← Chapters

အခန်း ၉၆၈

Vol. 70 Ch. 968

အခန်း ၉၆၈

Vol. 70 Ch. 968

အခန်း ၉၆၈ ဖုန်မှုန့်မီးရှို့သူ

ရွှီဟွေက တည်ငြိမ်နေသော်လည်း ကျန်ကျင့်ကြံသူလေးဦးမှာမူ မျက်နှာပျက်သွားကြသည်။ စုမင် မည်သည်ကို ရည်ရွယ်ကြောင်း မသိသဖြင့် သူတို့ စိတ်လှုပ်ရှားနေကြ၏။

​အမှန်မူ ဤသည်မှာ အရေးထဲ အဆာပါးစပ် နားမလည်နိုင်အောင် စိုးရိမ်လွန်နေခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့လို ဉာဏ်ကြီးရှင်များ ဤမျှ ယောက်ယက်ခတ်မည် မဟုတ်။

​ရွှမ်ရှန်း ခဏတွန့်ဆုတ်ပြီးမှ ညည်းတွားသလို ရယ်လိုက်သည်။ ယခုအခြေအနေတွင် အထွတ်အထိပ်ရတနာကို ရုပ်သိမ်းလိုက်ပါက အရာရာ သဲထဲရေသွန် ဖြစ်သွားမည်။ သူ သက်ပြင်းချကာ စိတ်ကို ထိန်းပြီး စုမင်၏ လုပ်ရပ်ကို အကဲခတ်ကြည့်ရာ တဖြည်းဖြည်း သဘောပေါက်လာသည်။

​ကျန်သုံးယောက်လည်း မည်သို့မျှ မတတ်နိုင်သည့်အဆုံး စိတ်ကို အတင်းငြိမ်စေရသည်။ သူတို့ စဉ်းစားကြည့်ရင်း စုမင်၏ ပြုမူပုံအပေါ် အကြောင်းရင်းအချို့ကို ရိပ်မိလာကြ၏။

​အစစ်ထဲ အတုညှပ်ခြင်းတည်း။

​မူလက မျိုးနွယ်စုခေါင်းဆောင်၏ သားအရင်းအဖြစ် ဟန်ဆောင်ရန်သာ ဖြစ်သော်လည်း စုမင်၏ လက်ချက်ဖြင့် ဤလှည့်စားမှုမှာ အစစ်နှင့် အလွန်နီးစပ်သွားသည်။ အစစ်ထဲ အတုညှပ်ရုံမျှမက အတုကို အစစ်အဖြစ်ပါ ပြောင်းလဲပစ်တော့မည့်သဘော ဖြစ်၏။

​ဤသည်ကား မရိပ်မိအောင် အတုကို အစစ်လုပ်သည့် အပြောင်မြောက်ဆုံး အကွက်ပင်။

​မြူခိုးအသွင်ပြောင်းနေသော မီးပင်လယ်ထဲတွင် စုမင်သည် ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ အရှိန်ပြင်းစွာ စီးနင်းသွားသည်။ ဝမ်းနည်းမှု၊ ဒေါသတို့နှင့်အတူ ရှုပ်ထွေးသော ခံစားချက်များ မျက်နှာတွင် ယှက်သန်းနေ၏။ အသံအက်ရှရှဖြင့် ဟိန်းဟောက်လိုက်ပုံမှာ ရင်တွင်းအာခံချက်များကို ဖွင့်ချနေသည့်အလား။

​"ဖုန်မှုန့်မီးရှို့သူတွေ... ထွက်ခဲ့စမ်း"

​သံမဏိကဲ့သို့ လေးနက်သော ထိုအသံသည် မီးမြူခိုးများကြားတွင် ပဲ့တင်ထပ်ကာ အရပ်ရပ်သို့ ပျံ့လွင့်သွားပြီး အတော်နှင့် မစဲတော့။

​အချိန်ကုန်လွန်လာသည်နှင့်အမျှ စုမင်သည် ခန္ဓာကိုယ်ကို ပို၍ အရှိန်မြှင့်တင်သည်။ နာကျည်းသံများ ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်နေသော်လည်း ဖုန်မှုန့်မီးရှို့သူများ အရိပ်အယောင်မျှ မတွေ့ရသေး။

