← Chapters

အခန်း ၉၇၂

Vol. 70 Ch. 972

အခန်း ၉၇၂

Vol. 70 Ch. 972

အခန်း ၉၇၂ မီးဖို၏ အရှင်သခင်

ရွှမ်ရှန်းနှင့် လူစုသည် စိတ်ထဲ၌ အလွန်အမင်း ရှုပ်ထွေးပွေလီသော ခံစားချက်များ ဖြစ်ပေါ်နေကြသည်။ တစ်ဖက်တွင်မူ စုမင်က သူတို့၏ စီမံကိန်းကို ပြောင်းလဲပေးခဲ့ပြီးနောက် ရရှိခဲ့သော အောင်မြင်မှုအတွက် စိတ်လှုပ်ရှားနေမိသော်လည်း အခြားတစ်ဖက်တွင်မူ စုမင်က ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးအား ပဉ္စမမြောက် မဟာလောက အကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည့်အတွက် အံ့အားသင့်ခြင်းနှင့်အတူ စိုးရိမ်မကင်းဖြစ်မှုတို့ ဖြစ်ပေါ်နေရသည်။

​အဆုံးစွန်၌မူ ဤနေရာသည် ဖုန်မှုန့်မီးရှို့သူတို့၏ မျိုးနွယ်စုနယ်မြေ ဖြစ်သည်။ သူတို့၏ အထောက်အထား အမှန် ပေါ်ပေါက်သွားပါက ထွက်ပြေးလွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်တော့ဘဲ သေခြင်းတရား သက်သက်သာ သူတို့အား စောင့်ကြိုနေပေမည်။

​သူတို့၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသော်လည်း ရွှမ်ရှန်း၊ ယွမ်ယို၊ နျန်ယင်နှင့် ဟွာယွီတို့သည် တစ်ဦးနှင့်တစ်ဦး စိတ်ချင်းဆက်သွယ်ကာ စကားမဆိုဝံ့ကြဘဲ မိမိတို့ဘာသာသာ တွေးတောနေကြရသည်။

​ရွှီဟွေကမူ စုမင်၏ ဆုံးဖြတ်ချက်များကို အမြဲတစေ ယုံကြည်လက်ခံခဲ့သူ ဖြစ်သည်။ ယခုအချိန်တွင်လည်း ထိုနည်းလည်းကောင်းပင်။

​ထိပ်ပြောင်ကြိုးကြာကမူ ရိုးရှင်းသော သတ္တဝါတစ်ကောင် ဖြစ်သည်။ စုမင် မည်သည့်အရာကိုပင် လုပ်ပါစေ သူအဓိက အာရုံစိုက်သည့် တစ်ခုတည်းသောအရာမှာ သလင်းကျောက်များသာ ဖြစ်ချေသည်။

​စုမင်သည် မီးတောက်များကြားတွင် မျက်လုံးမှိတ်လျက် တင်ပျဉ်ခွေထိုင်နေ၏။ သူ့မျက်နှာ အမူအရာမှာ တည်ငြိမ်ပြီး မည်သည့် စိတ်ခံစားချက်ရိပ်မျှ မတွေ့ရပေ။ သူသည် ဤနေရာသို့ မလာရောက်မီက ဤမျိုးနွယ်စုအား သတ်ဖြတ်ပစ်ရန် ဆန္ဒရှိခဲ့ဖူးသော်လည်း ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးအား အလွန်အမင်း မလိမ်ညာချင်တော့ပေ။

​သို့သော် ဘိုးဘေးကြီး၏ မျက်နှာပေါ်မှ ကြင်နာတတ်ပြီး သဘောကောင်းသော အမူအရာများက စုမင်၏ ရင်ထဲတွင် သက်ပြင်း တစ်ချက်အဖြစ် အဆုံးသတ်သွားစေခဲ့သည်။

​လူသားဆိုသည်မှာ ရှုပ်ထွေးသော သတ္တဝါများ ဖြစ်ကြသည်။ သူတို့သည် အချို့သော အရာများကြောင့် စိတ်လှုပ်ရှားတတ်ကြပြီး ရင်ထဲ၌ ထိခိုက်ခံစားရသည့်အခါ သူတို့၏ အတွေးအမြင်များလည်း ပြောင်းလဲသွားတတ်ကြသည်။ ယင်းက သဘာဝတရားပင်။

