အမှန်တရားသို့ ချဉ်းကပ်ခြင်း
Vol. 172 Ch. 2445
“ ခင်များ သူ့အိမ်ကို ရောင်းတုန်းက သူ့ဆွေမျိုးသားချင်းတွေအကြောင်း မစဉ်းစားမိဘူးလား …” လင်းရီ ဝမ်ရှန်းရှီအား ကြည့်လိုက်ပြီး “ အမှားအယွင်းတစ်ခုလေးကတောင် ခင်များကို ပြဿနာတက်သွားစေနိုင်တယ်လေ ….”
“ အဲ့ကိစ္စလည်း ထည့်သွင်းစဉ်းစားခဲ့တာပေါ့ကွာ … သူ့မှာ သားတစ်ယောက် ရှိတယ် … ဒါပေမယ့် တောင်ပေါ်ဒေသဘက်တွေ သွားတိုင်း သူ့သားကိုပါ သူနဲ့အတူ ခေါ်သွားတတ်တယ် … ဒီတော့ သူတို့နှစ်ယောက်လုံး တစ်ခုခု ဖြစ်သွားခဲ့ပြီလို့ ထင်မိလိုက်တာပဲ … ဒါပေမယ့် ငါလည်း ချက်ချင်းကြီးတော့ မလုပ်ရဲပါဘူး … နောက် လနည်းနည်းလောက် ထပ်စောင့်ကြည့်ပြီး တစ်နှစ်လောက် ကျော်တော့မှပဲ အိမ်ကို ဘယ်သူမှ ပြန်မလာတာ မြင်တော့မှ တိတ်တိတ်လေး ရောင်းပစ်လိုက်တာ ….”
ဝမ်ရှန်းရှီ သက်ပြင်းချလိုက်သည်။ “ ငါ့ လောဘတွေကြောင့်ပါကွာ …. လူတိုင်းကို လှည့်စားနိုင်လိုက်ပြီ မှတ်နေတာ သိပ်မကြာခင်မှာပဲ ငါ့လုပ်ရပ်တွေကို ရှာတွေ့သွားခဲ့ပြီး ထောင်ထဲ သုံးနှစ် နေလိုက်ရတယ် … ပြန်ထွက်လာတော့ ငါ့အလုပ်လည်း ပြုတ်သွားခဲ့တယ် ….”
“ တစ်ဖက်က ဘယ်လိုဖြစ်ပြီး ရှာတွေ့သွားခဲ့တာ … သူ့မှာ တစ်ခြား ဆွေမျိုးတွေ ရှိနေတာလား …”
“ ငါ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကြောင့်ပေါ့ … သူလည်း အဲ့အိမ်ကို မျက်စိကျနေတာ … အဲ့တာနဲ့ အတိုင်ခံလိုက်ရတာပဲ ….”
လင်းရီ အတွေးနက်သွားခဲ့ပြီး “ ခင်များပြောတာ သူ့မှာ သားတစ်ယောက် ရှိတယ်ဆိုပြီးနော် ….”
ဝမ်ရှန်းရှီ ခေါင်းညိတ်လိုက်သည်။ “ သူ့သားနာမည်က လီလုံ … အဲ့ကလေးက အတော်လည်တယ် … သူ့အဖေလိုပဲ … အကြီးကြီးတွေ လုပ်ဆောင်နိုင်မယ့်လူလို့ ထင်ရတယ် ….”
“ ခင်များ ထောင်က ထွက်လာပြီးတဲ့နောက်မှာ သူတို့အကြောင်းကို မစုံစမ်းကြည့်ဘူးလား …” လင်းရီ မေးလိုက်သည်။
“ သူတို့ တကယ်ပဲ ပျောက်သွားခဲ့တာလား … ၊ ဒါမှမဟုတ် ယာယီ ထွက်သွားခဲ့ကြတာလား …..”
“ ငါတော့ သူတို့ သားအဖ နှစ်ယောက်လုံး သေပြီ ထင်တာပဲ … မဟုတ်ရင် အိမ်ကို ဒီတိုင်း ပစ်သွားစရာ အကြောင်းမရှိဘူးလေ ….” ဝမ်ရှန်းရှီ ပြောလိုက်ပြီး “ ငါ ထောင်က လွတ်လာတော့ အိမ်ကို ဒီတိုင်း အလွတ်ချည်းသပ်သပ် ထားထားတဲ့အကြောင်း ကြားမိတယ် … လေးနှစ်ကျော်သွားခဲ့ပြီ … ဘယ်သူမှ ပြန်ရောက်မလာခဲ့ဘူး … နောက်တော့ ဖြည်းဖြည်းချင်း လေလံတင် ရောင်းခံလိုက်ရတာပဲ ….”
