အခန်း ၉၇၅
Vol. 70 Ch. 975
အခန်း ၉၇၅ သက်ဝင်လာသော မီးဖို
ဖုန်မှုန့်မီးရှို့သူများ မီးဖိုကို စတင်ဖွင့်လှစ်သည့် ဒုတိယမြောက်နေ့တွင် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အတွင်းပိုင်းရှိ လေတိုက်နှုန်းက ပိုမို ပြင်းထန်လာခဲ့သည်။ ပူပြင်းသော လေပူလှိုင်းများ ကောင်းကင်ယံသို့ ထိုးတက်သွားချိန်တွင် လေပြင်းများက ထိုဒေသတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ပို၍ ဝေးကွာသော နေရာများဆီသို့ပင် ပျံ့နှံ့သွားခဲ့သည်။ လေပြင်း ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ဂြိုဟ်သား မျိုးနွယ်စုများနှင့် သားရဲများ အားလုံးမှာ လေပြင်းကို ရင်ဆိုင်ရချိန်တွင် မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကာ ထွက်ပြေးကြလေတော့သည်။
အတိတ်တုန်းက နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်းသို့ အသွား လမ်းခုလတ်၌ စုမင် ကြုံတွေ့ခဲ့ဖူးသော သားရဲများအားလုံးသည်လည်း ထွက်ပြေးနေကြ၏။ သေဆုံးရမည့် ခြိမ်းခြောက်မှုနှင့် သူတို့၏ မှတ်ဉာဏ်များထဲ၌ နက်ရှိုင်းစွာ စွဲထင်နေသော အမှတ်အသားများကြောင့် အခြားသော မျိုးနွယ်စုများက သူတို့၏ နယ်မြေအဖြစ် သတ်မှတ် ကာရံထားသည့် နယ်နိမိတ်များကိုပင် ကျူးကျော် ဖြတ်ကျော်မိသည်အထိ သူတို့ ဂနာမငြိမ် ဖြစ်နေကြသည်။ ပုန်းအောင်းနိုင်မည့် နေရာတိုင်း၌ အမျိုးအစားစုံလင်သော ရက်စက်ကြမ်းကြုတ်သည့် သားရဲများကို မြင်တွေ့နိုင်ပေသည်။ အချို့သော သတ္တဝါများမှာ သေရာပါ ရန်သူများ ဖြစ်နေကြလျှင်ပင် ဤလေပြင်းထဲတွင် တိုက်ခိုက်မည့် အရိပ်အယောင်များကို စွန့်လွှတ်လိုက်ကြပြီး တိတ်ဆိတ်စွာဖြင့်သာ ပုန်းအောင်းနေခဲ့ကြသည်။
တတိယမြောက်နေ့တွင်တော့ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်းမှ လေပြင်းများ ပျောက်ကွယ်သွားသည်။ သို့သော်လည်း အတွင်းပိုင်းနှင့် အပြင်ဘက်ပိုင်း ကြားရှိ လေတိုက်နှုန်းမှာ အမြင့်ဆုံးသို့ ရောက်ရှိနေခဲ့သည်။ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အပြင်ဘက်ပိုင်းတွင်လည်း နဂါးငွေ့တန်း လေမုန်တိုင်း တစ်ခု မွှေနှောက်တိုက်ခတ်နေခဲ့သည်။
နဝမ မျိုးနွယ်စု တည်ရှိရာ မြေပြင်ပေါ်တွင် တီကျိုမိုရှားသည် ထိုင်လျက် ကျင့်ကြံနေသည်။ သို့သော် ထိုအချိန်၌ပင် သူ့မျက်လုံးများ ပွင့်လာခဲ့ပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။ သူ လေတိုက်ခတ်မှုကို အာရုံခံမိလိုက်ပြီး မျိုးနွယ်စုဝင်များလည်း တိတ်ဆိတ်သွားကြသည်။ သူတို့သည်လည်း ပူလောင်သော လေပူများကို အာရုံခံမိကြပြီး မြေပြင်ပေါ်ရှိ သစ်ပင်ပန်းမန် အားလုံး မည်းနက်သွားကာ ပြာများအဖြစ် လွင့်ပျံသွားသည်အား မြင်တွေ့လိုက်ကြရသည်။