​သို့သော် သူ ရှေ့သို့ တိုးဝင်သွားရာ ပတ်ဝန်းကျင်မှ မီးမြူခိုးများနှင့် ပွတ်တိုက်မှု ဖြစ်ပေါ်လာသည်။ ထိုမှတစ်ဆင့် အပူရှိန် မြင့်တက်လာပြီး နောက်ဆုံးတွင် မြူခိုးများထဲမှ ပြာလဲ့လဲ့ မီးတောက်များ ဝုန်းကနဲ ထွက်ပေါ်လာတော့သည်။

​ထိုမီးတောက်များသည် ကနဦးက မီးပွားငယ်မျှသာဖြစ်သော်လည်း ချက်ချင်းပင် ကြီးထွားလာကာ ခန္ဓာကိုယ်ပတ်လည်ကို ဝန်းရံသွားသည်။ ၎င်းတို့သည် မြူခိုးမှ မီးတောက်ဖြစ်ကာ မီးတောက်မှ မြူခိုးပြန်ဖြစ်နေ၍ ဟင်းလင်းပြင်ကြီးပင် လိမ်ယှက်သွားရ၏။

​ထိုခဏ၌ မြူခိုးများသည် မီးပင်လယ်အဖြစ် ပြန်ပြောင်းသွားပြီး အရာရာကို ပြာချနိုင်သော အပူရှိန်ဖြင့် စုမင်ထံသို့ အရပ်ရပ်မှ ဝုန်းကနဲ ပြေးဝင်လာသည်။

​မီးပင်လယ်က ခန္ဓာကိုယ်ကို ဝါးမြိုသွားသော်လည်း စုမင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

​"သေမျိုးမီး အဆင့်လောက်နဲ့ ဖုန်မှုန့်မီးရှို့သူတွေရဲ့ တံခါးစောင့်လုပ်နေပြီး ငါ့လမ်းကို တားရဲလား"

​စုမင် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ပြာလဲ့လဲ့ လိုင်းကိုးလိုင်းအနက် နှစ်လိုင်း တောက်ပလာပြီး ဟင်းလင်းပြင် တစ်ပြင်လုံး မြည်ဟည်းသွားသည်။ ပြေးဝင်လာသော မီးပင်လယ်ကြီးသည် သူ၏ ညာလက်မောင်းထဲသို့ တိုးဝင်သွားကာ ချက်ချင်း ဝါးမြိုခံလိုက်ရ၏။

​ထိုခဏချင်းပင် မြူခိုးထဲမှ အေးစက်သော နှာခေါင်းရှုံ့သံ ထွက်ပေါ်လာပြီး အဝေးမှ လူရိပ်တစ်ရိပ် တဟုန်ထိုး ပြေးဝင်လာသည်။

​စုမင် ခြေလှမ်းရပ်ကာ အေးစက်စွာ ကြည့်လိုက်ရာ မီးကဲ့သို့ ရဲသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်ခုံးကြားတွင် မီးတောက် အမှတ်အသား ခြောက်ခုရှိသော မာနကြီးသည့် လူငယ်တစ်ဦးကို တွေ့ရသည်။ သူသည် ခြေလှမ်းအနည်းငယ်ဖြင့် စုမင်ရှေ့ ရောက်လာ၏။

​သို့သော် စုမင်ကို မြင်သည်နှင့် သူ့မျက်နှာအမူအရာ ပျက်သွားပြီး နှာခေါင်းရှုံ့သံ စဲသွားကာ အလိုအလျောက် နောက်ဆုတ်မိသွားသည်။ သူသည် စုမင်၏ မျက်နှာနှင့် မျက်ခုံးကြားရှိ မီးတောက်အမှတ်အသား ကိုးခုကို မယုံနိုင်ဘဲ စိုက်ကြည့်နေမိ၏။

​ပိုကြည့်လေ ပိုရင်းနှီးလေ ဖြစ်ပြီး မျက်ခုံးကြားမှ မီးတောက်ကိုးလုံးက သူ့ကို တစ်စုံတစ်ခု ချက်ချင်း သတိရသွားစေသည်။

​လူငယ် မျက်နှာ ပျက်သွားပြီး ရေရွတ်မိသည်။ "မျိုးနွယ်စု... မျိုးနွယ်စုခေါင်းဆောင်"

