ဖော်ထုတ်ခံလိုက်ရပြီ
Vol. 172 Ch. 2440
လင်းရီ ခေတ္တမျှ ကြက်သေသေသွားခဲ့၏။ နောက်တော့မှပဲ ယခုလက်ရှိဖြစ်နေသည့် အခြေအနေကို နားလည်သဘောပေါက်သွားခဲ့လေသည်။
ရွှီကျားချီက သူ့ကို အပျိုဖြန်းလေး တစ်ယောက်လိုမျိုး လာကြည့်နေသည်မှာ မထူးဆန်းတော့ပေ။
လက်စသတ်တော့ ဒါကြောင့်ကိုး။
“ အဖေ ဘာတွေ လျှောက်လုပ်နေတာလဲ ….”
ရွှီကျားချီ၏ အမူအရာ စိတ်အနှောင့်အယှက် ဖြစ်နေပြီး သူမအဖေကို စကားဆက်မပြောစေချင်သည့်ပုံပင်။
“ ဒါ မင်းနဲ့ မဆိုင်ဘူး … ငြိမ်ငြိမ်နေ ….”
တင်းမာစွာ သတိပေးခံလိုက်ရပြီးနောက် ရွှီကျားချီလည်း စကားထပ်မပြောဝံ့တော့ပေ။
“ အဲ့ဒီတော့ …. ၊ ခင်များက ဘာပြောချင်တာ ….” လင်းရီ မေးလိုက်သည်။
“ ကျားချီ ပြောလို့ ကားအက်စီးဒင့် ကိစ္စကို သိထားပြီးပြီ ….” ရွှီကျန့်ရှဲ့က တင်းမာခက်ထန်နေသည့် မျက်နှာအမူအရာဖြင့် “ မင်းက တစ်ယောက်ယောက် လိုက်လာတာကို ကြိုသိနေတာတောင် ဒီခုလိုမျိုး ဖြစ်သွားခဲ့တယ်ဆိုတော့ မင်း အလုပ်ကို ဘယ်လိုတွေ လုပ်နေတာလဲ …..”
“ အဲ့ဒါတော့ ကျုပ် ထိန်းချုပ်နိုင်တဲ့ အရာမှ မဟုတ်တာ ….” လင်းရီ ပြောလိုက်ပြီး “ အဲ့တုန်းက လမ်းမထက်မှာ ကားတွေ အများကြီး ရှိနေတယ် … ရှောင်စရာ လမ်းမရှိဘူး …. အခုလို ရလဒ်ကတောင် အကောင်းဆုံး ဖြစ်နေပြီ …”
ဒဏ်ရာကို ချုပ်နေစဉ်တုန်းက လင်းရီသည် ဖြစ်စဉ်တစ်ရပ်လုံးကို စိတ်ထဲ ပြန်မြင်ယောင် သုံးသပ်ကြည့်ခဲ့ဖူးသည်။
လူသတ်သမားက အင်မတန် ဉာဏ်ကောင်းသည့် လူစားမျိုးဖြစ်ပြီး တိကျသေချာစွာ တွက်ချက်နိုင်သည့် စူပါကွန်ပျုတာ တစ်လုံးနှယ် အရာအားလုံးကို ထည့်သွင်းစဉ်းစားပြီးသား ဖြစ်နေသည်။
ကားနှင့် ဝင်တိုက်လာသည့် ရှုထောင့်တည်နေရာကို ပြီးပြည့်စုံစွာ ရွေးချယ်ထားခဲ့၏။
အကယ်၍ ယင်းနေရာမှ နည်းနည်းလေးသာ လွဲချော်သွားခဲ့မည်ဆိုလျှင် ကားတစ်ခုလုံး ဂျွမ်းပြန်သွားခဲ့မှာ မဟုတ်ချေ။ လူသတ်သမား သူ့အပေါ် သုံးသွားသည့် နည်းလမ်းကို ရဲအရာရှိများ ရာဇဝတ်သားများနောက်သို့ လိုက်ဖမ်းရာတွင် အသုံးပြုသည့် နည်းစနစ် တစ်ခု ဖြစ်၏။