"ပဉ္စမမြောက် မီးဖိုပဲ" တိကျိုမိုရှားက လျင်မြန်စွာ ရေရွတ်လိုက်သည်။
နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အပြင်ဘက်ပိုင်း အစွန်းတစ်နေရာ နဝမ မျိုးနွယ်စု၏ တိုက်ကြီးနှင့် အတော်လေး ဝေးကွာသော နေရာတွင် တောင်ကြားတစ်ခု ရှိနေသည်။ ထိုနေရာ၏ လေထဲတွင် အနက်ရောင် စစ်သင်္ဘော ဆယ်စီးကျော်ခန့် ပေါလောပေါ်နေပြီး မြေပြင်ပေါ်တွင်မူ ကျင့်ကြံသူ ထောင်ပေါင်းများစွာ ရှိနေလေသည်။ ၎င်းတို့ကား အမှောင် အစောင့်အရှောက် ကိုးယောက်နှင့် စုမင်၏ အကြောက်တရားကင်းသော စစ်သည်တော်များပင် ဖြစ်ကြသည်။
နဂါးငွေ့တန်း လေပြင်းက သူတို့ကို ဖြတ်သန်း တိုက်ခတ်သွားချိန်တွင် သူတို့ သတိပြုမိလိုက်ကြသော်လည်း မည်သူကမျှ အရေးတယူ မလုပ်ခဲ့ကြပေ။ ထိုလေကို အာရုံခံမိသည့် ခဏမှာပင် ကြောင်အမျိုးသမီး၏ မျက်နှာအမူအရာကသာ ပြောင်းလဲသွားခဲ့သည်။
"ဒါက... မီးဖို မဖွင့်ခင် တိုက်ခတ်တဲ့ လောင်မြိုက်လေပြင်းပဲ"
ကံကောင်းမှု တစ်ခုခု ရရှိလိုသော မျှော်လင့်ချက်ဖြင့် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အပြင်ဘက်ပိုင်း အစွန်းသို့ အသက်စွန့်ကာ လာရောက်ခဲ့ကြသည့် ကျင့်ကြံသူ အရေအတွက်မှာ အတော်အတန် များပြားသည်။ သူတို့သည် သတိကြီးစွာ ထားနေခဲ့ကြသော်လည်း လေကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် တုံ့ဆိုင်းမနေဘဲ နောက်ကြောင်းပြန်လှည့်ကာ ထွက်ပြေးသွားသူများလည်း မနည်းမနော ရှိနေခဲ့သည်။
နဂါးငွေ့တန်း တစ်ခုစာ ဝေးကွာသော နေရာတွင်တော့ မင်နက်ဂြိုဟ် ရှိနေသည်။ ထိုအချိန်၌ ထိုနေရာရှိ လူအားလုံးသည် အရပ်မျက်နှာ တစ်ခုတည်းဆီသို့သာ စိုက်ကြည့်နေကြ၏။ ဤကား နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် ရှိရာ အရပ်ပင် ဖြစ်သည်။
ထိုနေရာတွင် အလွန် ကျယ်ပြန့်သော ဧရိယာကြီး တစ်ခုလုံးကို လွှမ်းခြုံထားသည့် မှေးမှိန်သော အနီရောင် အလင်းတန်း တစ်တန်းအား သူတို့ မြင်တွေ့နိုင်ပေသည်။
'ပဉ္စမမြောက် မီးဖို ဖွင့်လိုက်ပြီပဲ...' ဤသည်ကား မင်နက်ဂြိုဟ်ရှိ လူအားလုံး၏ ရင်ထဲတွင် ပဲ့တင်ထပ်သွားသော စကားတစ်ခွန်းပင်။
သုံးရက်အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ တတိယမြောက်နေ့ ကုန်ဆုံးသွားသောအခါ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် တစ်စင်းလုံးကို ဖုံးလွှမ်းထားသော လေပြင်းများမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။ ၎င်းသည် မုန်တိုင်း မလာမီ လေငြိမ်နေသည့် အခြေအနေနှင့် တူနေ၏။
