← Chapters

မောက်မာတဲ့ လူသတ်သမား

Vol. 172 Ch. 2436

မောက်မာတဲ့ လူသတ်သမား

Vol. 172 Ch. 2436

ဤသည်ကို စဉ်းစားမိတော့ လင်းရီ၏ အမူအရာမှာ ပို၍ပင် နက်မှောင်သွားခဲ့တော့သည်။

သူ၏ ထက်ရှသည့် မျက်ဝန်းတစ်စုံက အမဲလိုက်နေသည့် သိန်းငှက်တစ်ကောင်နှယ် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖြန့်ကျက်သွားခဲ့ပြီး ….

စိတ်အတွင်းပိုင်း နက်ရှိုင်းသည့် တစ်နေရာ၌ ထူးဆန်းသည့် ခံစားချက် တစ်မျိုးကို ခံစားနေရ၏။ လူသတ်သမားက အနီးနားတွင် ရှိနေပြီး အေးစက်စက် အပြုံးတစ်ပွင့်ဖြင့် အခင်းမြင်ကွင်းကို တိတ်တဆိတ် ရှုစားနေလောက်သည်။

လက်ရှိ အချိန်၌ သူ နောင်တရခြင်း မရှိဟု ပြောလျှင် မုသားဆိုရာ ကျပေလိမ့်မည်။

အကယ်၍ သူသာ လာသည့် လမ်းတွင် ရွှီကျားချီကို အရာအားလုံး ရှင်းရှင်းလင်းလင်း စုံစမ်းစစ်ဆေးထားဖို့ တောင်းဆိုခဲ့မည်ဆိုပါက ယခုလို ကိစ္စမျိုး ဖြစ်လာခဲ့မှာ မဟုတ်ချေ။ မဟုတ်လည်း တွေ့တွေ့ချင်း သူ့ကို ရဲစခန်းသို့ ခေါ်ပြီး ကာကွယ်ပေးထား၍လည်း ရသည်။

သို့ပေမယ့်လည်း ကံဆိုးစွာဖြင့် လောကကြီးထဲတွင် နောင်တ တရားအတွက် ဖြေဆေးဟူသည်ကား နတ္တိပင်။

များမကြာမီ ရဲကား အချက်ပေးသံများ ဆူညံလာပြီး ထုံမင်ရဲစခန်းမှ ရဲအရာရှိများ ရောက်ရှိလို့လာသည်။ အခင်းနေရာတစ်ခုလုံးကို ချက်ချင်းပဲ စည်းတားထားလိုက်သည်။ တရားဝင် စုံစမ်းစစ်ဆေးမှုက စတင်ပြီ ဖြစ်၏။

အခင်းမြင်ကွင်းကို ဓာတ်ပုံများ ရိုက်ယူပြီးနောက် လီဟုန်ကျူး၏ ရုပ်အလောင်းကို ထမ်းစင်ဖြင့် သယ်ဆောင်သွားခဲ့ကြသည်။

လင်းရီနှင့် ထုံမင်ရဲစခန်းက ရဲဘော်များကတော့ လီဟုန်ကျူး၏ တိုက်ခန်းသို့ ရောက်လို့လာသည်။

တိုက်ခန်းက ခြောက်ဆယ်စတုရန်းမီတာခန့်မျှ ကျယ်ဝန်းပြီး ဒီဇိုင်း အပြင်အဆင်က အတော်လေး ခေတ်နောက်ကျနေပြီ ဖြစ်၏။ သို့သော်ငြားလည်း အတွင်းရှိ ပရိဘောဂပစ္စည်းများကတော့ လီဟုန်ကျူးသည် ပူပင်ကြောင့်ကြမဲ့သည့် ဘဝမျိုးတွင် နေထိုင်နေကြောင်းကို မီးမောင်းထိုးပြနေသည်။

ငါးကန်တစ်ခု ရှိသည်။ ငှက်နှစ်ကောင်ကိုလည်း မွေးထား၏။ လူများစုနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက သူ့ ဘဝအခြေအနေမှာ အတော်လေး သက်တောင့်သက်သာ ရှိလှသည်ဟု ပြော၍ရသည်။

