← Chapters

အက်စီးဒင့်

Vol. 172 Ch. 2439

အက်စီးဒင့်

Vol. 172 Ch. 2439

“ တစ်ယောက်ယောက် လိုက်လာတယ် ဟုတ်လား …”

ရွှီကျားချီ၏ အသိစိတ်တစ်ခုလုံး နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီး နောက်ကြည့်မှန်သို့ ချက်ချင်း လှမ်းကြည့်လိုက်၏။

ညအချိန်၌ပင် ရန်ကျင်း၏ ယာဉ်ကြောသွားလာမှုက လူသွားလူလာမပြတ်ဘဲ စည်ကားနေသည်။ ယာဉ်ကြောပိတ်ဆို့လောက်သည်အထိ မဟုတ်သော်လည်း ယာဉ်များကတော့ တစ်စီးပြီးတစ်ပြီး ဆက်တိုက်သွားလာနေကြမြဲပင်။ ယာဉ်တစ်စင်းစင်းက နောက်ယောင်ခံပြီး လိုက်လာလားဆိုတာကို ပြောပြဖို့ အတော်လေး ခဲယဉ်းနေသည်။

“ အစ်ကိုရီ …. ရှင် အတွေးလွန်နေတာများလား …. ကျွန်မ ကြည့်ကြည့်တာတော့ အားလုံး ပုံမှန်ပါပဲ ….”

“ မပူနဲ့ …. ဒီတိုင်း စောင့်ကြည့်နေလိုက် ….” လင်းရီညင်သာစွာ ပြောလိုက်ပြီး “ တကယ်လို့ ငါက ဒီတိုင်း စိတ်ထင်နေတာ ဖြစ်ရင်တော့ အကောင်းဆုံးပေါ့ ….”

လင်းရီ ကားကို တည်ငြိမ်စွာ မောင်းနှင်နေရင်း ရံဖန်ရံခါ နောက်ကြည့်မှန်သို့ တစ်ချက် တစ်ချက် ရှိုးနေသည်။ သူ့ မျက်ဝန်းအစုံက နောက်ရှိ pick up ကားထံသို့ အကြည့်ကျရောက်နေလျက်ရှိသည်။

ထိုအချိန်မှာပဲ နောက်ရှိ pick up ကားက ရုတ်ချည်း အရှိန်တင်လာခဲ့ပြီး ကားညာဘက်ခြမ်းသို့ တိုးဝင်လာသည်။

တစ်ခုခုမှားယွင်းနေသည်ကို ရိပ်မိတော့ လင်းရီလည်း စတီယာရင်ဘီးကို ညာဘက်သို့ ချိုး၍ ရှေ့ကို ကျော်တက်ဖို့ ကြိုးစားလိုက်၏။

ကံဆိုးစွာဖြင့် ‌ရှေ့တွင် ကားများရှိနေပြီး သူ့လမ်းကြောကို ပိတ်ဆို့နေခဲ့ကာ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေသည်။

ယာဉ်ကြောကလည်း အနည်းငယ် ကြပ်နေသဖြင့် အရှိန်တင်ပြီး မောင်းနှင်ဖို့ကလည်း လုံးဝ မဖြစ်နိုင်ပေ။

“ သေစမ်း …” လင်းရီ ကျိန်ဆဲလိုက်ပြီး “ သေသေချာချာကိုင်ထား ….”

ရွှီကျားချီ အံ့အားသင့်သွားခဲ့ပြီး ဘာတွေ ဖြစ်နေလဲဆိုတာကို သူမ နားမလည်နိုင်ခင်မှာဘဲ မသိစိတ်အလျောက် တံခါးလက်တင်သည့်နေရာကို သေချာကိုင်ထားမိလိုက်သည်။

ဘန်း …

Pick up ကားက အရှိန်ပြင်းစွာဖြင့် သူတို့ကား နောက်ဘီးကို ဝင်တိုက်လာခဲ့ပြီး လင်းရီမောင်းနှင်နေသည့် ရဲကားမှာ ချက်ချင်းပဲ တိမ်းမှောက်သွားခဲ့တော့၏။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်ထွက်သွားခဲ့ပြီး ရွှီကျားချီမှာ ထိတ်လန့်တကြားနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

လင်းရီကတော့ မတုန်မလှုပ် တည်ငြိမ်လျက်သာ ရှိနေသည်။

ထိုကား အရှိန်တင်လာကတည်းက ဘာဆက်ဖြစ်တော့မယ်ဆိုတာကို သူ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။