အသေးစိတ်ကို မသိရှိသူများကမူ ဤအရာကို သိပ်ပြီး အရေးစိုက်မည် မဟုတ်ပေ။ လေပြင်း စတင် တိုက်ခတ်ချိန်နှင့် ပျောက်ကွယ်သွားချိန် ကြားရှိ ထူးဆန်းသော လေထုကို သူတို့ အာရုံခံနိုင်စွမ်း ရှိကြမည် မဟုတ်ချေ။
ဖုန်မှုန့်မီးရှို့သူများ၏ တိုက်ကြီး အလွန်ရှိ မြူခိုးများသည် လျင်မြန်စွာ ကျုံ့ဝင်သွား၏။ ၎င်းသည် ဖုန်မှုန့်မီးရှို့သူ အားလုံးကို လွှမ်းခြုံသွားသည်နှင့် တစ်ပြိုင်နက် သူတို့ နေထိုင်ရာ မြေပြင်သည်ပင်လျှင် နဂါးငွေ့တန်းထဲမှ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်အတွင်းရှိ သက်ရှိ အများစုမှာ ပုန်းအောင်းရန် နေရာတစ်ခုကို ရှာတွေ့နေကြပြီ ဖြစ်သည်။ သူတို့ တုန်ရီနေကြစဉ် မီးဖို၏ မီးတောက်များကို ရှောင်လွှဲနိုင်မည်ဟုသာ မျှော်လင့်နေကြလေသည်။
သို့သော်လည်း မီးဖိုထံမှ လေများ ပျောက်ကွယ်သွားချိန်တွင် မျက်နှာပေါ်၌ လောဘနှင့် ရူးသွပ်မှုများ ပြည့်နှက်နေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲအချို့နှင့် ရူးသွပ်နေသူ အချို့လည်း ရှိနေခဲ့သေးသည်။
ဤသတ္တဝါ အားလုံးသည် သူတို့ကိုယ်သူတို့ ပဉ္စမမြောက် မီးဖိုထဲသို့ ဝင်ရောက်ရန် ထိုက်တန်သည်ဟု ယုံကြည်ထားသူများ ဖြစ်ကြသည်။ သူတို့အတွက်မူ ပဉ္စမမြောက် မီးဖို ဖွင့်လှစ်ခြင်းမှာ ဘေးအန္တရာယ်ကြီး တစ်ခု ဖြစ်သော်လည်း ထိုအတွင်း၌ ကြီးမားသော ကံကောင်းမှု တစ်ခုက သေချာပေါက် စောင့်ကြိုနေမည်သာ ဖြစ်သည်။
ပဉ္စမမြောက် မီးဖိုဆိုသည်မှာ လူအများစုကြားတွင် ကြီးမားသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည့် နေရာတစ်နေရာ ဖြစ်သော်လည်း အချို့သော သူများ ဝင်ရောက်လိုသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ပဉ္စမမြောက် မီးဖိုနှင့် ပတ်သက်သည့် ကောလာဟလများစွာ ရှိ၏။ ထိုအတွင်းသို့ ဝင်ရောက်ပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူ အလွန် နည်းပါးသော်လည်း များပြားသော လူများ ဝင်ရောက်ရန် ကြိုးစားနေခြင်းကိုမူ မတားဆီးနိုင်ခဲ့ပေ။
အကြီးမားဆုံးသော ဆန္ဒမှာ ပဉ္စမမြောက် မီးဖိုကို ပိုင်ဆိုင်ခွင့် ရရှိရန် ဖြစ်သည်။ ဒုတိယ အကြီးမားဆုံး ဆန္ဒကမူ ပဉ္စမမြောက် မီးဖိုထဲမှ ကံကောင်းမှု တစ်ခု ရရှိရန်ပင်။
သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကမျှ ပဉ္စမမြောက် မီးဖို၏ အရှင်သခင် ဖြစ်မလာနိုင်ခဲ့ကြဘဲ တဖြည်းဖြည်းနှင့် ၎င်းမှာ ဒဏ္ဍာရီ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
စူးရှသော အလင်းရောင် တစ်တန်းသည် ပဉ္စမမြောက် မီးဖို တည်ရှိရာ နေရာမှ စတင် ပြန့်နှံ့လာခဲ့သည်။ ၎င်းသည် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြား ဝေဝါးဝါး အခြေအနေ တစ်ခုတွင် ပိတ်မိနေ၏။ ဖုန်မှုန့်မီးရှို့သူများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် မီးဖိုထဲမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။
