အခန်း ၃၉၆
Vol. 40 Ch. 396
အခန်း (၃၉၆)
" တုန်ဟူဘုရင် ထို့ပါကျွမ်း နောက်ဆုံးတော့ မင်းနဲ့ တွေ့ရပြီပေါ့။ " ကျောက်ဖုန်းက တုန်ဟူဘုရင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
" ကျောက်ဖုန်း " တုန်ဟူဘုရင်က ကျောက်ဖုန်းကို ပထမဆုံးတွေ့ရခြင်းဖြစ်သော်လည်း ချက်ချင်း မှတ်မိလိုက်သည်။
"ငါ မင်းရဲ့ မျိုးနွယ်စုတွေကို သတ်ခဲ့တာ အလကားမဖြစ်ဘူးပဲ။ ငါ့ကို ကောင်းကောင်း မှတ်မိနေတယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။
" သူ့ကို သတ်ကြစမ်း။ " တုန်ဟူဘုရင်က ကျောက်ဖုန်းကို မုန်းတီးမှုများဖြင့် စိုက်ကြည့်ပြီး ပြောလိုက်သည်။
" သတ်ကြ။ " တုန်ဟူဘုရင်၏ ပတ်ပတ်လ်မှ တုန်ဟူမြင်းစီးစစ်သည်များက ကျောက်ဖုန်းဆီသို့ တိုက်ခိုက်လိုက်ကြသည်။
" သေစမ်း။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးပြီး သူ၏ လက်ထဲမှ လှံကို ဝှေ့ရမ်းလိုက်ရာ လှံအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
" အား.... အား...." နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ တုန်ဟူစစ်သည်ဆယ်ယောက်ကျော်က သူတို့၏ မြင်းများနှင့်အတူ သွေးများ၊ အသားစများအဖြစ် သတ်ဖြတ်ခြင်းခံလိုက်ရသည်။
" မင်း... မင်း..." တုန်ဟူဘုရင်က ထိုမြင်ကွင်းကို ကြည့်ပြီး အလွန်ထိတ်လန့်သွားသည်။
လှံတစ်ချက်ဝှေ့ရမ်းရုံနှင့် တုန်ဟူစစ်သည်ဆယ်ယောက်ကျော် သေဆုံးသွားခဲ့သည်။ သို့သော် ကျောက်ဖုန်းက ထိတ်လန့်နေသူများကို ဂရုမစိုက်ပေ။ သူက ရုတ်တရက် မြင်းကို မောင်းနှင်လိုက်ပြီး တုန်ဟူစစ်သည်များ၏ အလောင်းများကို ဖြတ်ကျော်ကာ တုန်ဟူဘုရင်ဆီသို့ ဦးတည်သွားသည်။
" ငါမင်းကို သတ်မယ်။ "တုန်ဟူဘုရင်က ကျောက်ဖုန်းကို ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
သို့သော် ထိုဓားချက်မကျရောက်မီ အေးစက်သော အလင်းတန်းတစ်ခုက လေထုကို ထိုးဖောက်သွားသည်။ အာဏာရှင်လှံက တုန်ဟူဘုရင်၏ ရင်ဘတ်ကို စိုက်ဝင်သွားသည်။
" ငါ့အတွက်တော့ မင်းက ပုရွက်ဆိတ်တစ်ကောင်လိုပဲ။ " ကျောက်ဖုန်း၏ အေးစက်သောအသံက တုန်ဟူဘုရင်၏ နားထဲသို့ ဝင်ရောက်သွားသည်။
" မင်း မင်း.... မိစ္ဆာကောင်..." တုန်ဟူဘုရင်က သူ၏ နောက်ဆုံးစကားကို ပြောပြီး နေရာတွင် လဲကျသေဆုံးသွားသည်။
" တုန်ဟူဘုရင်ကို သတ်ဖြတ်ပြီး စွမ်းရည်အမှတ် ၅၀၀ ရရှိပါတယ်။ အဆင့်သုံး ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" ဘုရင်တွေကို သတ်တာက အမြဲတမ်း အကျိုးအမြတ်များတယ်။ အဆင့်သုံး ရတနာသေတ္တာတစ်ခု။ " ကျောက်ဖုန်းက စိတ်ထဲမှ ရယ်မောလိုက်သည်။ သူက တုန်ဟူဘုရင်၏ အလောင်းကို ဆွဲမြှောက်လိုက်သည်။
