← Chapters

နောက်ယောင်လိုက်ခံရမှု

Vol. 172 Ch. 2438

နောက်ယောင်လိုက်ခံရမှု

Vol. 172 Ch. 2438

ရွှီကျားချီကတော့ လင်းရီဆိုလိုချင်သည့် သဘောကို ချက်ချင်း လက်ငင်း သဘောမပေါက်နိုင်ဘဲ ဖြစ်နေသည်။

“ ဘယ်လို ထွက်ပြေးသွားတာခဲ့လဲတဲ့ ….”

“ သူ ထွက်မပြေးသွားဘူး … အဲ့ဒီအစား ဒီရဲ့ တိုက်ခန်း ၆၀၂ ထဲ ပြေးဝင်သွားခဲ့တာ ….”

“ အာ … သူက ဒီအခန်းထဲ ပြေးဝင်သွားခဲ့တာ ဟုတ်လား ….” ရွှီကျားချီ ပြောလိုက်ပြီး “ မဟုတ်မှလွဲရော သူက ဒီအခန်းထဲမှာ နေတဲ့လူများလား …..”

“ မဟုတ်ဘူး … အခန်းထဲ အတင်းအကြပ် ဖောက်ဝင်ပြီး ပုန်းခဲ့တာ ဖြစ်လိမ့်မယ် ….”

“ ပုန်းခဲ့တာလား ….”

မှုခင်း စုံစမ်းသည့် အတွေ့အကြုံ လုံလုံလောက်လောက် မရှိသည့် ရွှီကျားချီအတွက်ကတော့ လင်းရီ၏ စကားလုံးများကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ဖို့ရာ ခဲယဉ်းလေသည်။

“ လူသတ်သမားက တော်တော့်ကို ဉာဏ်လျင်တဲ့လူလို့ ပြောရမယ် … စင်္ကြံလမ်းက ပြေးပေါက်မရှိမယ့်လမ်းဆိုတာကို သူသိပြီးသား … အဲ့ဒီကို သွားလိုက်တာနဲ့ ချက်ချင်းပဲ သူက လူသတ်သမားပါဆိုတာကို အတိအလင်း ဖော်ပြလိုက်သလို ဖြစ်သွားမှာ … ဒါကြောင့်မို့ အခန်း ၆၀၂ တံခါးကို ကြိုပြီး ပြင်ဆင်ထားခဲ့တယ် … လီဟုန်ကျူးကို သတ်ပြီးတာနဲ့ ချက်ချင်းပဲ အထဲမှာ ဝင်ပုန်းလိုက်တာပေါ့ … ဒီနည်းလမ်းနဲ့ဆို ဘယ်သူကမှလည်း သူ့ကို‌ ခြေရာမခံနိုင်တော့ဘူး … အချိန်နည်းနည်းကြာသွားတာနဲ့ လူတွေကလည်း ပုံမှန်အတိုင်း ပြန်ပြီး လှုပ်ရှားသွားလာနေကြမှာ … အဲ့ဒီအခါကျရင် လူအုပ်ကြီးထဲ ဝင်ရောပြီး ဘယ်သူမှ သတိမထားမိဘဲ အေးအေးဆေးဆေး ပြန်ထွက်သွားနိုင်မယ် ….”

“ ဆိုတော့ အဲ့လိုကိုး ….”

လင်းရီ ရှင်းပြတာကို နားထောင်ပြီးနောက် ရွှီကျားချီမှာ ရုတ်ချည်း နားလည်သဘောပေါက်သွားခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပဲ သူမ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့ရ၏။

“ လူသတ်သမားက အရမ်းကို ဉာဏ်များတာပဲ ... ဒီလိုလုပ်ဖို့ စဉ်းစားမိတယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး ….”

ရွှီကျားချီ၏ အမြင်တွင် ဤသို့သော အိုင်ကျူမြင့်မားသည့် ရာဇဝတ်မှုများက ဝတ္ထုဇာတ်လမ်းတွဲများထဲတွင်သာ တည်ရှိသည့် အရာများပင်။ တကယ့်လက်တွေ့ဘဝ၌ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လာရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

“ သူ့အရင် လူသတ်သွားတဲ့ နည်းလမ်းတွေနဲ့ ယှဉ်လိုက်ရင် ဒါက ဘာမှမဟုတ်သေးဘူး … အဲ့လောက်ကြီးလည်း ရှော့ခ်ရမနေနဲ့ …..”