သွေးကဲ့သို့ နီရဲသော မီးတောက်များက လှိုင်းလုံးကြီး တစ်လုံးပမာ အရပ်မျက်နှာ အသီးသီးသို့ လွှမ်းခြုံသွားသည်။ မီးတောက်များထံမှ အပူချိန် မည်မျှ ပြင်းထန်သည်ကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲပေသည်။ ၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် နဂါးငွေ့တန်းကြီး တစ်ခုလုံး အရည်ပျော်ကျတော့မည့်အလား ထင်မှတ်ရ၏။
ပေါက်ကွဲသံများ လေထဲသို့ ထိုးတက်သွားပြီး ကြမ်းတမ်းသော အသံကြီးများက နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အတွင်းပိုင်း တစ်ခွင်လုံး ပဲ့တင်ထပ်သွားသည်။ ဟင်းလင်းပြင်ထဲ၌ ထိုအသံများ ပဲ့တင်ထပ်သွားချိန်တွင် သွေးရောင် မီးပင်လယ်ကြီး တစ်စင်း အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာ၏။ ကျယ်လောင်သော ပေါက်ကွဲသံကြီးများက ထိုအချိန်တွင် ရပ်တန့်မသွားဘဲ ကောင်းကင်ဘုံ၏ စွမ်းအားကဲ့သို့ပင် မြည်ဟည်းလာတော့သည်။ မီးပင်လယ်ကြီး လွှမ်းခြုံသွားပြီးနောက် မီးတောက်အလွှာများ လိမ့်ဆင်းလာကာ အရပ်မျက်နှာ အသီးသီးသို့ ဖိတ်လျှံကျသွားလေသည်။
မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် အဆုံးအစမဲ့သော နယ်မြေကြီးကို ဖုံးလွှမ်းသွားခဲ့သည်။ ဖုန်မှုန့်မီးရှို့သူများ နေထိုင်ရာ ဒေသသည် မီးတောက်များနှင့် အနီးဆုံး ဖြစ်နေသဖြင့် ပထမဆုံး အကျိုးသက်ရောက်ခံရသည့် နေရာဖြစ်ခဲ့သည်။ ယင်းသည် သွေးရောင် မီးပင်လယ်ကြီး၏ ချက်ချင်း ဖုံးလွှမ်းခြင်းကို ခံလိုက်ရ၏။ သို့သော် ထိုနေရာတွင် ဖုန်မှုန့်မီးရှို့သူများ မရှိတော့ပေ။ ထိုနေရာအား မီးပင်လယ်က ဖုံးလွှမ်းသွားသည်နှင့် မီးတောက်များက ပိုမို ဝေးကွာသော နေရာများဆီသို့ အရှိန်အဟုန်ဖြင့် ပြန့်ထွက်သွားတော့သည်။
သူတို့၏ အမြန်နှုန်းမှာ ဖော်ပြ၍ မရနိုင်လောက်အောင်ပင်။ မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားအနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်းရှိ ဒေသငယ်လေး တစ်ခုလုံး သွေးရောင်လွှမ်းသွားခဲ့သည်။ မီးပင်လယ်ကြီးသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်း၏ ဗဟိုချက် တစ်ခုလုံးကို မလွှမ်းခြုံမချင်း မီးတောက်များ ပေါက်ကွဲထွက်လာပြီး အပြင်ဘက်သို့ ဆက်လက် ပြန့်နှံ့နေခဲ့သည်။ ၎င်းကို စက်ဝိုင်းတစ်ဝိုင်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် အဝေးမှ လှမ်းကြည့်သူတိုင်းသည် ဤစက်ဝိုင်း၏ အလယ်ဗဟိုက မီးပင်လယ်ကြီး ရှိနေသည့် နေရာဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်သည်။