" တုန်ဟူဘုရင်ကို ငါ သတ်လိုက်ပြီ။ စစ်သည်အားလုံး ငါ့အမိန့်ကို နာခံကြ။ တုန်ဟူလူမျိုးတွေ တစ်ယောက်မှ အသက်ရှင်မကျန်စေနဲ့။ သနားညှတာမှုမရှိ သတ်ပစ်ကြ။ " ကျောက်ဖုန်းက အော်ဟစ်အမိန့်ပေးလိုက်သည်။
" တုန်ဟူလူမျိုးတွေကို သတ်ကြ။ " ချင်စစ်သည်များက စိတ်အားထက်သန်စွာ ဟိန်းဟောက်လိုက်ပြီး တုန်ဟူစစ်သည်များကို ဝန်းရံသတ်ဖြတ်လိုက်ကြသည်။ မြောက်ဘက်နယ်စပ်မှ ဆီးနှင်းများက အဖြူရောင်မှ သွေးနီရောင်သို့ ပြောင်းလဲသွားခဲ့သည်။ မြေပြင်က အလောင်းများဖြင့် ပြည့်နှက်နေသည်။ ကျောက်ဖုန်းက လွတ်မြောက်သွားသော တုန်ဟူစစ်သည်များကို လိုက်လံတိုက်ခိုက်ရန် အမိန့်မပေးခဲ့ပေ။
" ထွက်ပြေးတဲ့သူတွေကို လိုက်မနေနဲ့။ စစ်မြေပြင်ကို ရှင်းလင်းပြီး ဒဏ်ရာရသူတွေကို ကုသပေးလိုက်။ တုန်ဟူစစ်သည်တွေရဲ့ အလောင်းတွေကို ခေါင်းဖြတ်ပြီး ကျင်းကွမ်းတည်ဆောက်ကြ။ " ကျောက်ဖုန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ချင်စစ်သည်အားလုံးက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လို်ကြသည်။
" ရလဒ်က ဆုံးဖြတ်ပြီးပြီ။ ယန်နယ်မြေရဲ့ အဆုံးအဖြတ်တိုက်ပွဲက ပြီးဆုံးသွားပြီ။ ဆယ်နှစ်အတွင်းမှာ တုန်ဟူက ဦးမော့လာနိုင်မှာမဟုတ်တော့ဘူး။ ဆယ်နှစ်အတွင်းမှာ ရှန်းကျိုးနယ်မြေကို စုစည်းနိုင်လိမ့်မယ်။ အချိန်ကျရင် ငါ တပ်တွေကို ဦးဆောင်ပြီး တုန်ဟူကို အမြစ်ပြတ်ချေမှုန်းပစ်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။
ရှန်ပင်းမြို့။
ကျောက်ဖုန်းက စစ်စခန်းကို ပြန်ရာက်လာခဲ့သည်။
" စစ်သေနာပတိချုပ် ရှန်းယန်က အရှင်မင်းကြီးရဲ့ သံတမန်က စခန်းမှာ စောင့်နေပါတယ်။ "
" သံတမန်လား။ " ကျောက်ဖုန်းက အံ့အားသင့်သွားသည်။
" မြောက်ဘက်နယ်စပ်ကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သွားခဲ့တာကို ချင်ဘုရင်က ဒေါသထွက်နေလောက်တယ်။ " ကျောက်ဖုန်းက မသက်မသာ ခံစားလိုက်ရသည်။
ယန်နိုင်ငံကို ဖျက်ဆီးပြီးနောက် မြောက်ဘက်နယ်စပ်ကို ဝင်ရောက်ခြင်းက သူ၏ ဆုံးဖြတ်ချက်များသာ ဖြစ်သည်။ ယန်နယ်မြေတွင် သေဆုံးနေသော အပြစ်မဲ့ပြည်သူများကို မြင်ပြီး ကျောက်ဖုန်းက သူ၏ ဒေါသကို မထိန်းချုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက မြောက်ဘက်တုန်ဟူနယ်မြေကို မြေလှန်ပစ်ခဲ့ခြင်း ဖြစ်သည်။
" ဒေါသထွက်လည်း ထွက်ပါစေတော့။ ဒီတိုက်ပွဲကြောင့် တုန်ဟူက ချင်ကို ဆယ်နှစ်ကျော်ကြာအောင် မခြိမ်းခြောက်နိုင်တော့ဘူး။ ဒါက တန်ပါတယ်။ " ကျောက်ဖုန်းက တွေးလိုက်ပြီး မြင်းပေါ်မှ ဆင်းကာ စခန်းထဲသို့ လျှောက်သွားသည်။
အထဲတွင် နန်းတွင်းကိုယ်ရံတော်တပ်မှူး ရန်ရှောင်က သူ၏ တပ်ဖွဲ့နှင့် စောင့်နေခဲ့သည်။
" စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " ရန်ရှောင်နှင့် နန်းတွင်းကိုယ်ရံတော်များက ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။
" အင်း ထကြပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် စစ်သေနာပတိချုပ်။ " နန်းတွင်းကိုယ်ရံတော်များ၏ မျက်လုံးများထဲတွင် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
" အရှင်မင်းကြီးက ဘာတွေများမိန့်ကြားလိုက်လဲ။ " ကျောက်ဖုန်းက ရန်ရှောင်ကို မေးလိုက်သည်။
" အရှင်မင်းကြီးက စစ်သေနာပတိချုပ် မြောက်ဘက်နယ်စပ်က ပြန်ရောက်တာနဲ့ မြို့တော်ကို ချက်ချင်း ပြန်လာပြီး အစီရင်ခံရမယ်လို့ အမိန့်ပေးထားပါတယ်။ " ရန်ရှောင်က လေးနက်စွာ ပြောပြီး သူ၏ ရင်ဘတ်ထဲမှ တောင်ဝင်အမိန့်တော်တစ်စောင်ကို ထုတ်လိုက်သည်။ " ဒါက အရှင်မင်းကြီးရဲ့ အမိန့်စာပါ။ စစ်သေနာပတိချုပ် ဖတ်ကြည့်လိုက်ပါဦး။ "
ကျောက်ဖုန်းက အမိန့်စာကို ယူပြီး ဖတ်ကြည့်လိုက်သောအခါ သူ၏ မျက်နှာက မဲမှောင်သွားသည်။ အမိန့်စာတွင် စာတစ်ကြောင်းသာ ပါသည်။
" တော်ဝင်အမိန့်တော်ကို မြင်ရင် ငါ့ကို မြင်သလိုပဲ။ အခုချက်ချင်း ပြန်လာခဲ့။ "
ရန်ရှောင်က အသံထွက်မပြရသည်မှာ အံ့ဩစရာမရှိပေ။ သူက မဖတ်ရဲသောကြောင့် ကျောက်ဖုန်းကို ကိုယ်တိုင် ဖတ်စေခဲ့ခြင်း ဖြစ်သည်။
" အရှင်မင်းကြီးက တကယ်ဒေါသထွက်နေပုံပဲ။ " ကျောက်ဖုန်းက စိတ်ပျက်စွာဖြင့် တွေးလိုက်သည်။ သူက ရင်ကျန့်ကို ပြန်သွားတွေ့ရမှာပင် ကြောက်သွားမိသည်။
" တပ်မှူးရန် ဒီနေ့ တိုင်းတစ်ပါးမျိုးနွယ်စုတွေကို ငါ့စစ်တပ်က ချေမှုန်းနိုင်ခဲ့ပြီ။ ပြီးတော့ မြို့တော်ကို မပြန်ခင် ငါ့ ညီမလေးကို အိမ်အရင်ပြန်ပို့ဖို့ စီစဉ်ထားတယ်။ ဒါကို ရက်နည်းနည်းလောက်ရွှေ့လို့ရမလား။ " ကျောက်ဖုန်းက ရန်ရှောင်ကို ကြည့်ပြီး မေးလိုက်သည်။
" ဒါက ..." ရန်ရှောင်က အနည်းငယ် တွန့်ဆုတ်သွားသည်။ " ကျွန်တော်က အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ပေးပို့ဖို့ လာတာပါ။ ဆုံးဖြတ်ချက်ချဖို့ အခွင့်အာဏာမရှိပါဘူး။ "
" အဲ့လိုဆိုရင်တော့ အရှင်မင်းကြီးကို အစီရင်ခံပေးဖို့ တပ်မှူးရန်ကိုပဲ ဒုက္ခပေးရတော့မှာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ရန်ရှောင်က ပြန်ပြောလိုက်သည်။
ကျောက်ဖုန်းက ကျန်းမင်ကို ကြည့်လိုက်သည်။ " သွား ငါ့ညီမကို မြန်မြန်ပြင်ဆင်ခိုင်းထားလိုက်။ ကုသရေးစခန်းက ကိစ္စတွေ အမြန်ရှင်းပြီးရင် ရှချူးကို ပြန်မယ်။ အဲ့ဒီကတစ်ဆင့် ရှန်းယန်ကို ဆက်သွားမယ်။ "
" နားလည်ပါပြီ။ " ကျန်းမင်က အမြန် ထွက်ခွာသွားသည်။
ညွှန်ကြားချက်များ ပေးပြီးနောက် ကျောက်ဖုန်းက စခန်းအတွင်းသို့ ဝင်ရောက်သွားသည်။ " ရန်သူတွေကို သတ်လို့ ရလာတဲ့ စွမ်းရည်တွေကို တွက်ချက်မယ်။ "
