တစ်လွှာပြီးတစ်လွှာ ကွာကျလာတဲ့ အလွှာတွေ
Vol. 172 Ch. 2444
လင်းရီ၏ တည်ကြည်တင်းမာနေသည့် အမူအရာကို မြင်တော့ အသင်းတစ် အဖွဲ့ဝင်များအားလုံး လေးလံစွာ ခေါင်းညိတ်လိုက်ပြီး ၎င်းတို့အားလုံး ကျောကို ဖြောင့်တန်းနေအောင် ရပ်လိုက်ကြသည်။
“ မင်းတို့ရဲ့ ပခုံးပေါ်မှာ ဟွာရှ ပြည်သူပြည်သားတွေရဲ့ မျှော်လင့်ချက်တွေ ရှိတယ် …. သေခြင်းတရားကို ကြောက်ဖို့မလိုဘူး … အချည်းနှီး သေသွားရမှာကိုပဲကြောက်ကြ … ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ မင်းတို့ တောင့်ခံထားကြရမယ် … သေဆုံးသွားခဲ့တဲ့လူတွေအတွက် လက်စားချေပေးပြီး ရှင်သန်နေတဲ့လူတွေအတွက် မျှော်လင့်ချက် ဖန်တီးပေးရမယ် ….”
“ ဟုတ်ကဲ့ ….”
“ ကောင်းကောင်း လေ့ကျင့်ကြ … ငါ အခု သွားတော့မယ် … အချိန်ရရင် ငါ ထပ်ပြီး လာကြည့်မယ် ….”
ထိုစကားများ ပြောဆိုပြီးနောက် လင်းရီ လှည့်ထွက်လာခဲ့လိုက်သည်။
နင်ချဲ့ကတော့ ချက်ချင်း မလိုက်သွားသေးဘဲ အသင်းတစ်အဖွဲ့ဝင်များအား မျက်နှာမူ၍ “ မနှစ်တုန်းက ပနားမားမှာ ဖြစ်သွားတဲ့ ကိစ္စက နင်တို့ ခေါင်းဆောင်ရဲ့ နှလုံးသားထဲမှာ ဆူးတစ်ချောင်းစိုက်နေသလို ဘယ်လိုမှ မေ့လို့မရဘူး … အဲ့လို အဖြစ်မျိုး နင်တို့တွေ ဖြစ်လာမှာကို သူ မလိုချင်ဘူး …. ဖြစ်လာခဲ့ရင် သူ ကျုံးဝေ့တပ်ဖွဲ့ထဲကနေတောင် ထွက်သွားလောက်တယ် ….”
အသင်းတစ် အဖွဲ့ဝင်တိုင်း၏ မျက်နှာအမူအရာများ အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့ကြသည်။
“ အားလုံး … သတိ …”
စွေ့ချန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
အဖွဲ့ဝင်များအားလုံး ချက်ချင်း အညီအညာ မတ်တပ်ရပ်လိုက်ကြပြီး ကျောများကို လှံတစ်စင်းနှယ် ဖြောင့်တန်းထားကြသည်။
“ အလေးပြု ….”
