အခန်း ၁၂၉၈
Vol. 130 Ch. 1298
အခန်း (၁၂၉၈) သုံးယောက်ပေါင်းသတ်ကွက်
မြောက်ပိုင်းတိုက်ကြီး၏ ကြီးမြတ်သောကောင်းကင်ပါရမီရှင် သုံးဦးအနက် တစ်ဦးအနေဖြင့်၊ ယိုယောင်က ဒေါသတကြီးဖြင့် တိုက်ခိုက်ခဲ့ပြီး သူမအကျွမ်းတဝင်ရှိဆုံးသော နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်ခဲ့သည်။
၎င်းက သူမ၏စွမ်းအင်အပြည့်အဝကို ကိုယ်စားမပြုလျှင်ပင်၊အခြားမျိုးဆက်ခွဲများမှ တပည့်များကး လွယ်ကူစွာခုခံနိုင်မည့်အရာ မဟုတ်ပေ။
အဖြူရောင်အလင်းတန်းက ကောင်းကင်ယံကို ဖောက်ထွင်းသွားပြီး ချင်းကွမ်းစစ်တုရင်ခုံ ကန့်လန့်ကာကို မျက်တောင်တစ်ခတ်အတွင်း အပိုင်းပိုင်း ဆုတ်ဖြဲလိုက်သောအခါ၊ ရှန်းယီက စီရင်စုလေးခုကို စီမံခန့်ခွဲရန် သူ့တွင်လည်း တန်းတူညီမျှ အရည်အချင်းရှိကြောင်း လူတိုင်းကို သက်သေပြလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် အပေါ်ယံအသွင်အပြင်အရ ကြည့်မည်ဆိုလျှင်ပင်၊ သူတို့နှစ်ဦး အချင်းချင်း၏လှုပ်ရှားမှုများကို ရင်ဆိုင်ရာတွင်၊ သူက ယိုယောင်ထက် ပို၍ပင် သက်တောင့်သက်သာ ရှိနေပုံရ၏။
"စီနီယာအစ်ကိုထိုက်ရွှီ က လင်းရွှီဂူကို ရောက်လာတာ ဘယ်လောက်ကြာပြီမို့လို့ ဒီ ချင်းရှင်းနယ်ပယ် ကို ဒီလောက် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရတာလဲ..."
တပည့်များစွာက ရှန်းယီက ယိုယောင်ထက် ပိုမို အားကောင်းသည်ဟုယူဆရန် ဤမြင်ကွင်း တစ်ခုတည်းအပေါ်တွင်သာ အခြေခံပြီး ဆုံးဖြတ်မည် မဟုတ်သော်လည်း၊ သူ့တွင် ထိုဝိညာဉ် ရတနာ၏ အားသာချက် ရှိနေသောကြောင့်၊ မွေးရာပါ အရည်အချင်းအရကြည့်မည်ဆိုပါက ဤစီနီယာအစ်ကိုမှာ တကယ်ကိုအံ့သြဖွယ်ကောင်းလှပေသည်။
"ဒီနေရာမှာတင် ပြီးဆုံးသွားသင့်တယ်။"
အစောပိုင်းက မြင်တွေ့ခဲ့ရသည့်အရာများအရ၊ ကျားသစ်တစ်ကောင်ကို အစင်းရာလေးမြင်ရရုံဖြင့်ခွဲခြားနိုင်သည်ဆိုသကဲ့သို့၊ သူတို့၏ကျင့်ကြံခြင်းမှာကွာခြားနိုင်သေးသော်လည်းများစွာတော့ ကွာခြားမည် မဟုတ်ပေ။
ဤအဆင့်တွင် ဆက်လက်၍ယှဉ်ပြိုင်တိုက်ခိုက်နေခြင်းက အနိုင်အရှုံးကိုလွယ်ကူစွာဆုံးဖြတ်နိုင်မည် မဟုတ်ဘဲ၊ နောက်ဆုံးတွင် အကြီးအကဲများက ဝင်ရောက်စွက်ဖက်ကာ သူတို့ကိုခွဲထုတ်ရပါလိမ့်မည်။
အကယ်၍ စီနီယာအစ်မ ယိုယောင် က မြောက်ပိုင်းတိုက်ကြီးတွင် မျက်နှာအနည်းငယ်ချန်ထားလိုသေးပါက၊ အခြေအနေများ ထိန်းချုပ်၍မရနိုင်အောင်ကြီးထွားမလာမီ ယခုပင် လှည့်ပြန်သင့်ပါသည်။
"..."
