ်ခဲ့သည့် အလားပင်။
"ရှေးဟောင်း နိုင်ငံတော်ကြီး သုံးနိုင်ငံနဲ့ မဟာလောကကြီး ငါးခုကြားက ဆက်စပ်မှုက ဘာလဲ"
စုမင်က ချက်ချင်း မေးခွန်းထုတ်လိုက်သည်။
"မဟာလောကကြီး ကိုးခုဆိုတာ အောက်ဘုံရဲ့ ကမ္ဘာမြေဖြစ်ပြီး ရှေးဟောင်း နိုင်ငံတော်ကြီး သုံးနိုင်ငံဆိုတာက အထက်ဘုံရဲ့ ကောင်းကင်ယံပဲ။ သူတို့အားလုံး ပေါင်းစပ်သွားမှသာ နောက်ထပ် မဟာစကြာဝဠာ တစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒါကတော့ အမှောင်အရုဏ်ဦးရဲ့ မဟာစကြာဝဠာ ၁၈၀ နဲ့ သူတော်စင်ပုန်ကန်သူရဲ့ မဟာစကြာဝဠာ ၁၈၀ တို့ရဲ့အလွန်မှာ တည်ရှိနေတဲ့ သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြာဝဠာပဲ"
"သူတော်စင် ပုန်ကန်သူကပဲ စကြာဝဠာတစ်ခု ဆုံးရှုံးသွားသည်ဖြစ်စေ အမှောင်အရုဏ်ဦးကပဲ နောက်ထပ် စကြာဝဠာတစ်ခု ထပ်ရသွားသည်ဖြစ်စေ ဘယ်သူပဲဖြစ်ဖြစ် မဟာစကြာဝဠာ တစ်ရာ့ရှစ်ဆယ့်တစ်ခုကို အရင်ဆုံး ပိုင်ဆိုင်နိုင်သူက စစ်ပွဲကြီးကို စတင် ဆင်နွှဲနိုင်လိမ့်မယ်"
ထိပ်ပြောင်ကြိုးကြာသည် ဤစကားများကို ပြောဆိုအပြီးတွင် သူ့ခေါင်းမှာ ဘေးသို့ စောင်းကျသွားကာ ချက်ချင်းပင် သတိလစ် မေ့မြောသွားလေတော့သည်။ သူ့ခန္ဓာကိုယ်ကို အသူရာနဂါးက ဖမ်းထိန်းပေးလိုက်သည်။
စုမင်၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ ဘေးတွင် ရပ်နေသော ရွှီဟွေ၏ မျက်နှာအမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ ထိပ်ပြောင်ကြိုးကြာ၏ စကားများမှာ သူတို့ တစ်ခါမျှ မကြားဖူးခဲ့သော လျှို့ဝှက်ချက်များဖြစ်ကြောင်း ထင်ရှားပေသည်။ ထိုစကားများသည် သာမန်အားဖြင့် ကြည့်လျှင် အလွန်ပင် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်းတို့၏ နောက်ကွယ်ရှိ နက်နဲသော အဓိပ္ပာယ်ကို သေချာစွာ တွေးတောဆင်ခြင်ကြည့်မည်ဆိုပါက ကြားရသူ၏ စိတ်အစဉ်၌ မုန်တိုင်းတစ်ခုကို ဖန်တီးပေးနိုင်သည်မှာ အသေအချာပင် ဖြစ်သည်။
အမှောင်အရုဏ်ဦး၏ မဟာစကြာဝဠာ ၁၈၀ နှင့် သူတော်စင်ပုန်ကန်သူ၏ မဟာစကြာဝဠာ ၁၈၀ ဟူသော အသိက စုမင်၏ ဗဟုသုတ နယ်ပယ်ကို မျက်တောင်တစ်ခတ်အတွင်း အဆုံးအစမရှိအောင် ချဲ့ထွင်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းက စကြာဝဠာကြီးသည် မည်မျှအထိ ကြီးမားကျယ်ပြန့်သနည်း ဆိုသည်ကို သူ့အား နားလည်သဘောပေါက်သွားစေခဲ့သည်။