လူရှစ်ဦးလုံးမှာ တစ်ပြိုင်နက်တည်း အလေးပြုလိုက်ကြသည်။ ၎င်းတို့အားလုံး၏ မျက်နှာထက်တွင်တော့ လေးနက်တည်ကြည်သည့် အမူအရာများနှင့် ….။
လင်းရီ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။
“ ဒီကောင်တွေကတော့ ……”
*******
ကျုံးဝေ့တပ်ဖွဲ့ထဲမှ ထွက်လာခဲ့ပြီးနောက် နှစ်ယောက်မှာ တစ်ခုခု သွားစားကြပြီး ရုပ်ရှင်ကြည့်ကြသည်။ ပြီးနောက် ဟိုတယ်သို့ ပြန်လာသည်။
မနေ့တုန်းကကဲ့သို့ ဘာမျှ မပြုလုပ်ကြဘဲ ရိုးရိုးတန်းတန်း အိပ်ရာဝင်ခဲ့ကြသည်။ နင်ချဲ့က လင်းရီအတွက် မနက်ခင်း လေယာဉ်လက်မှတ်ကိုလည်း ပြင်ဆင်ပေးလိုက်၏။
နောက်တစ်နေ့ နံနက် ၊ မနက်စာစားပြီးနောက် နင်ချဲ့က လင်းရီကို လေဆိပ်သို့ လိုက်ပို့ပေးလေသည်။
မွန်းလွဲ နေ့လည် ဝန်းကျင်လောက်တွင် လင်းရီသည် ကျင်းလင် လေဆိပ်မှ ထွက်လာခဲ့၏။ သူ၏ မာ့စ်ကို ချိန်ညှိရင်း တက္ကစီငှားပြီး ယွင်လု ရပ်ကွက်ထဲသို့ ဦးတည်လာခဲ့သည်။
ဤသည်က လင်းရီအဖို့ လျှို့ဝှက် ခရီးစဉ်ဖြစ်ပြီး သူ အတန်တန် သတိထားနေသည့်အတွက် လူသတ်သမား ရိပ်မိခြင်း မရှိမည်မှာ ကျိန်းသေသည်။
ရပ်ကွက်၏ ပတ်ဝန်းကျင်အနေအထားက လင်းရီ စိတ်ကူးထားသည်ထက်ပင် ပိုပြီး ကောင်းမွန်နေပြီး ကျင်းလင်၌ ဤသို့သော နေရာမျိုးကို ချမ်းသာသည့် ရပ်ကွက်ဟု သတ်မှတ်၍ ရ၏။
ချိုးယွီလော့ ပေးလာခဲ့သည့် လိပ်စာအတိုင်း ဦးတည်ရင်း တိုက်ခန်း ၇၀၁ ၏ အခန်းတံခါးကို ခေါက်လိုက်သည်။
တံခါးတွန်းပွင့်လာခဲ့ပြီး အသက်ခြောက်ဆယ်အရွယ် ရှိမည့် အဘိုးကြီး တစ်ဦးက တံခါးလာဖွင့်ပေး၏။ အသက်ကြီးပြီ ဆိုသော်လည်း ဖျတ်လတ်သည့် အရှိန်အဝါတို့ကို ခံစားမိနေသည်။
လင်းရီ၏ မျက်နှာတစ်ပြင်လုံး ချက်ချင်း ဝင်းပသွားခဲ့သည်။ ရုပ်ရည်သွင်ပြင်က အနည်းငယ် မတူသော်လည်း ထိုအဘိုးကြီး၏ မျက်နှာထက်တွင် အတိတ်တစ်ချိန်က ကျန်ရစ်ခဲ့သည့် အရိပ်အယောင် တစ်ချို့ကို မြင်တွေ့နေရ၏။
ဤအဘိုးကြီးက လင်းရီ တွေ့ချင်နေသည့် ဝမ်ရှန်းရှီ ဖြစ်မည်မှာ ကျိန်းသေသည်။
“ မင်း ဘယ်သူတုန်း ….”
“ တစ်စိတ်လောက်ပါ … ခင်များက လူကြီးမင်း ဝမ်ရှန်းရှီလား မသိဘူး ….” လင်းရီ တန်ပြန် မေးခွန်းထုတ်လိုက်သည်။
“ ငါပဲ … မင်းက ဘာကိစ္စ မေးတာ ….”
လင်းရီ သူ၏ အထောက်အထားကို ပြသ၍ တည်ကြည်သည့် အမူအရာဖြင့် “ ကျုပ်က ကျိုးဟိုင် ရှန်းရှန်းရဲစခန်းက ရဲအရာရှိပါ … လူကြီးမင်းဝမ်ရဲ့ ပူးပေါင်းပေးမှုကို လိုအပ်နေတဲ့ အမှုတစ်ခု ရှိပါတယ် … ကျေးဇူးပြုပြီး မငြင်းပါနဲ့ ….”
“ အာ ….” ဝမ်ရှန်းရှီ တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး သူ့မျက်လုံးတို့ထဲ သတိထားမှုတို့ စွဲကပ်လာသည်။ “ ငါ ဘာ ရာဇဝတ်မှုမှ ကျူးလွန်မထားဘူး … မင်းက ဘာကိစ္စ ငါ့ကို စစ်ဆေးချင်နေတာ …”
“ ယွမ်ပေါင်မြို့မှာတုန်းက ခင်များ အိမ်တစ်လုံးကို တရားမဝင် ရောင်းချခဲ့တယ် … ပြီးတော့ ထောင်သုံးနှစ်လည်း ကျသွားခဲ့သေးတယ် … အဲ့ကိစ္စ မမေ့သေးဘူးမလား ….”
