← Chapters

အခန်း ၃၉၁

Vol. 40 Ch. 391

အခန်း ၃၉၁

Vol. 40 Ch. 391

အခန်း (၃၉၁)

ချင်နိုင်ငံ၊ ယန်နယ်မြေ၏ နယ်စပ်။

ဤနေရာတွင် လူဦးခေါင်းများဖြင့် ပြုလုပ်ထားသော ကြီးမားသည့် ကျင်းကွမ်တစ်ခုက မြက်ခင်းပြင်ပေါ်တွင် မြင့်မားစွာ တည်ရှိနေသည်။ ထိုနေရာက ရှန်ပင်းမြို့နှင့် မိုင်အနည်းငယ်သာ ဝေးသည်။ ကျင်းကွမ်းက အနံ့ဆိုးများ ပျောက်ကွယ်သွားပြီး နှင်းမြူများ ဖုံးလွှမ်းနေသောကြောင့် ပို၍ပင် ကြောက်စရာကောင်းနေသည်။

" နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ " တောင်ကုန်းလေးတစ်ခုကဲ့သို့ မြင့်မားစွာ ရှိနေသော ကျင်းကွမ်းကို ကြည့်ပြီး ကျောက်ဖုန်းက ပြုံးလိုက်သည်။ ထို့နောက် သူက အာဏာရှင်လှံကို ကိုင်မြှောက်လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

" ညီအကိုတို့ ငါမင်းတို့ကို အိမ်ပြန်ခေါ်လာနိုင်ခဲ့ပြီ။ "

ထိုစကားများကို ကြားသည်နှင့် ကျောက်ဖုန်း၏ နောက်မှ စစ်သည်များစွာက စိတ်လှုပ်ရှားသွားကြသည်။

" အိမ် "

" ငါတို့အိမ်ပြန်ရောက်လာပြီ။ "

" ကောင်းကင်ဘုံက ငါတို့ကို စောင့်ရှောက်နေတာပဲ။ "

စစ်သည်အားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ လူတစ်ယောက်စီက သွေးများစွန်းထင်နေပြီး အလွန်ပင်ပန်းနွမ်းနယ်နေပုံရသည်။ သို့သော် သူတို့က တုန်ဟူလူမျိုးမည်မျှ သတ်ဖြတ်ခဲ့သည်ကို သူတို့သာ သိသည်။ သူတို့ကို အနီးကပ်ကြည့်လိုက်လျှင် လူတိုင်းက အနက်ရောင်အဝတ်ဖြင့် ထုတ်ထားသော သေတ္တာတစ်လုံးစီကို လွယ်ထားကြသည်။

" ညီအကိုတို့ ငါတို့ အိမ်ပြန်ရောက်ပြီ။ စစ်သေနာပတိချုပ်က ငါတို့ကို အိမ်ပြန်ခေါ်လာခဲ့ပြီ။ "

" ဒီတိုက်ပွဲမှာ ငါတို့ အနိုင်ရခဲ့တယ်။ ဒီတိုက်ပွဲကြောင့် တိုင်းတစ်ပါးမျိုးနွယ်စုတွေ အကြီးအကျယ် ထိခိုက်သွားပြီ။ ​နောက်နှစ်ပေါင်းများစွာကြာအောင် ချင်နိုင်ငံကို ကျူးကျော်နိုင်မှာမဟုတ်ဘူး။ "

စစ်သည်များက ကျေနပ်စွာ ပြောလိုက်ကြသည်။ ဤတိုက်ပွဲက လေးလကျော် ကြာမြင့်ခဲ့သည်။ ကျောက်ဖုန်းက စစ်သည် ၁၂၀၀၀ ကို ဦးဆောင်ပြီး တိုင်းတစ်ပါးမျိုးနွယ်စုများကြားသို့ ဝင်ရောက်သွားခဲ့သည်။ အထိအခိုက်အကျအဆုံးကလည်း အလွန်များပြားခဲ့သည်။ စစ်သည် ၁၂၀၀၀ တွင် ငါးထောင်မပြည့်ဘဲ ပြန်လာခဲ့ရသည်။