နံနက်ခင်း တာအိုလောကဖြစ်စေ အစစ်အမှန် ယင်လောကဖြစ်စေ အရေးမပါတော့ပေ။ အကယ်၍ သူသည် အသူရာ ဧကရာဇ်လောက၊ လျှို့ဝှက်ဆန်းကြယ်သော စတုတ္ထမြောက် မဟာလောကနှင့် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ပဉ္စမမြောက် မဟာလောက၊ ထို့ပြင် မဟာ ပျက်စီးခြင်း အတွင်း ပျောက်ကွယ်သွားခဲ့ရသည့် အခြားသော မဟာလောကကြီး လေးခုတို့ကိုပါ ထည့်သွင်းပေါင်းစပ်လိုက်လျှင်ပင် ပြီးပြည့်စုံသော သုံးပါးပေါင်းစပ် ကန္တာရ အဖြစ် ပေါ်ပေါက်လာဦးမည် မဟုတ်ချေ။ ပြီးပြည့်စုံသော သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြာဝဠာကြီး တစ်ခု ဖြစ်ပေါ်လာစေရန် ရှေးဟောင်းနိုင်ငံတော်ကြီး သုံးနိုင်ငံကိုပါ ထည့်သွင်းပေါင်းစပ်ရန် လိုအပ်နေသေးသည်။
ထို့ပြင် ဤပြီးပြည့်စုံသော သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြာဝဠာကြီး၏ အရွယ်အစားခန့်ရှိသော အခြားသော စကြာဝဠာပေါင်း သုံးရာ့ခြောက်ဆယ် ရှိနေသေးသည်။ စကြာဝဠာကြီးဆိုသည်မှာ အဆုံးအစမရှိ ကြီးမား ကျယ်ပြန့်ပေသည်။
ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် အဆင့် တစ်ယောက် အတွက်ပင်လျှင် ဤမဟာစကြာဝဠာ ၃၆၁ ခုအတွင်းရှိ အခြားသော လူသားအားလုံးတို့၏ အလယ်၌ သူတစ်ဦးတည်း၏ စွမ်းအားမှာ မည်သည့်အဆင့်နေရာတွင် ရှိနေမည်နည်း။
ထိပ်ပြောင်ကြိုးကြာ၏ စကားများကြောင့် အံ့အားသင့်ကာ ဆွံ့အ တိတ်ဆိတ်သွားရသူမှာ စုမင်နှင့် ရွှီဟွေတို့ နှစ်ဦးတည်းသာ မဟုတ်ပေ။ သူတို့ရှေ့ရှိ ရွှမ်ရှန်းနှင့် အခြားသုံးဦးမှာလည်း ယခင်က တစ်ခါမျှ မကြုံဖူးလောက်အောင် ပြင်းထန်သော တုန်လှုပ်မှုကို ခံစားလိုက်ကြရသည်။ သူတို့သည် အလိုအလျောက်ပင် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်မိကြပြီး ထိပ်ပြောင်ကြိုးကြာအား လှည့်ကြည့်လိုက်မိကြတော့သည်။
သူတို့အားလုံး ၎င်း၏ စကားများကို ကြားလိုက်ရသည်။ သူတို့၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ဤသည်မှာ သူတို့အနေဖြင့် ဤအမှန်တရားကို ချက်ချင်း လက်မခံနိုင်သေးကြောင်း ဖော်ပြနေသော လက္ခဏာရပ်ပင် ဖြစ်သည်။ သူတို့သည် မဟာလောကကြီး လေးခုကသာလျှင် စကြာဝဠာ၏ အစွန်အဖျား နယ်နိမိတ်ဖြစ်သည်ဟု ထင်မှတ်ထားခဲ့ကြပြီး သူတို့ အံ့အားသင့်ခဲ့ရသည့် အရာမှာ သူတို့၏ စိတ်ကူးထဲတွင် ဒဏ္ဍာရီတစ်ခုအဖြစ်သာ တည်ရှိနေခဲ့သော ပဉ္စမမြောက် မဟာလောကကြီးပင် ဖြစ်သည်။