လင်းရီ၏ အမူအရာ နက်မှောင်သွားခဲ့သည်။ လီရှန်းကွေ့၏ အခြေအနေက နစ်နာသူများ၏ ပရိုဖိုင်နှင့် ကိုက်ညီနေသည်။
သူက ဖန်းတရဲ့နှင့် အခြားသူများ ရွာက ထွက်သွားပြီးနောက်မှာပဲ ပျောက်ဆုံးသွားခဲ့သည်။
ထို့ပြင် သူက တောင်ပေါ်ဒေသထွက် ပစ္စည်းများ ဝယ်ရောင်းလုပ်သည့် အပြင် တန်ဖိုးရှိသည့် ရှေးဟောင်းပစ္စည်းများကိုလည်း အရောင်းအဝယ် လုပ်ခဲ့သေးသည်။ ထိုပစ္စည်းများက ငွေတန်ကြေး တော်တော်ရှိ၏။
ကျန်းဝန်ဟွား ပြောသည့် စကားအရ ၊ မာဟိုင်ချန် ကိုယ်တိုင် မြို့ပေါ်တက်၍ တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုခု သွားယူမည်ဟု ပြောခဲ့သည်။
လီဟုန်ကျူး၏ ပရိုဖိုင်တွင်လည်း သူ ရန်ကျင်းသို့ ရောက်လာစဉ်က လက်ထဲ ငွေတော်တော်များများ ပါလာခဲ့၏။
အလားတူစွာ ဖန်းတရဲ့နှင့် အခြားသူများတွင်လည်း ပိုက်ဆံ ပမာဏ တစ်ချို့အထိ ရှိနေခဲ့ကြသည်။
လင်းရီ၏ ဦးနှောက်မှာ စဉ်ဆက်မပြတ် လည်ပတ်နေပြီး အမှု၏ အပိုင်းအစများကို အတူစုစည်းဖို့ ကြိုးစားနေသည်။
ဖန်းတရဲ့နှင့် အခြားသူများက လီရှန်းကွေ့ တန်ဖိုးကြီး ရတနာ တစ်ခုခု ရလာခဲ့သည်ကို တစ်နည်းနည်းနှင့် သိရှိသွားခဲ့ကြပြီး ယင်းပစ္စည်းကို ရယူဖို့ ကြိုးပမ်းခဲ့ကြသည်။ ထို့နောက် လီရှန်းကွေ့ကို သတ်ဖြတ်၍ ရတနာကို ယူပြီး ထွက်ပြေးသွားခဲ့ကြသည်။
လင်းရီ၏ မျက်လုံးသူငယ်အိမ်တို့ ကျုံ့ဝင်သွားခဲ့ပြီး အခြား အတွေးတစ်ခုကို ထပ်မံ တွေးတောမိသွားခဲ့ဟန်ပင်။
ကျန်းဝန်ဟွား ပြောသည်မှာ မာဟိုင်ချန်က ငွေရပြီးနောက်တွင် ရွာပြန်ပြီး သူမကို တောင်းရမ်းလက်ထပ် ပေါင်းသင်းမည်ဟူ၍ပင်။ ဆိုလိုသည်မှာ ကနေဦးတွင်တော့ လီရှန်းကွေ့ကို သတ်ဖို့ အစီအစဉ် မရှိလောက်ပေ။
လီရှန်းကွေ့ သေဆုံးသွားခဲ့သည်က မတော်တဆ ဖြစ်နိုင်သည်။ ထို့ကြောင့်လည်း ရွာသို့ ပြန်ပြေးလာခဲ့ကြပြီး နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ပြန်သွားဖို့ ကြောက်ရွံ့နေကြခြင်း ဖြစ်လိမ့်မည်။
ဤအကြောင်း တွေးတောမိတော့ လင်းရီ နားလည်သဘောပေါက်သွားခဲ့တော့သည်။
အမှု၏ ဖြစ်စဉ်တစ်ရပ်လုံးက ရုတ်ချည်း ရှင်းလင်းလာသည်။
လီရှန်းကွေ့က အသတ်ခံလိုက်ရသည်။ သို့သော် သူ့သားကတော့ အသတ်မခံရလောက်ပေ။
လူသတ်သမားက သူ့သား လီလုံ ဖြစ်ဖို့များ၏။
“ အိမ် ဘယ်မှာရှိလဲ ခင်များ မှတ်မိလား …” လင်းရီ မေးလိုက်သည်။
“ နည်းနည်းတော့ မှတ်မိသေးတယ် ….”