​အခြားသူများလည်း ဤသို့ သက်ရောက်မှုရှိတတ်ကြသကဲ့သို့ စုမင်အတွက်လည်း အတူတူပင် ဖြစ်သည်။

​အကယ်၍ ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးက သူ့အပေါ် ဟန်ဆောင်ပန်ဆောင်သာ ဆက်ဆံခဲ့မည်ဆိုလျှင် စုမင်၏ ရင်ကို လှုပ်ခတ်နိုင်မည် မဟုတ်ပေ။ သို့သော် သူက စုမင်အပေါ် ပို၍ သဘောကောင်းပြလေ ပို၍ ကြင်နာသော မျက်နှာထားဖြင့် ကြည့်လေလေ စုမင်၏ စိတ်ခံစားချက်များက ပို၍ ရှုပ်ထွေးလာလေလေ ဖြစ်ရသည်။

​သူသည် ဖုန်မှုန့်မီးရှို့သူတစ်ဦး မဟုတ်ပေ။ ထို့ပြင် သူသည် ဤနေရာသို့ ရည်ရွယ်ချက် တစ်ခုဖြင့် လာခဲ့ခြင်း ဖြစ်သည်။ ထိုအတွေးများကြောင့် ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးက သူ့အား ဖုန်မှုန့်မီးရှို့သူတစ်ဦးဟု ပြောသည့်အခါ စုမင်က သူမဟုတ်ကြောင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

​ဖုန်မှုန့်မီးရှို့သူ ဘိုးဘေး အမြင်တွင်မူ ဤသည်က စုမင်၏ ခေါင်းမာမှုနှင့် နာကျည်းချက်ကြောင့် ဖြစ်သည်ဟု ထင်မှတ်နေသော်လည်း အမှန်စင်စစ် စုမင်သည် သူ့အား အမှန်တရားကို ပြောပြနေခြင်းသာ ဖြစ်၏။

​ထို့ကြောင့်ပင် သူ ဤနေရာသို့ လာခဲ့ရသည့် တကယ့်အကြောင်းရင်းကိုပါ ပြောပြခဲ့ခြင်း ဖြစ်သည်။ သို့သော် သိသာထင်ရှားစွာပင် ဘိုးဘေးကြီးသည် ထိုအချက်ကို စုမင်က သူ့ထံမှ တောင်းဆိုချက်တစ်ခု ပြုလုပ်နေသည်ဟု မှားယွင်းစွာ ကောက်ချက်ချသွားခဲ့သည်။ အကယ်၍ သူက ဤတောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်လျှင် စုမင်သည် ဖုန်မှုန့်မီးရှို့သူတစ်ဦးအဖြစ် ခံယူရန် ရွေးချယ်မည်ဟု ထင်မှတ်သွားခြင်း ဖြစ်၏။

​ဤသို့ လွဲမှားစွာ နားလည်သွားရခြင်းမှာ ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးတွင် အတွေ့အကြုံ မရှိ၍ မဟုတ်သလို သူ ဉာဏ်ဖျင်း၍လည်း မဟုတ်ပေ။ အမှန်မူ အထွတ်အထိပ် ရတနာကြောင့် စုမင်၏ ရုပ်ပြောင်းလဲမှုသည် မည်သည့် အပြစ်အနာအဆာမျှ မရှိခြင်းနှင့်အတူ ထိပ်ပြောင်ကြိုးကြာက အသေးစိတ် အချက်အလက် အချို့ကို ပြုပြင်မွမ်းမံပေးထားခြင်းကြောင့် ဖြစ်သည်။

​စုမင်၏ လုပ်ကြံဇာတ်လမ်း၊ သူ၏ အမူအရာ၊ သူ၏ အကြည့်နှင့် သူပြောခဲ့သမျှ စကားလုံးတိုင်းတွင် ချို့ယွင်းချက် တစ်ခုမျှ မရှိခဲ့ချေ။