အကယ်၍ သူ့နေရာတွင်သာ အခြားတစ်ယောက် ဖြစ်ခဲ့မည်ဆိုပါက အကျိုးဆက်များမှာ ပို၍ ပြင်းထန်လိမ့်မည်ဖြစ်ကြောင်း လင်းရီ ယုံကြည်ချက် အပြည့်ရှိသည်။
ထိုကဲ့သို့သော အခြေအနေမျိုး၌ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို လျှပ်တစ်ပြက်အတွင်း ချမှတ်ပြီး ရှင်သန်ကျန်ရစ်နိုင်ပါ့မလားဆိုတာကတော့ မေးခွန်းထုတ်ချင်စရာပင်။
“ မင်းထိန်းချုပ်လို့ရတဲ့အရာမဟုတ်ဘူးပေါ့ ဟုတ်လား …. ဒါ မင်းပြောသင့်တဲ့ စကားလား ….”
သမီးဖြစ်သူ ကားအက်စီးဒင့် ဖြစ်ပြီး ဆေးရုံတင်လိုက်ရသည့် သတင်းကြောင့် ယမ်းပုံမီးကျ ဒေါသဖြစ်နေသည့် ရွှီကျန့်ရှဲ့မှာ လင်းရီ၏ စကားကို ကြားလိုက်ရတော့ သူ့မျက်နှာထားမှာ ပို၍ပင် နက်မှောင်သွားခဲ့တော့သည်။
“ ဟုတ်တယ် … လက်ရှိ အနေအထားက အကောင်းဆုံးပဲ …”
“ ဟက် ….”
ရွှီကျန့်ရှဲ့ အေးစက်စွာ နှာတစ်ချက် မှုတ်လိုက်ပြီး “ ငါ့သမီးက သတိလစ် မေ့မြောသွားတာကို မင်းက ဒါ အကောင်းဆုံး ရလဒ်ပါလို့ ငါ့လာပြောနေတယ်ပေါ့ …. မင်းလိုကောင်က ဘယ်လိုအရည်အချင်းနဲ့များ ဒီယူနီဖောင်းကို ဝတ်ဆင်ထားနိုင်လဲဆိုတာ ငါ တကယ်ပဲ သိချင်မိသွားပြီ ….”
“ အဖေ … တော်လိုက်တော့ … အဲ့ကိစ္စ ထပ်မပြောနဲ့တော့ …”
ရွှီကျားချီသည် လင်းရီဘက်က ကာကွယ်ပေးလိုက်ပြီး “ အစ်ကိုရီကြောင့်သာ မဟုတ်ဘူးဆိုရင် အခြေအနေက သည့်ထက်ပိုပြီး ဆိုးရွားသွားနိုင်တယ်ဆိုတာ အမှန်ပဲ … သမီးတစ်ကိုယ်သာဆိုရင် အနောက်က တစ်ယောက်ယောက်လိုက်လာပြီး ကားနဲ့ တိုက်သွားမှာကိုတောင် သတိထားမိမှာ မဟုတ်ဘူး ….”
“ အဲ့လိုဆိုရင်တောင် ဒါတွေအကုန်လုံးက သူ့ကြောင့်ပဲ ….”
လင်းရီ ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။ သူ တကယ်ပဲ ဤလူများနှင့် ဆက်မငြင်းချင်တော့ပေ။
“ လောင်ရွှီ … သူနဲ့ လေကုန်ခံပြီး စကားပြောနေတာတွေ တော်လိုက်တော့ ….” ရွှီကျားချီ၏ မိခင်က ပြောဆိုလာခဲ့ပြီး “ သူတို့ရဲ့ အထက်ခေါင်းဆောင်ကို ဖုန်းဆက်ပြီး သူ့ပြန်ခေါ်သွားခိုင်းလိုက် … အရည်အချင်း ပိုရှိတဲ့ တစ်ယောက်ကို လွှတ်လာခဲ့ခိုင်းလိုက် ….”