“ ကျုပ်နဲ့ လိုက်ခဲ့ပေးပါလား … ကျန်တာ ဘာမှလုပ်ဖို့မလိုဘူး … အိမ်လိုက်ပြပေးရင် ရပြီ ….”
“ ရတယ်လေ …”
ရဲအရာရှိတစ်ဦးက တောင်းဆိုလာသဖြင့် ဝမ်ရှန်းရှီလည်း ငြင်းဆိုစရာ အကြောင်းမရှိပေ။
“ သွားကြစို့ ….”
လင်းရီ မတ်တပ်ရပ်လိုက်သည်။ ဝမ်ရှန်းရှီ အဝတ်အစားလဲပြီးနောက် နှစ်ယောက်မှာ တစ်နာရီကျော် တက္ကစီစီး၍ ယွမ်ပေါ်မြို့သို့ ရောက်လာသည်။
ဝမ်ရှန်းရှီက မြို့ထဲရှိ အုတ်နီခဲနှင့် ဆောက်ထားသည့် အိမ်တစ်လုံးကို လက်ညှိုးထိုးပြလိုက်သည်။
“ အဲ့ဒီအိမ်ပဲ …”
“ သေချာလို့လား ….”
“ သေချာတယ် …” ဝမ်ရှန်းရှီ ခါးသက်စွာ ပြုံးလျက် “ ဒီအိမ်ကြောင့်နဲ့ ထောင်ထဲ သုံးနှစ်နေခဲ့ရတာကို ငါ ဘယ်လိုလုပ် မေ့နိုင်မှာတုန်းကွာ …..”
“ ဒီအိမ်က ကျုပ် ထင်တာထက်တောင် ပိုကောင်းနေတာပဲ … အရင် နှစ်သုံးဆယ်ကျော်က အိမ်လို့တောင် မထင်ရဘူး ….”
“ ငါကြားမိတာတော့ တစ်ယောက်ယောက်က ဝယ်ပြီး ပြင်ထားပေးတယ်ဆိုပဲ … အဲ့တာကြောင့်လည်း အခုလို အကောင်းအတိုင်း ရှိနေတာပေါ့ ….”
“ လူနေတယ်ဆိုရင် ခြံထဲက မြက်တွေ အဲ့လောက်ထူနေစရာ အကြောင်းမရှိဘူး မဟုတ်လား ….”
“ ဟေ ….” ဝမ်ရှန်းရှီ အနည်းငယ် သင်္ကာမကင်း ဖြစ်သွားခဲ့ပြီး “ ဟုတ်သား … လူနေတယ်ဆိုရင် သပ်သပ်ရပ်ရပ်ဖြစ်နေသင့်တာ … အခုလိုမျိုး ဖြစ်စရာ အကြောင်းမှ မရှိတာ ….”
“ နောက်မှ ပြောကြတာပေါ့ … အခု အိမ်လည်း သိပြီဆိုတော့ ကျန်တာကို အေးဆေး ဆွေးနွေးလို့ရတယ် … ခင်များကတော့ ကားဆရာနဲ့ အိမ်ပြန်လိုက် … ကျုပ်သူ့ကို ပြန်ပို့ခိုင်းလိုက်မယ် ….”