အကယ်၍ စောနက အမူအရာကို အံ့အားသင့်သည်ဟု ဆိုလျှင် ယခုအချိန်တွင်တော့ တင်းမာသည့် အမူအရာ ဖြစ်သွားခဲ့သည်။
ဝမ်ရှန်းရှီမှာ နေရာတွင် အေးခဲနေမိ၏။ “ ဒီလောက် နှစ်တွေ ကြာနေပြီကို မင်းက ဘာကိစ္စ အခုမှ ငါ့ကို လာရှာနေရတာတုန်း ….”
“ စိတ်မလှုပ်ရှားပါနဲ့ … ကျုပ် ဒီရောက်လာတာ ခင်များနားကနေ သတင်းနည်းနည်း လိုချင်ရုံပါပဲ … ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး … ကျေးဇူးပြုပြီး ကျုပ်နဲ့ ပူးပေါင်းပေးပါ လူကြီးမင်းရှီ ….”
ဒီတိုင်း သတင်းစုံစမ်းဖို့ ရောက်လာခဲ့ကြောင်း သိရှိလိုက်ရတော့ ဝမ်ရှန်းရှီ၏ ကသောင်းကနင်း ဖြစ်နေသည့် စိတ်ခံစားချက်တို့မှာ အနည်းငယ် ငြိမ်သက်သွားခဲ့တော့သည်။ “ ဝင်ခဲ့ …”
“ ကျေးဇူးတင်ပါတယ် ….”
လင်းရီ ဖိနပ်ချွတ်ပြီး အိမ်ထဲသို့ ဝင်လိုက်သည်။ နေရာက မသေးပေ။ အနည်းဆုံး ၇၀ စတုရန်းမီတာခန့်မျှ ကျယ်ဝန်း၏။
ထမင်းစားပွဲတွင် အဘွားကြီး တစ်ယောက် ထိုင်နေပြီး ဟင်းသီးဟင်းရွက်များ သင်နေသည်။
“ လောင်ဝမ် … ဘယ်သူတဲ့တုန်း …”
“ ကျိုးဟိုင်က ရဲအရာရှိ တစ်ယောက်ပါကွာ … ငါ့ဆီက သတင်းနည်းနည်းလိုချင်လို့ ရောက်လာတာ ….”
ဝမ်ရှန်းရှီသည် မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်း မရှိဘဲ အတော်လေး ရိုးသားပွင့်လင်းလှ၏။
“ ဒါငါ့ဇနီး ….”
လင်းရီ ပြုံးပြီး ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။ “ မင်္ဂလာပါ အဘွား …”
“ အေး အေး အေး ….” အဘွားကြီးက ခေါင်းညိတ်လိုက်ပြီး “ ရှင်တို့ နှစ်ယောက် စကားပြောကြဦး … ကျွန်မ ဝရံတာဘက် သွားလုပ်လိုက်မယ် ….”
“ ရပါတယ် … ကျုပ်တို့က ဘာလျှို့ဝှက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးမှာမှ မဟုတ်တာ … ထိုင်ပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်လို့လည်း ရပါတယ် ….”
အဘွားကြီးက ညင်သာစွာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူမ၏ ဟင်းသီးဟင်းရွက်များကို အဝေးသို့ ယူသွားလေသည်။
နှစ်ယောက်မှာ ဧည့်ခန်း ဆိုဖာပေါ် ထိုင်လိုက်ကြပြီး ဝမ်ရှန်းရှီက လိုရင်း တန်းသွားလိုက်၏။
“ မင်းက ဘာသိချင်တာ … သိချင်တာ တစ်ခါတည်းမေးလိုက် ….”
“ အခုတလော နေရထိုင်ရတာ ဘယ်လိုနေလဲ … အလုပ်ရော ရှိလား ….”
“ ငါက မြို့ပြစီမံခန့်ခွဲရေး ဗျူရိုမှာ ဂိတ်စောင့် လုပ်တယ်လေ … ငွေတော့ နည်းနည်းပါးပါး ဝင်တာပေါ့ ….”
