← Chapters

အခန်း ၉၇၁

Vol. 70 Ch. 971

အခန်း ၉၇၁

Vol. 70 Ch. 971

အခန်း ၉၇၁ ကျွန်တော် ပဉ္စမမြောက် မဟာလောကကို သွားချင်တယ်

မြူခိုးများ၏ အောက်ခြေတွင် ဖုန်မှုန့်မီးရှို့သူများ နေထိုင်ရာ ကုန်းမြေကြီး ရှိ၏။ ထိုကုန်းမြေပေါ်ရှိ ပေပေါင်းထောင်ချီ မြင့်မားသော မျှော်စင်တစ်ခု၏ အထက်တွင် မျက်လုံးသဏ္ဌာန် မီးတောက်လုံးကြီး တစ်လုံး မျောလွင့်နေသည်။ ထိုမီးမျက်လုံးထဲတွင် စုမင်သည် လှုပ်ရှားမှုမရှိဘဲ တင်ပျဉ်ခွေထိုင်နေ၏။

​သူ့ပတ်ပတ်လည်တွင် အဆုံးမရှိသော မီးပင်လယ်ကြီး ရှိနေသဖြင့် အခြားကမ္ဘာတစ်ခုသို့ ရောက်နေသည့်အလား ထင်မှတ်ရသည်။ သူထိုင်နေသော မီးမျက်လုံး၏ အပြင်ဘက်တွင်မူ ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီး တင်ပျဉ်ခွေ ထိုင်နေ၏။

​စုမင်အား မြူခိုးတိုက်ပွဲပြင်မှ ဖုန်မှုန့်မီးရှို့သူတို့၏ ကုန်းမြေသို့ ခေါ်ဆောင်လာခဲ့သည်မှာ ကိုးရက်မြောက်နေ့ ရှိပြီ ဖြစ်သည်။

​"တကယ့်ကို နားမဝင်တဲ့ ကောင်လေးပဲ။ မင်းအဖေ အတိတ်တုန်းက ပုံစံအတိုင်းပဲ။ မင်းအဖေနဲ့ မင်းဦးလေးတို့ ပြဿနာတက်ပြီး သူထွက်သွားတုန်းက ငါ အပြင်ရောက်နေလို့ ချက်ချင်း ပြန်မလာနိုင်ခဲ့တာလို့ ငါ မင်းကို အကြိမ်ကြိမ် ပြောပြီးပြီပဲ။ မင်းအကြောင်း ပြောရရင် လွန်ခဲ့တဲ့ နှစ်တွေက ငါ မင်းအဖေရဲ့ ကံကြမ္မာကို တွက်ချက်ဖူးတယ်။ အဲဒီတုန်းက သူဟာ တစ်သက်လုံး သားသမီးရမှာ မမဟုတ်ဘူးလို့ အဖြေထွက်ခဲ့တာ"

​"ဒါကြောင့်လည်း ငါ မင်းကို အပြင်ထွက်ပြီး လိုက်မရှာခိုင်းခဲ့တာ"

​"ဒါပေမဲ့ တွက်ချက်မှုတွေ မှားယွင်းတတ်တဲ့ အချိန်တွေ ရှိတယ်ဆိုတာတော့ ငါဝန်ခံပါတယ်။ ဒါဟာ မင်းအဖေ အပြင်မှာရှိနေတုန်း သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့် လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့လို့ပဲ ဖြစ်ရမယ်။ ဒါကြောင့်ပဲ မင်းရဲ့ တည်ရှိမှုက ငါ့တွက်ချက်မှုထဲမှာ မပါခဲ့တာ။ ပြီးတော့ မင်းရဲ့ စွမ်းအားက နှစ်ပေါင်းထောင်ဂဏန်း အတွင်းမှာ ဒီအဆင့်ကို ရောက်လာပြီး ပြာလဲ့လဲ့မီးကိုတောင် နိုးထစေနိုင်ခဲ့တာလည်း ဒါကြောင့်ပဲ ဖြစ်လိမ့်မယ်" မီးတောက်များကြားတွင် ထိုင်နေသော စုမင်ကို စိုက်ကြည့်ရင်း လူငယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