အဆိုပါ အသေးစိတ် အချက်အလက်များအပြင် ရုန်းရင်းဆန်ခတ် ဖြစ်ထားသည့် မြင်ကွင်းများကိုလည်း လင်းရီ သတိထားမိလိုက်၏။

စားပွဲပေါ်တွင် ရေနွေးကရားအိုးက မှောက်ကျနေပြီး အခါးရည်များက နေရာအနှံ့ ပျံ့ကျဲလို့နေသည်။ လင်းရီ ညင်သာစွာ ထိတို့ကြည့်လိုက်တော့ အနည်းငယ် နွေးနေဆဲဖြစ်၏။

အရာအားလုံးက သိပ်မကြာခင် အချိန်တုန်းကမှ ဖြစ်ပျက်သွားခဲ့ခြင်းပင်။

အကယ်၍ သူသာ မိနစ်အနည်းငယ်လောက်လေး စောရောက်လာခဲ့မည်ဆိုပါက … ထွက်ပေါ်လာမည့် ရလဒ်မှာ လုံးလုံးလျားလျား ပြောင်းလဲသွားနိုင်သည်။

လက်ရှိ အချိန်တွင်တော့ လင်းရီသည် ပြင်သစ် စစ်ဘုရင်နပိုလီယံက အချိန်မိနစ်အနည်းငယ် နောက်ကျရုံမျှဖြင့် ဝါတာလူး စစ်ပွဲကို ဘာကြောင့် ရှုံးနိမ့်သွားရလဲဆိုသည့် အကြောင်းအရင်းကို ကောင်းကောင်း နားလည်သဘောပေါက်သွားခဲ့တော့၏။

ရံဖန်ရံခါတွင် မိနစ်အပိုင်းအခြားလေးကလည်း အခြေအနေတစ်ရပ်လုံးကို အဆုံးအဖြတ်ပေးသွားသည့် အခိုက်အတန့်တစ်ခု ဖြစ်နေနိုင်သည်။

အကြမ်းဖျင်း တစ်ချက် စစ်ဆေးကြည့်ပြီးနောက် လင်းရီ အပြင်သို့ ထွက်လာ၍ ကော်ရစ်ဒါ လှေကားထစ်တွင် ထိုင်ချလိုက်သည်။

ကျန်သည့် နောက်ဆက်တွဲ လုပ်ငန်းစဉ်များကိုတော့ ထုံမင် ရဲစခန်းရှိ ရဲဘော်ရဲဘက်များက ကိုင်တွယ်မှာဖြစ်ပြီး လင်းရီလည်း သူတို့နှင့် လွှဲထားပေးခဲ့ဖို့ကို စိတ်မရှိပေ။

သူ ဖုန်းထုတ်၍ ကျန်းဟွေ့ထံ ဖုန်းခေါ်လိုက်၏။

ဤကဲ့သို့သော အရေးကြီးသည့် ကိစ္စတစ်စုံတစ်ရာကို ချက်ချင်း တင်ပြဖို့ရာ လိုအပ်လေသည်။

“ အခုချိန်လောက်ဆို ရန်ကျင်းရောက်လောက်ရောပေါ့ ဟုတ်တယ်မလား …” ဖုန်းထဲတွင် ကျန်းဟွေ့၏ အသံက ထွက်ပေါ်လာခဲ့ပြီး “ ဒီညတော့ နားလိုက် … မနက်ဖြန်မှပဲ လုပ်စရာရှိတာ ဆက်လုပ်လိုက် ….”

“ ဒီမှာ ပြဿနာ တစ်ခု တက်သွားတယ် … လီဟုန်ကျူး သေပြီ ….”

“ ဘာကွ ….” ကျန်းဟွေ့ တုန်လှုပ်သွားခဲ့ပြီး “ ဘာတွေဖြစ်ခဲ့တာ … ငါ့ကို သေချာရှင်းပြစမ်း …”

လင်းရီလည်း ဖြစ်ရပ်တစ်ခုလုံးကို အသေးစိတ် တစ်ခုတစ်လေလေးပင် မချန်ရစ်ပါဘဲ ကျန်းဟွေ့ထံ ပြန်ပြောင်းပြောပြလိုက်သည်။

“ တောက် … ဒီကောင်ကတော့ တစ္ဆေလိုပဲ ….”