“ ငါ ပြောထားပြီးပြီ …. ဒါပေမယ့် သူတို့ပြောလာခဲ့တာ ဒီကောင်က အတော်ဆုံးတဲ့ … သူ့နေရာမှာ အစားထိုးဝင်နိုင်မယ့်လူ တစ်ယောက်မှ မရှိဘူး …..”
“ ဒီအဆင့်လောက်လေးကို အတော်ဆုံးဆိုပြီး သတ်မှတ်ထားတယ်ပေါ့ … “ လျိုရှစ်ချောင်က နှာခေါင်းရှုံ့လိုက်ပြီး အထင်သေးမှူအပြည့်ဖြင့် လင်းရီကို ကြည့်လိုက်သည်။
“ ကျိုးဟိုင်ရဲ့ စံချိန်စံနှုန်းတွေက တကယ့်ကို အောက်ရောက်လာနေပြီပဲ ….” တစ်ခြား လုပ်ဖော်ကိုင်ဖက် တစ်ဦးကလည်း ပြောလာခဲ့သည်။
“ သူ့အဆင့်နဲ့ဆို ငါတို့ ဒီက လူသစ်လေးတွေလောက်တောင် အရည်အချင်း မရှိဘူး ….”
ရွှီကျန့်ရှဲ့မှာ လင်းရီကို မြင်နေရလေလေ ၊ သူ့စိတ်ထဲ ပို၍ ဒေါသထွက်လာလေလေ ဖြစ်နေရသည်။ သို့ပေမယ့်လည်း သူ တတ်နိုင်သည့် အရာကား ဘာမျှ မရှိပါချေ။
ချလပ် …
ထိုအချိန်မှာပဲ လူနာအခန်းတံခါး တွန်းပွင့်လာခဲ့ပြီး အသက်ငါးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း အမျိုးသား တစ်ဦး အထဲသို့ ဝင်ရောက်လာသည်။ သူ့နောက်တွင် လူသုံးဦးက ကပ်လျက် လိုက်ပါလာခဲ့၏။
အာ …
ဒီလူတွေ ဘယ်လိုဖြစ်ပြီး ရောက်လာခဲ့ကြတာပါလိမ့် …
အစောဆုံး ဝင်လာသည့် သက်လတ်ပိုင်း အမျိုးသားကို လင်းရီ အနည်းငယ် မြင်ဖူးသယောင် ရှိသော်လည်းပဲ အတိအကျတော့ မမှတ်မိချေ။ သို့ပေမယ့် နောက်က လိုက်ပါလာသည့် သုံးယောက်ကတော့ လျိုဟုန် ၊ ချိုးယွီလော့နှင့် နင်ချဲ့တို့ ဖြစ်သည်ကိုတော့ သိနေသည်။
လင်းရီ ဘာစကားမျှ မပြောနိုင်ခင်မှာပဲ ရွှီကျန့်ရှဲ့က အံ့အားတကြီး လေသံဖြင့် “ ဟမ် ခေါင်းဆောင် … ဒီကို ဘယ်လိုဖြစ်ပြီး ရောက်လာခဲ့တာ …”
ခေါင်းဆောင်ဆိုသူက အစောဆုံး ဝင်ရောက်လာခဲ့သည့် သက်လတ်ပိုင်း အမျိုးသားကို ဆိုလိုခြင်းပင်။
သူ့နာမည်က ရန်ကျန်းချင်ဖြစ်၏။ သူ ဝင်လာသည့်အခိုက်အတန့်မှာပဲ လျိုရှစ်ချောင်နှင့် အခြားသူများအားလုံးမှာ ကျောကို ဖြောင့်မတ်စွာ ရပ်လိုက်ကြပြီး တုတ်တုတ်မလှုပ်ဝံ့ကြတော့ပေ။
“ အက်စီးဒင့် တစ်ခု ဖြစ်သွားတယ်ဆိုလို့ လာကြည့်တာ ….”