ရဲကားက ပြောင်းပြန်လှန်သွားခဲ့ပြီး အနီးနားရှိ ကားနှစ်စင်းပါ အခြေအနေ တော်တော်ဆိုးရွားသည်အထိ ထိခိုက်ပျက်စီးသွားခဲ့၏။

ရွှီကျားချီမှာ ခရီးသည်ထိုင်ခုံတွင် ထိုင်နေရင်း သတိလစ် မေ့မြောသွားခဲ့ပြီး အသက်အန္တရာယ်တော့ မစိုးရိမ်ရပေ။

လင်းရီ၏ အခြေအနေသည်လည်း သိပ်အကောင်းကြီးတော့ မဟုတ်လှပေ။ လွှင့်စင်လာသည့် ဖန်ကွဲစနှင့် အပျက်အစီးများကြောင့် သူ့လက်မောင်းတစ်လျှောက်လုံး သွေးများ ဖုံးလွှမ်းသွားခဲ့ပြီး ခြေထောက်ကလည်း ညှပ်နေသည်။ လှုပ်မရ ပြုမရ အခြေအနေဖြင့် ကယ်ဆယ်ရေးယာဉ်များ ရောက်ရှိလာသည်ကို စောင့်ဆိုင်းဖို့သာ ရှိသည်။

*****

ရန်ကျင်း အရေးပေါ် ရဲတပ်ဖွဲ့၏ တုံ့ပြန်မှုက လုံးဝ ထိပ်တန်းပင်။ ကျိုးဟိုင်ပင်လျှင် ဤကဏ္ဍတွင်တော့ အနည်းငယ် လိုအပ်နေသေး၏။

အရေးပေါ်ဖုန်းခေါ်ဆိုပြီးနောက် ဆယ်မိနစ် မပြည့်မီ အချိန်မှာပဲ အခင်းဖြစ်ပွားရာ နေရာသို့ ယာဉ်များ ဆိုက်ရောက်လာခဲ့သည်။ ကယ်ဆယ်ပြီးနောက် နှစ်ယောက်မှာ အနီးနားရှိ စစ်ဆေးရုံတစ်ခုသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။

ရွှီကျားချီက သတိလစ်နေသည် ဆိုသော်ငြားလည်း သူမ၏ အခြေအနေက စိုးရိမ်ရခြင်း မရှိပေ။ အနည်းဆုံးတော့ လင်းရီကဲ့သို့ သွေးများဖုံးလွှမ်းနေသည့် ပြင်ပထိခိုက်ဒဏ်ရာများ ရှိမနေချေ။

ယင်းကလည်း လင်းရီ ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သည့် ရလဒ်တစ်ခုပင်။

အက်စီးဒင့် မဖြစ်ပွားမီ ယခုလို ဖြစ်လာမည်ကို ကြိုတင် မျှော်လင့်ထားခဲ့ပြီး အချိန်မီ တုံ့ပြန်၍ ရွှီကျားချီကို ထိခိုက်မှုနည်းအောင် လုပ်ပေးခဲ့သည်။

မဟုတ်ပါက ယခုကဲ့သို့ ထိခိုက်ပွန်းပဲ့ရာ တစ်ခုမျှ မရှိဘဲ နေမှာမဟုတ်ချေ။

အကြမ်းဖျင်း တစ်ချက်စစ်ဆေးပြီးနောက် ရွှီကျားချီကို လူနာခန်းထဲသို့ ပို့ဆောင်လိုက်ကြသည်။

လင်းရီ၏ အခြေအနေကတော့ အနည်းငယ် ဆိုးရွားလှ၏။ သူ့လက်မောင်းတွင် ငါးလက်မလောက်ရှိသည့် ပေါက်ပြဲဒဏ်ရာ တစ်ခု ဖြစ်ပေါ်သွားပြီး အပ်နှင့် သေချာချုပ်ဖို့လိုသည်။

“ အဲ့လောက်ထိ ညင်သာနေဖို့ မလိုဘူး … ပုံမှန်အတိုင်းပဲ လုပ် … ရတယ် …..”

လင်းရီ အနာဆေးပေးနေသည့် နာ့စ်အား ပြောလိုက်သည်။

“ ဒါပေမယ့် ရှင့် ခန္ဓာကိုယ်က ….”