ယင်းသည် အပြင်ဘက်သို့ ဆက်လက် ပြန့်နှံ့နေပြီး တဝုန်းဝုန်း မြည်ဟည်းနေ၏။ မီးပင်လယ်၏ အလယ်ဗဟိုရှိ ပဉ္စမမြောက် မီးဖိုထဲမှ မီးတောက်လှိုင်းများက အဆုံးသတ် မရှိတော့မည့်အလား ဆက်တိုက် ပေါက်ကွဲထွက်ပေါ်နေသည်။
ဂြိုဟ်များ နစ်မြုပ်သွားပြီး တိုက်ကြီးများ လွှမ်းခြုံခံလိုက်ရသည်။ ဂြိုဟ်များ တုန်ခါသွားကာ တိုက်ကြီးများ ပြိုကွဲသွား၏။ ထိုအထဲတွင် ပုန်းအောင်းနေကြသော သက်ရှိများ အားလုံးသည် တစ်လနီးပါးခန့် ကြာမြင့်မည့် ပူပြင်းသော လှိုင်းလုံးများကို အံကြိတ်ခံကြရမည် ဖြစ်သည်။ သို့မဟုတ်ပါက သူတို့ သေဆုံးကြရပေမည်။
မီးပင်လယ်ကြီး လိမ့်ဆင်းလာပြီး နဂါးငွေ့တန်း တစ်လျှောက် ပြန့်နှံ့သွားချိန်တွင် ဟင်းလင်းပြင် သားရဲ တစ်ကောင်မှာ မီးတောက်များ၏ လွှမ်းခြုံခြင်းကို မခံရသေးပေ။ သူသည် ကြောက်ရွံ့တုန်လှုပ်စွာ အူနေပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ နောက်သို့ အတင်း ပြေးထွက်နေခဲ့သည်။ သူသည် မူလက ဤနေရာမှ မဟုတ်ဘဲ ရွှီဟွေ၏ ယဉ်ပါးအောင် သွေးဆောင်မှုကို ခံထားရခြင်းသာ ဖြစ်သည်။ သူသည် စုမင်နှင့် အဖွဲ့ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့သော ဟင်းလင်းပြင် သားရဲကြီးပင် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် အကြောက်တရားက သူ့တစ်ကိုယ်လုံးကို ကြီးစိုးထားခဲ့သည်။ သူသည် ရူးသွပ်စွာ ရှေ့သို့ ပြေးထွက်နေခဲ့သော်လည်း သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။ မီးပင်လယ်ကြီးက သူ့အနောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုနေရာ တစ်ဝိုက်ကို လွှမ်းခြုံထားသော မီးတောက်များ၏ အခြေအနေမှာ ဖော်ပြရန်ပင် ခက်ခဲသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ နီးကပ်လာခဲ့သည်။ ပူပြင်းသော လှိုင်းလုံးများကြောင့် နဂါးငွေ့တန်းကြီး ကွေးကောက် ပုံပျက်သွားကာ ဟင်းလင်းပြင် သားရဲကြီးက မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ဟိန်းဟောက်လိုက်လေသည်။
သို့သော် သူသည် မည်သည့် တုံ့ပြန်မှုကိုမျှ မရရှိခဲ့ပေ။ အနောက်ဘက်ရှိ မီးပင်လယ်ကြီးကလည်း သူ့အပေါ် သနားညှာတာမှု အလျဉ်းမရှိချေ။ ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲသံကြီးများ ပဲ့တင်ထပ်သွားသည်နှင့် မီးပင်လယ်ကြီးသည် လှိုင်းလုံးကြီး တစ်လုံးကို ဖန်တီးကာ ရှေ့သို့ လိမ့်ဆင်းလာခဲ့သည်။ အမှန်တကယ်တွင် မီးပင်လယ်ထဲ၌ ရုန်းကန်နေရသော ရက်စက်ကြမ်းကြုတ်သည့် သားရဲ အမြောက်အမြားပင် ပါဝင်နေခဲ့သည်။ မိကျောင်းသားရဲကြီး၏ မျက်စိရှေ့တွင်ပင် ထိုသားရဲများ၏ ခန္ဓာကိုယ်များ မီးကျွမ်းသွားကြသော်လည်း သူတို့၏ စူးရှသော နာကျင်အော်ဟစ်သံများမှာ မီးပင်လယ်ထံမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ အောက်တွင် ဖုံးလွှမ်း နစ်မြုပ်သွားလေသည်။