သို့သော် ယခုအခိုက်အတန့်တွင်မူ သူတို့၏ ယုံကြည်ချက်များမှာ လုံးဝ ဖျက်ဆီးချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။ အမှန်တကယ်တွင် မဟာလောကကြီး ငါးခုအပြင် နောက်ထပ် မဟာလောကကြီး လေးခု ရှိနေသေးသည်။ ၎င်းတို့အပြင် ရှေးဟောင်း နိုင်ငံတော်ကြီး သုံးနိုင်ငံလည်း ရှိနေသေးသည်။ ထိုရှေးဟောင်း နိုင်ငံတော်ကြီး သုံးနိုင်ငံနှင့် မဟာလောကကြီး ကိုးခုတို့ ပေါင်းစပ်သွားမှသာ ပြီးပြည့်စုံသော သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြာဝဠာ တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။ ဤမျှသာမကသေး... သုံးပါးပေါင်းစပ် ကန္တာရ မဟာစကြာဝဠာအပြင် အမှောင်အရုဏ်ဦး၏ မဟာစကြာဝဠာ ၁၈၀ နှင့် သူတော်စင်ပုန်ကန်သူ၏ မဟာစကြာဝဠာ ၁၈၀ တို့လည်း ရှိနေသေးသည်။ စုစုပေါင်း မဟာစကြာဝဠာ ၃၆၀ တိတိ ရှိနေခြင်း ဖြစ်သည်။
ထိုလူလေးဦး၏ စိတ်ထဲတွင် ပထမဆုံး ပေါ်ပေါက်လာသည့် အရာမှာ သံသယပင် ဖြစ်သည်။ သို့သော် စုမင်နှင့် ရွှီဟွေတို့၏ မျက်နှာအမူအရာများနှင့်တကွ ထိပ်ပြောင်ကြိုးကြာ စကားပြောစဉ်က ပါဝင်လာခဲ့သော ရှေးဟောင်း အငွေ့အသက်များက ကျင့်ကြံသူတို့၏ ပင်ကိုယ်အာရုံကို သတိပေးနေခဲ့သည်။ ပြောဆိုသွားသမျှ အရာများ၏ အနည်းဆုံး ဆယ်ပုံ ရှစ်ပုံခန့်မှာ အမှန်တကယ်ဖြစ်ကြောင်း အတည်ပြုရန် အထောက်အထား မရှိသည့်တိုင်အောင် ယုံကြည်ရကြောင်းကို ဖြစ်သည်။
သူတို့ တိတ်ဆိတ် ငြိမ်သက်နေစဉ်မှာပင် နာကြည်းမှု ဝေသားရဲထံမှ စတုတ္ထမြောက် ဟိန်းဟောက်သံက လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ပေထောင်ချီ၍ ကြီးမားသော နဂါးခေါင်း မြင်းနက်ကြီးသည် လူတိုင်း၏ အမြင်အာရုံထဲတွင် ပေါ်ပေါက်လာပြီး သူတို့ရှိရာသို့ လျင်မြန်စွာ နီးကပ်လာလေသည်။ ၎င်း၏ မျက်လုံးခြောက်လုံးအတွင်းရှိ မာနတရားနှင့် မည်သည့် ရန်စမှုကိုမျှ ခွင့်မလွှတ်တတ်သော ဟန်ပန်မှာ အလွန်အမင်း ပြင်းထန်ပေသည်။
စုမင်သည် သူ့ထံသို့ တဖြည်းဖြည်း နီးကပ်လာသော မြင်းနက်ကြီးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူ ၎င်းကို စိုက်ကြည့်နေစဉ် ထိပ်ပြောင်ကြိုးကြာ၏ စကားများက ခေါင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် သူနှင့် ထိုမြင်းနက်ကြီးကြားတွင် အတိုင်းအတာ တစ်ခုအထိ တူညီမှုအချို့ ရှိနေကြောင်းကို သူ ခံစားလိုက်ရသည်။
ဤသတ္တဝါသည် သူ့မျိုးနွယ်စုကြီး ပျက်သုဉ်းချိန် မွေးခါစ အရွယ်မှာပင် ဆွေမျိုးသားချင်းများ၏ ဝေးရာသို့ ပို့ဆောင်ခြင်း ခံခဲ့ရသူ ဖြစ်သည်။ ထို့နောက်တွင် ၎င်းသည် မျိုးနွယ်စု၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်လာခဲ့ပြီး စုမင် ဆိုသည်မှာလည်း ၎င်းနှင့် ထပ်တူပင် ဖြစ်သည်။