အရေးပေါ် ဌာနရှိ နာ့စ်များ၏ မျက်လုံးထဲတွင် လင်းရီကဲ့သို့သော ပေါက်ပြဲကွဲရှ ဒဏ်ရာလောက်လေးက ပြောပလောက်သည့် အရာမဟုတ်။ လွယ်လင့်တကူ ကိုင်တွယ်၍ရသည်။

ပြဿနာက … သူ့လက်မောင်းနှင့် ရင်ဘက်တွင် သိပ်သည်းစွာ ဖြစ်ပေါ်နေသည့် အမာရွတ်များပင်။ ၎င်းတို့ကို ကြည့်ရုံမျှနှင့် လူက အလိုအလျောက် ကြက်သီးဖြန်းလာသည်။

သူမတို့မှာ ဝါရင့်အတွေ့အကြုံရှိသည့် နာ့စ်များ ဖြစ်ကြသော်လည်း ယခုလို အမာရွတ်များ ဖြစ်ပေါ်လာဖို့ အတွက် မည်သို့သော ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရမလဲဆိုတာကို တွေးမကြည့်နိုင်အောင် ဖြစ်နေမိကြသည်။

“ ငါ့ ခန္ဓာကိုယ်က ဘာဖြစ်နေလို့ ….”

“ ဒီအမာရွတ်တွေက …..”

“ ဒါ ပေါက်ကွဲမှု တစ်ခုက ရလာတဲ့ ဒဏ်ရာတွေပါလို့ ပြောရင် မင်းတို့ ယုံမှာလား ….”

နာ့စ်မလေးက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်၏။ ထို့နောက် ရယ်မောလိုက်ပြီး “ ရှင်က ချောတော့ ရှင်ပြောသမျှ အကုန် ယုံတယ် ….”

“ မင်းတို့ မယုံဘူးကြဘူးပဲ ….” လင်းရီ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်သည်။

ထိုအချိန်မှာပဲ ဆေးခန်းတံခါး ပွင့်ဟလာခဲ့ပြီး အသက်ကြီးပိုင်း အမျိုးသားတစ်ဦး အထဲသို့ ဝင်လာသည်။

“ ဒါရိုက်တာလျို …..”

ထိုလူ၏ နာမည်က လျိုချန်ကျစ် ဖြစ်ပြီး ဆေးရုံ၏ ဒါရိုက်တာလည်း ဖြစ်သည်။

“ အောင်မယ်လေး မိုးနတ်မင်းကြီး … ဒါရိုက်တာလင်း …. တကယ်ပဲ မင်းလား ….”

လင်းရီ တဒင်္ဂမျှ ကြောင်အမ်းသွားခဲ့၏။

သူ နာမည်ကျော်ကြားလာစဉ်ကတည်းက ဤသို့သော ကိုးရို့ကားယား နိုင်သည့် အခြေအနေတို့က များစွာ မြင့်တက်လာသည်။

အခြားသူများက ကိုယ့်ကို မှတ်မိကြသော်လည်း ကိုယ်ကတော့ သူတို့ကို မမှတ်မိပေ။

ယင်းကိစ္စနှင့် ပတ်သက်၍လည်း သူ တတ်နိုင်သည့် အရာကား မရှိပေ။ သူက ဆေးနယ်ပယ်တွင် အင်မတန် နာမည်ကြီးလွန်းနေသည်။

ရာထူးတစ်ချို့ ရှိသည့်လူတိုင်း သူ့ကို မှတ်မိကြသည်။

“ ဒါရိုက်တာလျို ….”

ဤ အဘိုးကြီး မည်သူမည်ဝါ ဖြစ်သည်ကို လင်းရီ မသိသော်လည်း နာ့စ်က ထိုသို့ ခေါ်ဝေါ်ခဲ့သဖြင့် သူလည်း ထိုအတိုင်း လိုက်ပြောလိုက်သည်။

“ အရေးပေါ်ခန်းရှေ့က ဖြတ်သွားတုန်း ဒါရိုက်တာလင်းနဲ့ တူပါတယ်ဆိုပြီး လာကြည့်လိုက်တာ တကယ်လည်း ဒါရိုက်တာလင်း ဖြစ်နေတာကိုး….” လျိုချန်ကျစ် ပြောလိုက်ပြီး “ ဒါနဲ့ ဘယ်လိုဖြစ်ရတာ … ဘယ်လိုဖြစ်ပြီး ဒဏ်ရာရသွားခဲ့တာလဲ ….”

“ ဒီတိုင်း အပေါ်ယံ ဒဏ်ရာလေးတွေပါ … သွေးကြောတွေကိုလည်း ထိခိုက်မသွားဘူး … နည်းနည်းပါးပါး ချုပ်လိုက်တာနဲ့ အဆင်ပြေသွားမှာပါ ….”