“ ဒါပေမယ့် …..”

“ သူ သော့မပါဘဲ အထဲကို ဘယ်လိုဝင်သွားခဲ့လဲလို့ မေးချင်နေတာမလား ….”

ရွှီကျားချီ ခေါင်းညိတ်လိုက်သည်။ “ ဒီလို ရပ်ကွက်တိုက်ခန်းအဆင့်လေးလောက်ကတော့ အထဲဝင်ဖို့ သော့တောင် မလိုဘူး … ငါ ပြရင် မင်းနားလည်သွားလိမ့်မယ် ….” လင်းရီ ဘေးဘီဝဲယာကို တစ်ချက်ကြည့်ပြီး “ ကားထဲမှာ ကိရိယာတန်ဆာပလာတွေ ရှိလား … တူ ဒါမှမဟုတ် တစ်ခုခုပေါ့ ….”

“ အွန်း ….”

“ အဲ့တာတွေ ငါ့ကို ယူလာခဲ့ပေး … ပြီးတော့ အိတ်တစ်လုံးလောက်ရော ….”

“ အစ်ကိုရီ … ဒါက နည်းနည်း မသင့်လျော်ဘူးလားလို့လေ ….” ရွှီကျားချီ တွန့်ဆုတ်စွာ ပြောလိုက်ပြီး “ တကယ်လို့ အိမ်ထဲ ဝင်ချင်တယ်ဆိုလည်း တိုက်ခန်းမန်နေဂျာဆီမှာ သော့တောင်းလိုက်လို့ ရတာပဲမဟုတ်လား … တံခါးကို ဖျက်စီးပစ်ဖို့ မလိုပါဘူး ….”

“ ငါ တံခါးဖျက်မယ်လို့ မင်းကို ဘယ်သူ ပြောတုန်း ….” လင်းရီ ရယ်ချင်သွားခဲ့ပြီး “ ဒီရဲ့ သွေးစက်ပေနေတဲ့ ဘိလပ်နေရာကို နည်းနည်းခွာပြီး နစ်နာသူရဲ့ ဒီအန်အေနဲ့ တူလား စစ်ဆေးကြည့်ဖို့ ယူသွားချင်ရုံပါပဲ ….”

“ အိုး … သဘောပေါက်ပြီ ….”

ရွှီကျားချီ ခေါင်းညိတ်လိုက်ပြီး တူယူရန်အတွက် အောက်ထပ်သို့ အလျင်အမြန် ပြေးဆင်းသွားခဲ့သည်။

ရွှီကျားချီ ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီသည် အခန်း ၆၀၂ တံခါးကို ခေါက်ကြည့်လိုက်၏။ ထင်မှတ်ထားသည့်အတိုင်း မည်သည့် တုံ့ပြန်လာမှုမျှ မရှိပေ။

“ ထင်တဲ့အတိုင်းပဲ ….”

လင်းရီ သူ့ဘာသူ ရေရွတ်ရင်း စိတ်သက်သာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

တကယ်လည်း ရှေးလူတို့ ပြောသည့် စကားလုံးများက မှန်ကန်နေလေသည်။

သဲလွန်စ မကျန်ရစ်သည့် မှုခင်းဟူသည် တကယ်ကို မရှိပေ။

လက်ရှိ အခြေအနေက အကောင်းဆုံး သက်သေသာဓကပဲ ဖြစ်၏။

သက်သေအထောက်အထားများနှင့် သဲလွန်စများအားလုံး စုပေါင်းပြီးနောက် လင်းရီသည် လူသတ်သမားက ရဲကားရောက်လာသည်ကို မြင်တွေ့ပြီးနောက် အလောင်းကို ဤနေရာမှတစ်ဆင့် လွှင့်ပစ်ခဲ့သည်ကို အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။