အခြားသူများသည် ၎င်း၏ ဆွေမျိုးသားချင်းများကို ပူးပေါင်း၍ သတ်ဖြတ်ခဲ့ကြပြီး အသူရာ ဖန်ဆင်းရှင်များ အပေါ် ကျရောက်ခဲ့သော ကံကြမ္မာမှာလည်း ဤနည်းအတိုင်းပင် ဖြစ်သည်။
မြင်းနက်ကြီးရော စုမင်ပါ နှစ်ဦးစလုံးသည် ကိုယ်ပိုင် ဇာတိမြေ မဟုတ်သော နေရာများတွင် ကြီးပြင်းလာခဲ့ကြရပြီး ယခုအချိန်အထိ ကိုယ့်ဇာတိမြေသို့ ခြေချနိုင်ခြင်း မရှိကြသေးပေ။
စုမင်၏ တိတ်ဆိတ်ခြင်းနှင့် အတွေးများက သူ့မျက်ဝန်းများအတွင်း ထင်ဟပ်နေခဲ့သည်။ မြင်းနက်ကြီးသည် ယင်းကို မြင်တွေ့လိုက်ရသည့် ခဏချင်းမှာပင် ရပ်တန့်သွားသော်လည်း မကြာမီတွင် ၎င်း၏ ခေါင်းအား မော့ချီလိုက်လေသည်။ ဤသည်က စုမင်အား အထက်စီးမှ ငုံ့ကြည့်နေသည့် ဟန်ပန်ကို ပြသလိုက်ပြီး မည်သူ့ထံမှ သနားညှာတာမှုကို တောင်းခံမည် မဟုတ်သော မာနမျိုးဖြင့် ရပ်တည်နေခဲ့သည်။
သူသည် စုမင်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက် ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။ သူ၏ အရှိန်မှာ ပို၍ပင် မြန်ဆန်လာခဲ့သည်။
သို့သော် သူတို့ကြားရှိ အကွာအဝေးမှာ နီးကပ်နေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ တစ်ဦးနှင့်တစ်ဦး အလွန်တရာ ဝေးကွာနေကြသည်။ ဝဲဂယက်အတွင်းရှိ ကမ္ဘာတွင် ကြီးမားသည်ဟု မထင်ရသော အကွာအဝေးများမှာ အမှန်တကယ်တွင် ဖော်ပြ၍မရနိုင်လောက်အောင် ကွာဟနေတတ်သည်။ မြင်းနက်ကြီး၏ အရှိန်အဟုန်မှာ ပြိုင်ဘက်ကင်းကောင်း ကင်းနိုင်သော်လည်း သူတို့ကြားရှိ အကွာအဝေးက အလွန်တရာ ကြီးမားနေသောကြောင့် အသက်ဆယ်ရှိုက်စာခန့် အချိန်အတွင်း စုမင်နှင့် သူ့အုပ်စုကို မှီအောင် လိုက်နိုင်မည် မဟုတ်ချေ။
ထို့အပြင် ဤကမ္ဘာအတွင်း၌ အရှိန်အဟုန်နှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ ကန့်သတ်ချက် ရှိနေပုံရကြောင်းကို စုမင် ဝေဝါးစွာ ခံစားသိရှိနေသည်။ ဤနေရာတွင် သူတို့သည် ရွေ့ပြောင်းခြင်း ပညာရပ်ကို အသုံးပြု၍ မရနိုင်ပေ။
မြင်းနက်ကြီး၏ ပတ်ပတ်လည်တွင် အတားအဆီးများ ရှိနေပုံရပြီး ၎င်းသည် ထိုအတားအဆီးများအား အဆက်မပြတ် ဝင်တိုက်နေရကြောင်းကို သူ မြင်တွေ့နေရသည်။ ဤသည်မှာ သူ၏ အရှိန်ကို ကန့်သတ်ခံထားရသည့် ထင်ရှားသော အကြောင်းရင်းပင် ဖြစ်သည်။ သူ ရှေ့သို့ ပြေးဝင်လာသည်နှင့်အမျှ အတားအဆီး တစ်ခုပြီးတစ်ခုကို ဖြတ်သန်းတိုက်ခိုက်နေရ သကဲ့သို့ ဖြစ်နေသည်။