“ ဟာ … အဲ့လိုမျိုး ပေါ့တီးပေါ့ဆ လုပ်လို့ ဘယ်ဖြစ်မလဲ …. ဒါ ကလေးကစားစရာ ကိစ္စမှ မဟုတ်တာ …. ” လျိုချန်ကျစ်က အင်မတန် ချဲ့ကားသည့် မျက်နှာအမူအရာဖြင့် “ ငါတို့ရဲ့ ခေါင်းဆောင်ခွဲစိတ်ဆရာဝန်က ဒီနေ့ည ဂျူတီ ရှိတယ် … လက်ဆလည်းကောင်းတယ် … သူ့ကို လာချုပ်ခိုင်းလိုက်မယ် ….”

“ မလုပ်နဲ့ မလုပ်နဲ့ ဒါရိုက်တာလျို … ခင်များ ချဲ့ကားလွန်းနေပါပြီ … ကျုပ်ကို မျက်နှာမထားတတ်အောင် လုပ်နေတာပဲ …..”

“ ဘာအားနာစရာလိုလို့ …. ငါတို့လည်း ဒီအခွင့်အရေးကနေတစ်ဆင့် ဒါရိုက်တာလင်းဆီကနေ နည်းနည်းပါးပါး သင်ယူလို့လည်း ရတာပေါ့ ….”

လင်းရီ ကူကယ်ရာမဲ့လျက်သာ ရယ်မောမိရင်း ဘာပြန်ပြောလို့ ပြောရမှန်း မသိတော့ချေ။

ဘေးရှိ နာ့စ်များကတော့ လုံးဝ ကြက်သေသေနေမိကြလေသည်။

ဒီတိုင်း သာမန် ရိုးရိုးရှင်းရှင်း ချုပ်ပေးရုံလေးတင်ကို ဒါရိုက်တာမာကို လုပ်ခိုင်းမယ် ဟုတ်လား ….

ပြီးတော့ သူတို့က ရဲအရာရှိတစ်ယောက်ကို ဆေးရုံအလုပ်တွေ သင်ပြပေးဖို့ တောင်းဆိုကြဦးမယ် ….

ဒါ ဟာသပြောနေတာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်နော် ….

နောက်နာရီဝက်အတွင်း … နာ့စ်နှစ်ဦးမှာ သူမတို့ တစ်သက်လုံး ဘယ်တော့မှ နှစ်ခါပြန် မကြုံတွေ့နိုင်လောက်သည့် အတွေ့အကြုံကြီး တစ်ခုကို တွေ့ကြုံခံစားလိုက်ကြရသည်။ ဒါရိုက်တာမာ တစ်ဦးတည်းသာ ရောက်လာခဲ့သည် မဟုတ်ဘဲ ဆေးရုံတွင် တာဝန်ကျနေသည့် အခြားသော ဆရာဝန်များပါ အကုန် ရောက်လာကြလေသည်။

“ ဒါရိုက်တာလျို … ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့ဗျာ … ခင်များက ကျုပ်ကို နေရခက်အောင် လုပ်နေတာပဲ … ဒီအတိုင်း ဆက်လုပ်နေရင် ကျုပ် ဆေးရုံမှာတောင် ဆက်နေလို့ရတော့မှာ မဟုတ်ဘူး ….” လင်းရီ ကူကယ်ရာမဲ့စွာ ရယ်မောရင်း ပြောလိုက်သည်။

“ သိုသိုသိပ်သိပ် နေကြတာပေါ့ ….”

“ အိုကေ အိုကေ အိုကေ … သိုသိုသိပ်သိပ်ဆိုတော့လည်း သိုသိုသိပ်သိပ်ပေါ့ ….” လျိုချန်ကျစ် အားပါးတရ ရယ်မောပြီး ပြောလိုက်သည်။

“ အနာကို ချုပ်ပြီးသွားတာနဲ့ ညကို အထူးကြပ်မတ်ဆောင်မှာ နေလို့ရအောင် စီစဉ်ပေးထားမယ် … မနက်ဖြန် မနက်မှပဲ အဝတ်လဲပြီး ဆေးရုံက ဆင်းလိုက်ပေါ့ ….”

“ အထူးကြပ်မတ်ဆောင်အထိ မလိုပါဘူးဗျာ … ကျုပ် လုပ်ဖော်ကိုင်ဖက်နဲ့ တစ်ခန်းတည်း အတူ ထားပေးရင်ကိုပဲ ကျေးဇူးတင်လှပါပြီ … “

“ ဒါဆိုလည်း ဒါရိုက်တာလင်း သဘောပဲလေ …..”