လင်းရီ အခန်းပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်သည်။ ရေမီးအစုံနှင့် သူ၏ ဘဝက အတော်လေး အထက်တန်းမြင့်လှ၏။ ဂိတ်စောင့်အလုပ်အကိုင်က လူလေးစားရလောက်သည့် အလုပ်တစ်ခု မဟုတ်သော်လည်း မည်သည့်နေရာတွင် ဂိတ်စောင့်ဖြစ်သည့်အပေါ် မူတည်၍ ကွဲပြားသွားသေးသည်။
အစိုးရ အဖွဲ့အစည်းများတွင် ဂိတ်စောင့် လုပ်နိုင်သည့်လူက အစွမ်းအစ အနည်းငယ် ရှိသည့် လူစားမျိုး ဖြစ်၏။
“ အဓိက ကိစ္စကို ပြောကြတာပေါ့ …” သာကြောင်း၊မာကြောင်း အနည်းငယ် မေးမြန်းပြီးနောက် လင်းရီ လေးနက်သည့် လေသံဖြင့် “ ခင်များ အဲ့တုန်းက ရောင်းလိုက်တဲ့ အိမ်နဲ့ ပတ်သက်ပြီး …၊ အိမ်ရဲ့ မူရင်းပိုင်ရှင် ဘယ်သူဆိုတာ သိလား ….”
“ သိတာပေါ့ … သူ့နာမည်က လီရှန်းကွေ့ … ငါတို့ချင်းလည်း ရင်းနှီးတယ် ….”
“ ဘယ်လိုမျိုး ရင်းနှီးကြတာ … ကျုပ်ကို သေချာလေး ပြောပြပေးပါလား ….”
“ တော်တော် အဆင်ပြေတဲ့ ဆက်ဆံရေးရှိတယ်လို့ ပြောလို့ရတယ် … အတူသောက် ၊ အတူစား ၊ ဆိုးတူကောင်းဖက် မိတ်ဆွေတွေလို့ ပြောရင်လည်း မမှားဘူး ….”
“ ကျုပ် စစ်ဆေးကြည့်လိုက်တာ ခင်များ အဲ့တုန်းက ယွမ်ပေါင်မြို့မှာ အစိုးရဝန်ထမ်း ဖြစ်ခဲ့တယ်နော် … ပြောကြေးဆို ခင်များရဲ့ အဆင့်အတန်းက မနိမ့်ဘူး … ဘယ်လိုဖြစ်ပြီး သူနဲ့ ရင်းနှီးသွားခဲ့တာ ….”
“ မင်းတို့ လူငယ်တွေက အဲ့တုန်းက အခြေအနေတွေကို နားမလည်ပါဘူးကွာ ….” ဝမ်ရှန်းရှီ ပြောလိုက်ပြီး “ အဲ့တုန်းက အခြေအနေတွေဆိုတာ အခုခေတ်လို မဟုတ်ဘူး … ဘယ်သူကမှ ငါတို့ကို အဲ့လောက်ကြီး အလေးအနက်မထားကြဘူး … ပြီးတော့ မြို့ငယ်လေးမှာလေ … လူတိုင်းကလည်း နေထွက်တာနဲ့ နေ့တိုင်း ဒီမျက်နှာတွေချည်း မြင်နေကြရတာ … ရင်းနှီးလာခဲ့တာ ပုံမှန်ပါပဲ ….”
“ ခင်များသိသလောက်ဆို လီရှန်းဟွေ့က ဘာအလုပ်လဲ လုပ်တာ ….”
“ တောင်ပေါ်ဒေသထွက် ပစ္စည်းတွေ ရောင်းဝယ်တယ် … ပြီးရင် မြို့မှာ လာရောင်းတယ် … ငါတို့မြို့မှာတော့ သူက အကောင်ခပ်ထွားထွားပဲ …” ဝမ်ရှန်းရှီ ရှင်းပြလိုက်သည်။ “ ပြီးတော့ သူက လူမှုရေးလည်း နားလည်တယ် … ငါတို့လည်း တဖြည်းဖြည်းနဲ့ ရင်းနှီးလာခဲ့ကြတာပေါ့ ….”
“ ဒါဆို ခင်များက ဘာလို့ သူ့အိမ်ကို ရောင်းပစ်လိုက်ရတာ … ပြဿနာ တက်မှာ မကြောက်ဘူးလား …..”