စုမင်သည် သူ့အား ထပ်မံ ရန်စရန် မရွေးချယ်တော့ပေ။ ထိုအစား ရွှမ်ရှန်းနှင့် အခြားသုံးဦး ပျောက်ကွယ်သွားသည်နှင့် သူသည်လည်း ဝဲဂယက်အတွင်းရှိ ကမ္ဘာမှ ပျောက်ကွယ်သွားခဲ့လေတော့သည်။
စုမင်မှအပ အခြားမည်သူမျှ မကြားနိုင်သော ပူဆွေးသောကများ ရောယှက်နေသည့် ဟိန်းဟောက်သံတစ်သံသည် မြင်းနက်ကြီး၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာပြီး လေထုထဲတွင် အချိန်ကြာမြင့်စွာ ရစ်ဝဲနေခဲ့သည်။
နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်းရှိ နဂါးငွေ့တန်းမှာ ကြည်လင်နေသော ရေကန်ကြီးတစ်ကန်အလား ထင်မှတ်ရသည်။ ထိုနေရာတွင် ဖုန်မှုန့်တစ်စက်မျှပင် မရှိသည့်အတွက် မြင်တွေ့ရသူတိုင်းသည် အခြားမည်သည့် နေရာတွင်မှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်သော ဤအလှတရားထဲတွင် နစ်မြောမသွားဘဲ မနေနိုင်ကြပေ။
ဤနေရာသည် ကောင်းကင်ဖြတ်သန်းသူများနှင့် အလွန်တရာ ဝေးကွာပေသည်။ အကယ်၍ သူတို့သာ ပုံမှန်အတိုင်း ပျံသန်းလာခဲ့မည်ဆိုလျှင် စုမင်သည် သူ့အရှိန်အဟုန်ဖြင့် တစ်နှစ်တိတိ မရပ်မနား ဆက်လက် ပျံသန်းလာရမည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူတို့အုပ်စု ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် စုမင်သည် ရွှေ့ပြောင်းခြင်း ဝဲဂယက်၏ ထွက်ပေါက်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ထိပ်ပြောင်ကြိုးကြာ၏ စကားများက သူ၏ ခေါင်းထဲတွင် ဆက်လက် ပဲ့တင်ထပ်နေပြီး ပျောက်ကွယ်သွားရန် ငြင်းဆန်နေခဲ့သည်။
ရွှီဟွေမှာလည်း စိတ်လွင့်မျောနေသည့် အခြေအနေမျိုး ဖြစ်နေပြီး တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် တွေးတောနေခဲ့သည်။
"ဟင်... ငါတို့ အပြင်ရောက်လာပြီလား။ တောက်... ကျက်သရေကို မရှိဘူး။ ငါ ဘယ်လိုလုပ်ပြီး အိပ်ပျော်သွားတာလဲ"
ထိုအခိုက်တွင် ထိပ်ပြောင်ကြိုးကြာသည် မျက်လုံးများကို ဖွင့်လိုက်သော်လည်း သူ့မျက်နှာထက်တွင် နက်ရှိုင်းသော ပင်ပန်းနွမ်းနယ်မှုများ ရှိနေသည်။ သူသည် ဟိုဟိုဒီဒီ အကြိမ် အနည်းငယ် ခုန်ပေါက်လိုက်ပြီးနောက် လွန်စွာ နားလည်ရခက်နေသည့်ဟန်ဖြင့် တိုးတိုးတိတ်တိတ် ရေရွတ်နေလေသည်။
သို့သော် စကားအနည်းငယ်မျှ ရေရွတ်ပြီးနောက်တွင် အသူရာနဂါးက သူ့အား အနည်းငယ် ရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်နေကြောင်းကို မြင်တွေ့လိုက်ရသည်။ ရွှီဟွေ၊ ကျင့်ကြံသူ လေးဦးနှင့် စုမင်ကပါ သူ့အား ဝိုင်းဝန်း ကြည့်ရှုနေကြသည်။