​အကယ်၍ အထွတ်အထိပ်ရတနာ၊ ထိပ်ပြောင်ကြိုးကြာနှင့် စုမင် သုံးဦးအနက်မှ တစ်ခုခုသာ လိုအပ်ခဲ့မည်ဆိုလျှင် သူတို့သည် ယခုကဲ့သို့ အခြေအနေသို့ မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်ကြောင်း ပြောနိုင်ပေသည်။

​နေ့ရက်များ ကုန်လွန်သွားပြီး စုမင်သည် မီးတောက်များကြားတွင် ဆက်ထိုင်ကာ စောင့်ဆိုင်းနေခဲ့သည်။

​တစ်လခန့် ကုန်လွန်သွားသောအခါ ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးသည် ပေတစ်ထောင်မြင့်သော မျှော်စင် အနီး မီးတောက်များ ဘေးတွင် ထွက်ပေါ်လာသည်။ သူသည် မီးလုံးကြီးအတွင်းရှိ စုမင်ကို ကြည့်လိုက်စဉ် မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်ရိပ် အချို့ ထင်ဟပ်နေ၏။

​စုမင် မျက်လုံးဖွင့်လိုက်ရာ သူ၏ ပင်ပန်းနွမ်းနယ်နေမှုကို မြင်တွေ့လိုက်ရသည်။

​"မင်း ပဉ္စမမြောက် မဟာလောကကို သွားချင်တာ တကယ်ပဲ သေချာရဲ့လား" ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးက တည်ငြိမ်စွာ မေးလိုက်သည်။

​စုမင် ခေါင်းညိတ်ပြလိုက်၏။

​"မင်း ပဉ္စမမြောက် မဟာလောကကို သွားချင်တယ်ဆိုရင် ပဉ္စမမြောက် ပင်လယ်ကို သွားဖို့အတွက် ပဉ္စမမြောက် ကျောက်တုံးလိုလိမ့်မယ်။ အဲဒီနေရာကို ရောက်ရင် ပဉ္စမမြောက် ကျောက်တုံးဟာ ဟင်းလင်းပြင်ထဲက ပဉ္စမမြောက် မဟာလောကရဲ့ ဆွဲဆောင်မှုကို ခံရပြီး အလွန် မြန်ဆန်တဲ့ နှုန်းနဲ့ အဲဒီဘက်ကို ပြေးဝင်သွားလိမ့်မယ်။ မင်းအနေနဲ့ အဲဒီကျောက်တုံးကို မြဲမြဲ ဆုပ်ကိုင်ထားဖို့ သတိရရမယ်။ ဒါမှသာ အဲဒါက မင်းကို ဟင်းလင်းပြင်နဲ့ အချိန်တွေကို ဖြတ်သန်းပြီး ခေါ်ဆောင်သွားနိုင်မှာ ဖြစ်တယ်"

​"မင်း အဲဒီကို သွားတဲ့အခါ ပဉ္စမမြောက် ကျောက်တုံးကို မင်းရဲ့ ကိုယ်ပေါ်မှာ အမြဲ ဆောင်ထားရမယ်။ ဒါက မင်း ပြန်လာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ" ထို့နောက်တွင် ဖုန်မှုန့်မီးရှို့သူ ဘိုးဘေး ခဏမျှ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ဟင်းလင်းပြင်ထဲ၌ ညာလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြား နှစ်ပြားသည် စုမင်ထံသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။ ယင်းတို့က မီးတောက်များကို ဖြတ်သန်းကာ သူ့ရှေ့တွင် လွင့်မျောနေ၏။

​စုမင် လက်ကို မြှောက်ကာ ၎င်းတို့အား ဖမ်းယူလိုက်ပြီး ဝိညာဉ်အသိဖြင့် စစ်ဆေးကြည့်လိုက်ရာ ရင်ထဲ၌ တုန်လှုပ်သွားရသည်။