“ အတော်လေး ကြောက်ဖို့ကောင်းတယ် … သဲလွန်စတစ်ခုလေးတောင် ကျန်မသွားဘူး ….”

“ ကြည့်ရတာ ငါတို့ရဲ့ လှုပ်ရှားမှုတွေကို ကြိုသိပြီး လီဟုန်ကျူးကို နှုတ်ပိတ်သတ်ဖြတ်ဖို့ အထူးတလှယ်ကို အပြေးလွှား ရောက်လာခဲ့တဲ့ ပုံပဲ ….”

“ လီဟုန်ကျူး သေသွားခဲ့တဲ့ အကြောင်းအရင်းက တိုက်ပေါ်က ပြုတ်ကျလို့ မဟုတ်ဘူး … လူသတ်သမားရဲ့ ရိုက်နှက်ညှင်းပန်းတာကို ခံစားရပြီး သေသွားခဲ့တာ … ဓာတ်ငါးပါး လူသတ်မှု သီအိုရီအတိုင်းဆိုရင် သတ္တုတစ်ခုတည်း ကျန်တော့တယ် … လူသတ်သမား သုံးသွားတဲ့ လက်နက်ကလည်း သတ္တုပစ္စည်း တစ်ခုခု ဖြစ်လောက်တယ် ….” လင်းရီ ပြောလိုက်သည်။ “ ပြီးတော့ လီဟုန်ကျူးက ကျုပ်တို့ရှေ့မှာတင်ပဲ တိုက်ပေါ်က ပြုတ်ကျသွားခဲ့တာ … ဒီတော့ ကျုပ်တို့ သူ့အိမ်ရောက်လာတဲ့အချိန် လူသတ်သမားက အဆောက်အဦးထဲမှာ သေချာပေါက် ရှိကို ရှိတယ် … ဒါပေမယ့် ခြောက်လွှာအထိ ပြေးလိုက်သွားတာတောင် ဘယ်သူမှ မမြင်မိဘူး .. ဒါကြီးက အတော်လေးကို ကျိုးကြောင်းမညီဘူး … လုံးဝ မဖြစ်သင့်ဘူး ….”

“ တကယ့်ကိုပဲ ….” ကျန်းဟွေ့ ခွန်းတုံ့ပြန်လိုက်ပြီး “ မင်းပြောတဲ့ပုံစံအရဆိုရင် နစ်နာသူကို မြင်တွေ့ပြီးတာနဲ့ ချက်ချင်းပဲ အဆောက်အဦးထဲကို ပြေးတက်သွားခဲ့တယ် … အဲ့လို အခြေအနေမျိုးမှာ လူသတ်သမားမှာ တစ်ခြား ပြေးစရာ လမ်းမရှိဘူး … ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် စင်္ကြံလမ်းမှာ ရှိနေသင့်တယ် ….”

“ မင်းသူ့ကို မမြင်တွေ့လိုက်ရဘူးဆိုတာ အတော်လေးကို ပုံမှန်မဟုတ်ဘူး ….”

“ ကျုပ်လည်း အဲ့တာကိုပဲ နားမလည်နိုင် ဖြစ်နေတာ ….”

“ …. ငါ ဖြစ်နိုင်ချေ တစ်ခုတော့ စဉ်းစားမိတယ် …” ကျန်းဟွေ့ ပြောလိုက်ပြီး “ လီဟုန်ကျူးကို သတ်ပြီးတဲ့နောက်မှာ လူသတ်သမားက ထွက်မပြေးဘဲ အဲ့ဒီအစား ပုန်းနေတယ်ဆိုရင်ကော … ဘာလို့ဆိုတော့ မင်းက တိုက်ခန်းထဲကို ဝင်လို့မရဘူးလေ … မင်း ပြန်ထွက်သွားတာကို စောင့်ပြီးမှ ခိုးထွက်ပြီး ပရမ်းပတာ ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူသွားခဲ့တာ ဖြစ်ရမယ် ….”