​သူသည် စုမင်ကို ဖမ်းဆီးထားခဲ့သည်မှာ ကိုးရက်ရှိပြီ ဖြစ်၏။ ပထမဆုံးနေ့ကတည်းက စုမင်သည် ဖုန်မှုန့်မီးရှို့သူများကို အသိအမှတ်မပြုခဲ့သလို သူတို့၏ မျိုးနွယ်စုဝင်လည်း မဖြစ်ချင်ခဲ့ပေ။ ကိုးရက်မြောက်နေ့အထိ ထိုအတိုင်း ရှိနေဆဲပင်။ အမှန်မူ သူသည် စကားပင် မဆိုတော့ဘဲ နှုတ်ဆိတ်ခြင်းဖြင့် အာခံနေခြင်း ဖြစ်သည်။

​ဤသည်က ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အကယ်၍ အခြားမျိုးနွယ်စုဝင်သာ ဆိုပါက သူသည် စကားအပိုပြောမနေဘဲ လက်ဝါး တစ်ချက်ဖြင့် ရိုက်သတ်လိုက်ပြီးသား ဖြစ်မည်။ သာမန်ပါရမီမျှသာ ရှိသော မျိုးနွယ်စုဝင်ဆိုလျှင်လည်း သူ ဂရုစိုက်နေမည် မဟုတ်ပေ။ ဖုန်မှုန့်မီးရှို့သူ မဖြစ်ချင်လျှင် အပြင်လောက၌ မိမိဘာသာ သွားရောက် ရှင်သန်ရန် မောင်းထုတ်လိုက်ရုံသာ။

​သို့သော် သူသည် မိမိရှေ့မှ မော့ကိုမူ အလွန်အမင်း သဘောကျမိသည်။ ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤမျှ စွမ်းအားကြီးမားနေရုံမျှမက ပြာလဲ့လဲ့မီးကိုပါ နိုးထစေနိုင်ခဲ့သည်။ ကျဲရုန်းနှင့် သူ့ညီအစ်ကိုများပင် ဤအသက်အရွယ်၌ ဤသို့ မစွမ်းဆောင်နိုင်ခဲ့ကြပေ။ အမှန်မူ ဘိုးဘေးကြီး၏ အမြင်တွင် ဤကလေးကို သေချာသင်ကြားပြသပေးပါက မျိုးနွယ်စုအတွင်း ဒုတိယမြောက် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် တစ်ဦး ပေါ်ထွက်လာရန် အခွင့်အလမ်း အလွန်များပြားသည်။

​ထိုအချိန်ကျလျှင် သူ၏ ကျန်းမာရေး ချို့တဲ့မလာသေးပါက သူတို့သည် ဖုန်မှုန့်မီးရှို့သူတို့၏ အထွတ်အထိပ် ဘုန်းမီးနေလခေတ်ကို ဆောင်ကြဉ်းပေးနိုင်ပြီး ရန့်ဝူမျိုးနွယ်စုကိုပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

​"ငါ့မြေး... မင်းရဲ့ နာကျည်းချက်ကို ငါနားလည်ပါတယ်။ အရင်တုန်းက မင်းအပေါ် မျိုးနွယ်စုရဲ့ ဂရုမစိုက်မှုကို ငါ ပြန်ပြီး အစားထိုးပေးပါ့မယ်။ ဒါပေမဲ့ မင်း မျိုးနွယ်စုထဲ ပြန်ရောက်လာပြီပဲ။ ငါကလည်း မင်းကို မျိုးနွယ်စု ခေါင်းဆောင်ငယ်အဖြစ် ကြေညာထားပြီးပြီ"