​ပထမဆုံး ကျောက်စိမ်းပြားကို အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။ ပထမပိုင်းမှာ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်း အသေးစိတ်မြေပုံ ဖြစ်ပြီး ထိုအထဲ၌ ပဉ္စမမြောက် ပင်လယ်ကို ရှင်းလင်းစွာ မှတ်သားထားသည်။ ဒုတိယပိုင်းမှာမူ ကြီးမားသော အကြမ်းဖျင်း ပုံစံတစ်ခု ဖြစ်၏။ ထိုအပေါ်၌ ပဉ္စမမြောက် မဟာလောက ဟူ၍ ရေးသားထားသည်။ ထိုသည်က ပဉ္စမမြောက် မဟာလောက၏ ယေဘုယျ မြေပုံတစ်ခု ဖြစ်၏။ ထိုမြေပုံ၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သော်လည်း လူတိုင်းကို အံ့အားသင့်စေရန် လုံလောက်ပေသည်။

​အဆုံးစွန်၌မူ ဤသည်က လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့သည့် ပဉ္စမမြောက် မဟာလောက ဖြစ်နေသောကြောင့် ဖြစ်သည်။

​ဒုတိယမြောက် ကျောက်စိမ်းပြားထဲတွင်မူ မသိရသေးသော ဒေသအချို့ သေးငယ်သော အစိတ်အပိုင်းမျှသာ ပါဝင်သည်။ ထို့ပြင် ထိုနေရာကို အလွှာကိုးလွှာအဖြစ် ပိုင်းခြားထားပြီး အလွှာတိုင်းမှာ အလွန်အမင်း အသေးစိတ်ကျသည်။ အနက်ရှိုင်းဆုံး အလွှာဖြစ်သော ကိုးလွှာမြောက်တွင်မူ တောက်လောင်နေသော အနီရောင် နယ်မြေတစ်ခု ရှိ၏။ ထိုနေရာတွင် စာလုံးအချို့ မှတ်သားထားသည်မှာ ပဉ္စမမြောက် ကျောက်တုံးဟူ၍ ဖြစ်သည်။

​"ဒုတိယ ကျောက်စိမ်းပြားကတော့ ပဉ္စမမြောက် မီးဖိုရဲ့ မြေပုံပဲ။ မင်း ပဉ္စမမြောက် မဟာလောကကို သွားချင်ရင် ပဉ္စမမြောက်ကျောက်တုံး လိုအပ်ပြီး အဲဒါကို ပဉ္စမမြောက်မီးဖိုကပဲ ထွက်ရှိတာ ဖြစ်တယ်" စုမင်၏ မျက်နှာပေါ်မှ အံ့အားသင့်မှုကို ဖုန်မှုန့်မီးရှို့သူ ဘိုးဘေး မြင်တွေ့လိုက်ရသဖြင့် ဒုတိယကျောက်စိမ်းပြားအား ပေးရသည့် အကြောင်းရင်းကို ရှင်းပြလိုက်ခြင်း ဖြစ်သည်။

​စုမင် နှုတ်ဆိတ်သွားမိပြီး ရင်ထဲမှ ထိတ်လန့်မှုက ပို၍ ကြီးမားလာသည်။ ထိုမြေပုံသုံးခုအပြင် သူ အံ့အားသင့်ရသည့် အခြားအကြောင်းရင်း တစ်ခုလည်း ရှိသေး၏။ ထိုပထမဆုံး ကျောက်စိမ်းပြားပေါ်တွင် သူသည် သွေးညှီနံ့ အငွေ့အသက် တစ်ခုကို ခံစားလိုက်ရသည်။ ထိုသွေးညှီနံ့ အငွေ့အသက်မှာ ရှေးဟောင်း အငွေ့အသက်မျိုး မဟုတ်ဘဲ လတ်ဆတ်လွန်းနေသည်။

​"ဘိုးဘေး... ဒီကျောက်စိမ်းပြားကို ခင်ဗျား ဘယ်လိုရခဲ့တာလဲ" စုမင် ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးကို ကြည့်ကာ မေးလိုက်သည်။ သူ၏ မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်မှုကို ထပ်မံမြင်တွေ့လိုက်ရသောအခါ စုမင် တဖြည်းဖြည်း နားလည်သဘောပေါက်သွားမိတော့သည်။