“ အဲ့တာတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ် .. တကယ်လို့ ကျုပ်မှာ သော့ရှိနေပြီး လူတွေပါ ခေါ်လာမယ်ဆို သူ ဘယ်လိုလုပ်မှာ … ချောင်ပိတ်မိသွားမှာပေါ့ ….” လင်းရီ ပြောလိုက်ပြီး “ လူသတ်သမားရဲ့ အရည်အချင်းမျိုးနဲ့ သူ ဒီလို လုပ်ရပ်မျိုး လုံးဝ လုပ်မှာ မဟုတ်ဘူး …..”

“ လောလောဆယ် အဲ့ဒီထက်ကောင်းတဲ့ ဖြေရှင်းချက်မျိုး မရှိတော့ဘူး ….” ကျန်းဟွေ့ ခွန်းတုံ့ပြန်လာခဲ့ပြီး “ ဒီရဲ့ ဖြစ်နိုင်ချေကို အမှုစုံစမ်းဖို့ ယာယီအနေနဲ့ အသုံးချကြတာပေါ့ …”

“ လောလောဆယ် ကျုပ်တို့ တတ်နိုင်တာလည်း အဲ့လောက်ပဲ …”

လင်းရီ ခေတ္တရပ်တန့်သွားခဲ့ပြီးနောက် ဆက်ပြော၏။

“ အမှုကို ထုံမင် ရဲစခန်းက ရဲဘော်တွေ ကိုင်တွယ်နေတယ် … ကျုပ်တို့ လက်လွှဲယူလိုက်သင့်လား ….”

“ မနက်ဖြန် ငါ ထုံမင် ရဲစခန်းကို ဖုန်းဆက်လိုက်မယ် .. ငါ့ဆီက သတင်းကို စောင့်နေလိုက် ….”

“ ဒါဆိုလည်း ကောင်းပြီလေ ….”

ကျန်းဟွေ့နှင့် ခေတ္တ စကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။ ထိုစဉ် စုံစမ်းစစ်ဆေးရေး အသင်းသားများကတော့ သွားလာ လှုပ်ရှားနေကြဆဲဖြစ်၏။

လင်းရီကတော့ လှေကားထစ်များပေါ်တွင် ထိုင်နေရင်း စိတ်ထဲ၌ အမှုတစ်ခုလုံးကို ပြန်နေရာချ သုံးသပ်ကြည့်နေသည်။

လီဟုန်ကျူး သေဆုံးသွားခဲ့ရသည့် အကြောင်းအရင်းကိစ္စနှင့် ပတ်သက်၍ကတော့ လင်းရီ ဂရုစိုက်မနေတော့ချေ။ လယ်ပြင် ဆင်နင်းသကဲ့သို့ မြင်သာနေသည်။

သူ ဖော်ထုတ်စဉ်းစားဖို့ လိုသည်က လူသတ်သမား သူ့ မျက်လုံးအောက်မှ မည်ကဲ့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့လဲဆိုသည့် အကြောင်းအရင်း ပြဿနာပင်။

‘ အဲ့တုန်းက လှေကားကို ပိတ်ထားတာပါ … သူ ဘယ်လိုလုပ်ပြီးတော့များ ထွက်ပြေးသွားခဲ့တာပါလိမ့် …’

‘ ကျန်းဟွေ့ ပြောသလိုမျိုး ထွက်မသွားဘဲ အခန်းထဲ ပုန်းနေတာများလား …’

‘ ဒါပေမယ့် ဘာလို့ အဲ့လိုလုပ်ရမှာ …’

‘ သူက ငါလာနေပြီဆိုတာ ကြိုသိနေလို့များလား …’

‘ တကယ်လို့ မသိဘူးဆိုရင် အထဲမှာ ပုန်းနေတာကတော့ လုံးဝ သောက်အဓိပ္ပာယ်မရှိတာပဲ ….’