​"မင်း ဒီမှာရှိနေသရွေ့ ဘယ်သူမှ မင်းကို မထိရဲဘူး။ လက်ရှိ မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တဲ့ မင်းဦးလေးတောင် မလုပ်ရဲဘူး"

​"မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားကြောင့် မဟုတ်ဘဲ မင်းကိုယ်တိုင် နေကပ်ဘေး အဆင့်ကို အမှန်တကယ် ရောက်ရှိသွားတာနဲ့ လက်ရှိ မျိုးနွယ်စု ခေါင်းဆောင်ကို ငါ ချက်ချင်း ဖယ်ရှားပြီး မင်းကို မျိုးနွယ်စု ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်မယ်။ ဒါဆိုရင် မင်းအဖေလည်း ကောင်းရာသုဂတိ ရောက်နိုင်မှာပါ..."

​"ဒါ့အပြင် မင်းရဲ့ ကျင့်ကြံခြင်းကိုလည်း ငါကိုယ်တိုင် လမ်းညွှန်ပေးမယ်။ မင်းဟာ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် တစ်ယောက် ဖြစ်လာပြီး ဖုန်မှုန့်မီးရှို့သူတွေကို အရင်တိုင်း အင်အားကြီးစေဖို့ ငါ တကယ်ပဲ မျှော်လင့်နေမိတယ်" လူငယ်နှင့်တူသော ဘိုးဘေးကြီးသည် စုမင်အား စေတနာကောင်းဖြင့် စိတ်ရှည်လက်ရှည် ဆက်လက် ဖျောင်းဖျနေတော့သည်။

​စုမင်သည် မျက်နှာတွင် ခေါင်းမာရိပ်များ ယှက်သန်းလျက် မီးတောက်များကြား၌ ထိုင်နေသော်လည်း ခန္ဓာကိုယ်တွင်းရှိ ရွှမ်ရှန်းနှင့် အခြားသူများမှာမူ စိတ်လှုပ်ရှားလွန်း၍ စုမင်အား ချက်ချင်း သဘောတူခိုင်းချင်နေကြပြီ ဖြစ်သည်။ သို့သော် စုမင်သည် ခေါင်းဆောင်ဖြစ်ပြီး သူတို့၏ မူလစီမံကိန်းဖြင့် မရနိုင်သော အောင်မြင်မှုကိုပင် ရရှိအောင် ကူညီပေးခဲ့သူ ဖြစ်သဖြင့် မည်သူမျှ ဝင်ရောက် ဖျောင်းဖျရန် မဝံ့ရဲကြဘဲ စုမင် စကားတစ်ခွန်းမျှ မဆိုဘဲ ထိုင်နေသည်ကိုသာ သက်ပြင်းချရင်း ကြည့်နေကြရသည်။

​ရက်ပေါင်းများစွာ နှုတ်ဆိတ်နေပြီးနောက် စုမင် မျက်လုံးဖွင့်ကာ မေးလိုက်သည်။ "ကျွန်တော့်ကို ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် ဖြစ်အောင် ခင်ဗျား ဘယ်လိုလုပ်ပေးမှာလဲ"

​ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီး ချက်ချင်း ပြုံးလိုက်မိသည်။ စုမင် စကားပြောလာလျှင် အဆင်ပြေပြီ ဖြစ်၏။ သူ အစိုးရိမ်ဆုံး အချက်မှာ ဤကလေးက မည်သည့်အခါမျှ စကားမပြောတော့ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ စကားပြောလာပြီဖြစ်ရာ ဆွေးနွေးတိုင်ပင်၍ ရနိုင်ပြီ ဖြစ်သည်။