“ ထွေထူးကိစ္စကြီးလည်း မဟုတ်တာကို ခေါင်းဆောင်ရာ … ဒီတိုင်း အသေးမွှားလေးပါပဲ … သမီးက ရက်နည်းနည်းလောက် ဆေးရုံတက်ပြီးတာနဲ့ ဆင်းလို့ရနေပြီ …”
“ အဲ့လိုဆိုရင်တောင် လူကိုယ်တိုင် လာကြည့်တာကတော့ ဖြစ်သင့်တာပဲလေ …” ရန်ကျန်းချင် အမှု မထားစွာ ပြောလိုက်ပြီး “ ကောင်းကောင်း အနားယူခိုင်းလိုက် … အလုပ်ကိစ္စအကြောင်းတော့ စိတ်ပူမနေနဲ့ …”
“ ဟုတ် ဟုတ် …. စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင် …”
ရွှီကျန့်ရှဲ့မှာ မိုးတိမ်ပေါ်ထိ မြောက်တက်လုမတတ် ဝမ်းသာအားရ ဖြစ်နေခဲ့ကာ သူ့လက်ရှိ စိတ်ခံစားချက်ကို မည်သို့ ဖော်ပြရမှန်းပင် မသိတော့ချေ။
ကိစ္စကြီးကြီးမားမား မဟုတ်သော်လည်း အကြီးအကဲက လူကိုယ်တိုင် ရောက်လာ၍ လူနာသတင်း လာမေးသည်။ ဆိုလိုသည်က သူ့ကို တန်ဖိုးထားနေသည် မဟုတ်ပါလား။
သူ့အနာဂတ်ကတော့ ချောမွေ့လှပနေမည်မှာ ကျိန်းသေသည်။
“ မလိုပါဘူးကွာ ….”
သာမန်လျှံကာ ခွန်းတုံ့ပြန်ပြီးနောက် ရန်ကျန်းချင်သည် ရွှီကျန်းရှဲ့ကို ကျော်သွားပြီး လင်းရီနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
ဤသည်ကို မြင်တော့ လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။
အခုက ရွှီကျန်းရှဲ့ရဲ့ ဇာတ်ခုံပေါ်မှာလေ … လင်းရီက ဘယ်လိုဖြစ်ပြီး အဓိက ဇာတ်ကောင် ဖြစ်လာရတာလဲ …
ပြီးတော့ ခေါင်းဆောင်ရန်ကရော ဘာလို့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ သွားနှုတ်ဆက်နေရတာလဲ …
“ မင်း ကောင်စုတ်လေးကတော့ … ရန်ကျင်းရောက်လာတာတောင် စကားတစ်ခွန်း ကြိုမပြောဘူး ….”
ရွှီကျန့်ရှဲ့နှင့် စကားပြောစဉ်ကကဲ့သို့ စည်းတစ်ခု ခြားထားသည့် လေသံမျိုး မဟုတ်ပါဘဲ သူ၏ လေသံထဲ၌ နွေးထွေးကြင်နာမှုတို့ ပြည့်နှက်လို့နေသည်။
ဤမြင်ကွင်းက ရွှီကျန့်ရှဲ့နှင့် အခြားသူများကို လုံးလုံးလျားလျား မင်သက် အံ့အားသင့်သွားစေခဲ့၏။
“ ကျုပ်လည်း ဒီကို အမှုကိုင်တွယ်မယ်ဆိုပြီး လာခဲ့လိုက်တာ ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ ….”