“ အေး အေး …”
ကားထဲက ထွက်ပြီးနောက် လင်းရီသည် ကားဆရာကို တက္ကစီခ ရှင်းပေးပြီး ဝမ်ရှန်းရှီကို သူ့အိမ်သို့ ပြန်ခေါ်သွားခိုင်းလိုက်သည်။
လင်းရီ ခန့်မှန်းထားသည့် အတိုင်းဆိုလျှင် … လူသတ်သမားက သူ ယွမ်ပေါင်မြို့သို့ ရောက်နေသည်ကို သိဦးမှာ မဟုတ်ချေ။ ဤသည်ကို အခွင့်ကောင်းယူပြီး အိမ်ထဲ ဝင်ကြည့်ဖို့ ဆုံးဖြတ်ထား၏။
လင်းရီ ပတ်ပတ်လည်ကို တစ်ချက် သေချာကြည့်လိုက်သည်။ အနီးနားတစ်ဝိုက်တွင် မည်သူမျှ စောင့်ကြည့်မနေသည်ကို မြင်တော့ ချက်ချင်းပဲ တံတိုင်းကိုကျော်၍ ခြံထဲ ခုန်ဝင်လိုက်သည်။
ခြံနောက်ထဲတွင် မြက်ပင်၊ ပေါင်းပင်တို့ ပြည့်နှက်နေသော်လည်း ခြံရှေ့ကတော့ အတော်လေး သန့်ရှင်းသပ်ရပ်နေသည်။
အနည်းငယ် ရှုပ်ယှက်ခတ်နေသော်လည်း စွန့်ပစ်ထားသည့် အိမ်တစ်လုံးနှင့်တော့ မတူပေ။
မျက်စိရှေ့တွင် မြင်တွေ့နေရသည့် အရာတိုင်းက ခေတ်နောက်ပြန်ဆွဲနေပြီး မတူညီသည့် ဆွဲဆောင်မှုတစ်မျိုးက သင်းပျံ့နေသည်။
ခြံဝန်းထဲတွင် မြည်းတဲကုပ်တစ်ခု ရှိနေပြီး ၎င်းဘေးနားတွင်တော့ ကျောက်သားကြိတ်ဆုံကြီး တစ်ခု ရှိသည်။ အခြားတစ်ဖက်တွင်တော့ သစ်သားတဲလေး တစ်ခုရှိပြီး ပစ္စည်းပစ္စယတို့ သိုလှောင်ဖို့ရာ အသုံးပြုထားဟန်ပင်။
၎င်း၏ ထောင့်တစ်နေရာတွင် ပစ္စည်းဟောင်းများ စုပုံနေပြီး လင်းရီ သွားကြည့်လိုက်တော့ သူတစ်ခုမှ မသိကြောင်းကို သိရှိလိုက်ရသည်။
သို့သော် .. သေချာသည် တစ်ခုကတော့ ၎င်းတို့အကုန်လုံးက ရှေးဟောင်းပစ္စည်းများ ဖြစ်၏။
လင်းရီ ဖြည်းဖြည်းချင်း လိုက်လံလှည့်ပတ်ကြည့်နေပြီး ရှေးအချိန်အခါသို့ ပြန်လည်ရောက်ရှိသွားသည့်နှယ် ခံစားနေရသည်။
ယွမ်ပေါင်မြို့က စီးပွားရေးအရ သိသိသာသာ တိုးတက်လာခြင်း မရှိသော်လည်း လူနေမှုအဆင့်အတန်းကတော့ မြင်သာလောက်သည်အထိ မြင့်တက်လာသည်။ ခေတ်မီပစ္စည်းများကို နေရာအနှံ့တွင် ပျံ့နှံ့နေလျက်ရှိ၏။
သို့တိုင် … ဤအိမ်အဟောင်းကြီးကတော့ အတိတ်၏ အချိန်မြစ်ကြီးထဲ နစ်မြောနေဆဲပင်။
အရာအားလုံးတွင် ခံစားမြင်သာလောက်သည့် တစ်ခေတ်တစ်ခါက အိုမင်းဟောင်းနွမ်းသည့် အရှိန်အဝါတို့ တည်ရှိနေပြီး .... အကယ်၍ ဤအိမ်ကို ယခင် နှစ်သုံးဆယ်ကျော် ကာလသို့ သယ်ဆောင်သွားမည်ဆိုပါက ပတ်ဝန်းကျင်ထဲ ထင်းထွက်မနေလောက်ပေ။
ကြည့်ရှုနေရင်း …. လင်းရီ စိတ်ထဲ ဤအိမ်ထဲတွင် လူတစ်ယောက်မျှ မနေခဲ့ဖူးဟု ခံစားနေရ၏။
မျက်မှောက်ခေတ်လူများမှာ ဤသို့သော ပတ်ဝန်းကျင်မျိုးကို လုံးဝ သည်းခံနိုင်မှာ မဟုတ်လောက်ချေ။