​"မင်း ကိုယ်တိုင် ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် မဖြစ်လာနိုင်ရင်တောင် ငါ့ရဲ့ ကျန်းမာရေး ချို့တဲ့လာတဲ့ အချိန်မှာ ငါရရှိထားတဲ့ အသိအမြင်တွေ အားလုံးကို ဒသမမြောက်မီးတောက်အဖြစ် ပြောင်းလဲပြီး မင်းရဲ့ ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးမယ်။ ဒါဆိုရင် မင်းဟာ အရှင်သခင်အဆင့် တန်ခိုးရှင်ကြီးတစ်ဦး ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ အဲဒါက မင်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို ရပ်တန့်သွားစေပြီး ကံကြမ္မာအဆင့်ရဲ့ အသိအမြင်ကိုတော့ ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ဘူး" ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးက စုမင်ကို ကြည့်ကာ ကြင်နာစွာ ပြုံးပြသည်။

​ထိုအပြုံးကို မြင်လျှင် စုမင် စိတ်ထဲ၌ ရှုပ်ထွေးသွားရင်း နှုတ်ဆိတ်သွားမိသည်။ ထိုအပြုံးက စစ်မှန်ပြီး လွန်ခဲ့သည့် ကိုးရက်လုံးလုံး တစ်ဖက်လူ ပြုမူခဲ့သမျှမှာလည်း အစစ်အမှန်များ ဖြစ်ကြသည်။

​ထိုသူသည် သူ့အား ကျဲရုန်း၏ သားအစစ်၊ ဖုန်မှုန့်မီးရှို့သူအစစ်အဖြစ် အမှန်တကယ် ဆက်ဆံနေခြင်း ဖြစ်၏။ စုမင်အနေဖြင့် ဤကဲ့သို့သော အပြုံးမျိုးကို ဘဝတွင် အနည်းငယ်မျှသာ မြင်ဖူးခဲ့သည်။ သူ့အား ပထမဆုံး ဤသို့ ပြုံးပြခဲ့သူမှာ အကြီးအကဲ ဖြစ်ပြီး ဒုတိယလူမှာ ဆရာသမား ဖြစ်ကာ တတိယလူမှာမူ ဤဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီး ဖြစ်ပေသည်။

​"မော့... စိတ်မပူပါနဲ့။ လွန်ခဲ့တဲ့ နှစ်တွေက မင်းခံစားခဲ့ရတဲ့ နာကျင်မှုတွေ အားလုံးကို ငါပြန်ပြီး အစားထိုးပေးမယ်လို့ ကတိပေးပါတယ်" ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးက စုမင်ကို ကြည့်ကာ ပို၍ပင် ကြင်နာစွာ ပြုံးလိုက်သည်။ နေ့စဉ်ရက်ဆက် စုမင်နှင့် စကားပြောဆိုရင်း သူ့မျက်နှာပေါ်မှ ချီးမွမ်းရိပ်များမှာ ပို၍ ထင်ရှားလာပြီး မိမိရှေ့မှ ကောင်လေးကို အမှန်တကယ်ပင် သံယောဇဉ် တွယ်လာခဲ့သည်။ သူသည် လိမ်မာပါးနပ်သလို သစ္စာလည်း ရှိသည်။ ခေါင်းမာသလို စိတ်လိုက်မာန်ပါလည်း လုပ်တတ်သည်။ နှစ်ပေါင်းထောင်ချီ အထီးကျန်ခဲ့မှုကြောင့် သူ၏ စိတ်နေစိတ်ထားက အနည်းငယ် ပြင်းထန်နေနိုင်သော်လည်း ယင်းက အခြားသူများ မရနိုင်သော အတွေ့အကြုံကောင်းများကို ပေးစွမ်းခဲ့သည်။ ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးက ဤအရာ အားလုံးကို မြင်တွေ့နေရခြင်း ဖြစ်၏။