သို့သော် သူ့ဘက်က သေချာဂရုတစိုက်နှင့် ပြီးပြည့်စုံစွာ မဆောင်ရွက်လိုက်နိုင်ချေ။

ရဲအရာရှိများကို ၎င်းတို့ရှေ့မှာတင်ပဲ လူသတ်မှု ဖြစ်သွားသည့် မြင်ကွင်းမျိုးကို ပြသချင်နေသဖြင့် သူ ထွက်ပြေး လွတ်မြောက်နိုင်မည့် အခွင့်အရေးကိုပင် စွန့်စားပစ်ခဲ့သည်။

စိတ်လောနေမှုကြောင့်လည်း ယခုလို အမှားမျိုး ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်၏။

ကြမ်းပြင်ရှိ သွေးစက်များက ပြီးပြည့်စုံဆုံးသော သက်သေပင်။

“ ဟင်း ….”

လင်းရီ သက်ပြင်းချလိုက်သည်။ အကယ်၍ သူသာ အစောတုန်းကတည်းက ဤအချက်ကို စဉ်းစားမိခဲ့မည်ဆိုလျှင် ချက်ချင်းပဲ နေရာတစ်ဝိုက်လုံးကို ပိတ်ဆို့ပစ်လိုက်မှာ ဖြစ်သည်။ သူတို့တွေ လူသတ်သမားကို ရှာတွေ့ကောင်း ရှာတွေ့လိုက်နိုင်မည်။

မကြာမီ ရွှီကျားချီက တူတစ်လက်နှင့် အိတ်အကြည်တစ်လုံးကို သယ်ဆောင်ရင်း ပြန်ရောက်လာခဲ့သည်။

ဘန်း ဘန်း ဘန်း ဘန်း

ကြမ်းပြင်ကို တူနှင့် အကြိမ်ရေတော်တော်များများ ထုနှက်ပြီးနောက် သွေးစက်များ စွန်းထင်နေသည့် ဘိလပ်ခွံကို အလွယ်တကူ ခွာလိုက်နိုင်ကာ စစ်ဆေးဖို့အတွက် ပြန်ယူသွားဖို့ ပြင်ဆင်လိုက်၏။

“ အစ်ကိုရီ … ကျွန်မတို့တွေ တိုက်ခန်းထဲ ဝင်ကြည့်သင့်လား ….” ရွှီကျားချီက စကားစမ်းသည့်သဘောဖြင့် မေးမြန်းလာခဲ့၏။

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ငါ စောနတုန်းက တံခါးခေါက်ကြည့်တာ အထဲမှာ ဘယ်သူမှ မရှိဘူး ….”

“ ဒါဆို ကျွန်မတို့တွေ အထဲကို ဘယ်လိုဝင်ကြမှာလဲ ….”

လင်းရီ ရွှီကျားချီကို တစ်ချက်ကြည့်လိုက်ပြီး “ မင်းရဲ့ အိုင်ဒီကတ်ပြား တစ်ချက်ငှားစမ်းပါ….”

“ ဟမ် … အိုကေလေ …”

ရွှီကျားချီသည် သူမ၏ အိုင်ဒီကတ်ပြားကို ကမ်းပေးလိုက်၏။

လင်းရီလည်း ကတ်ပြားကို တံခါးကြားထဲသို့ထည့်၍ အပေါ်သို့ တစ်ချက်အသာ ဖြတ်တောက်လိုက်ရာ ဂျောက်ခနဲ မြည်သံနှင့်အတူ အခန်းတံခါးမှာ ချက်ချင်းပဲ သော့ပွင့်လာသည်။

“ ဝါး …..”

ရွှီကျားချီမှာ ရွှန်းစိုမည်းနက်နေသည့် မျက်ဝန်းများဖြင့် လင်းရီကို လေးစား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

“ ရှင် … ရှင် တကယ်ပဲ သော့ဘယ်လိုဖွင့်ရမလဲဆိုတာ သိနေတယ်ပေါ့ ….”

“ လောကကြီးထဲ ကျင်လည်ဖို့ဆို ဘယ်အရာမဆို ဟိုစပ်စပ် ၊ ဒီစပ်စပ်တော့ သိထားသင့်တယ်လေ ….”