​စုမင်၏ ခန္ဓာကိုယ်မှာ ရွှမ်မိသားစု ရခဲ့သော ရုပ်အလောင်းကို ပို၍ နုပျိုအောင် ပြုပြင်ထားခြင်း ဖြစ်ရာ ပုံတူမဟုတ်ဘဲ ဆင်တူရုံမျှသာ။ သူတို့က သားအဖအဖြစ် ဟန်ဆောင်လိုခြင်းဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ကို ပုံတူကူးခြင်း မဟုတ်။

​သို့သော် သားအဖ ဆင်တူယိုးမှားဖြစ်မှုကို ပိုယုံကြည်စေရန် အသေးစိတ် မွမ်းမံထားသဖြင့် မြင်မြင်ချင်း မျိုးနွယ်စု ခေါင်းဆောင်ဟောင်းကို တွေ့ရသလို ထင်ရခြင်းပင်။

​လူငယ်သည် မျိုးနွယ်စု ခေါင်းဆောင်ဟောင်းကို လူကိုယ်တိုင် မမြင်ဖူးသော်လည်း နှစ်စဉ်ကျင်းပသော ဘိုးဘေး ပူဇော်ပွဲကြောင့် မျိုးနွယ်စု ခေါင်းဆောင် အဆက်ဆက်၏ ပုံတူပန်းချီကားများ စိတ်ထဲစွဲနေပြီး ထိုအထဲမှ ခေါင်းဆောင်ဟောင်း တစ်ဦး၏ ပုံစံမှာ ယခုလူနှင့် ဆင်တူနေသည်။

​စုမင်၏ မျက်ခုံးကြားမှ မီးတောက်ကိုးလုံးက လူငယ်၏ အတွေးကို လမ်းကြောင်းပေးလိုက်ခြင်း ဖြစ်သည်။

​သို့သော် လန့်အော်ပြီးနောက် တစ်စုံတစ်ခု မှားနေကြောင်း လူငယ် ရိပ်မိသွားသည်။ ဤလူက ပန်းချီကားထဲကလူနှင့် ဆင်တူရုံသာရှိပြီး ထိုလူမဟုတ်။ ခေါင်းဆောင်ဟောင်း၏ သတင်းများနှင့် ဆက်စပ်တွေးကြည့်လိုက်ရာ သူ မည်သူဖြစ်မည်ဟူသော အဖြေက နှုတ်ခမ်းဖျားသို့ ရောက်လာတော့သည်။

​"ငါ ဘယ်သူလဲဆိုတာ သိပြီလား"

​စုမင်၏ မျက်ဝန်းတွင် နာကျည်းရိပ် ယှက်သန်းလာပြီး ရှေ့သို့ တစ်လှမ်းတက်ကာ လူငယ်ကို ညာလက်ဖြင့် လှမ်းဆုပ်လိုက်သည်။

​လူငယ် ထိတ်လန့်သွားပြီး တိုက်ခိုက်လိုစိတ် ကုန်ခမ်းသွားကာ နောက်ဆုတ်ရင်း ညာလက်ကို ပါးစပ်တွင်တင်၍ လေချွန်လိုက်သည်။

​စူးရှသော လေချွန်သံကြောင့် မြူခိုးများ ဆူပွက်ကာ မီးလုံးတစ်လုံး ပေါ်လာပြီး လူငယ်၏ မျက်ခုံးကြားသို့ ဝင်သွားသည်။ ထိုမှတစ်ဆင့် မီးငှက်အသွင်ပြောင်းကာ မြူခိုးများအောက်ခြေသို့ အရှိန်ပြင်းစွာ ပျံသန်းသွားတော့သည်။

​လူငယ်လည်း နောက်သို့ ဆက်တိုက် ဆုတ်ခွာတော့သည်။

​စုမင် မီးငှက်ကို ကြည့်လိုက်သည်။ သူ တားလျှင် ရသော်လည်း ၎င်းက သတင်းပို့ငှက်ဖြစ်၍ လွှတ်ထားလိုက်၏။ သူ တစ်စုံတစ်ခုကို ရိပ်မိကာ ခဏစဉ်းစားပြီးနောက် လူငယ်နောက်သို့ လိုက်တော့သည်။

​လူငယ် ပျာယာခတ်ကာ ဆုတ်ခွာရင်း စုမင် လိုက်လာသည်ကို မြင်၍ ကျိန်ဆဲကာ မြူခိုးများ ထုတ်လွှတ်လိုက်သည်။ ၎င်းက မီးတောက်ပုံရိပ် အသွင်ဖြင့် စုမင်ထံ ပြေးဝင်သွား၏။