​ဤကလေးသည် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိရန်၊ ဤမျှ စွမ်းအားကြီးမားလာရန်နှင့် ဖုန်မှုန့်မီးရှို့သူတို့၏ တည်နေရာကို ရှာဖွေနိုင်ရန်အတွက် ဒုက္ခပေါင်းစုံနှင့် သေဘေးပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရမည်မှာ သေချာသည်။ စုမင် ထိန်းချုပ်ထားသော ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများနှင့် အမာရွတ် အားလုံးကို ဘိုးဘေးကြီး မြင်တွေ့ပြီးသား ဖြစ်၏။ အချို့မှာ ပျောက်ကင်းသွားပြီ ဖြစ်သော်လည်း အချို့မှာမူ ကျက်ခါစသာ ရှိသေးသည်။ မည်သည့် သားရဲတိရစ္ဆာန်က မည်သည့်ဒဏ်ရာကို ပေးခဲ့သည်ကိုပင် ဘိုးဘေးကြီး ခွဲခြား သိနိုင်ပေသည်။

​"အရှင်သခင်အဆင့်ရဲ့ နောက်မှာ ကံကြမ္မာအဆင့်... အဲဒီနောက်မှာ ရှင်ခြင်းအဆင့် ရှိတာလား" စုမင် ခေါင်းမော့ကာ ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးကို ကြည့်လိုက်သည်။ သူသည် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် အဆင့်များ အကြောင်းကို အသေးစိတ် နားမလည်ပေ။ အိစန်း၏ မှတ်ဉာဏ်ထဲတွင်ပင် ဝေဝါးသော အချက်အလက် အချို့သာ ရှိသည်။ သူသည် ကျင့်ကြံခြင်း လမ်းစဉ်ကို မလိုက်စားသဖြင့် အသေးစိတ် မသိရှိခြင်း ဖြစ်၏။

​"ဒီမဟာအဆင့်ကြီး လေးဆင့်စလုံးမှာ ရှိတဲ့ သူတွေကို ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင်တွေလို့ ခေါ်နိုင်ပေမဲ့ တကယ်တော့ အဲဒီဘွဲ့နာမက အဆင့်လေးဆင့်ကို ကိုယ်စားပြုတာ။ ပထမဆုံး အရှင်သခင် အဆင့်ကတော့ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားရဲ့ အထွတ်အထိပ်ပဲ"

​"ဒုတိယအဆင့်ကတော့ ကံကြမ္မာအဆင့် ဖြစ်တယ်။ အထွတ်အထိပ်စွမ်းအားနဲ့ မင်းဟာ ပတ်ဝန်းကျင်က အရာအားလုံးရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်လာလိမ့်မယ်။ အဲဒီကနေတစ်ဆင့် မင်းရဲ့ ကိုယ်ပိုင်ကံကြမ္မာကို နားလည်လာလိမ့်မယ်။ မင်းရဲ့ ကံကြမ္မာက ပတ်ဝန်းကျင်က ကံကြမ္မာတွေနဲ့ ပေါင်းစည်းသွားတဲ့အခါ ပြီးပြည့်စုံမှုကို ရရှိပြီး ကံကြမ္မာရဲ့ အနိမ့်အမြင့်ကို ထိန်းချုပ်နိုင်လာလိမ့်မယ်"

​"တတိယ အဆင့်ကတော့ ရှင်ခြင်း သံသရာ အဆင့် ဖြစ်တယ်။ ဒီအဆင့်က ထာဝရအသက်ကို ရရှိတဲ့အဆင့်လို့ ပြောလို့ရပေမဲ့ ဒီအဆင့်ကို ရောက်တဲ့သူက အလွန် ရှားပါးလွန်းတယ်။ အဲဒီအဆင့်ကို ဘယ်လိုတက်ရမလဲဆိုတဲ့ အသေးစိတ်ကို ငါလည်း သေချာမသိဘူး"