​"ဘာမှမဟုတ်ပါဘူး။ ဒုတိယကျောက်စိမ်းပြားပေါ်က မြေပုံက ငါ့ဆီမှာ ရှိပြီးသားပါ။ ဒါပေမဲ့ ပထမအပိုင်းက မပြည့်စုံဘူး။ ငါက ပဉ္စမမြောက် ပင်လယ်ကတစ်ဆင့် ပဉ္စမမြောက် မဟာလောကကို သွားတဲ့လမ်းကို သိပေမဲ့ ငါကိုယ်တိုင် တစ်ခါမှ မသွားဖူးဘူး။ ဘယ်လိုပြန်လာရမလဲ ဆိုတာလည်း မသိဘူး။ ဒါ့အပြင် မင်း တကယ်ပဲ ပဉ္စမမြောက် မဟာလောကကို ရောက်သွားရင် မြေပုံတစ်ခု လိုလိမ့်မယ်။ ဒါကြောင့်ပဲ ငါ ပဉ္စမမြောက် ပင်လယ်ကို သွားပြီး မိတ်ဆွေဟောင်း တချို့ဆီကနေ မြေပုံတစ်ခု သွားတောင်းခဲ့တာ" သူက ပေါ့ပေါ့ပါးပါးပင် ပြောဆိုနေသော်လည်း စုမင်အနေဖြင့် ထိုစကားများ၏ နောက်ကွယ်မှ သွေးချောင်းစီး သတ်ဖြတ်မှုများကို ကြားသိနိုင်ပေသည်။

​လွန်ခဲ့သော တစ်လအတွင်း ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးသည် ပဉ္စမမြောက် ပင်လယ်တွင် မုန်တိုင်းကြီး တစ်ခုကို ဆင်နွှဲခဲ့ရမည်မှာ သေချာပြီး ပြင်းထန်သော တိုက်ပွဲကြီး တစ်ပွဲ အပြီးမှသာ ဤပထမဆုံး ကျောက်စိမ်းပြားအား လုယူနိုင်ခဲ့ခြင်း ဖြစ်မည်။ သူ့မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်မှုများက ထိုပြင်းထန်သော တိုက်ပွဲကြီး၏ သက်သေပင် ဖြစ်သည်။

​ဤသည်က အလွန် အရေးကြီးသော မြေပုံတစ်ခု ဖြစ်ပြီး အထူးသဖြင့် ပဉ္စမမြောက် မဟာလောကနှင့် သက်ဆိုင်သည့် အစိတ်အပိုင်းများ ဖြစ်သည်။ ဤကဲ့သို့သော မြေပုံကို ပိုင်ဆိုင်ထားသူများသည် မည်သို့မျှ အားနည်းသူများ မဟုတ်ကြချေ။ သို့မဟုတ်ပါက ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးအနေဖြင့် ၎င်းကို ရရှိရန် တစ်လခန့် အချိန်ယူရမည် မဟုတ်သလို ယခုကဲ့သို့ ပင်ပန်းနွမ်းနယ်စွာ ပြန်လာရမည်လည်း မဟုတ်ပေ။

​"ဒါနဲ့ မင်း တကယ်ပဲ ပဉ္စမမြောက် ကျောက်တုံးကို ရခဲ့ရင် ပဉ္စမမြောက် ပင်လယ်ကို ရောက်တာနဲ့ ဒီမြေပုံကို နောက်တစ်စောင် ကူးယူထားဖို့ သတိရပါ။ ပြီးရင် ပထမဆုံး ကျောက်စိမ်းပြားကို သမုဒ္ဒရာထဲ ချပစ်လိုက်။ အဲဒီအချိန်ကျရင် တစ်ယောက်ယောက်က လာယူလိမ့်မယ်။ သူတို့ အဲဒီကျောက်စိမ်းပြားကို ရပြီဆိုရင် မင်းကို ဒုက္ခပေးမှာ မဟုတ်တော့ဘူး" ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးက အေးဆေးစွာ ပြောသည်။