ရုတ်တရက်ဆိုသလို လင်းရီ တစ်စုံတစ်ရာကို တွေးတောမိသွားခဲပြီး လီဟုန်ကျူး၏ အိမ်ရှေ့သို့ ပြန်လာ၍ အလောင်းလွှင့်ပစ်ခံလိုက်ရသည့် ပြတင်းပေါက်အနားသို့ ရောက်လာခဲ့ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။

အောက်ဘက် မြင်ကွင်းက လုံးဝ ရှင်းလင်း မြင်သာနေသည်။ ရပ်ကွက်၏ လမ်းကျဉ်းလေးများကိုပင် သေချာကောင်းမွန်စွာ မြင်တွေ့နေရ၏။

လင်းရီ၏ မျက်နှာတစ်ပြင်လုံး မိုးကြိုးမုန်တိုင်း မဖြစ်ပေါ်မီ မိုးသားတိမ်စိုင်များနှယ် နက်မှောင်သွားခဲ့တော့သည်။

လူသတ်သမားက ဤနေရာမှနေပြီး ရဲကားချဉ်းကပ်လာသည်ကို မြင်တွေ့သွားရမည်။ ထို့ကြောင့်လည်း အလောင်းကို လွှင့်ပစ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်နိုင်သည်။

ရဲတင်းပြီး ရက်စက်မှု ။

သတိထားသည်ဆိုသော်လည်း မောက်မာနေမှု။

သဘာဝကျကျပဲ ဤသို့ ပြုလုပ်ရခြင်း အကြောင်းအရင်းက စော်ကားရန်စဖို့အတွက်ပင်။

သို့ပေမယ့်လည်း လင်းရီ ယခုအချိန်ထိတိုင် စဉ်းစားလို့ မပေါက်သေးသည်က …

(စဉ်းစားလို့ မပေါက်သေးသည်က = စဉ်းစားလို့ သဘောမပေါက်သေးသည်က )

လူသတ်သမားက သူ တက်လာမယ်ဆိုတာကို ဘယ်လိုဖြစ်ပြီး သိနေရတာလဲ …

တကယ်လို့ မသိခဲ့ဘူးဆိုရင်ကော …

ဒါက ထုံမင် ရဲစခန်းက ရဲအရာရှိတွေကို စော်ကားရန်စရုံ သပ်သပ်အတွက်ပဲလား ….

အဲ့လိုလည်း မဟုတ်သေးဘူး ….

“ အစ်ကိုရီ ….”

လင်းရီ အမှုအကြောင်း အတွေးနက်နေစဉ်မှာပဲ ရွှီကျားချီက သူ့နောက်ကျောသို့ ရောက်ရှိလာသည်။

“ အင်း … ဘာဖြစ်လို့လဲ …”

“ အခင်းနေရာကို စစ်ဆေးလို့ ပြီးသွားပြီ …. လူတိုင်းလည်း ပြန်ဖို့ ရယ်ဒီ ဖြစ်နေကြပြီ …”

လင်းရီ ခေါင်းညိတ်ပြီး “ မင်းတို့ ပြန်နှင့်ကြ … ငါဒီမှာ နေပြီး ခဏ ထပ်ကြည့်လိုက်ဦးမယ် ….”

“ ဘာလဲ … မင်းက ငါတို့ ထုံမင်ရဲစခန်းရဲ့ အရည်အချင်းကို မယုံတာလား …” လျိုရှစ်ချောင်က လှောင်ပြောင်ထေ့ငေါ့ပြီး ပြောဆိုလိုက်သည်။

“ မဟုတ်ပါဘူး ….” လင်းရီသည် သူ့ကို အဖက်လုပ် ရန်ဖြစ်ဖို့ စိတ်ရှိမနေဘဲ “ ပြန်သွားလည်း ဟိုတယ်မှာ ဘာလုပ်စရာမှ မရှိတော့ ဒီမှာ နေပြီး လှည့်ပတ်ကြည့်မလို့ပါ ….”

“ ဟက် ….” လျိုရှစ်ချောင် နှာမှုတ်ပြလိုက်ပြီး မျက်ဝန်းများထဲ အထင်သေးမှုတို့ ပြည့်နှက်နေသည်။

“ ကျားချီ … ဒီမှာ ကိစ္စတွေအားလုံး ပြီးပြီ … တစ်ခုခု သွားစားကြစို့ … အချိန်က ကွက်တိပဲ …”

“ ဒီလို အချိန်မျိုးမှာတောင် နင်က စားဖို့သောက်ဖို့ကိစ္စကို ခေါင်းထဲ ရှိနေသေးတယ်ပေါ့လေ …” ရွှီကျားချီ စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်ပြီး “ သွားချင်ရင် နင့်ဘာနင်သွား … ငါ သွားချင်စိတ် မရှိဘူး ….”