​"စတုတ္ထ အဆင့်ကတော့ စကြဝဠာ သေခြင်း အဆင့်ပဲ။ ဒါက ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင်တွေရဲ့ နောက်ဆုံးအဆင့်ပဲ" ဘိုးဘေးကြီး၏ အသံမှာ ရှေးဟောင်း အငွေ့အသက်များ ပြည့်နှက်နေပြီး ဟင်းလင်းပြင်၌ ပဲ့တင်ထပ်သွားကာ မျက်နှာတွင်လည်း တောင့်တရိပ် တစ်ရိပ် ပေါ်လာသည်။

​"ဒါပေမဲ့ အဆင့်တိုင်းမှာ ဆုတ်ယုတ်ခြင်း အဆင့် ဆိုတာ ရှိတယ်။ ဒါဟာ ကပ်ဘေးတစ်ခုပဲ။ ဒါကို ကျော်ဖြတ်နိုင်ရင်တော့ အဆင့်သစ် တစ်ဆင့်ကို ရောက်ဖို့ အခွင့်အရေး ရလိမ့်မယ်။ ဒါပေမဲ့ အခွင့်အရေးသက်သက်ပဲ။ တကယ်လို့ မကျော်ဖြတ်နိုင်ရင်တော့ ငါတို့ရဲ့ ရုပ်ခန္ဓာနဲ့ ဝိညာဉ်ပါ ပြာကျ ပျက်စီးသွားလိမ့်မယ်" ဤစကားကို ပြောရင်း သူက သက်ပြင်းချလိုက်သည်။

​စုမင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးကြီးကို ကြည့်ကာ မျက်နှာတွင် ပြတ်သားရိပ်များ ထွက်ပေါ်လာသည်။ "အဲဒီအဆင့်တွေရဲ့ နောက်မှာရော ဘာရှိသေးလဲ။ အဲဒါထက် မြင့်တဲ့ အဆင့် ရှိသေးလား"

​"ရှိတာပေါ့" ဘိုးဘေးကြီးက ခေါင်းညိတ်သည်။ "အဲဒီအဆင့်တွေရဲ့ နောက်မှာ ဥသျှောင်အဆင့် ရှိတယ်။ အဲဒီအဆင့်ရဲ့ အသေးစိတ်ကိုတော့ ငါလည်း မသိဘူး။ ကောလာဟလတွေအရ အဲဒီအဆင့်မှာ ရှိတဲ့သူတွေကို ဥသျှောင် ပါရာဂွန်တွေလို့ ခေါ်ပြီးနဂါးငွေ့တန်း တစ်ခုလုံးကိုတောင် အစားထိုးနိုင်စွမ်း ရှိတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ သူတို့က ရှေးဟောင်းခေတ်က ဥသျှောင် ပါရဂွန်တွေ ဖြစ်ပြီး ခြင်္သေ့ကြယ်စု ကပ်ဘေးတုန်းက အားလုံး ပျက်စီးသွားခဲ့ကြပြီ"

​"အခုအချိန်မှာတော့ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ရဲ့ အလွန်မှာ မဟာလောကကြီး လေးခု ရှိတယ်။ အဲဒီထဲမှာ ဥသျှောင် ပါရာဂွန်တွေ ရှိကြပေမဲ့ တကယ့် ဥသျှောင် ပါရာဂွန် အစစ်အဖြစ် ရောက်တဲ့သူတော့ မရှိလောက်ဘူး။ သူတို့က နိမ့်ကျတဲ့ ဥသျှောင် ပါရာဂွန်တွေပဲ ဖြစ်ကြတယ်" ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးက အေးဆေးစွာ ပြောလိုက်သော်လည်း ဤစကားများသည် စုမင်၏ စိတ်ကို များစွာ ရိုက်ခတ်သွားစေသည်။ စုမင် ထိန်းချုပ်ထားသော ခန္ဓာကိုယ်အတွင်းရှိ ရွှမ်ရှန်း၊ နျန်ယင်၊ ဟွာယွီ၊ ယွမ်ယိုနှင့် ရွှီဟွေတို့၏ နှလုံးသားများကိုလည်း တုန်လှုပ်သွားစေခဲ့၏။