လင်းရီ ပြန်ဖြေလိုက်သည်။ ပြီးနောက် သူ့အကြည့်က လျိုဟုန်နှင့် အခြားသူများထံ ကျရောက်သွားခဲ့ပြီး “ ခင်များတို့ကရော ကျုပ် ရန်ကျင်း ရောက်လာတယ်ဆိုတာ ဘယ်လိုဖြစ်ပြီး သိသွားခဲ့ကြတာ ….”
“ ဒါရိုက်တာဝူက ဒါရိုက်တာရန်ဆီ ဖုန်းဆက်လာတယ်လေ …” လျိုဟုန် ပြုံးလျက် ပြောလိုက်ပြီး “ အဲ့တာမှတော့ မသိဘဲ နေမလား ….”
“ အဲ့လူကလည်း သတင်းပေးတာ မြန်လိုက်တာ….”
လင်းရီ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိသည်။
“ ဒါက ဆေးရုံ … မင်း ဒီကို ရောက်လာတာနဲ့ မင်းရဲ့ အထောက်အထားကလည်း တန်းပေါ်လာမှာပဲ ….” လျိုဟုန် ပြောလိုက်ပြီး “ အခု မင်းရဲ့ ပုံစံက ငါ့ကို တော်တော် အရှက်ရစေတယ်ကွာ .. လူသတ်သမား ဖမ်းဖို့ ရောက်လာပြီးမှ လူသတ်သမား လက်ချက်နဲ့ ဆေးရုံရောက်လာခဲ့တယ်လို့ …. မင်း မရှက်ဘူးလား ဟေ့ကောင် …..”
“ ကျုပ်လည်း ဘယ်တတ်နိုင်မှာ … ရန်ကျင်းရဲ့ ယာဉ်ကြောက ဘယ်လိုပုံစံလဲ ခင်များ သိတဲ့အတိုင်းပဲလေ … ကားတွေက နှစ်ဖက်လုံးကို အပြည့်ပဲ … ရှောင်စရာ နေရာကို မရှိတာ ….” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ တကယ်တမ်း ပြောကြေးဆို ကျုပ်ကို ကျေးဇူးတောင် တင်သင့်သေးတယ် …. ကျုပ်နေရာမှာ တစ်ခြားတစ်ယောက်သာဆိုရင် ချက်ချင်း ကိစ္စရှောနေလောက်ပြီ …”
“ ရာဇဝတ်သားက ဘယ်သူတုန်း … မင်းကို ဒီလို အခြေအနေထိ ရောက်အောင် တွန်းပို့နိုင်တယ်ဆိုတော့ ……”
“ မသိဘူး … ဒါပေမယ့် မခေတာတော့ ကျိန်းသေတယ် …. အထူးတပ်ဖွဲ့က စစ်သားတွေတောင် သူ့ကို မှီမယ်မထင်ဘူး …” လင်းရီ ပြောလိုက်သည်။
“ အထူးတပ်သားတွေထက်တောင် ကြမ်းနေတာလား ….”
ဤသတင်းက ရှိနေသည့် လူတိုင်းကို ရှော့ခ်ရသွားစေခဲ့လေသည်။
“ အင်း … တစ်ဖက်လူက ခြေရာခံတာ ၊ လုပ်ကြံတာ ၊ တန်ပြန် ထောက်လှမ်းတာ ၊ ရုပ်ဖျက်တာ ၊ ရဲတင်းပေမယ့် ဂရုစိုက်တာ ၊ အိုင်ကျူမြင့်တာ … အားနည်းချက်ဆိုတာ မရှိသလောက်ပဲ “
ပြောဆိုပြီးနောက် လင်းရီ ခေတ္တ အသံတိတ်သွားခဲ့ပြီး သူတို့ သုံးဦးကို ကြည့်၍ “ ကျုပ်တို့နဲ့ လယ်ဗယ်တူလောက် ရှိတယ်လို့ ထင်ရတယ် ….”