“ အင်း ……. “ ဝမ်ရှန်းရှီက သက်ပြင်းချလိုက်ပြီး “ တစ်ခါက ငါ သူ့ဆီကနေ တောင်ပေါ်ဒေသထွက် ပစ္စည်းတွေ ဝယ်မယ်ဆိုပြီး သူ့အိမ်သွားတာ အိမ်မှာ မရှိဘူး … ငါလည်း စစချင်းတော့ သိပ်အများကြီး မစဉ်းစားမိဘူး … ဒါပေမယ့် သုံးလေးကြိမ်လောက် ဆက်တိုက် သွားကြည့်ပြီးတာတောင် အိမ်မှာ ဘယ်သူမှ ရှိမနေဘူး … ငါလည်း ကြောင်သွားတာပေါ့ … ဒါပေမယ့် စိတ်ထဲ သိပ်မထားမိဘူး ….”
“ ဒါပေမယ့် လအတော်ကြာတာတောင် အိမ်ကို ပြန်မလာဘူး … ခြံထဲက မြက်တွေတောင် လူတစ်ရပ်ရောက်တော့မယ် … အဲ့မှာ ငါလည်း သူ တစ်ခုခုတော့ ပြဿနာတက်ပြီဆိုတာ အတပ်သိလိုက်တယ် ….”
“ ဘာမှားနေလို့ …. ဘယ်လို ပြဿနာတက်တာ … “
“ သူက တောင်ပေါ်ဒေသထွက် ပစ္စည်းတွေ ရောင်းဝယ်တယ် ဆိုပေမယ့် ဆေးဖက်ဝင်အပင်တွေ ၊ ရှေးဟောင်းပစ္စည်းတွေ … အဲ့လို အရာ ………..”
“ ခဏလေးနေဦး ….”
လင်းရီ ဝမ်ရှန်းရှီကို စကားဖြတ်ပြောလိုက်ပြီး “ သူက ရှေးဟောင်းပစ္စည်းတွေလည်း ဝယ်ရောင်း လုပ်တာလား ….”
“ အင်း … ၊ ဆိုပေမယ့် အရည်အသွေး သိပ်မကောင်းတဲ့ ရှေးဟောင်းပစ္စည်းတွေပေါ့ … “
ဝမ်ရှန်းရှီ စကားကို ခေတ္တရပ်နား၍ “ အဲ့တုန်းက ကျေးလက်ဘက်တွေမှာ ရှေးဟောင်းပစ္စည်းတွေ ဘယ်လိုတောင် ပေါလဲဆိုတာ မင်း စိတ်ကူးယဉ်နိုင်မှာတောင် မဟုတ်ဘူး … ပြီးတော့ ကျေးလက်သားတွေဆိုတော့လည်း ပစ္စည်းက ဘယ်လောက် အဖိုးတန်လဲဆိုတာ မသိကြဘူးလေ … သူက အဲ့တာကို အသုံးချပြီး ပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ ဝယ်တယ် … ပြီးတာနဲ့ ကျင်းလင်မှာ ရာနဲ့ချီ ဈေးတင်ပြီး ရောင်းတော့တာပဲ ….”
လင်းရီ မျက်နှာထက်ရှိ အမူအရာမှာ လေးနက်သည်ထက် လေးနက်လာခဲ့တော့သည်။ ထိုသို့ ဖြစ်ရိုးမှန်မည်ဆိုပါက ထိုလူငါးယောက်အတွက် လူသတ်စရာ ရည်ရွယ်ချက်မျိုး တကယ်လည်း ရှိနိုင်သည်။
“ သူ ပြဿနာ တက်ပြီလို့ ခင်များပြောခဲ့တယ်နော် … အဲ့တာက ဘာကို ပြောချင်တာ ...”
“ တောင်ပေါ်ဒေသထွက် ပစ္စည်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေအပြင်ကို သူက ဆေးဖက်ဝင် အပင်တွေလည်း အရောင်းအဝယ် လုပ်သေးတယ် … တစ်ခါတစ်လေ သူ့ဘာသူ ဆေးဖက်ဝင် အပင်တွေကို ကိုယ်တိုင် ခူးတယ် ….” ဝမ်ရှန်းရှီ ပြောလိုက်ပြီး “ လအတော်ကြာပြီကို အိမ်ပြန်မလာဘူးဆိုတော့ ခန့်မှန်းကြည့်ရရင် သူ ဆေးပင်စုဆောင်းရင်း မတော်တဆ တစ်ခုခု ဖြစ်သွားတာပဲ ဖြစ်ရမယ် ….”
လင်းရီ၏ အကြည့်တို့ လှုပ်ခတ်သွားခဲ့ပြီး “ ခင်များပြောတာ ယုတ္တိရှိပါတယ် … ဒါပေမယ့် သိပ်တော့ မဟုတ်သေးဘူး …”