ဟင်းလင်းပြင် သားရဲကြီးက မီးပင်လယ်ကြီး သူ့ထံသို့ လိမ့်ဆင်းလာပြီး ဝါးမျိုတော့မည့် အချိန်ကို မြင်လိုက်ရစဉ် နဂါးငွေ့တန်းထဲတွင် ပုံရိပ်တစ်ရိပ် ပေါ်ထွက်လာခဲ့သည်။ ထိုပုံရိပ်မှာ အံ့မခန်း မြင့်မားသည်။ သူက ဟင်းလင်းပြင် သားရဲကြီးအပေါ် သူ၏ လက်ဝါးကို ဖိချလိုက်ရာ ၎င်းမှာ ချက်ချင်းပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။ ထိုသူက နောက်သို့ လှည့်ကာ သူ့ထံသို့ ရိုက်ခတ်လာသော မီးပင်လယ်ကြီးကို တစ်ချက် ကြည့်လိုက်ပြီးနောက် တုံ့ဆိုင်းနေခြင်း မရှိဘဲ အဝေးဆီသို့ ထွက်ခွာသွားလေသည်။
ဤသူကား သဘာဝကျစွာပင် စုမင် ထိန်းချုပ်ထားသော အထွတ်အထိပ် ရတနာ ခန္ဓာပင် ဖြစ်သည်။
လွန်ခဲ့သော သုံးရက်က သူသည် မီးဖိုအနီးတွင် ရှိနေခဲ့သော်လည်း ထိုနေရာ၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ခြင်း မရှိပေ။ ယင်းအစား သူ ထွက်ခွာလာခဲ့သည်။ ယခုအချိန်တွင် စုမင်၏ အနောက်ဘက်၌ မီးပင်လယ်ကြီးက အရှိန်အဟုန်ဖြင့် ဖိကပ်လာနေသော်လည်း သူ့မျက်နှာအမူအရာမှာ အလွန် တည်ငြိမ်နေခဲ့သည်။ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် အဝေးဆီသို့ ပြေးထွက်သွားလေသည်။
သူသည် ဖုန်မှုန့်မီးရှို့သူများ၏ နယ်မြေအနီးရှိ ရွှေ့ပြောင်းခြင်း ဝဲဂယက်ထံသို့ သွားလိုခဲ့သည်။ ထိုအချိန်၌ သူသည် အထွတ်အထိပ် ရတနာမှ ဖန်တီးထားသော ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားပြီး သူ တစ်ကြိမ်တစ်ခါမျှ မပိုင်ဆိုင်ဖူးသေးသော စွမ်းအားမျိုးကို ထုတ်ဖော်နိုင်ပေသည်။ ဤလက်ရှိ စွမ်းအားကို ငှားရမ်း အသုံးပြုပြီး မီးဖိုထဲမှ မီးပင်လယ်အတွင်း ခရမ်းရောင် မီးလျှံများ မပေါ်ထွက်လာမီ နာကြည်းမှု ဝေကို ယဉ်ပါးအောင် သွေးဆောင်ချင်နေခဲ့သည်။
စုမင်အတွက်မူ ထိုသတ္တဝါသည် ပဉ္စမမြောက် မီးဖိုထဲသို့ ဝင်ရောက်နိုင်မည့် သော့ချက်တစ်ခု ဖြစ်သည်။ တီကျိုမိုရှား၏ စကားများအရ သူ ဝင်ရောက်နိုင်သေးသည် မှန်သော်လည်း ၎င်းမှာ အလွန်တရာ ကြီးမားသော စိန်ခေါ်မှု တစ်ခု ဖြစ်ပေမည်။ ဖုန်မှုန့်မီးရှို့သူ ဘိုးဘေး၏ စကားများနှင့် ပတ်သက်၍မူ စုမင်က သူ့ကို မယုံကြည်ခြင်း မဟုတ်ဘဲ ထိုစကားများအား ချိန်ဆကြည့်ရန် လိုအပ်နေခြင်းသာ ဖြစ်သည်။
'ငါက ဖုန်မှုန့်မီးရှို့သူ မဟုတ်ဘူးဆိုတာကို သူ သိသွားတယ်ဆိုတာ ရှင်းနေပေမဲ့ ငါ့အတွက် မီးဖိုကို ဖွင့်ပေးခဲ့သေးတယ်။ သူက ဖုန်မှုန့်မီးရှို့သူတွေ ငါ့အပေါ်မှာ ထားခဲ့တဲ့ ကျေးဇူးကို ငါ့ကို အမှတ်ရစေချင်နေတာလား...'