​စုမင် စကားမဆို၊ မီးတောက်ပုံရိပ်ကိုလည်း ဂရုမစိုက်ဘဲ အရှိန်ဖြင့် တိုးဝင်ဖျက်ဆီးပစ်သည်။ ပေါက်ကွဲကွဲ အက်သံနှင့်အတူ ပုံရိပ်တုန်ခါသွားပြီး စုမင် တိုက်ရိုက်ဖြတ်သန်းကာ ညာလက်ဖြင့် လူငယ်ကို လှမ်းဆုပ်လိုက်သည်။

​ပတ်ဝန်းကျင်မှ မြူခိုးများသည် အမိန့်နာခံသည့်အလား ကြီးမားသော မီးလက်ဝါးကြီးအသွင် ပြောင်းလဲကာ လူငယ်ကို လှမ်းဖမ်းတော့သည်။

​လူငယ် မျက်နှာပျက်ကာ လက်ဝါးကြီး နီးကပ်လာသည်ကို မြင်၍ အံကြိတ်ကာ ခန္ဓာကိုယ်ကို ဘောလုံးကဲ့သို့ လိပ်ပစ်လိုက်သည်။ ထို့နောက် ခြေလက်များကို ဆန့်ထုတ်လိုက်ရာ မျက်ခုံးကြားမှ မီးတောက်ခြောက်လုံးမှာ အရည်ပျော်ကာ ကြီးမားသော မီးတောက် တစ်စတည်းအဖြစ် ပေါင်းစည်းသွားတော့၏။

​ထိုနှင့်အတူ နီရဲသော မီးလှိုင်းများ ထွက်ပေါ်လာကာ လူငယ်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ပေပေါင်းများစွာ မြင့်သော မီးတောက် ဘီလူးကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

​သူ၏ အဝတ်အစားနှင့် ရုပ်သွင် ပျောက်ကွယ်သွားပြီး မျက်ခုံးကြားတွင် မီးတောက်ကြီးရှိသော မီးဘီလူးကြီးသာ ကျန်တော့သည်။ သူသည် ဟိန်းဟောက်ကာ စုမင်၏ မီးလက်ဝါးကြီးကို ဆီးကြိုတိုက်ခိုက်တော့၏။

​ဟင်းလင်းပြင် တစ်ပြင်လုံး မြည်ဟည်းသွားသည်။ စုမင် မျက်ဝန်းက စူးစိုက်သွား၏။ ဤအသွင်ပြောင်းလဲမှုမှာ ကောင်းကင်ဖြတ်သန်းသူများတွင် အတောင်ပံရှိသကဲ့သို့ ဖုန်မှုန့်မီးရှို့သူများ၏ ပင်ကိုယ်စွမ်းရည်ဖြစ်ကြောင်း သူ ရိပ်မိသည်။ ဖုန်မှုန့်မီးရှို့သူများ လေးစားခံ မျိုးနွယ်စုကြီး ဖြစ်လာပြီး ဗဟိုချက်အစွန်းတွင် ရပ်တည်နိုင်ခြင်းမှာ ဤစွမ်းရည်ကြောင့် ဖြစ်သည်။

​လူငယ်သည် မူလက ကမ္ဘာမြေပြင် အလယ်အလတ်အဆင့်သာ ဖြစ်သော်လည်း အသွင်ပြောင်းပြီးနောက် ကျင့်ကြံခြင်းမှာ ကမ္ဘာမြေပြင် နှောင်းပိုင်းအဆင့်သို့ ချက်ချင်း ခုန်တက်သွားသည်။

​သို့သော် စုမင်ရှေ့တွင်မူ သူသည် တစ်ချက်မျှပင် မခံနိုင်လောက်အောင် အားနည်းလွန်းသည်။

စုမင်သည် ​ဖုန်မှုန့်မီးရှို့သူများကို အကဲခတ်လို၍သာဖြစ်ပြီး မဟုတ်လျှင် သူ့အား ချက်ချင်း သတ်ပစ်နိုင်၏။