ရွှီကျားချီသည် မူလတုန်းက လင်းရီကို သူ၏ ခန့်ညားချောမောသည့် ရုပ်ရည်ကြောင့် အထင်ကြီးနေမိသည်ဆိုလျှင် ယခုအခါတွင်တော့ သူ့ကို ပို၍ပင် အထင်ကြီး လေးစားမိနေမိတော့သည်။

“ ကဲ… အထဲဝင်ပြီး တစ်ချက်ကြည့်ကြစို့ ….”

“ အွန်း အွန်း …”

နှစ်ဦးမှာ အခန်းထဲသို့ ဝင်လာခဲ့ကြသည်။ အသွင်အပြင်က လီဟုန်ကျူး၏ တိုက်ခန်းနှင့် အတူတူပဲ ဖြစ်၏။ အခန်းက အတော်လေး သပ်သပ်ရပ်ရပ်ရှိပြီး ခေတ်နောက်ကျနေပြီ ဖြစ်သည့် အိမ်သုံးပစ္စည်း တစ်ချို့လည်း ရှိနေသည်။ တိုက်ခန်းကို ငှားရမ်းဖို့ ရည်ရွယ်ထားသည်မှာ သိသာလှ၏။

“ ကျွန်မတို့ ခန့်မှန်းတာ မှန်နေတဲ့ပုံပဲ …” ရွှီကျားချီ ပြောလိုက်ပြီး “ ဒီနေရာက အငှားတိုက်ခန်းဆိုတာ ကျိန်းသေတယ် … လူသတ်သမားက ရဲတွေကို ရှောင်ဖို့ ဒီမှာ ပုန်းနေတယ်ဆိုတာ လုံးဝ ယုတ္တိရှိတယ် ….”

လင်းရီ ခေါင်းညိတ်ပြီး ညင်သာစွာ ဆိုလိုက်၏။ “ တံခါးဝနားကို အရင်ဆုံး စစ်ဆေးကြည့်တာပေါ့ … ငါ့အထင် လူသတ်သမားက တစ်ခြား ဘယ်နေရာမှာ လျှောက်သွားမနေလောက်ဘူး … တံခါးနားမှာပဲ ရပ်နေရင်း ထွက်ပြေးဖို့ အခွင့်အရေးကောင်းကို စောင့်နေခဲ့လောက်တယ် ….”

“ အွန်း … ကျွန်မလည်း အဲ့လို ထင်တယ် …”

နှစ်ယောက်မှာ ဝင်ပေါက်အနီးနားတစ်ဝိုက် ဧရိယာတစ်လျှောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုက်ကြ၏။

ကံဆိုးစွာဖြင့် … မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ကြပေ။

“ ဒီမှာ ဘာမှလည်း မရှိသလိုပဲနော် ….”

“ အင်း … လူသတ်သမားရဲ့ စတိုင်က အဲ့လိုပဲ … မဟုတ်ရင် သူ့ကို ဖမ်းမိပြီးတာကြာပေါ့ ….”

တကယ်တော့ အပြင်ဘက်တွင် သွေးစက်ရှာတွေ့မိသည်ကိုပင် လင်းရီကို အတော်လေး အံ့အားသင့်နေစေပြီး ဖြစ်သည်။

လူသတ်သမားက သဲလွန်စအပိုများကို ချန်ထားပေးခဲ့လိမ့်မည်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။

သူက ဤအတိုင်း ကံစမ်းကြည့်ချင်ရုံမျှ ဖြစ်၏။

“ အစ်ကိုရီ … ဒီလိုလုပ်တာက အတော်လေး စွန့်စားရာရောက်တာကိုရော တွေးမိသေးလား ….”

“ ဘယ်လို စွန့်စားရာရောက်တာ ….”

“ တကယ်လို့ တစ်ယောက်ယောက်ကသာ အခန်း ၆၀၂ ထဲကို အတင်းအကြပ် တံခါးဖျက်ဝင်လာခဲ့မယ်ဆိုရင် သူ ဖော်ထုတ်ခံလိုက်ရနိုင်တယ်လေ … မဟုတ်လည်း အဲ့ဒီအချိန် တစ်ယောက်ယောက်က တိုက်ခန်းကြည့်ဖို့ ရောက်လာခဲ့တယ်ဆိုရင် သူ ဖမ်းခံလိုက်ရနိုင်တယ် မဟုတ်ဘူးလား ….”