"ဘာဖြစ်လို့လဲ... မင်းတို့အားလုံး ငါ့ကို ဘာလို့ ဝိုင်းကြည့်နေကြတာလဲ"
ထိပ်ပြောင်ကြိုးကြာမှာ အနည်းငယ် ကြောက်လန့်သွားပြီး အရေပြားတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။ သူသည် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေခဲ့ပြီး မျက်နှာထက်တွင် သတိထားစောင့်ကြည့်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မြေပြင်ပေါ်တွင် ခြေသည်းများကို တင်းတင်းကျပ်ကျပ် ဖိချထားလိုက်သည်။
"ငါ့ဆီမှာ သလင်းကျောက်တွေ မရှိဘူး။ ငါ့ဆီမှာ သလင်းကျောက်တွေ မရှိဘူးနော်..." ထိပ်ပြောင်ကြိုးကြာက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။
စုမင်သည် ထိပ်ပြောင်ကြိုးကြာအား ခဏတာမျှ စိုက်ကြည့်နေပြီးနောက် အကြည့်ကို လွှဲဖယ်ကာ ဟင်းလင်းပြင် သားရဲကြီးပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။ သူ သားရဲကြီးကို ပုတ်လိုက်သောအခါ ၎င်းသည် စတင် လှုပ်ရှားလာခဲ့သည်။ သားရဲကြီးသည် လှည့်ပတ်သွားပြီး အဝေးဆီသို့ မျောလွင့် ပျံသန်းသွားလေတော့သည်။
သူတို့ အပြင်သို့ ရောက်ရှိလာသည်နှင့် စုမင်အနေဖြင့် ကျင့်ကြံသူ လေးဦးနှင့် လမ်းခွဲရမည့် အချိန်သို့လည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ စုမင်သည် ဘဝတစ်လျှောက်လုံး လူများစွာကို သတ်ဖြတ်ခဲ့ဖူးပြီး သက်ရှိများအား ယင်ကောင်ရိုက်သကဲ့သို့ သတ်ဖြတ်ကာ လူသတ်ခြင်းကို နှစ်သက်သယောင် ထင်ရသော်လည်း အမှန်တရားမှာ ထိုသို့ မဟုတ်ပေ။ သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ သူ့အား မည်သူကမျှ လာရောက် ရန်မစသရွေ့ သူက ဦးစွာ စတင် တိုက်ခိုက်မည် မဟုတ်ပေ။ ကျင့်ကြံသူ လေးဦးနှင့် စုမင်တို့အကြားတွင် မည်သည့် ရန်ကြွေးမျှ ရှိမနေသောကြောင့် သူတို့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ဟင်းလင်းပြင် သားရဲကြီး အဝေးသို့ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် နဂါးငွေ့တန်း အတွင်း၌ လှိုင်းဂယက် အလွှာများ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။
