အခန်း ၄၀၀
Vol. 40 Ch. 400
အခန်း (၄၀၀)
" ခမည်းတော် ဆရာဒီနေ့ပြောလိုက်တဲ့ စကားတွေက လွန်သွားပါတယ်။ ဒါပေမယ့် ဒါက ချင်နိုင်ငံအတွက်ပါပဲ။ လက်စားချေတဲ့ စက်ဝန်းက ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ပါဘူး။ တိုင်းတစ်ပါးသားတွေက ရှန်းကျိုးနယ်မြေကို ကျူးကျော်ပြီး ဟွာရှလူမျိုးတွေကို သတ်ဖြတ်ခဲ့တယ်။ ဒါပေမယ့် ဟွာရှလူမျိုးတွေက ကောင်းခြင်းနဲ့ ဆိုးခြင်းကို ခွဲခြားနိုင်ပါတယ်။ "
" တိုင်းတစ်ပါးသားတွေကို စစ်ရေးအရ ခြိမ်းခြောက်လို့ ရပေမယ့် သူတို့ကို လုံးဝ ဖျက်ဆီးပစ်ဖို့ မဖြစ်နိုင်ပါဘူး။ သားတော်တို့က ဂရုဏာတရားကို သုံးပြီး သူတို့ကို ပြောင်းလဲပစ်ဖို့ပဲ ဖြစ်နိုင်ပါတယ်။ ဒါအပြင် သားတော်နဲ့ ဆရာတို့ရဲ့ ဆက်ဆံရေးက ဆယ်နှစ်ရှိနေပါပြီ။ သားတော်က ဆရာတစ်ယောက်တည်းကိုပဲ အသိအမှတ် ပြုပါတယ်။ " ဖုစုက ကျယ်လောင်စွာ ပြောလိုက်သည်။
ဖုစု၏ စကားများကို နားထောင်ပြီး ရင်ကျန့်က စိတ်ပျက်မှုအပြင် ရွံရှာသော အရိပ်အယောင်များပင် ပေါ်လာသည်။
" ဂရုဏာတရားနဲ့ ပြောင်းလဲခြင်းလား။ ငါ ရင်ကျန့်ရဲ့သားက ဒီလောက်မိုက်မဲလိမ့်မယ်လို့ မထင်ထားဘူး။ ဖုန်းအာသာမရှိရင် ငါ သက်တမ်းကုန်ဆုံးတဲ့အခါ ချင်နိုင်ငံကို ဖုစုလက်ထဲသာ အပ်လိုက်ရင် ဒီနိုင်ငံက ဒုတိယမျိုးဆက်မှာတင် ပျက်စီးသွားလိမ့်မယ်။ "
" ဒါဆိုလည်း ချွန်းယွီယွဲ့ကို တစ်သက်လုံး မင်းရဲ့ ဆရာအဖြစ် သတ်မှတ်လိုက်ပါ။ " ရင်ကျန့်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ထိတ်လန့်သွားကြသည်။ ရင်ကျန့်၏ စကားများထဲမှ စိတ်ပျက်မှုကို သူတို့ သတိမထားမိဘဲ မနေပေ။
" ဟားဟား အကိုတော်က တကယ်အရူးပဲ။ ချွန်းယွီယွဲ့က ဒီလိုမိုက်မဲတဲ့ စကားမျိုးတွေ ပြောနေတာတောင် သူ့ကို ကာကွယ်ပေးနေတယ်။ ဒါက ကိုယ်ကိုကိုယ် ဖျက်ဆီးနေတာပဲ။ ခမည်းတော်က ဒီတစ်ခါ သူ့ကို တကယ်စိတ်ပျက်သွားပြီ။ " ဟူဟိုက်က စိတ်ထဲမှ ရယ်မောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ခမည်းတော်။ " ဖုစုက ဦးညွှတ်ပြီး ပြောလိုက်သည်။
ရင်ကျန့်က ဘာမှမပြောတော့ဘဲ လက်ဝှေ့ရမ်းလိုက်သည်။ နန်းတွင်းကိုယ်ရံတော်များက ချွန်းယွီယွဲ့ကို အပြင်သို့ ခေါ်ထုတ်သွားကြသည်။