​စုမင်နှင့်အတူ ရှိနေစဉ်တွင် သူတို့ဘဝ၌ တစ်ခါမျှ မကြားဖူး၊ မသိဖူးသော အရာများဖြစ်သည့် ရှေးဟောင်း မဟာနိုင်ငံတော်ကြီး သုံးနိုင်ငံ၊ ဝေမျိုးနွယ်စု၊ စကြာဝဠာ ၃၆၁ ခုနှင့် မဟာ ဟင်းလင်းပြင်ကြီးများ အကြောင်းကို သိခွင့်ရခဲ့ကြသည်။ ယခုလည်း ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် အဆင့်ခွဲခြားမှုများနှင့် ဥသျှောင် ပါရာဂွန်များအကြောင်း ကောလာဟလများကို ထပ်မံ သိရှိခွင့်ရခဲ့ကြပြန်ပြီ ဖြစ်သည်။

​"အဲဒီနောက်မှာရော ဘာရှိသေးလဲ" စုမင်၏ မျက်နှာပေါ်မှ ပြတ်သားမှုများ ပို၍ ထင်ရှားလာသည်။

​"အဲဒီနောက်မှာတော့... အဝါစရိယ အဆင့်ပဲ" ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးက စုမင်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။ "အဝါစရိယ ဆိုတာ အဆင့်တစ်ဆင့် ဖြစ်ပြီး အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်အတိုင်းပဲ။ မင်း အဲဒီအဆင့်ကို မရောက်မချင်း အဲဒီအကြောင်းကို ထုတ်ဖော်ပြောဆိုခွင့် မရှိဘူး။ မဟုတ်ရင် မင်းအပေါ် ကြီးမားတဲ့ ကပ်ဘေး သက်ရောက်လိမ့်မယ်။ အဲဒါကတော့ သက်ရှိအားလုံးရဲ့ စိတ်ကူးကို ကျော်လွန်နေတဲ့ အဆင့်ပဲ"

​စုမင် တိတ်ဆိတ်သွားသည်။ ဤကဲ့သို့သော ထူးဆန်းထူးခြားသည့် အဆင့်မျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၏။ ထိုခဏ၌ သူသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း ရင်ထဲ၌မူ မုန်တိုင်းတစ်ခု ဆူပွက်နေပြီ ဖြစ်သည်။ ထိုအဆင့်များ အားလုံးသည် ရှေ့တွင် ရှိနေသော ချောက်ကမ်းပါးကြီးများကဲ့သို့ ဖြစ်သော်လည်း သူ့ရင်တွင်းပြတ်သားမှုကို ပို၍ နှိုးဆွပေးနေသည်။ သူသည် ထိုချောက်ကမ်းပါးကြီးများကို ဖြတ်ကျော်ကာ သက်ရှိအားလုံး ထုတ်ဖော်မပြောဆိုနိုင်သော သို့မဟုတ် ပြောဆိုခြင်း မပြုကြသော ထိုအဆင့်သို့ ရောက်ရှိမည့်နေ့ကို တောင့်တမိတော့သည်။

​'ဒါက အဝါစရိယ အဆင့်ရဲ့ တကယ့်အဓိပ္ပာယ် ဖြစ်လိမ့်မယ်' စုမင်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားသည်။

​"စကြဝဠာထဲမှာ သက်ရှိတွေ အများကြီး ရှိပြီး အချိန်တွေလည်း အများကြီး ကုန်လွန်ခဲ့ပြီ။ ရေတွက်လို့မရတဲ့ မျိုးနွယ်စုတွေ ပေါ်ထွန်းလာလိုက်၊ ပျက်စီးသွားလိုက် ဖြစ်ခဲ့ကြတယ်။ အချို့က အကြွင်းအကျန်တွေ အနေနဲ့ ဒီနေ့အထိ တည်ရှိနေဆဲဖြစ်ပြီး အချို့ကတော့ သွေးမျိုးဆက်ပါ ပျောက်ကွယ်ပြီး ပျက်စီးသွားခဲ့ကြပြီ။ အချို့ကတော့ ပိုပြီး ကြီးမြတ်လာကြတယ်..."