'ဒါပေမဲ့ ပဉ္စမမြောက် မီးဖိုထဲ ဝင်ရတာသာ အဲဒီလောက် လွယ်ကူနေမယ်ဆိုရင် ဒါက နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေထဲက တစ်ခု ဖြစ်နေမှာ မဟုတ်ဘူး။ ဒီလို သဘောတရားနဲ့ ကောက်ချက်ချရမယ်ဆိုရင် မီးဖိုက စမ်းသပ်မှု တစ်ခုပဲ။ ငါသာ အထဲကို ဝင်နိုင်မယ်ဆိုရင် ဖုန်မှုန့်မီးရှို့သူတွေရဲ့ ကျေးဇူးကို ငါ လက်ခံရလိမ့်မယ်။ တကယ်လို့ ငါ မဝင်နိုင်ဘဲ မီးတောက်တွေထဲမှာ သေသွားခဲ့မယ်ဆိုရင်တော့ အဲဒါက ဖုန်မှုန့်မီးရှို့သူတွေနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး'
စုမင် ရှေ့သို့ ပြေးထွက်သွားစဉ် မျက်ဝန်းထဲတွင် စဉ်းစားတွေးတောနေသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။ သို့သော် အချိန်အတော်ကြာပြီးနောက် သူ့မျက်နှာအမူအရာထက်တွင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုက တောက်ပလာခဲ့သည်။
'ထားလိုက်ပါတော့လေ။ အတိတ်တုန်းက ငါ့ဆရာရဲ့ အသက်ကို လိုက်ပြီး ခြိမ်းခြောက်ခဲ့တာတွေ အတွက် ဖုန်မှုန့်မီးရှို့သူတွေကို ငါ အပြစ်ပေးတော့မှာ မဟုတ်ဘူး'
စုမင် ခေါင်းခါလိုက်ပြီး ဤအကြောင်းကို ဆက်မတွေးတောတော့ပေ။ ယင်းအစား အနောက်ဘက်ရှိ မီးပင်လယ်ကြီးက ရှေ့သို့ လိမ့်ဆင်းလာရင်း ပိုမို ကြမ်းတမ်းလာချိန်တွင် သူသည် ဖုန်မှုန့်မီးရှို့သူများ၏ နယ်မြေအလွန်ရှိ ရွှေ့ပြောင်းခြင်း ဝဲဂယက် တည်ရှိရာ နေရာဆီသို့ ပြောင်းလဲ ဦးတည်လိုက်လေသည်။
သူ ထိုဝဲဂယက်ဘေးသို့ ဆင်းသက်လိုက်သည်နှင့် သူ့မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ချက် တောက်ပသွား၏။ သူ တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီး ဤသည်မှာ သူ့အတွက် အလွန် ရှားပါးသော အဖြစ်အပျက် တစ်ခုပင် ဖြစ်သည်။ သို့သော်လည်း ချက်ချင်းဆိုသလိုပင် ထိုမသေချာ မရေရာမှုများ ပျောက်ကွယ်သွားလေသည်။
'ပဉ္စမမြောက် မီးဖိုထဲကို ငါ ဝင်ချင်တယ်ဆိုရင် ဟိုကောင်လိုမျိုး မီးသားရဲ တစ်ကောင်တော့ ငါ လိုအပ်တယ်'
စုမင်က ရှေ့သို့ ကြီးမားသော ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး ရွှေ့ပြောင်းခြင်း ဝဲဂယက်ထဲသို့ ဝင်ရောက်သွားလေသည်။ အသက်ရှိုက်စာ တစ်ကြိမ် အချိန်အတွင်းမှာ သူ၏ ပုံရိပ်မှာ အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။
အသက်ရှိုက်စာ ငါးကြိမ် အကြာတွင်မူ ဟင်းလင်းပြင်ထဲ၌ ပေါက်ကွဲသံကြီးများ ပဲ့တင်ထပ်သွား၏။ ကြောက်မက်ဖွယ်ကောင်းသော မီးပင်လယ်ကြီးက ဝဲဂယက်ကို ချက်ချင်း လွှမ်းခြုံသွားပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံနှင့်အတူ ၎င်းကို ကျော်လွန်သွားလေသည်။
မီးဖိုထဲမှ မီးတောက်များ စတင် ပေါက်ကွဲထွက်လာသည့် ပထမဆုံး နေ့တွင် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်းပိုင်းရှိ ဒေသအားလုံးမှာ ပင်လယ်ပြင် တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော် ဤပင်လယ်ကြီးမှာ ဂြိုဟ်များ၊ သို့မဟုတ် ရေများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ကြမ်းတမ်းသော မီးတောက်လှိုင်းလုံး အထပ်ထပ်ဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။
ကောင်းကင်ဖြတ်သန်းသူ ဘိုးဘေး ဖန်တီးထားသော လက်ဝါးကြီးသည် မီးပင်လယ်ထဲတွင် သူ့လူများကို ကာကွယ်ပေးထားခဲ့သည်။ သုစရိုက်အမြစ်တွယ်သူများ၏ မျိုးနွယ်စုမှာ မြွေဆူးတောင် အလွှာများဖြင့် လွှမ်းခြုံထားခြင်း ခံရ၏။ သူတို့က မျိုးနွယ်စု၏ နယ်မြေအားလုံးကို ဖုံးအုပ်ထားပြီး မီးပင်လယ်ကြီး အပြင်ဘက်သို့ ပြန့်နှံ့လာခြင်းအား တားဆီးပေးထားလေသည်။
ဒုတိယမြောက်နေ့သို့ ရောက်ရှိလာချိန်တွင် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အတွင်းပိုင်းနှင့် အပြင်ဘက်ပိုင်း ကြားရှိ ဒေသသည် မီးတောက်များ ပြည့်နှက်နေသော ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နဂါးငွေ့တန်းကြီး လောင်ကျွမ်းနေ၏။ မြင့်မားသော အပူချိန်အောက်တွင် ဖြစ်ပေါ်လာသည့် ကွေးကောက်ပုံပျက်မှုများက အတိုင်းအတာများ အားလုံးကိုပါ ပုံပျက်သွားစေနိုင်မည့်အလား အမှန်တကယ် ဖြစ်လာခဲ့သည်။
နှစ်ပေါင်းများစွာ မမြင်တွေ့ခဲ့ရသော ဘေးအန္တရာယ်ကြီး တစ်ခုသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ထက်သို့ နောက်တစ်ကြိမ် ကျရောက်လာခဲ့ပြန်လေသည်။
မီးတောက်များက ဆက်လက် ပြန့်နှံ့နေဆဲ၊ သက်ရှိ အများစု ပုန်းအောင်းနေကြချိန်တွင် ရှည်လျားသော အလင်းတန်းများစွာသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ အတွင်းပိုင်းဆီသို့ အစွမ်းကုန် အရှိန်အဟုန်ဖြင့် ဦးတည် သွားနေကြသည်။ မီးပင်လယ်ကြီးက သူတို့၏ မျက်စိရှေ့တည့်တည့်တွင် ရှိနေသော်လည်း သူတို့သည် ရှေ့သို့ တိုးဝင်နေကြဆဲပင်။ သူတို့၏ ပန်းတိုင်ကား ပဉ္စမမြောက် မီးဖိုပင် ဖြစ်လေသည်။