​စုမင် နှုတ်ဆိတ်သွားသည်။ ပဉ္စမမြောက် ပင်လယ်ထဲတွင် ဂြိုဟ်သား မျိုးနွယ်စုများ ရှိနေမည်ဖြစ်ပြီး သူတို့သည် မည်သူမဆို မိမိတို့၏ နယ်မြေထဲသို့ ဝင်ရောက်ခွင့်ပေးမည် မဟုတ်ကြောင်း သူ ခန့်မှန်းမိပြီးသား ဖြစ်သည်။ သို့ဆိုလျှင် သူ့လက်ထဲမှ ကျောက်စိမ်းပြားသည် သက်သေခံ အမှတ်အသားတစ်ခု ဖြစ်နိုင်သည်။ ၎င်းက သူ့အား ပဉ္စမမြောက် ပင်လယ်သို့ စိတ်ကြိုက် ဝင်ထွက်သွားလာခွင့် ပြုနိုင်ပေမည်။

​ထို့အပြင် သူ ဤသက်သေခံ အမှတ်အသားကို ပိုင်ဆိုင်ခွင့်ရခြင်းမှာ ဖုန်မှုန့်မီးရှို့သူ ဘိုးဘေး ယခုတစ်ကြိမ် အပြင်သို့ သွားရောက်ခဲ့ခြင်းနှင့် သက်ဆိုင်နေသည်။ ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးသည် သူတို့နှင့် တိုက်ခိုက်ခဲ့ရုံမျှမက အချို့သော တန်ဖိုးများကိုပါ ပေးဆပ်ခဲ့ရမည်မှာ အသေအချာပင်။

​"ကဲပါ... ကလေးတစ်ယောက်လို စိတ်ကောက်မနေပါနဲ့တော့။ အရင်တုန်းက မင်းအဖေအပေါ် ငါ မတရားခဲ့ဘူးဆိုတာ ဝန်ခံပါတယ်။ သူ့ကို လိုက်မရှာခဲ့မိလို့ သူ အပြင်လောကမှာ နှစ်ပေါင်းများစွာ လေလွင့်ခဲ့ရတာ"

​"မင်းအပေါ် ငါ ပြန်ပြီး အစားထိုးပေးမယ်လို့ ပြောခဲ့တယ်လေ။ မင်းက ပဉ္စမမြောက် မဟာလောကကို သွားချင်တယ်လို့ တောင်းဆိုလာမှတော့ ငါ့အနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးရမှာပေါ့။ ငါ့အတွက်ကတော့ အဆင်ပြေပါတယ်" ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးက စုမင်ကို ကြည့်ကာ ကြင်နာစွာ ပြုံးပြသည်။ သူ့အမူအရာမှာ မိသားစုထဲမှ လူကြီးတစ်ယောက်က အလားအလာရှိသော မျိုးဆက်သစ် လူငယ်လေးတစ်ဦးကို ကြည့်နေသည့်အလား ဖြစ်၏။

​စုမင် နှုတ်ဆိတ်နေမိသည်။ သူ့ရင်ထဲတွင် အလွန်အမင်း ရှုပ်ထွေးပွေလီသော ခံစားချက်များနှင့်အတူ နောင်တရိပ်အချို့လည်း ရောယှက်နေခဲ့သည်။

​"ကဲ အခု အဓိကအချက်ကို ပြောရအောင်။ ပဉ္စမမြောက်မီးဖို အကြောင်းပေါ့..." ဘိုးဘေး၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။ "နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ထဲမှာ ပဉ္စမမြောက်မီးဖို ဘယ်မှာရှိလဲဆိုတာ သိတဲ့သူ အလွန်ရှားပါးတယ်။ ဒါပေမဲ့ ရှေးဟောင်းတည်ရှိမှု အများစုကတော့ ပဉ္စမမြောက်မီးဖိုနဲ့ ဖုန်မှုန့်မီးရှို့သူတွေရဲ့ ဆက်နွှယ်မှုကို သိကြတုန်းပဲ"

​"ပဉ္စမမြောက်မီးဖိုဆိုတာ ငါတို့ ဖုန်မှုန့်မီးရှို့သူတွေ ကာကွယ်စောင့်ရှောက်ရတဲ့ အထွတ်အထိပ်ရတနာ ဖြစ်တယ်" ဘိုးဘေးကြီးက စုမင်ကို ကြည့်ကာ ရှင်းပြသည်။ "ဒါပေမဲ့ လူအများစုမသိတဲ့ အချက် တစ်ချက် ရှိသေးတယ်။ မင်း ဒီနေရာကို ရောက်လာနိုင်တယ်ဆိုမှတော့ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ရဲ့ အတွင်းပိုင်းက မဟာမျိုးနွယ်စုကြီး လေးခုအကြောင်း သေချာပေါက် သိမှာပါ"