၎င်းနောက် … နာ့စ်၏ လမ်းပြခေါ်ဆောင်မှုအောက်တွင် လင်းရီသည် လူနာခန်းထဲသို့ ရောက်ရှိလာခဲ့၏။

ရွှီကျားချီမှာ သတိပြန်လည်လာပြီး ဖြစ်ပြီး သူမကုတင်ဘေးတွင်တော့ လူတစ်ချို့ ရောက်ရှိနေသည်။

ကုတင် ခေါင်းရင်းတွင် သက်လတ်ပိုင်း စုံတွဲ တစ်တွဲ ရပ်နေပြီး လူငယ် အမျိုးသား ၊ အမျိုးသမီး အများအပြားကလည်း အနီးနားတွင် စုဝေးနေခဲ့ကြ၏။

လင်းရီ ၎င်းတို့ထဲ တစ်ချို့ကိုတော့ ချက်ချင်း မျက်မှန်းတန်းမိနေသည်။ သူတို့က ရွှီကျားချီ၏ လုပ်ဖော်ကိုင်ဖက်များပင်။ လျိုရှစ်ချောင်လည်း ထိုအုပ်စုထဲတွင် ရှိ၏။

“ မင်း အခု ဒါ ဘယ်လိုတွေ လုပ်လိုက်တာလဲ ….” လျိုရှစ်ချောင်က ဒေါသတကြီးနှင့် မေးခွန်းထုတ်လာခဲ့ပြီး “ ကျားချီက မင်းနဲ့အတူ အမှုလိုက်ပေးနေတာကို မင်းကတော့ ဒီလိုမျိုး ဆေးရုံရောက်အောင် လုပ်ပေးလိုက်တယ်ပေါ့ ….”

“ ငါလည်း တမင် လုပ်ခဲ့တာမှ မဟုတ်တာ … ပြီးတော့ သူရော ဘာဖြစ်သွားနေလို့လဲ … ဘာမှ ဖြစ်မသွားဘူး မဟုတ်လား …”

“ လူတစ်ယောက်လုံး သတိလစ်သွားတာကို မင်းက ဘာမှမဖြစ်သွားဘူးလို့ ပြောချင်နေတယ်ပေါ့ ဟုတ်လား …..”

“ သူနဲ့ယှဉ်လိုက်ရင် ငါကမှ အခြေအနေ ပိုဆိုးတဲ့လူပါ ဟုတ်ပြီလား …..”

“ မင်းကိုယ်မင်း ကျားချီနဲ့ ယှဉ်ရအောင် မင်းက ဘာကောင်မိုလို့ ….”

“ ကိုယ့်လူ …. ဂျိုကောင်းချင်ရင်လည်း တော်သင့်ရုံလောက်ပဲကောင်း …..” လင်းရီ အမြင်ကပ်ကပ်နှင့် ပြောပစ်လိုက်ပြီး “ ဦးနှောက်ရှိတယ်ဆို အကျိုးသင့်၊ အကြောင်းသင့်လေး စဉ်းစားစမ်းပါ …”

“ မင်းကများ …..”

“ တော်ကြတော့ ….” ရွှီကျားချီ ကြားဖြတ်ပြောလိုက်ပြီး “ ဒါ အစ်ကိုရီမှားတာ မဟုတ်ဘူး …. သူ သတိပေးလို့ ... မဟုတ်ရင် ငါ့အခြေအနေ တော်တော်ဆိုးရွားသွားလောက်တယ် ….”

“ ကျားချီ … ဒါ သမီးပူရမယ့် ကိစ္စ မဟုတ်ဘူး … ဝင်မပါနဲ့ ….” သက်လတ်ပိုင်း အမျိုးသမီးက ပြောလိုက်ပြီး “ သမီးအဖေကို ဒီကိစ္စ ကိုင်တွယ်ပါလေ့စေ ….”

သက်လတ်ပိုင်း အမျိုးသားက လင်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး “ မင်းလား ကျိုးဟိုင်က ရဲဘော်ဆိုတာ ….”

“ ဟုတ်တယ် ကျုပ်ပဲ … ဘာဖြစ်ချင်လို့လဲ …..”

“ ငါက ထုံမင်ရဲစခန်းရဲ့ ဌာန ခေါင်းဆောင် ၊ ငါ့နာမည် ရွှီကျန့်ရှဲ့ …”

All Chapters