" ကျောက်ဖုန်းက မြောက်ဘက်နယ်စပ်မှာ တိုင်းတစ်ပါးသားတွေကို တိုက်ခိုက်ပြီး တုန်ဟူဘုရင်ကို သတ်ဖြတ်ခဲ့တယ်။ ဒီလို အောင်မြင်မှုမျိုးက ဆုချီးမြှင့်ဖို့ ထိုက်တန်တယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ " ဒါကြောင့် ကျောက်ဖုန်းကို ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးလိုက်တယ်။ သူ့ရဲ့ ကိုယ်ရံတော်ကို သုံးထောင်အထိ ထားခွင့်ပေးလိုက်တယ်။ ရွှေတစ်သောင်း၊ ငွေဒင်္ဂါးတစ်သိန်းနဲ့ အထည်လိပ်တစ်ထောင်၊ ကျောက်စိမ်းပစ္စည်းတစ်ထောင်နဲ့ အစေခံ တစ်ထောင်တို့ကို ချီးမြှင့်လိုက်တယ်။ "
" ဒါ့အပြင် ကျောက်ဖုန်းကို ဝူအန်းကျွင်းဘွဲ့ချီးမြှင့်ပေးပြီး ဒီနေ့ကစပြီး သူ့ကို ဝူအန်းကျွင်းလို့ ခေါ်တွင်စေ။ သူ့ရဲ့ ကိုယ်ရံတော်တွေကိုလည်း ဝူအန်းကိုယ်ရံတော်တွေအဖြစ် ခေါ်တွင်စေ။ "
" ဝူအန်းကျွင်း ကျောက်ဖုန်းရဲ့ ဂုဏ်သတင်းက အထွတ်အထိပ်ထိ ရောက်သွားလိမ့်မယ်။ "
" စစ်ဦးစီးချုပ် မဖြစ်သေးပေမယ့် ဝူအန်းကျွင်းဘွဲ့နဲ့ဆို သူက စစ်ဦးစီးချုပ် သေချာပေါက်ဖြစ်လာမှာပဲ။ ကျောက်ဖုန်းရှိနေသရွေ့ ဘယ်သူမှ စစ်ဦးစီးချုပ်ရာထူးဖြစ်လာဖို့ အခွင့်အရေးရှိမှာမဟုတ်ဘူး။ "
ညီလာခံရှိ ဝန်ကြီးအားလုံးက တုန်လှုပ်သွားကြသည်။ ပိုင်ချီနောက်ပိုင်း နန်းတော်ထဲတွင် ဘယ်သူမှ ထိုဘွဲ့ကို မရရှိခဲ့ကြပေ။ ယခုအခါ ကျောက်ဖုန်းက နောက်ထပ်စံချိန်တစ်ခု ချိုးဖျက်လိုက်ခြင်းဖြစ်သည်။ ဝူအန်းကျွင်းဘွဲ့က ပိုင်ချီကို ကိုယ်စားပြုသည်ဟု ထင်ရနိုင်သော်လည်း အမှန်တကယ်တော့ ရှန်းကျိုးနယ်မြေရှိ နိုင်ငံတိုင်းတွင် ဝူအန်းကျွမ်းဘွဲ့ ပေးအပ်သော အစဉ်အလာရှိနေသည်။
" အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ကျောက်ဖုန်းအတွက် ဆုချီးမြှင့်မှုကို သူမြို့တော်ကို ရောက်ရင် တရားဝင် ကြေညာပေးမယ်။ ရန်ရှောင် ကျောက်ဖုန်း ဘယ်တော့ပြန်ရောက်မယ်လို့ ပြောလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်က ရှန်ပင်းက ကိစ္စတွေပြီးရင် သူရဲ့ မိခင်ကို နှုတ်ဆက်ဖို့ ရှချူးကို သွားမယ်လို့ ပြောပါတယ်။ အဲ့ဒါပြီးရင် ရှန်းယန်ကို ပြန်လာပါလိမ့်မယ်။ " ရန်ရှောင်က လေးစားစွာ ပြောလိုက်သည်။
" ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။
ကျောက်ဖုန်းက စစ်သည်တစ်သောင်းနှင့် ရန်သူနယ်မြေထဲသို့ ဝင်ရောက်သွားသည့်သတင်းက ပျံ့နှံ့နေခဲ့သောကြောင့် သူ၏ မိခင်က စိုးရိမ်နေမည်မှာ သေချာသည်။ ရင်ကျန့်က သူမကို နှစ်သိမ့်ချင်သော်လည်း အခွင့်အရေးမရခဲ့ပေ။