​"မျိုးနွယ်စု တစ်ခု သန်မာလာဖို့ဆိုတာ အစွမ်းထက်တဲ့ တန်ခိုးရှင်တွေ ရှိဖို့၊ အဲဒီတန်ခိုးရှင်တွေရဲ့ တာဝန်ကို ဆက်ခံနိုင်မယ့်သူတွေကို ရှာဖွေဖို့နဲ့ ကံကြမ္မာနဲ့ သေခြင်းရှင်ခြင်း အရှင်သခင် ဖြစ်လာမယ့်သူ ရှိမလားဆိုတဲ့အချက်အပေါ်မှာပဲ မူတည်တယ်"

​"မော့... မင်းက ဖုန်မှုန့်မီးရှို့သူ တစ်ယောက်ပဲ" ဘိုးဘေးကြီးက စိတ်ရင်းမှန်ဖြင့် လေးနက်စွာ ပြောလိုက်သည်။

​"ကျွန်တော် မဟုတ်ပါဘူး" မိမိရှေ့မှ ဘိုးဘေးကြီးကို ကြည့်ရင်း စုမင် စိတ်ထဲ၌ အနည်းငယ် ရှုပ်ထွေးသွားကာ ပြန်ပြောလိုက်သည်။

​"မင်း..." လူငယ်နှင့်တူသော ဘိုးဘေးကြီးသည် စုမင်ကို စိုက်ကြည့်ရင်း အတန်ကြာမှ သက်ပြင်းချလိုက်သည်။ "မင်းက ဖုန်မှုန့်မီးရှို့သူ မဖြစ်ချင်ဘူးဆိုရင် ဒီကို ဘာလို့ လာခဲ့တာလဲ။ မင်းအဖေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေကို လာယူတာဆိုတဲ့ စကားကို ငါမယုံဘူး။ ပြောစမ်း... မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ" ဘိုးဘေးကြီးက ခေါင်းခါရင်း မေးလိုက်သည်။

​စုမင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ့အကြည့်က ဘိုးဘေးကြီးထံသို့ ကျရောက်သွားသည်။

​"ကျွန်တော် ပဉ္စမမြောက် မဟာလောကသို့ သွားချင်တယ်" စုမင် ဤစကားကို ပြောလိုက်သည်နှင့် လူငယ်၏ မျက်ဝန်းများ ချက်ချင်း ကျဉ်းမြောင်းသွားတော့သည်။

​ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးက စုမင်ကို သေချာစွာ စိုက်ကြည့်ပြီးနောက် တည်ငြိမ်စွာ မေးသည်။ "အကြောင်းပြချက်က ဘာလဲ"

​စုမင်သည် ဘိုးဘေးကြီး၏ အကြည့်ကို ဆီးကြိုရင်း တိုးညှင်းစွာ ဖြေလိုက်သည်။ "ကျေးဇူးဆပ်ဖို့ပါ"

​ဘိုးဘေးကြီး တိတ်ဆိတ်သွားသည်။ သူသည် အသေးစိတ်ကို ထပ်မမေးတော့ဘဲ မတ်တတ်ရပ်လိုက်မိတော့သည်။ စုမင်အား နက်ရှိုင်းစွာ တစ်ချက် စိုက်ကြည့်ပြီးနောက် စကားတစ်ခွန်းမျှ မဆိုဘဲ လက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားရင်း ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားခဲ့လေသည်။

နောက်တွင် ပေတစ်ထောင်မြင့်သော မျှော်စင်ထိပ်မှ မီးတောက်များကြားတွင် မျက်လုံးမှိတ်ထားသော စုမင်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

All Chapters