သူ မြေပြင်မှ သစ်သားတုတ် တစ်ချောင်း ကောက်ယူပြီး တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။
စိုထိုင်းပြီး ဟောင်းနွမ်းသည့် အနံ့ခပ်ဖျော့ဖျော့က နှာသီးဝသို့ ရောက်လာရိုက်ခတ်ပြီး အိမ်တွင်းပိုင်း အပြင်အဆင်ကလည်း ရိုးရိုးရှင်းရှင်းပင်။ ဘေးတစ်ဖက်တစ်ချက်စီတွင် အခန်းတစ်ခန်းစီ ရှိနေပြီး ပရိဘောဂပစ္စည်းတို့ကလည်း ဖုန်တက် ဟောင်းနွမ်းနေသည်။
လင်းရီ တုတ်ချောင်းဖြင့် ဘယ်ဘက် အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ အတွင်းတွင် နှစ်ယောက်အိပ် ကုတင် တစ်လုံးရှိနေပြီး ဗီရိုကလည်း ၎င်းဘေးတွင် ရှိနေသည်။
သို့သော် မည်သည့်အဝတ်အစားတို့မျှ ရှိမနေဘဲ ဗလာချည်းသပ်သပ် ဖြစ်၏။
ထို့နောက် လင်းရီ ညာဘက် အခန်းသို့ ဝင်ကြည့်လိုက်ရာ ဝင်လိုက်သည်နှင့် ချက်ချင်းပဲ သူ့တစ်ကိုယ်လုံး အေးခဲသွားခဲ့တော့သည်။
လင်းရီ၏ ရှေ့မှောက်တွင် အနီရောင်သစ်သားဖြင့် ဘောင်ကွပ်ထားသည့် အဖြူအမည်း ဓာတ်ပုံ တစ်ပုံ ရှိနေသည်။
ဓာတ်ပုံထဲတွင် မုတ်ဆိတ်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက သားရေ ဂျာကင် တစ်ထည်ကို ဝတ်ပြီး ဆံပင်ကလည်း ငှက်အသိုက်နှယ် ရှုပ်ယှက်ခတ်နေသည်။ သို့သော် သူ့အပြုံးတို့ထဲ ယုံကြည်မှုတို့ လွှမ်းလျှံနေသည်ကိုတော့ အထင်းသား ခံစားမိနိုင်သည်။
ဤသို့သော ဓာတ်ပုံစတိုင်မျိုးက ရှေးတစ်ချိန်က အတော်လေး ပေါ်ပြူလာဖြစ်ခဲ့ဖူး၏။
ရန်ချိန်ရှိ ကျောက်ချွမ်ဖူ၏ အိမ်၌ပင် ဤသို့သော ဓာတ်ပုံ အများအပြားရှိပြီး ဝင့်ဝင့်ကြွားကြွား ပြသထားကာ သူ လူပျိုအရွယ်တုန်းက မည်မျှ ချောမောခန့်ညားခဲ့ကြောင်းကို လင်းရီတို့အား မကြာခဏ ကြွားဝါလေ့ရှိသည်။
သူ့ရှေ့ရှိ ဓာတ်ပုံကိုကြည့်ရင်း … ပုံထဲရှိလူက လီရှန်းကွေ့ ဖြစ်မည်ဟု လင်းရီ ယူဆလိုက်၏။
သို့သော် အကြောင်းအရင်းတစ်ချို့ကြောင့် သူ့မျက်လုံးထဲ အနည်းငယ် ရင်းနှီးနေပြီး တစ်နေရာရာတွင် တွေ့ဖူးသည့်နှယ် ခံစားနေရလေသည်။
လင်းရီ ဖုန်းထုတ်၍ အဖြူအမည်း ဓာတ်ပုံကို ရိုက်ယူသိမ်းဆည်းလိုက်ကာ သေချာစေရန်အတွက် ပြန်ရောက်တော့မှ သူ့အထောက်အထားကို စုံစမ်းကြည့်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
သို့သော် သူ ထွက်သွားတော့မည့် အချိန်မှာပဲ တစ်စုံတစ်ရာက သူ၏ အမြင်အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
စာစဉ်( ၁၇၂) ပြီး၏။
( 6 June 2026, 3:19 PM )