​"ကောင်းကင်ဖြတ်သန်းသူတွေမှာ အတောင်ပံတွေ ရှိကြတယ်။ သုစရိုက်မြစ်တွယ်သူတွေမှာ မြွေခန္ဓာကိုယ်တွေ ရှိကြတယ်။ ပြီးတော့ ရန့်ဝူမျိုးနွယ်စုကတော့ ငါတို့နဲ့ လုံးဝ သီးခြားခွဲထွက်နေတဲ့ အုပ်စုပဲ။ သူတို့က ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေနဲ့အတူ နေထိုင်ကြပြီး သူတို့ကိုယ်တိုင်လည်း သားရဲတွေအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားကြပြီ။ အမှန်အတိုင်းပြောရရင် ရန့်ဝူမျိုးနွယ်စုဟာ သားရဲအုပ်စု တစ်စုကနေ ဆင်းသက် ဆင့်ကဲ ပြောင်းလဲလာတာလို့ ငါ သံသယရှိမိတယ်"

​"ငါတို့ရဲ့ မွေးရာပါ ရုပ်ပြောင်းလဲနိုင်စွမ်းကို ဖယ်လိုက်ရင် ဖုန်မှုန့်မီးရှို့သူတွေပဲ နည်းနည်း ပုံမှန်လူနဲ့ တူတာ။ အဲဒီအကြောင်းရင်းကို မင်းသိလား" ဖုန်မှုန့်မီးရှို့သူတို့၏ ဘိုးဘေးကြီးက ပြုံးရင်း စုမင်ကို ကြည့်လိုက်သည်။

​စုမင် ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ ပြန်ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို စိတ်မကူးနိုင်လောက်သော အတွေးတစ်ခု သူ့ဦးနှောက်ထဲတွင် ဖြစ်ပေါ်လာသည်။ ယင်းက အမြစ်တွယ်သွားပြီးနောက် စုမင်၏ ဦးခေါင်းတစ်ခုလုံးကို လွှမ်းမိုးသွားသည်အထိ ဆက်လက် ကြီးထွားလာတော့သည်။

​သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။

​"ခင်ဗျားတို့က... ပဉ္စမမြောက် မဟာလောကကနေ ပဉ္စမမြောက်မီးဖိုရဲ့ အတွင်းပိုင်းကနေ လာခဲ့ကြတာပဲ" သူက ဤစကားနှစ်ခွန်းကိုသာ ပြောလိုက်သော်လည်း ကလေးငယ်နှင့်တူသော ဘိုးဘေးကြီး၏ နားထဲသို့ ရောက်ရှိသွားသောအခါ ထိုသူက ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ သူ၏ မျက်နှာပေါ်မှ ချီးမွမ်းရိပ်များမှာ ပို၍ ထင်ရှားလာ၏။

​"ရှည်လျားတဲ့ အချိန်တွေကတည်းက အကြီးမားဆုံး ပါရမီကို ပိုင်ဆိုင်ထားတဲ့ ဖုန်မှုန့်မီးရှို့သူ တစ်ယောက် ပီသပါပေတယ်။ ဟုတ်တယ်... အတိအကျပြောရရင် ငါတို့ ဖုန်မှုန့်မီးရှို့သူတွေဟာ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်က မဟုတ်ဘူး။ ငါတို့က ပဉ္စမမြောက် မဟာလောကနဲ့ သက်ဆိုင်တာ"

​"အမှန်တော့ ငါတို့ဟာ ပဉ္စမမြောက် မဟာလောကထဲက မျိုးနွယ်စု တစ်ခုတောင် မဟုတ်ဘူး။ ပဉ္စမမြောက်မီးဖိုထဲက ရတနာဝိညာဉ် ဖရိုဖရဲ ပျက်စီးသွားပြီးနောက် ဖြစ်တည်လာတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်တယ်"