ရွှီဟွေသည် ခဏတာမျှ တုံ့ဆိုင်းသွားခဲ့သော်လည်း စုမင်အား အကဲခတ် ကြည့်ရှုပြီးနောက် သူမ မည်သည်မျှ ထုတ်မပြောခဲ့ပေ။ ထိုအစား သူမသည် ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိပ်ပြောင်ကြိုးကြာမှာမူ ယခုအခါ အသူရာနဂါးအား ဖမ်းဆွဲထားပြီး တီးတိုးအသံဖြင့် တစ်စုံတစ်ခုကို မေးမြန်းနေလေသည်။ သူတို့ပြောနေသည်ကို နားထောင်စရာပင် မလိုဘဲ ထိပ်ပြောင်ကြိုးကြာသည် စောစောက လူတိုင်း သူ့အား အဘယ်ကြောင့် ထူးဆန်းစွာ ဝိုင်းကြည့်နေကြသနည်း ဆိုသည့်အကြောင်းကို မေးမြန်းနေခြင်းဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။
ကျင့်ကြံသူလေးဦး ဝဲဂယက်အတွင်းမှ ထွက်ပေါ်လာချိန်တွင် သူတို့သည် ပြင်းထန်သော သတိဝီရိယများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ အိပ်ရာမှ နိုးထလာသော ထိပ်ပြောင်ကြိုးကြာသည် သူတို့၏ အာရုံစိုက်မှုကို အနည်းငယ် ဖမ်းစားသွားနိုင်ပြီး သူ့စကားများဖြင့် သူတို့အား အံ့အားသင့်စေခဲ့သော်လည်း ယခုအချိန်တွင် သူတို့သည် သူတို့၏ အသက်ရှင်သန်ရေးနှင့် သက်ဆိုင်နေသော ကိစ္စရပ်တစ်ခုကို ရင်ဆိုင်နေရသောကြောင့် အခြားအရာများအား တွေးတောနေရန် အချိန်မရှိပေ။ သူတို့၏ အာရုံအများစုကို အသင့်အနေအထားဖြင့် သတိရှိရှိ နေထိုင်ရန်သာ အာရုံစိုက်ထားကြသည်။
စုမင်သည် ကတိတည်မည်၊ မတည်မည်ကို သူတို့ မသိရှိသော်လည်း သူနှင့် သူ့အုပ်စု အဝေးသို့ ထွက်ခွာသွားသည်အား မြင်တွေ့လိုက်ရသောအခါ သူတို့လေးဦးစလုံး စိတ်ထဲမှ သက်ပြင်းချလိုက်နိုင်ကြသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသောအခါ တစ်ဦးနှင့်တစ်ဦး၏ မျက်ဝန်းများအတွင်းရှိ တုံ့ဆိုင်းနေမှုများကို မြင်တွေ့လိုက်ကြရသည်။
ရွှီဟွေ ပြောခဲ့သော စကားတစ်ခွန်းက သူတို့၏ နှလုံးသားများကို ထိမှန် ကိုင်လှုပ်သွားခဲ့သည်။
သူတို့၏ လက်ရှိ စွမ်းအားများဖြင့်ဆိုလျှင် သူတို့၏ အစီအစဉ် အောင်မြင်နိုင်မည်ဟု ကြီးကြီးမားမား ယုံကြည်ချက် မရှိကြပေ။ အမှန်တကယ်တွင် သူတို့သည် ကံတရားအပေါ်၌သာ မှီခိုနေရမည် ဖြစ်သည်။ သို့သော် အကယ်၍ စုမင်နှင့် ရွှီဟွေသာ သူတို့နှင့် ပူးပေါင်းမည်ဆိုပါက သူတို့၏ အောင်မြင်နိုင်ခြေမှာ များစွာ မြင့်မားသွားမည် ဖြစ်သည်။
ဤသည်မှာ ရွေးချယ်မှုတစ်ခု ဖြစ်သည်။ တစ်ဖက်တွင် သူတို့အနေဖြင့် မည်သည့် အရှုံးမျှ ပေါ်မည်မဟုတ်သော်လည်း အောင်မြင်နိုင်ခြေမှာ ကြီးမားလိမ့်မည် မဟုတ်ပေ။ အခြားတစ်ဖက်တွင်မူ အမြတ်အစွန်းပိုင်း၌ အနည်းငယ် ဆုံးရှုံးရမည်ဖြစ်သော်လည်း သူတို့၏ အောင်မြင်နိုင်ခြေက ပိုမို ကြီးမားပေလိမ့်မည်။