“ အဲ့ဒီတော့ … မင်း ပြောချင်နေတာက …….”

“ ကျွန်မ အထင်တော့ သူ တိုက်ခန်းကို ကြိုပြီး ငှားထားလောက်တယ် … အဲ့လိုဆို ပိုပြီး အန္တရာယ်ကင်းတယ်လေ ….”

“ အဲ့လိုကမှ ပိုပြီး စွန့်စားရာရောက်တာ ….”

“ ဘာလို့လဲ …….”

“ တကယ်တော့ မင်းရဲ့ အတွေးတွေကလည်း မမှားပါဘူး … ဒါပေမယ့် တိုက်ခန်းကို ငှားလိုက်တာက ပိုပြီးတောင် အန္တရာယ်များသေးတယ် … တကယ်လို့ သူ ဘယ်လို ထွက်ပြေးသွားခဲ့လဲဆိုတာကို ငါတို့ သိသွားခဲ့ရင် ပိုင်ရှင်ကနေ တစ်ဆင့် … မဟုတ်လည်း ပွဲစားကနေ တစ်ဆင့် သူ့ရဲ့ အချက်အလက်တွေကို အသာလေး ယူလို့ရတယ်လေ … အဲ့လို စွန့်စားရမယ့် ကိစ္စမျိုးကို သူ လုပ်မှာ မဟုတ်ဘူး ….”

လင်းရီ ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ပြီး “ တွေးကြည့်လိုက် … ငါတို့ ဒီထဲ ရောက်နေတာ အချိန်တစ်ခု ကြာနေပြီ … ဘယ်သူ ရောက်လာခဲ့တာ မြင်လို့ ….”

“ အဲ့တာလည်း ဟုတ်သားနော် ….”

“ နှစ်နည်းလုံးက အန္တရာယ်ရှိတယ် … ဒါပေမယ့် ပထမနည်းကတော့ ပိုပြီး အန္တရာယ်နည်းတယ် … ဆိုပေမယ့်လည်း မင်းပြောသွားတဲ့ ဖြစ်နိုင်ချေကို စုံစမ်းကြည့်သင့်တုန်းပဲ ….”

“ ငါ အိမ်ခြံမြေ စီမံခန့်ခွဲတဲ့ရုံးကို ဆက်သွယ်ပြီး ပိုင်ရှင်နဲ့ ဆက်သွယ်လို့ရမယ့် အချက်အလက်တွေ မေးကြည့်လိုက်မယ် …”

“ အွန်း ….”

ခေတ္တဆွေးနွေးပြီးနောက် နှစ်ဦးမှာ ခပ်ကြာကြာ ဆက်မနေကြတော့ဘဲ အောက်ထပ်ရှိ ကားထဲသို့ ပြန်လာခဲ့ကြသည်။

လမ်းတွင် ရွှီကျားချီသည် တိုက်ခန်းပိုင်ရှင်နှင့် ဆက်သွယ်ကြည့်လိုက်ပြီး တိုက်ခန်းက ငှားရန်ရှိသည့် စာရင်းထဲ၌သာ ရှိနေသေးကြောင်းကို သိရှိလိုက်ရသည်။

ဤသို့ဖြင့် … လင်းရီ၏ စကားသီအိုရီမှာ ပြီးပြည့်စုံစွာ အတည်ပြုပြီးသား ဖြစ်သွားခဲ့သည်။

ကျန်သည်ကတော့ သဲလွန်စများကို ထပ်ပြီး စုဆောင်းဖို့ပဲ ဖြစ်၏။

“ အစ်ကိုရီ … ရှင် တစ်ခုခု မစားချင်ဘူးလား … တစ်ခုခု စားကြတာပေါ့ …” ရွှီကျားချီက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြောလာသည်။

“ နောက်မှပေါ့ …” လင်းရီ လေးနက်သည့် မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“ ဘာဖြစ်လို့လဲ …. နေလို့ထိုင်လို့ မကောင်းဘူးလား ….” ရွှီကျားချီ စိုးရိမ်သည့် အမူအရာဖြင့် မေးမြန်းလိုက်၏။

“ မဟုတ်ဘူး … ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်လာတယ် …”

All Chapters