" အရှင်မင်းကြီး စစ်သေနာပတိချုပ်က တိုက်တစ်ပါးမျိုးနွယ်စုတွေကို တိုက်ရင်း ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် ထောက်ပံ့ကြေးနှစ်ဆပေးဖို့ တောင်းဆိုထားပါတယ်။ စစ်တပ်တစ်ခုလုံး စိတ်အားတက်ကြွအောင် ဒါကို လက်ခံသင့်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ " ယွီလျောင်က ကျယ်လောင်စွာ ပြောလိုက်သည်။
" ဒါကို ငါ ဘယ်လိုလုပ် သဘောမတူဘဲ နေမှာလဲ။ " ရင်ကျန့်က ပြုံးလိုက်သည်။ " ယွီချင်း မင်းကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်ပါ။ တိုင်းတစ်ပါးသားတွေကို တိုက်ခိုက်ခဲ့တဲ့ စစ်သည်တွေကို စိတ်မပျက်စေနဲ့။ "
" အမိန့်အတိုင်းပါ။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
ညီလာခံပြီးဆုံးသောအခါ ဝန်ကြီးအများအပြားက ဝမ်ကျန့်ဆီသို့ ချဉ်းကပ်လာကြသည်။
" စစ်သေနာပတိချုပ် ဂုဏ်ပြုပါတယ်။ အခု ခင်ဗျားသမက်က ဝူအန်းကျွင်းဖြစ်သွားပြီ။ "
" ဝူအန်းကျွင်းဆိုတာ ငါတို့နိုင်ငံမှာ ထွက်ပေါ်မလာတာ ကြာပြီ။ အခုတော့ ကျောက်ဖုန်းက စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့ ထိပ်ဆုံးကို ရောက်သွားပြီ။ "
" ဂုဏ်ပြုပါတယ်။ "
" အားလုံးကို ကျေးဇူးတင်ပါတယ်။ မနက်ဖြန်ကျရင် အားလုံးကို အင်မော်တယ်ဝိုင်ခန်းမမှာ ကောင်းကောင်းဧည့်ခံပါမယ်။ " ဝမ်ကျန့်က ပြုံး၍ ပြန်ပြောလိုက်သည်။
သူက ဝမ်ဝမ်ထွက်လာသည်ကို မြင်သောအခါ အခွင့်အရေးကို လက်လွတ်မခံဘဲ ဝမ်ဝမ်အနီးသို့ ချဉ်းကပ်သွားသည်။
" ဝန်ကြီးချုပ်ဝမ်ကို ကျေးဇူးတင်ရမှာပဲ။ မဟုတ်ရင် ကျုပ်သမက်က ဝူအန်းကျွင်းဘွဲ့ရမှာ မဟုတ်ဘူး။ သူပြန်ရောက်လာရင် ကျေးဇူးတင်စကား ပြောခိုင်းလိုက်ပါမယ်။ ပြီးတော့ အဲ့ဒီချွန်းယွီယွဲကို ကိုယ်တိုင်သွားတောင်ပန်ဖို့ သတိပေးလိုက်ပါ။ မဟုတ်ရင် ကျုပ်ကိုယ်တိုင် အရှင်မင်းကြီးကို အစီရင်ခံမယ်။ " ဝမ်ကျန့်က ဝမ်ဝမ်ကို ဂရုမစိုက်တော့ဘဲ ထွက်ခွာသွားသည်။
ဝန်ကြီးများကလည်း ထိုပြပွဲကို ကြည့်ရှုနေကြသည်။ ဖုစုကို ထောက်ခံသော ဝန်ကြီးများကလည်း ယခုအခြေအနေကို မြင်သောအခါ ခဏရှောင်နေရန် ဆုံးဖြတ်လိုက်ကြသည်။
ကျန်းထိုင်နန်းဆောင်။
" ဟားဟား အရှင်မင်းကြီး ဒီနေ့ ညီလာခံထဲက မြင်ကွင်းက တကယ် ကျေနပ်စရာကောင်းတယ်။ " ဝမ်ကျန့်က ရောက်လာသည်နှင့် ပြုံး၍ ပြောလိုက်သည်။
" ကျေနပ်စရာကောင်းတယ်ပေါ့။ " ရင်ကျန့်က ပြုံးလိုက်သည်။