အစစ်အမှန်အရှင်မ ယိုယောင်က အဆုံးအစမဲ့ ချင်းကွမ်းများ ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီး သူမ၏မျက်ခွံများ တုန်ယင်သွား၏။ ဤမျှ များပြားသောအရာများကို ဖုံးကွယ်ထားနိုင်စွမ်းရှိသူကို သူမတစ်ခါမှ မမြင်ဖူးခဲ့ပေ။
သူ့ကို တွေ့ရသည့်အချိန်တိုင်းနီးပါး၊ သူ့အကြောင်း အသစ်အဆန်းတစ်ခုခုကို သူမ အမြဲတမ်း တွေ့ရှိခဲ့ရ၏။
ဤအခြေအနေသို့ရောက်နေချိန်တွင် သူမပင်လျှင် သူ့အပေါ်လေးစားမှု အချို့ကို ခံစားလိုက်ရ၏။
အကယ်၍ သူက အားကောင်းသော်လည်း ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါက၊ မြောက်ပိုင်းတိုက်ကြီးသို့ သူ၏ကနဦး ရောက်ရှိလာမှုက မသေမျိုးသုံးပါးဂိုဏ်းတစ်ခုလုံး၏ ရန်လိုမှုကို ဖြစ်ပေါ်စေခဲ့မည်ဖြစ်ပြီး၊ သူ့ကို တညီတညွတ်တည်း နှင်ထုတ်ကြလိမ့်မည်။
သို့မဟုတ် သူ့ကို ဖယ်ရှားပစ်ခဲ့ကြမည်ဖြစ်သည်။
သူက နောက်ကွယ်တွင်နေပြီးတည်ငြိမ်သောခြေလှမ်းများကို လှမ်းကာ ဂိုဏ်းဝင်များ၏အပြည့်အဝ အသိအမှတ်ပြုမှုကို ရယူခြင်းဖြင့်သာ၊ ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤ အစစ်အမှန်အရှင် ထိုက်ရွှီက အပြည့်အဝ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။
တိုက်ခိုက်ရန်အတွက် တူညီသောဂိုဏ်းတွင်းမှ မည်သူ့ကိုမဆို ကျပန်းရွေးချယ်လိုက်ပါက ယွင်မြောင်ကဲ့သို့ သတ္တိကြောင်သူမျိုးမှလွဲ၍ လီရှန်း အပါအဝင်စီနီယာတပည့်များကိုအငိုက်မိသွားစေနိုင်ပြီး သူတို့က အရှုံးပေးကာသူ့ဆန္ဒကို လိုက်လျောကြပေလိမ့်မည်။
ကံမကောင်းစွာဖြင့် သူက ပစ်မှတ် မှားရွေးခဲ့သည်။
ယိုယောင်က အခြားတစ်ယောက်၏နင်းတက်စရာ ခုံတစ်ခုဘယ်သောအခါမျှဖြစ်လာမည် မဟုတ်ပေ။
"ငါ့အပေါ်ကနေ နင်းတက်ချင်နေတာလား..." ယိုယောင်က သူမ၏ညာလက်မောင်းကို မြှောက်လိုက်ပြီး၊လက်ဖဝါးကို လှန်လိုက်ရာဖောက်ထွင်းမြင်နိုင်ပြီး ရေကဲ့သို့ကြည်လင်သည့် ရတနာပုတီးစေ့ တစ်လုံးကလေထဲတွင် တွဲလွဲခိုလျက် ပေါ်ထွက်လာ၏။
သူမက သူမ၏ ကပ်ဘေးစွမ်းအား တစ်ခုလုံးကို ပြင်းပြင်းထန်ထန်ဆွဲယူလိုက်ပြီး၊ ၎င်းအားလုံးကို ပုတီးစေ့ထဲသို့ သွန်းလောင်းထည့်လိုက်ရာ၊ အေးစက်သောအသံတစ်ခုက လျင်မြန်စွာ ပြန့်နှံ့သွားသည်။ "နင် အိပ်မက်မက်နေတာပဲ။"
နှစ်ဦးစလုံးပျက်စီးရမည်ဆိုလျှင်ပင်၊ အထူးသဖြင့် ယခုအချိန်တွင် သူ၌စွမ်းရည်များစွာမရှိသောကြောင့် ဤလူငယ်လေးကို အရင်ဆုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားစေရန် သူမ ရည်ရွယ်ထား၏။
"ပိယို ပုတီးစေ့"
နှစ်ခုစလုံးက သုံးကြိမ်သွေးသန့်စင် ဝိညာဉ်ရတနာ များ ဖြစ်ကြသော်လည်း၊ ယိုယောင် ကိုင်ဆောင်ထားသော ဤပုတီးစေ့က အသက်မဲ့ဓား ထက် သိသာထင်ရှားစွာ ပိုမို ကျော်ကြားပါသည်။