​စုမင် မျက်ဝန်း လက်ခနဲ ဖြစ်သွားပြီး ညာလက်ကို ဖမ်းမည့်အစား ရိုက်ပုတ်ရန် ပြောင်းလိုက်သည်။ နှစ်ဦး တိုက်မိရာ လူငယ် နာကျင်စွာ အော်ဟစ်ပြီး သွေးအန်ကာ စုမင်၏ မီးလက်ဝါးကြီးကြောင့် နောက်သို့ လွင့်စင်သွားတော့သည်။

​ပင်ကိုယ်အသွင် ပျက်ပြယ်သွားပြီး မီးတောက်များ ကွဲကြေကာ လူငယ် မူလပုံစံ ပြန်ဖြစ်သွားသည်။ မျက်နှာဖြူလျော်ကာ သွေးထပ်အန်ရပြီး နှုတ်ခမ်းထောင့်မှ သွေးကိုပင် မသုတ်နိုင်ဘဲ ရိုက်ချက်၏ တွန်းအားဖြင့် နောက်သို့ ဆက်ဆုတ်သည်။

​စုမင် လိုက်ဖမ်းစဉ် ထွက်ပြေးနေသော လူငယ်၏ မျက်နှာ ပြေလျော့သွားသည်။ မြူခိုးထဲမှ လေချွန်သံ ဒါဇင်ပေါင်းများစွာ ထွက်လာပြီး လူဆယ်ချီက အလင်းတန်းများဖြင့် ချဉ်းကပ်လာနေသောကြောင့် ဖြစ်သည်။

​စုမင် ခြေလှမ်းရပ်ကာ အသံလာရာသို့ အေးစက်စွာ ကြည့်လိုက်ရာ အလင်းတန်းများထဲ၌ ဖုန်မှုန့်မီးရှို့သူ ဆယ်ချီကို တွေ့ရသည်။ အများစုမှာ အသက်လတ်ပိုင်းများဖြစ်ပြီး ဦးဆောင်သူ တစ်ဦးသာ အိုမင်းရင့်ရော်သော အဖိုးအိုကြီး ဖြစ်၏။

​သူတို့ မျက်နှာများ တည်ကြည်နေပြီး မယုံနိုင်မှု သံသယများ ရှိနေသည်။ ရောက်သည်နှင့် အဖိုးအိုက ဒဏ်ရာရလူငယ်ကို တွဲလိုက်ပြီး ဒဏ်ရာများအား ကြည့်ကာ မျက်မှောင်ကြုတ်သည်။ ထို့နောက် ခေါင်းမော့ကာ စုမင်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်၏။

​မြင်မြင်ချင်း အဖိုးအို မျက်နှာ ပျက်သွားပြီး နောက်ကလူများလည်း ထိတ်လန့်သွားကြသည်။

​"မင်းက..." အဖိုးအိုသည် စုမင်၏ မျက်နှာကို စိုက်ကြည့်သည်။ ထိုရုပ်သွင်က အလွန်ရင်းနှီးနေပြီး အထူးသဖြင့် မျက်ခုံးကြားမှ မီးတောက်ကိုးလုံးက သူ့အာရုံကို ဖမ်းစားထားခြင်းပင်။

​ဤသည်တို့ကြောင့် အဖိုးအို၏ စိတ်အာရုံ ရှုပ်ထွေးသွားရသည်။

​"ကဲ... ငါ့ကို ဘယ်သူလို့ ထင်လဲ"

​အဖိုးအို၏ မေးခွန်းကို စုမင် ခေါင်းမော့ကာ ရယ်ချလိုက်သည်။ ထိုရယ်သံတွင် ရန်ငြိုး၊ အထီးကျန်မှုတို့နှင့်အတူ နှစ်ပေါင်းထောင်ချီ စုပြုံလာသော နာကျင်မှု ရှေးဟောင်း အငွေ့အသက်များ ပြည့်နှက်နေ၏။

​အဖိုးအို ဆိတ်ငြိမ်သွားပြီးနောက် မျက်ဝန်းတွင် ပြတ်သားမှု အရိပ်အယောင် ပေါ်လာသည်။

​"ဖမ်းလိုက်ကြ" ထိုသို့ ဆိုလိုက်ရာ နောက်ကလူများ တွန့်ဆုတ်သလို ခဏငြိမ်သွားကြ၏။

​"ဖမ်းလိုက်ကြ" အဖိုးအို ထပ်အော်သဖြင့် နောက်ကလူများ အံကြိတ်ကာ စုမင်ထံသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

All Chapters