​"ငါတို့ရဲ့ မူလရုပ်သွင်ကတော့ မွေးရာပါ စွမ်းအားနဲ့ ရုပ်ပြောင်းလိုက်တဲ့ အချိန်က ပုံစံပဲ။ ဒါပေမဲ့ ပဉ္စမမြောက်မီးဖိုက နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ကို ရောက်လာပြီး ငါတို့တွေ ခန္ဓာကိုယ်အထင်အရှား ရလာတဲ့အခါမှာတော့ ငါတို့ရဲ့ သခင်ဟောင်းရဲ့ တံဆိပ်ခတ်နှိပ်မှုကို ချိုးဖျက်ပစ်ခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး ဖုန်မှုန့်မီးရှို့သူတွေဟာ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ရဲ့ အတွင်းပိုင်းမှာ ပေါ်ပေါက်လာခဲ့တာပဲ"

​"အဲဒီအချိန်ကစလို့ အလွန် ရှည်လျားတဲ့ အချိန်တွေ ကုန်လွန်ခဲ့ပါပြီ။ ငါကိုယ်တိုင်လည်း ဒါကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာတဲ့ စကားတွေက တစ်ဆင့်ပဲ သိခဲ့ရတာ။ နှမြောဖို့ကောင်းတာက အဲဒီအချိန်ကစပြီး အချိန်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီ။ ငါတို့တွေ ရတနာဝိညာဉ်တွေအဖြစ် ရှိနေပြီး ပဉ္စမမြောက်မီးဖို ထဲကနေ မထွက်ခွာရသေးခင်တုန်းက ပဉ္စမမြောက် မဟာလောကအကြောင်း အများကြီး မသိခဲ့ကြဘူး။ မဟုတ်ရင် ငါ့အနေနဲ့ မြေပုံတစ်ခု ရှာဖို့ ဒီလောက်အထိ ဒုက္ခခံစရာ လိုမှာမဟုတ်ဘူး" ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးက တိုးညှင်းစွာ ပြောလိုက်သည်။

​စုမင်သည် ၎င်း၏ အစိတ်အပိုင်းအချို့ကို ခန့်မှန်းမိခဲ့သော်လည်း ဘိုးဘေးကြီး၏ စကားများကြောင့် အလွန်အမင်း ထိတ်လန့်သွားရဆဲ ဖြစ်သည်။ ထိုထိတ်လန့်မှုများကြားတွင် အခြားဝေဝါးသော ခန့်မှန်းချက်တစ်ခု သူ့ဦးနှောက်ထဲတွင် ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

​ဤခန့်မှန်းချက်က သူ့အား တည်ငြိမ်မှု မရှိစေတော့ပေ။ အမှန်စင်စစ် ဤသည်က သူ၏ ယခင်တွက်ချက်မှုထက်ပင် ပို၍ ရူးသွပ်ပြီး ပို၍ စိတ်ကူးမယဉ်နိုင်အောင် ဖြစ်နေသည်ဟု သူထင်မှတ်မိသည်။ ၎င်းက လုံးဝမဖြစ်နိုင်လောက်ဟု ထင်ရသော်လည်း ထိုခန့်မှန်းချက်မှာ သူ၏ ထိန်းချုပ်မှုပြင်ပသို့ ရောက်ရှိကာ ဦးခေါင်းထဲတွင် ဆက်လက် ဝဲလည်နေခဲ့သည်။

​စုမင်သည် ရင်ထဲမှ ခန့်မှန်းချက်ကို အတင်းဖိနှိပ်ထားလိုက်ပြီး ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးကို ကြည့်ကာ မေးလိုက်သည်။ "ဒါဆို... ပဉ္စမမြောက်မီးဖိုရဲ့ သခင်က ဘယ်သူလဲ..."

​လူငယ်ကလေးသည် ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "မင်း အသူရာ ဖန်ဆင်းရှင်လို့ ခေါ်တဲ့ မျိုးနွယ်စုအကြောင်း ကြားဖူးလား"

​စုမင်၏ ဦးခေါင်းထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်သွားတော့သည်။

All Chapters