“ မဖြစ်နိုင်တာ ….” နင်ချဲ့ ယုံကြည်ရန် ခဲယဉ်းနေသည်။
“ ငါ အစောပိုင်းတုန်းက အခြေအနေကို ပြန်သုံးသပ်ကြည့်ခဲ့ပြီးပြီ … ရာဇဝတ်သားက အခင်းဖြစ်တဲ့ နေရာကတည်းက စပြီး နောက်ယောင်ခံလိုက်ခဲ့တာ ဖြစ်ရမယ် … ငါတို့ ကားအက်စီးဒင့် ဖြစ်တဲ့နေရာအထိဆို ဆယ့်ငါးမိနစ်ကြာတယ် …. ပြီးတော့ နောက်ဆုံး မိနစ်မှာမှပဲ သူ ငါ့နောက် လိုက်လာခဲ့တယ်ဆိုတာကို သတိထားမိတယ် …. အဲ့တစ်ချက်တည်းနဲ့တင် လူသတ်သမားက မရိုးရှင်းဘူးဆိုတာ သေချာနေပြီ ….”
“ အခင်းဖြစ်တုန်းက ဘေးနှစ်ဖက်လုံးမှာ ကားတွေက အများကြီးဆိုတော့ ရာဇဝတ်သားကလည်း သူတို့နဲ့ ဝင်ရောက်ပြီး ရုပ်ဖျက်ထားတာလေ … နင် သတိမထားမိတာ သာမန်ပါပဲ …” နင်ချဲ့ ပြောလိုက်သည်။
“ အဲ့တာလည်း တစ်စိတ်တစ်ပိုင်း ဟုတ်တယ် ….” လင်းရီ ဝန်ခံလိုက်၏။ “ ဒါပေမယ့် သူ့ရဲ့ ခြေရာခံတဲ့ အရည်အချင်းက လုံးဝကို သာမန် မဟုတ်ဘူး ….” လင်းရီသည် နင်ချဲ့နှင့် ချိုးယွီလော့တို့ကို ကြည့်လိုက်ပြီး “ မင်းတို့နှစ်ယောက်နဲ့တောင် လယ်ဗယ်တူချင်းလောက် ရှိတယ် … မဟုတ်ရင် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် တစ်ယောက်ယောက် ငါ့နောက်ကနေ တမင် လိုက်လာတယ်ဆိုတာ မသိစရာ အကြောင်းမရှိဘူး ….”
“ ဒါဆိုရင်တော့ ဒီအမှုက အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ …” လျိုဟုန် တွေးတွေးဆဆနှင့် ရေရွတ်လိုက်သည်။
“ ကဲပါ … အဲ့ဒီအကြောင်းတွေ တော်လိုက်ကြစို့ … လူက ဒဏ်ရာရထားတာ အလုပ်အကြောင်းတွေ မပြောသေးနဲ့ ….” နင်ချဲ့က လင်းရီကို ကြည့်လိုက်ပြီး “ သွားစို့ … တစ်ခြားနေရာ ပြောင်းနေရအောင် … မနက်ဖြန်ကျရင် ဆရာဝန်တစ်ယောက် လာခိုင်းပြီး နင့်ကို ပတ်တီးလဲခိုင်းလိုက်မယ် ….”
ရှိနေကြသည့် လူများအထဲ နင်ချဲ့က လင်းရီအပေါ် ဂရုအစိုက်ဆုံးဆိုသည်မှာ မြင်သာနေသည်။ သဘာဝကျကျပဲ သူ ဆေးရုံမှာ ရှိနေမှာကို မလိုချင်ခဲ့ပေ။
“ ကောင်းသားပဲ …” လင်းရီ သဘောတူလိုက်ပြီး “ အမှန်အတိုင်း ဝန်ခံရရင် ငါလည်း ဒီမှာ မနေချင်ဘူး ….”