ပုတီးစေ့က ၎င်း၏တောက်ပမှုကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကောင်းကင်မျှော်စင်တောင် အတွင်းရှိတပည့်များက အလိုအလျောက် လူစုကွဲသွားကြသည်။
"ယိုယောင်၊ မင်းက ခိုင်ယွမ်စီရင်စုကို ရေလွှမ်းမိုးဖို့ ကြိုးစားနေတာလား။"
သူတို့က စီနီယာအစ်မဟူသော အသုံးအနှုန်းကိုပင် ချန်လှပ်ထားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းတွင်းယှဉ်ပြိုင်မှုများက နောက်ဆုံးတွင် ယုံကြည်မှုစွမ်းအင်များအတွက် ရည်ရွယ်သော်လည်း၊ ဤရူးသွပ်နေသော အမျိုးသမီးက ယခုအခါ ခိုင်ယွမ်စီရင်စုတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားပုံရသောကြောင့်ဖြစ်သည်။
သူတို့၏အသံများမှာ လွန်စွာဆူညံသောအသံကြီးများကြောင့် လျင်မြန်စွာဖုံးလွှမ်းသွား၏။
ပင်လယ်လေးစင်းမှ ရေများက ကောင်းကင်မှ ဆင်းသက်လာပြီး၊ ခိုင်ယွမ်စီရင်စု၏ အထက်တွင် အဆုံးအစမဲ့သော ရေကန်ကြီးတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ပိယိုပုတီးစေ့ မှ ဆွဲယူလာသော ပြင်းထန်သောလှိုင်းလုံးများက ၎င်း၏ပတ်လည်တွင် မရေမတွက်နိုင်သော ဧရာမ ရေနဂါးကြီးများအဖြစ်သို့ ပြောင်းလဲသွားကြ၏။
အကယ်၍ ဤမြင်ကွင်းက အတိတ်ကဖြစ်ပေါ်ခဲ့ပါက၊ ဤဒေသများက သူ၏အနာဂတ်လမ်းကြောင်းဖြစ်သည်ဟု ယုံကြည်ထားသော အစစ်အမှန်အရှင် ယွင်မြောင်က ဤကဲ့သို့အဆင်အခြင်မဲ့ဖျက်ဆီးမခံရစေရန် သေချာပေါက်စိုးရိမ်ပူပန်နေပါလိမ့်မည်။
သို့သော် ယခုအခါ သူက သူ၏အကြည့်ကို ရှန်းယီအပေါ်တွင် စူးစိုက်ထားပြီး၊ ဤ ဝိညာဉ်ရတနာ အောက်တွင် သူ မည်သို့ သေဆုံးသွားမည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုနေ၏။
နောက်တစ်ခဏတွင် နဂါးတစ်သောင်းက ဟိန်းဟောက်လိုက်ပြီး သေမျိုးလောကထဲသို့ဆင်းသက်လာတော့သည်။
"..."
ကောင်းကင် ကန့်လန့်ကာကို မျက်နှာမူလျက် ရှန်းယီက သူ၏ဓားကို စုတ်တံတစ်ချောင်းအလား ကိုင်ဆောင်လိုက်ပြီး ကောင်းကင်ယံဆီသို့ စတင် ရေးချယ်လိုက်၏။
အသက်မဲ့ဓားက ယခင်ကကဲ့သို့ ရှေးကျပြီး ရိုးရှင်းနေဆဲဖြစ်ကာ၊ ယခင်က အဖြူရောင်အလင်းတန်းများပင် လုံးဝပါဝင်ခြင်းမရှိတော့ဘဲ သာမန် သံဓားတစ်လက်နှင့် တူနေသည်။
သို့သော် ၎င်းကမြင့်တက်လာသည်နှင့်အမျှ၊ ရေနဂါးအားလုံးက လမ်းကြောင်း ပြောင်းပြန်လှည့်သွားကြပြီး၊ဧရာမ ရေနယ်ပယ်ကြီးတစ်ခုအဖြစ်သို့ ပြန်လည် စုစည်းသွားကြ၏။
ရှန်းယီ၏လက်မောင်းက တစ်လက်မမြင့်တက်သွားတိုင်း၊ မဟာရေကန်ကြီး သည် မိုင်တစ်ရာ မြင့်တက်သွား၏။
လူတစ်ယောက်နှင့် ဓားတစ်လက်က ပင်လယ်ကြီးကို ကောင်းကင်ယံသို့မြှောက်တင်လိုက်ရာ ကောင်းကင်အလယ်တွင် ရှင်းလင်းသောအဖြူရောင်မျဉ်းကြောင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