ကျန်းဟန်၏ စစ်သည်နှစ်ထောင်ကို ထည့်တွက်လျှင် ဤတိုက်ပွဲ၌ စစ်သည် ခြောက်ထောင်နီးပါး ကျဆုံးသွားခဲ့သည်။ သူတို့ သတ်ဖြတ်ခဲ့သော တုန်ဟူလူမျိုးများနှင့်ယှဉ်လျှင် ထိုအရေအတွက်က မများလှပေ။ သို့သော် ကျောက်ဖုန်းအတွက်မူ ထိုရဲဘော်ရဲဘက်များက သေခြင်းရှင်ခြင်းများကြားတွင် အတူတူတိုက်ပွဲဝင်ခဲ့ကြသော ညီအကိုများ ဖြစ်ကြသည်။

" ညီအကိုတို့ အိမ်ပြန်ကြမယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ အော်ဟစ်ပြီး မြင်းကိုမောင်းနှင်လိုက်သည်။

ချင်စစ်သည်များကလည်း တက်ကြွစွာဖြင့် ချင်နယ်စပ်သို့ အရှိန်ပြင်းစွာ မောင်းနှင်သွားကြသည်။ တိုင်းတစ်ပါးမျိုးနွယ်စု၏ နယ်မြေတွင် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ပြီးနောက် သူတို့​က နောက်ဆုံးတွင် အိမ်ပြန်ရပြီဖြစ်သည်။

ရှန်ပင်းမြို့။

တုဆွေနှင့် လီယောင်တို့က စစ်သည်နှစ်သိန်းကို ဦးဆောင်ပြီး ဤနေရာတွင် တပ်စွဲထားကြသည်။ ၎င်းက ဘုရင်အမိန့်တော်ဖြစ်သည်။ မြောက်ဘက်နယ်စပ်မှ သတင်းဆိုးတစ်ခု ကြားရသည်နှင့် ရှန်ပင်းမြို့တွင် တပ်စွဲထားသော တပ်ဖွဲ့များက မြောက်ဘက်ကို စတင်တိုက်ခိုက်မည်ဖြစ်သည်။

ယခင်ကနှင့်ယှဉ်လျှင် ရှန်ပင်းမြို့က လူသူကင်းမဲ့နေသည်။ အိမ်ထောင်စုတိုင်းနီးပါးက တိုင်းတစ်ပါးမျိုးနွယ်စုများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ တိုင်းတစ်ပါးမျိုးနွယ်စုများ ကျူးကျော်လာသည့်နေ့က သူတို့အတွက် လုံးဝ မေ့မရနိုင်သော အိမ်မက်ဆိုးတစ်ခု ဖြစ်ပေလိမ့်မည်။

" မြန်မြန် မြို့တံခါးဖွင့်ကြ။ စစ်သေနာပတိချုပ် ပြန်လာပြီ။ "

" မြို့တံခါးဖွင့်ကြ။ "

ကင်းထောက်အချို့က မြို့တံခါးသို့ မြင်းစီးလာပြီးကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

၎င်းကို ကြားသောအခါ မြို့စောင့်တပ်မှူးက စိတ်လှုပ်ရှားသွားပြီး ချက်ချင်း အော်ဟစ်လိုက်သည်။

" တံခါးတွေ ဖွင့်လိုက်ကြ။ စစ်သူကြီးနှစ်ယောက်ကို ချက်ချင်း အကြောင်းကြားလိုက်။ စစ်သေနာပတိချုပ် အောင်ပွဲယူပြီး ပြန်လာပြီ။ "