“ ငါ ပြောချင်တာက အဲ့သဘောမျိုး မဟုတ်ပါဘူးကွာ … နောက်လည်း ကျနေပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခုခုတော့ စားသင့်တယ်မဟုတ်ဘူးလား ….”

“ ငါ ဗိုက်မဆာဘူး …” ရွှီကျားချီ ဆက်ပြောလိုက်၏။ “ ဒီအမှုကို အရင်ဆုံး ဆက်သွယ်တဲ့လူက ငါပဲဆိုတော့ ငါ့ဘက်က တာဝန်ယူသင့်တယ် … နင်တို့ပဲ သွားကြ ….”

“ မင်းက ဒီတိုင်း ဆက်သွယ်ပေးရုံလောက်ပဲ လုပ်ခဲ့တာပါကွာ … ဒီလောက်ကြီး အလေးအနက်ထားစရာ မလိုပါဘူး …” လျိုရှစ်ချောင်က အလျှော့မပေးလိုဘဲ “ ပြီးတော့ ဒီအမှုက ရှင်းရှန်းရဲစခန်းနဲ့ ဆက်နွယ်နေလောက်တယ် … မင်းနဲ့ ပိုလို့တောင် ဘာမှမဆိုင်သေး …”

“ နင် အဲ့တာ ဘယ်လို စကားမျိုး ပြောလိုက်တာ …” ရွှီကျားချီ မျက်မှောင်ကြုတ်သွားခဲ့ပြီး “ ဒီအမှုက ငါတို့ ထုံမင်ရဲစခန်းရဲ့ စီရင်ပိုင်ခွင့် နယ်မြေထဲမှာ ဖြစ်သွားခဲ့တဲ့အမှု …. ရှင်းရှန်းရဲစခန်းနဲ့ ဆက်နွယ်နေတယ်ဆိုရင်တောင် စုံစမ်းစစ်ဆေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ဘက်က ပူးပေါင်းပေးဖို့ လိုတယ် … ဒီတိုင်း လျစ်လျူရှုထားလို့ ဘယ်သင့်တော်မှာ …. ကိုယ်နဲ့ မဆိုင်ဘူးဆိုတိုင်း လက်ဆေးပြီး ပြန်တယ်ဆိုတာက ဖြစ်သင့်လား … ”

စိတ်အနှောင့်အယှက် ဖြစ်နေသည့် အမူအရာက ရွှီကျားချီ၏ မျက်နှာထက်တွင် ရှင်းလင်းမြင်သာစွာ ရေးထိုးထားပြီး ပုံမှန် ရန်ကျင်းသူလေးများ၏ အကျင့်စရိုက်အတိုင်း စိတ်အတွင်းရှိ ခံစားချက်များကို မကွယ်ဝှက်ထားတတ်ကြပေ။

“ ကောင်းပြီလေ … မင်းက နေချင်တယ်ဆိုလည်း နေခဲ့ပေါ့ ….”

ရွှီကျားချီ စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေတာကို မြင်တော့ လျိုရှစ်ချောင်လဲ များများစားစား ထပ်မပြောတော့ဘဲ စိတ်မကျေမချမ်းဖြစ်စွာဖြင့် ထွက်သွားရုံသာ တတ်နိုင်လေသည်။

သို့သော် မထွက်ခွာမီ လင်းရီကို စူးစူးဝါးဝါး တစ်ချက်တော့ ကြည့်ခဲ့သေး၏။

တစ်ယောက်ပြီး တစ်ယောက် … ထုံမင် ရဲစခန်းက အရာရှိများ ထွက်ခွာသွားခဲ့ကြပြီး လင်းရီနှင့် ရွှီကျားချီတို့နှစ်ဦးသာ နောက်တွင် ကျန်နေရစ်ခဲ့လေသည်။

“ အစ်ကိုရီ … ရှင့်မှာ စုံစမ်းစရာ သဲလွန်စ အသစ်တွေ တွေ့ထားလို့လား …”

All Chapters