ဝိညာဉ်ရတနာ နှစ်ခုလုံးမှာ သုံးကြိမ် သွေးသန့်စင်ခြင်း များဖြစ်ကြရာ၊ ကျင့်ကြံသူ၏အခြေခံအုတ်မြစ် နက်ရှိုင်းမှုအပေါ်တွင်သာ ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။
နှေးကွေးသော်လည်း ပင်လယ်ကြီးက အမှန်တကယ်ပင် တည်ငြိမ်စွာမြင့်တက်သွားခဲ့သည်။
ဤမြင်ကွင်းက လူတိုင်း၏မျက်စိရှေ့သို့ ဝင်ရောက်လာသောအခါ၊ သူတို့က လှုပ်ရှားရန်ပင် မေ့သွားကြပြီး အံ့သြမင်သက်စွာဖြင့်သာ စိုက်ကြည့်နေကြ၏။
နောက်တစ်ကြိမ်တွင်၊ စီနီယာအစ်ကို ထိုက်ရွှီက သူ၏ ရွယ်တူများ၏ သူ့အပေါ် နားလည်မှုကို အသစ်ပြန်လည် လန်းဆန်းသွားစေခဲ့သည်။ မြောက်ပိုင်းတိုက်ကြီး၏ ပါရမီရှင်များကို ကျော်လွန်သော အရည်အချင်းရှိရုံသာမက၊ ယခုအခါ သူ၏နယ်ပယ် နှင့် ကျင့်ကြံခြင်းပင်လျှင် စီနီယာအစ်မ ယိုယောင်ထက် သာလွန်နေပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ယိုယောင်၏မျက်နှာသွင်ပြင်က အနည်းငယ်အကျည်းတန်သွားပုံရလေ၏။
ပထမအကြိမ် တိုက်ခိုက်မှုတွင် အသက်မဲ့ဓားကို ဆင်ခြေအဖြစ် အသုံးပြုနိုင်သေးသော်လည်း၊ ယခုတစ်ကြိမ်တွင်မည်သည့်အရာကို ဆင်ခြေအဖြစ် အသုံးပြုရမည်နည်း။
ဘုန်းကြီးများလွှမ်းမိုးထားသော နေရာဖြစ်သည့် တောင်ပိုင်းတိုက်ကြီးတွင်၊ ချီကျင့်ကြံသူ တစ်ဦးက ဤမျှအမြင့်သို့ မည်သို့ရောက်ရှိနိုင်သည်ကို သူမ စိတ်ကူး၍ပင် မရနိုင်ပေ။ ထို့အပြင် ဤမျှအားကောင်းနေလျက်နှင့်ပင် တောင်ပိုင်းတိုက်ကြီးမှ နှင်ထုတ်ခံရပြီး၊ သူ၏အသက်ကို ကာကွယ်ရန် မြောက်ပိုင်းတိုက်ကြီးသို့ ထွက်ပြေးလာရခြင်း ဖြစ်၏။
ရွယ်တူများထံမှ အံ့သြတကြီးရေရွတ်သံများက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေစဉ်၊ ယိုယောင်၏လက်ချောင်းများက အနည်းငယ် တုန်ယင်နေပြီး၊ သူမအောက်ဘက်သို့ ပြန်လည်ဖိအားပေးနေသော်လည်း မဟာရေကန်ကြီး၏ မြင့်တက်လာမှုကို မတားဆီးနိုင်ခဲ့ပေ။
သူမ၏ရှုထောင့်မှ ကြည့်လျှင် ထို ပိုးကောင်နတ်ဆိုး တပည့်၏ကျင့်ကြံခြင်းက သူမထက် သာလွန်နေကြောင်း သူမ လွယ်ကူစွာ မြင်တွေ့နိုင်ခဲ့သည်။
ဤအကြောင်းကို တွေးမိသောအခါ သူမက ဘေးသို့ဂရုမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်၏။
"ဟူး"
ယွင်မြောင်က အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး၊ ဤတစ်ကြိမ်တွင် အနည်းငယ်မျှမတုံ့ဆိုင်းတော့ဘဲ ယခင်က ယပ်တောင်ကိုထပ်မံ ခေါ်ထုတ်လိုက်ရာ၊ ၎င်း၏အရိုးတံများက ကျောက်စိမ်းကဲ့သို့ဖြစ်နေပြီး ယက်တောင်ပွင့်သွားသောအခါ မျက်နှာပြင်မှာ မြူခိုးများဖုံးလွှမ်းနေသော တိမ်တိုက်တစ်ခုကဲ့သို့ ဖြစ်နေ၏။
သူက အောက်ဘက်သို့ပျံသန်းသွားရာ၊ သူ၏ဝတ်ရုံများက လွင့်လူးနေပြီး အင်္ကျီလက်အိုးများက ဖောင်းကားနေသည်။
ယခုအချိန်မှာတော့ ကျန့်နင်စီရင်စုတွင် သည်းခံခဲ့ရသော နာကြည်းချက်များက ယပ်တောင်အတွင်း စုစည်းသွားတော့သည်။