ချင်နိုင်ငံအတွက် ကျောက်ဖုန်းက သူရဲကောင်းတစ်ယောက်ဖြစ်ပြီး စစ်တပ်နှင့် ပြည်သူများကြားတွင် သူ၏ ဂုဏ်သတင်းက ပြိုင်ဘက်ကင်းသည်။ ဝူအန်းစခန်းမှ စစ်သည်များအတွက်မူ ကျောက်ဖုန်းကို စစ်တပ်၏ စိတ်ဝိညာဉ်ဖြစ်သည်။

" ကောင်းတယ်။ စစ်သေနာပတိချုပ် ပြန်ရောက်လာပြီ။ "

" စစ်သေနာပတိချုပ် ပြန်ရောက်လာတာ ငါတို့စခန်းအတွက် ကံကောင်းခြင်းပဲ။ "

" ထောက်ပို့တပ်ကို ဝိုင်နဲ့ အသားတွေ ပြင်ခိုင်းထားလိုက်။ "

စိတ်လှုပ်ရှားနေသော အသံများက မြို့ရိုးပေါ်တွင် ပဲ့တင်ထပ်နေသည်။ ကျောက်ဖုန်း၏ အောင်ပွဲက ချင်အတွက်သာမက ဟွာရှလူမျိုးတစ်ခုလုံးအတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။

သတင်းပျံ့သွားသည်နှင့်အမျှ မြို့သူမြို့သားများက လုပ်လက်စအလုပ်များကို ချပြီး လမ်းမကြီးတစ်လျှောက် စုရုံးလာကြသည်။ မျက်စိတစ်မှိတ်အတွင်း မြို့သူမြို့သား အားလုံးနီးပါးက အပြင်သို့ ထွက်လာကြသည်။

ထိုအချိန်တွင် တုဆွေနှင့် လီယောင်တို့က မြို့အတွင်းမှ မြို့တံခါးသို့ လျင်မြန်စွာ ထွက်ခွာသွားကြသည်။ စုရုံးနေကြသော လူများကို မြင်သောအခါ သူတို့က မှင်သက်သွားကြသည်။

" ဒီလိုဆောင်းရာသီ နှင်းတွေကျနေတဲ့ အချိန်မှာတောင် သူတို့က ဒီမှာ လာစုရုံးနေကြတယ်။ စစ်သေနာပတိချုပ်က တုန်ဟူနယ်မြေထဲကို ဝင်ရောက်သွားတာ ချင်နယ်စပ် ငြိမ်းချမ်းဖို့တင်မဟုတ်ဘဲ သူတို့လက်ချက်နဲ့ သေဆုံးသွားတဲ့ ယန်ပြည်သူတွေအတွက် လက်စားချေဖို့လည်း ဖြစ်တယ်။ ဒါကြောင့် သူတို့က စစ်သေနာပတိချုပ်ကို ဒီမှာ လာကြိုဆိုနေတာပဲ။ " တုဆွေက ​ပြောလိုက်သည်။

"စစ်သေနာပတိချုပ်က ချင်နိုင်ငံရဲ့ စစ်သည်တွေနဲ့ ပြည်သူတွေရဲ့ လေးစားမှုနဲ့ တကယ်ထိုက်တန်တယ်။ " လီယောင်က ပြောလိုက်သည်။

" ဒါနဲ့ စစ်သေနာပတိချုပ် ပြန်ရောက်တာကို မိန်းကလေးကျောက်ကို အကြောင်းကြားပြီးပြီလား။ "တုဆွေက ရုတ်တရက် မေးလိုက်သည်။

" ကုသရေးစခန်းကို လူတစ်ယောက် လွှတ်ပြီးပါပြီ။ " လီယောင်က ပြုံး၍ ပြောလိုက်သည်။ ကျောက်ယင်အကြောင်းကြားသောအခါ သူ၏ မျက်လုံးများမှ ချစ်ခင်မြတ်နိုးမှုများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