" ပိုင်ရှင်ရဲ့ လက်အောက်ငယ်သားတွေက ရန်သူ ၈၇၈၆၆ ယောက်ကို သတ်ပြီး စွမ်းရည်အမှတ် ၂၁၉၆၆ကို ရရှိခဲ့ပါတယ်။ "
အစစ်အမှန်ချီ - ၂၅၉၃ မှတ်
ခွန်အား - ၄၂၄၅ မှတ်
အမြန်နှုန်း - ၄၁၂၃မှတ်
ရုပ်ခန္ဓာ - ၃၂၄၁ မှတ်
စိတ်ဝိညာဉ် - ၂၃၄၅ မှတ်
သက်တမ်း - ၅၄၁၇ ရက်
" တိုင်းတစ်ပါးမျိုးနွယ်စုတွေက စွမ်းရည်အမှတ်တွေ ရနိုင်တဲ့ အရင်းအမြစ်တစ်ခုပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။ သို့သော် ယခု သူက အဆင့်မြင့်ကျင့်စဉ် ရှိနေပြီဖြစ်သောကြောင့် တစ်နေ့ကို ၁၂နာရီ ကျင့်ကြံလျှင် စွမ်းရည်အားလုံး ၅၀၀ မှတ်စီ ရနိုင်လေသည်။
" အဆင့်နှစ် ရတနာသေတ္တာနှစ်ခု၊ အဆင့်သုံး ရတနာသေတ္တာတစ်ခု။ ငါ့ကံကို နောက်တစ်ခါစမ်းကြည့်ရမယ့် အချိန်ပဲ။ ရတနာသေတ္တာတွေအားလုံး ဖွင့်မယ်။ "
" အဆင့်နှစ်ရတနာသေတ္တာတွေကို ဖွင့်နေပါပြီ။ "
" ကောင်းကင်အဆင့် အဆင့်နိမ့် ကိုယ်ပွားခွဲထုတ်ခြင်းကို ရရှိပါတယ်။ "
" အဆင့်လေး လက်နက်သန့်စင်သူ၏ အမွေအနှစ်ကို ရရှိပါတယ်။ "
" အဆင့်သုံး ရတနာသေတ္တာကို ဖွင့်နေပါပြီ။ "
" ကောင်းကင်အဆင့် အဆင့်မြင့် ဓားတစ်သောင်းအကျဉ်းထောင်ကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက်များ ထွက်ပေါ်လာသည်။
ကျောက်ဖုန်းက အလွန်ဝမ်းသာသွားသည်။
" ငါတကယ်ကံကောင်းတာပဲ။ အရင်က ဆေးဖော်စပ်သူအမွေကို ရခဲ့ပြီး အခု လက်နက်သန့်စင်သူ အမွေအနှစ်ကို ရပြန်ပြီ။ အနာဂတ်မှာ အင်ပါယာတစ်ခု ထူထောင်လို့တောင်ရတယ်။ ချင်နိုင်ငံရဲ့ နောက်ဆုံးနေ့မှာ ငါ့ရဲ့ ကိုယ်ပိုင်အင်ပါယာကို တည်ထောင်မယ်။ အဲ့ဒီအချိန်ကျရင် ငါက ထာဝရအသက်ရှည်တဲ့ အင်မော်တယ်တစ်ယောက်ဖြစ်လာလိမ့်မယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
ယခု သူ၏ စွမ်းအားများက လူသားကမ္ဘာတွင် ပြိုင်ဘက်ကင်းဖြစ်နေပြီဖြစ်သော်လည်း ဆေးဖော်စပ်ခြင်း၊ လက်နက်သန့်စင်ခြင်းတို့ကဲ့သို့ အထောက်အကူ အမွေအနှစ်များကိုလည်း သူက လိုချင်ပေသည်။ ၎င်းတို့ကလည်း စည်းမျဉ်းများကို ချိုးဖျက်ပြီး သူ့ကို အင်မော်တယ်လမ်းကြောင်းဆီ ပို့ဆောင်ပေးနိုင်သောကြောင့်ဖြစ်သည်။
" လက်နက်သန့်စင်သူ အမွေအနှစ်ကို ထုတ်ယူမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သူ၏ စိတ်အသိက တုန်ခါသွားပြီး လက်နက်သန့်စင်သူ အမွေအနှစ်၏ အသိပညာများက သူ၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။
" လက်နက်သန့်စင်ခြင်း ငါ အထောက်အကူပြု လမ်းကြောင်းတစ်ခုကို ထပ်ပြီး ကျွမ်းကျင်သွားပြန်ပြီ။ မှော်ရတနာတွေ နတ်လက်နက်တွေ ဒါက စိတ်ဝင်စားဖို့ကောင်းတယ်။ " ကျောက်ဖုန်းက မျက်လုံးများဖွင့်ပြီး ပြုံးလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့