စုမင်နှင့် အခြားသူများ အဝေးသို့ ထွက်ခွာသွားသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့လေးဦးသည် နောက်တစ်ကြိမ် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်နှာသုံးခုသည် ရွှမ်ရှန်းထံသို့ လှည့်လာခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ဤစစ်ဆင်ရေး၏ ခေါင်းဆောင်မှာ သူဖြစ်ပြီး သူကိုယ်တိုင် ရွေးချယ်မှု ပြုလုပ်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ရွှမ်ရှန်း၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။ အကယ်၍ စုမင်ကသာ သူတို့ကို အတင်းအကျပ် စစ်ဆေးမေးမြန်းခဲ့မည်ဆိုပါက သူ ထုတ်ပြောခဲ့ရမည်ဆိုလျှင်ပင် သူတို့၏ အနာဂတ် ခရီးစဉ်အတွင်း တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးအား သူ သေချာပေါက် ရှာဖွေမည် ဖြစ်သည်။ သို့သော် စုမင်သည် သူတို့ကို အတင်းအကျပ် မပြုလုပ်ခဲ့ပေ။ ဤအချက်က ရွှမ်ရှန်းကို မသေချာ မရေရာမှုထဲသို့ ကျရောက်သွားစေခဲ့ပြီးနောက် သူသည် ကောင်းကျိုး ဆိုးကျိုးများအား လျင်မြန်စွာ ချိန်ဆလိုက်သည်။ ထို့နောက် သူသည် အံကို တင်းတင်းကြိတ်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လှမ်းလိုက်ပြီး အဝေးသို့ ရောက်ရှိနေပြီဖြစ်သော စုမင်ရှိရာသို့ လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုလိုက်လေသည်။
"စီနီယာ... ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး။ စီနီယာသာ ကျွန်တော်တို့ရဲ့ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လျှို့ဝှက်ချက်ကို ပြောပြဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့သာ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင် သေချာပေါက် အောင်မြင်မှာပါ"
"စိတ်ဝင်စားဘူး"
စုမင်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။ သူ့အသံမှာ နောက်ကျောဘက်သို့ လွင့်ပျံလာပြီး နဂါးငွေ့တန်း အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ အောက်ရှိ ဟင်းလင်းပြင် သားရဲကြီးမှာလည်း ရပ်တန့်မသွားဘဲ ပိုမို ဝေးကွာသော နေရာဆီသို့ ဆက်လက် ပျံသန်းသွားလေသည်။
"ဒါက ပဉ္စမမြောက် မီးဖိုကို အသက်သွင်းတဲ့ ကိစ္စနဲ့ သက်ဆိုင်နေတာပါ"
ရွှမ်ရှန်းက အလျင်စလို အော်ဟစ်လိုက်လေတော့သည်။
မှတ်ချက်
အောက်ဘုံ၊ အထက်ဘုံနှင့် မဟာစကြဝဠာတို့သည် 'နှောင်ဖွဲ့ခြင်းကင်း တန်ခိုးရှင်'နှင့် 'ကောင်းကင်တံခါးကို ငါပိတ်မယ်' ထဲမှ ယူထားခြင်း ဖြစ်သည်။