" အားလုံးက အရှင်မင်းကြီးရဲ့ အမြော်အမြင်ကြောင့်ပဲ။ ကျောက်ဖုန်းကို စစ်ဦးစီးချုပ်ရာထူးမပေးဘဲ သူကောင်းဘွဲ့ပေးလိုက်တယ်။ ဒါက စစ်တပ်အတွင်းမှာ သူ့ရဲ့ ဂုဏ်သတင်းကို အထွတ်အထိပ် ရောက်သွားလိမ့်မယ်။ အနာဂတ်မှာ သူ အောင်မြင်မှုတွေ ရလာတဲ့အခါ စစ်ဦးစီးချုပ်ဖြစ်လာဖို့ ဘယ်သူမှတားဆီးလို့မရတော့ဘူး။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဝမ်ဝမ် ပြီးတော့ ချွန်းယွီယွဲ့ သူတို့က တကယ်စိတ်ပျက်စရာကောင်းတယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ ၎င်းက ဖုစုနှင့်လည်း ပက်သက်နေသည်။ တစ်ချိန်က သူက ဖုစုအပေါ် မျှော်လင့်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူက ပို၍ စိတ်ပျက်လာခဲ့သည်။
" အရှင်မင်းကြီး ကမ္ဘာကြီးကို စုစည်းပြီးတဲ့အခါ နန်းတော်ကိုလည်း သန့်စင်ဖို့ လိုပါလိမ့်မယ်။ " ဝမ်ကျန့်က ရိုသေစွာ ပြောလိုက်သည်။
ရင်ကျန့်၏ စိတ်ထဲတွင် ကျောက်ဖုန်းကို ချင်နိုင်ငံ၏ အနာဂတ်ဆက်ခံသူ အိမ်ရှေ့စံမင်းသားအဖြစ် သတ်မှတ်ထားသည်ကို သူသိသည်။
" အင်း ဖုန်းအာရဲ့ အထောက်အထား ပေါ်လာတဲ့ထိ စောင့်ရုံပဲ။ အချိန်ကျရင် သူတို့ဘာသာသူတို့ လှုပ်ရှားလာကြလိမ့်မယ်။ " ရင်ကျန့်က ပြုံးလိုက်သည်။
နန်းတော်မှ လူများအကြောင်းကို ရင်ကျန့်က နားလည်ထားပြီးသားဖြစ်သည်။ ယခု သူ့ခေတ်တွက် ရင်ကျန့်က နန်းတော်ကို ရဲရင့်မှု၊ အရည်အချင်းများဖြင့် ထိန်းချုပ်ထားသည်။ သူက အရည်အချင်းရှိသူများကို မြှင့်တင်ပေးပြီး အထက်တန်းလွှာများနှင့် မျိုးဆက်ဟောင်းများ၏ အာဏာကို ဖိနှိပ်ထားသည်။ သူက မျိုးဆက်ဟောင်းများနှင့် မျိုးဆက်သစ်များကို ယှဉ်ပြိုင်စေပြီး သူက ထိုင်ကြည့်နေခဲ့သည်။
သူတို့ကို ယှဉ်ပြိုင်ခိုင်းထားခြင်းက တော်ဝင်အာဏာကို ကောင်းကောင်းထိန်းချုပ်နိုင်သည်။ သို့သော် ထိုပြိုင်ဆိုင်မှုများတွင် အဓိကအချက်တစ်ခု ရှိနေသည်။ ၎င်းက ချင်နိုင်ငံ၏ ဆက်ခံသူဖြစ်သည်။ မျိုးဆက်ဟောင်းများက ဖုစုကို ထောက်ခံပြီး မျိုးဆက်သစ်များက ဟူဟိုက်ကို ထောက်ခံကြသည်။ ဘေးမှရပ်ကြည့်နေသူများလည်း ရှိသည်။
" အရှင်မင်းကြီး ယန်နိုင်ငံက ပျက်စီးသွားပြီ။ ကမ္ဘာကြီးကို စုစည်းဖို့က မဝေးတော့ဘူး။ " ဝမ်ကျန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" မှန်တယ်။ ချင်မင်းဆက်ဟောင်းတွေနဲ့ ချင်လူမျိုးတွေရဲ့ ရည်မှန်းချက်တွေကို ငါ အကောင်အထည် ဖော်နိုင်တော့မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။