၎င်းကို မြင်သောအခါ တုဆွေက ခေါင်းခါလိုက်သည်။ ကျောက်ရင် စရောက်သည့်အချိန်မှ စပြီး လီယောင်က သူမကို လိုက်လံပိုးပန်းခဲ့သည်။ ယခု နှစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း လီယောင်က လက်လျှော့ခြင်းမရှိဘဲ ဆက်လက်ပိုးပန်းနေခဲ့သည်။ ၎င်းကို စခန်းတစ်ခုလုံး သိကြသည်။

မကြာမီ မြို့တံခါးက ပွင့်သွားခဲ့သည်။ တုဆွေနှင့် လီယောင်တို့က နှင်းများ ဖုံးလွှမ်းနေသော လမ်းပေါ်မှတစ်ဆင့် မြို့တံခါးဆီသို့ လျှောက်သွားကြသည်။ အမွှေး​တိုင်တစ်တိုင် လောင်ကျွမ်းချိန်ကုန်သောအခါ မြင်းခွာသံများ ထွက်ပေါ်လာသည်။

အဝေးမှ မြင်းစီးစစ်သည် ထောင်ချီက ရှန်ပင်းမြို့သို့ ဦးတည်လာနေကြသည်။ မြို့ရှေ့သို့ ရောက်သောအခါ မြို့ရိုးပေါ်မှ စစ်သည်များနှင့် မြို့တွင်းမှ လူအားလုံးက အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။

ချင်မြင်းစီးစစ်သည်များက ငရဲပြည်မှ ထွက်လာသည့် သေမင်းတမန်များနှင့် တူလှသည်။ သူတို့အားလုံးက ပင်ပန်းနေပုံရပြီး သူတို့၏ မျက်နှာများ၊ ချပ်ဝတ်များနှင့် တစ်ကိုယ်လုံးတွင် သွေးများ စွန်းထင်နေခဲ့သည်။ သူတို့ဆီမှ ထွက်လာသော သွေးနံ့ကို အဝေးမှပင် ရရှိနေသည်။ အထူးသဖြင့် အဖြူရောင်နှင်းများပေါ်တွင် သူတို့၏ ပုံစံက ပို၍ ထင်ရှားနေသည်။

" အောင်ပွဲခံပြီး ပြန်လာတဲ့ စစ်သေနာပတိချုပ်ကို ကြိုဆိုပါတယ်။ " တုဆွေနှင့် လီယောင်တို့က ရှေ့တိုးလာပြီး ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

" စစ်သေနာပတိချုပ်ကို ကြိုဆိုပါတယ်။ " မြို့တွင်းနှင့်မြို့ပြင် စစ်သည်များအားလုံးက လေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

" ကောင်းပြီ။ စကားတွေ အများကြီး မပြောတော့ဘူး။ ထောက်ပို့တပ်ကို ရေနွေးပြင်ခိုင်ထားလိုက်။ ငါနဲ့ငါ့ညီအကိုတွေ ရေမချိုးရတာ လေးလကျော်ရှိပြီ။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

"အမိန့်အတိုင်းပါ။ " နှစ်ယောက်လုံးက ပြန်ဖြေလိုက်သည်။

" ဒါနဲ့..." ကျောက်ဖုန်းက သူ၏ စစ်သည်များ နောက်မှ အနက်ရောင်သေတ္တာအထုပ်များကို ကြည့်လိုက်သည်။

လေးလကျော် တိုက်ခိုက်ပြီးနောက် စစ်သည်ထောင်ချီက တုန်ဟူနယ်မြေတွင် သေဆုံးခဲ့ရသည်။ သို့သော် ကျောက်ဖုန်းက သူတို့၏ အလောင်းများကို တုန်ဟူနယ်မြေတွင် မထားခဲ့ဘဲ ပြန်ယူလာစေခဲ့သည်။ သူတို့က တုန်ဟူနယ်မြေသို့ ဝင်ရောက်ခဲ့သည်မှာ အန္တရာယ်များသော်လည်း ဘယ်သူ့ကိုမှ မစွန့်ပစ်ခဲ့ပေ။

ကျောက်ဖုန်းက သူတို့ကို အိမ်ပြန်ခေါ်လာမည်ဟု ကတိပေးခဲ့ပြီး ယခု သူတို့အားလုံးကို အိမ်ပြန်ခေါ်လာနိုင်ပြီဖြစ်သည်။

" ရှန်ပင်းမြို့နောက်မှာ ဂူတွေလုပ်ပြီး ဂုဏ်ပြုခြင်း ကမ္ဗည်းတိုင်တွေ စိုက်ထူကြ။ မနက်ဖြန် ငါကိုယ်တိုင် ဒီညီအကိုတွေရဲ့ နောက်ဆံကးခရီးကို ပို့ပေးမယ်။ " ကျောက်ဖုန်းက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။

တုဆွေနှင့် လီယောင်တို့၏ အကြည့်မှာလည်း စစ်သည်များလွယ်ထားသော အနက်ရောင်အဝတ်ထုပ်များပေါ်သို့ ရောက်သွားသည်။ ၎င်းက တုန်ဟူနယ်မြေတွင် ​သေဆုံးသွားသော သူတို့၏ ညီအကိုများ ဖြစ်ကြသည်။

" စစ်သေနာပတိချုပ် ညီအကိုတွေရဲ့ ရုပ်အလောင်းတွေကို ကျွန်တော်တို့ဆီ လွှဲပေးပါ။ " တုဆွေက ရှေ့တိုးလာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

အပြင်ဘက်မှ စစ်သည်များက သူတို့၏ လက်နက်များကို မြေကြီးထဲသို့ စိုက်ထားလိုက်ပြီး မြင်းစီးစစ်သည်များဆီသို့ အလျင်အမြန် သွားလိုက်ကြသည်။

" ညီအကိုတွေရဲ့ ရုပ်အလောင်းတွေကို သူတို့ဆီကို လွှဲပေးလိုက်။ သူတို့အတွက် အုတ်ဂူတွေ အမြန်ဆောက်လုပ်ပေးလိုက်။ " ကျောက်ဖုန်းက အော်ဟစ်လိုက်သည်။

" အမိန့်အတိုင်းပါ။ " စစ်သည်များက တစ်ပြိုင်နက် ပြောလိုက်သည်။ ထို့နောက် သူတို့က အနက်ရောင်အဝတ်ထုပ်များကို ဖြည်ပြီး စောင့်ဆိုင်းနေသော စစ်သည်များကို ပေးလိုက်ကြသည်။

" မြို့ထဲဝင်ကြမယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

တုဆွေနှင့် လီယောင်တို့က လမ်းဖယ်ပေးလိုက်ကြသည်။ ကျောက်ဖုန်းနှင့် သူ၏ စစ်သည်များက မြို့ထဲသို့ ဝင်သွားခဲ့သည်။

" အောင်ပွဲခံပြီး ပြန်လာတဲ့ စစ်သေနာပတိချုပ်ကို ကြိုဆိုပါတယ်။ ယန်ပြည်သူတွေအတွက် လက်စားချေပေးတဲ့ စစ်သေနာပတိချုပ်ကို ကျေးဇူးတင်ပါတယ်။ "

လမ်းမနှစ်ဖက်လုံးမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ပြည်သူများစွာက လမ်းမနှစ်ဖက်လုံးတွင် ဒူးထောက်ပြီး ပြောလိုက်ကြသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်ဖုန်းက အံ့အားသင့်သွားသည်။

" အားလုံးပဲထကြပါ။ အောက်က နှင်းတွေနဲ့ အန္တရာယ်များပါတယ်။ " ကျောက်ဖုန်းက ဒူးထောက်နေကြသော ပြည်သူများကို ကြည့်ပြီး ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters