← Chapters

ပြန်လည်ဝင်စားခြင်း

Vol. 008 Ch. 385

ပြန်လည်ဝင်စားခြင်း

Vol. 008 Ch. 385

ဧရာမလက်ကြီး နီးကပ်လာသည့် အခိုက်တွင် မြေပြင်က စတင်တုန်ခါသည်။ အေးစက်စက် မျက်နှာနှင့် အနီ‌ရောင် ဆံပင်ရှိသော လူငယ်တစ်ယောက်သည် မြေကြီးထဲမှ ထွက်ပေါ်လာပြီး ထိုလက်ကို ရိုက်ချသည်။

ဘန်း ...

လက်ကြီးကနောက်သို့ မီတာများစွာ ဆုတ်သွားရ၏။ အနီရောင်တိမ်ထဲရှိ အလင်းမျက်လုံး တစ်စုံက ဆံပင်အနီရောင်နှင့် လူထံသို့ ကျရောက်လာသည်။

မူလခန္ဓာကိုယ်၏ အသွင်က တည်ငြိမ်လျက်ပင်။ စောနတုန်းက လက်ကြီး၏ ဆင်းသက် တိုက်ခိုက်မှုက သူ့အတွက် လေပြင်း တစ်ခုအလားပင် ထင်မှတ်ရသည်။ သို့ရာတွင် သူ့နဖူးပေါ်ရှိ ခရမ်းရောင်ကြယ်နှစ်လုံးက မြန်ဆန်စွာ လှည့်ပတ်လာ၏။

မူလခန္ဓာကိုယ်က ဝမ်လင်းရှေ့တွင် ရပ်၍ ကောင်းကင်ထက်သို့ အေးစက်စွာ စူးစိုက်ကြည့်သည်။

အနီရောင်တိမ်တိုက်ထဲရှိ မျက်လုံးများက ထပ်မံပျောက်ကွယ်သွား၏။ အနီရောင်တိမ်များက ပို၍ စုဝေးလာကြသည်။ သည်အချိန်၌ ဧရာမလက်ကြီးထဲသို့ အနီရောင်တိမ်များက ဝင်ရောက်သွားကြ၏။ ပို၍လည်း သိပ်သည်းလာခဲ့သည်။ သေခြင်းတရား လက်ငါးချောင်း အဖြစ် ဖွဲ့တည်လာလေ၏။

၎င်းက တစ်ဖန် တိုက်ခိုက်ပြန်သည်။

သည်တစ်ကြိမ် တိုက်ခိုက်မှုတွင် လက်ကြီးက ပိုနီးကပ်လာသည်နှင့် လက်ချောင်းငါးခုက အထူးအက်ကွဲကြောင်း ငါးခုကိုပါ ဖြစ်ပေါ်သွား၍ ဝမ်လင်း နောက်သို့ လိုက်ပါလာသည်။

ဝမ်လင်းက အော်ဟစ်သံပြုသည်။ သူက သိုလှောင်သံအိတ်ထဲက အတားအဆီး အလံကို ထုတ်၏။ သည့်နောက် သူက အတားအဆီးအလံကို လှံရှည်အဖြစ်သို့ အလျင်အမြန် ပြောင်းသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်း မူလခန္ဓာကိုယ်၏ နဖူးပေါ်ရှိ ကြယ်နှစ်လုံးက လှည့်ပတ်နေရာမှ ရပ်တန့်သွားသည်။ ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများပင် ထွက်လာ၏။ ၎င်းက ပေသုံးဆယ်ခန့် မြင့်သော ဧရာမဘီလူးကြီး တစ်ကောင်သို့ ပြောင်းသွား၏။ ၎င်း၏ အရေပြားအောက်၌ ခရမ်းရောင်အလင်းကို မြင်တွေ့နိုင်၏။ သည်ခန္ဓာကိုယ်ကြီးက တင်းမာခက်ထန်သော အော်ရာကို ထုတ်လွှတ်နေ၏။

မူလခန္ဓာကိုယ်က တဖြည်းဖြည်းဖြင့် ရှေးဟောင်းနတ်ဘုရားနှင့် အလားတူ လာခဲ့သည်။

မူလခန္ဓာကိုယ်၏ မျက်လုံးများက တိုက်ပွဲ ဆာလောင်စိတ်ဖြင့် ပြည့်နှက်သည်။ ၎င်းက ရှေ့သို့ လျင်မြန်စွာ လှမ်းလာပြီး လှံရှည်ကို ဖမ်းဆုပ်၏။

ပေါက်ကွဲသံနှင့်အတူ မူလခန္ဓာကိုယ်က လက်ထဲရှိ လှံရှည်ဖြင့် လက်ကြီးထံသို့ ထိုးသွင်း၏။

သို့ရာတွင် ကောင်ကင်းပြိုကျသည့် အလား ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ လှံရှည်က တစစီဖြစ်သွားပြီး အတားအဆီး အခိုးအငွေ့များ အဖြစ်သို့ ပြောင်းသွား၏။ မူလခန္ဓာကိုယ် ကလည်း ပြင်းထန်သော အားတစ်ခုကြောင့် မြေကြီးအောက်သို့ တိုးဝင်သွားသည်။

၎င်းခန္ဓာကိုယ်က မြေပေါ်သို့ ပြန်ရောက်လိုက်သည့် အချိန်တွင် အက်ကွဲကြောင်း များစွာက ၎င်းအပေါ်၌ ရှိနေခဲ့ပြီ ဖြစ်သည်။ မူလခန္ဓာကိုယ်က မြေအောက်ကီလိုမီတာ ၁၅၀၀ အကွာထိ နစ်မြုပ်သွားခြင်းပင်။

သွေးများက မူလခန္ဓာကိုယ်၏ ပါးစပ်မှ စီးကျနေ၏။ ၎င်း၏ တိုက်ပွဲဆန္ဒသည် ပိုတောက်လောင်လာသည်။ သည်လို ဒဏ်ရာရသွားမှုက သူ့သွေးများကို ဆူပွက်စေသည်။ မူလခန္ဓာကိုယ်က‌ နောက်တစ်ကြိမ် ရှေ့သို့ ထိုးတက်ပြန်သည်။

ဝမ်လင်းကလည်း ရပ်တန့်ခြင်း မပြုပေ။ သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ လျင်မြန်စွာ ပျံသန်းနေ၏။ ထို့နောက်သူက တောင်ကြားနှင့် ကီလိုမီတာ ငါးထောင်အကွာထိ ရောက်လာခဲ့သည်။

ဧရာမလက်ကြီးက သူ့မူလခန္ဓာကိုယ်အား အမှောက်သိပ်ပြီးနောက် သူ့နောက်သို့ လိုက်ပါလာ၏။ အနီရောင် တိမ်တိုက်ထဲရှိ မျက်လုံးများက မည်သို့မျှ ပြောင်းလဲဟန် မရချေ။

၎င်းလက်ကြီး ရောက်လာသည့်နှင့် ဝမ်လင်းက ရုတ်တရက် ပြန်လှည့်လိုက်၏။ သူက သူ့စိတ်ဝိညာဉ် စွမ်းအင်များကို လက်ချောင်းထိပ်တွင် စုစည်း၍ ထိုလက်ကြီး၏ လက်ဖဝါးကို ထိလိုက်၏။

ဘန်း ...

ဝမ်လင်းက လွင့်ထွက်သွားရသည်။ သူက ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သည်သွေးများက စာလိပ်ပေါ်သို့ ကျရောက်သွားပြီး ပျောက်ကွယ်သွား၏။ လီမူဝမ်၏ စဦးစိတ်ဝိညာဉ်သည် သေဆုံးလုနီး ဖြစ်နေ၏။ ရုတ်တရက် ရှင်သန်ခြင်း အငွေ့အသက်တစ်ခု ၎င်းစိတ်ဝိညာဉ်ထံမှ ရရှိလိုက်သည်။

သူက သည်အမျိုးသမီးအတွက် ကောင်းကင်နှင့်မြေကြီး၏ ပြန်လည်မွေးဖွားခြင်း သံသရာစက်ဝိုင်းကို ဆန့်ကျင် တိုက်ခိုက်နေခြင်းသာ။

ဧရာမလက်ကြီးက တစ်ဖန် ထပ်ရောက်လာပြန်သည်။ မူလခန္ဓာကိုယ်က မြေပြင်မှ ထိုးတက်လာပြီး ဟိန်းသံပြု၏။ ၎င်းကဝမ်လင်း ရှေ့သို့ ရောက်လာပြီး ဧရာမလက်ကြီးအား လက်သီးဖြင့် ထိုးချပစ်သည်။

ဘန်း ..

မူလခန္ဓာကိုယ်က သွေးတစ်လုတ် အန်လိုက်ရပြန်သည်။ ထို့နောက်သူက အလွန်အမင်း တက်ကြွစွာ ရယ်မော၏။ ဧရာမလက်ကြီးက သူ့ကို မီတာများစွာ နောက်ဆုတ်သွားစေခဲ့သည်။

မူလခန္ဓာကိုယ်က ကျယ်လောင်စွာ ရယ်မော၍ ရှေ့သို့ ပြန်တိုးလာခဲ့သည်။ ထို့နောက် လက်သီးဖြင့် ဧရာမလက်ကြီးကို ဆက်တိုက် ထိုးလေ၏။

ဘန်း ... ဘန်း ... ဘန်း ...

သည်လိုအတင်းကာရော တိုက်ခိုက်မှုကြောင့် မူလခန္ဓာကိုယ်၏ ပါးစပ်ထောင့်မှ သွေးများစွာ စီးကျလာခဲ့သည်။ သို့သော် သူက အရှိန်မြှင့်၍ ဆက်လက် တိုက်ခိုက်နေတုန်းပင်။

“ငါက ရှေးဟောင်းနတ်ဘုရား။ ဒါ့ကြောင့် ငါက နဂိုထဲက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ တည်ရှိမှုဖြစ်တယ်။ မင်းက သူမကိုလိုချင်ရင် ငါ့ကိုသေအောင်သတ်ပြီး ငါ့အလောင်းပေါ်က ဖြတ်လျှောက်သွားမှ ရမယ် ...”

မူလခန္ဓာကိုယ်၏ နောက်၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ၎င်းပုံရိပ်၏ ခြေထောက်များက မြေပြင်ပေါ်မှာ ရှိနေ၏။ သို့သော် ခေါင်းကတော့ ကောင်းကင်ထိတိုင် တည်ရှိနေသည်။ သည်ပုံရိပ်က မတ်တတ်ရပ်နေခြင်း မဟုတ်ဘဲ မြေပေါ်သို့ ဒူးတစ်ဖက် ထောက်ထားလျက် ရှိနေ၏။ ၎င်း၏ ခေါင်းကိုလည်း အောက်သို့ ငိုက်ဆင်းထားလေသည်။

မူလခန္ဓာကိုယ်က အရူးတစ်ယောက်လို ရယ်မောနေ၏။ သူက လက်သီးချက်များဖြင့် ဧရာမလက်ကြီး နောက်သို့ ပြန်ဆုတ်ရန် တရစပ် တိုက်ခိုက်နေဆဲပင်။ မူလခန္ဓာကိုယ်၏ ဆက်လက် တိုက်ခိုက်နေစဉ်တွင် ၎င်းနောက်ရှိ ပုံရိပ်ကြီးက ခေါင်းမော့လာသည်။

အနီရောင်တိမ်တိုက်ထဲရှိ မျက်လုံးက ခုထိတည်ငြိမ်နေဆဲ ဖြစ်၏။ သည်မျက်လုံးများသည် ကောင်းကင်ဘုံ၏ တမန်တော်ဖြစ်သည်။ သူ့တွင် စိတ်ခံစားချက် မရှိပေ။ သူ့ပန်းတိုင်သည် ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသကို လိုက်နာရန် တစ်ခုသာ ဖြစ်၏။ ထို့အတွက်သူက သေခြင်းရှင်ခြင်း စက်ဝိုင်းကနေ လွတ်မြောက်ရန်ဆန္ဒ ရှိသည့် မည်သူ့ကိုမဆို သေဆုံးရန် ဆွဲခေါ်မည့် တစ်ခုသာ သိ၏။

မူလခန္ဓာကိုယ်၏ ခွန်အားက မည်သည့် ကျင့်ကြံသူထက်မဆို သာလွန်လှသည်။ ဝမ်လင်းက စာလိပ်ကိုယူ၍ လျင်မြန်စွာ ထွက်ခွာ၏။

ဧရာမလက်ကြီးက တဖြည်းဖြည်းဖြင့် အနီရောင်တိမ်များ ထံသို့ ပြန်ဆုတ်၍ ပျောက်ကွယ်သွား၏။ သို့သော် မျက်စိတစ်မှိတ် အတွင်း လက်တစ်ဖက်က အနီရောင် တိမ်တိုက်များထံမှ ထပ်မံထွက်ပေါ် လာပြန်သည်။ သည်တစ်ကြိမ်၌ သည်လက်ကြီးက လုံးဝ သိပ်သည်းလုနီးပါး ဖြစ်လာခဲ့သည်။ သည်လက်ကြီးက အစောပိုင်းက လက်များထက် အဆများစွာ စွမ်းအား ပိုရှိလာခဲ့၏။

သည်တစ်ကြိမ်၌ လက်ကြီးက လက်ဝါးဖြင့် ရိုက်ချခြင်းမပြုတော့ပေ။ ထိုအစား လက်သီးဆုပ်၍ မူလခန္ဓာကိုယ်အား ထိုးချလာသည်။ ဘန်းခနဲ ပေါက်ကွဲသံနှင့်အတူ မူလခန္ဓာကိုယ်၏ အစိတ်အပိုင်းများစွာ ပျက်စီးကုန်ပြီး လေထဲမှ ပြုတ်ကျလာခဲ့သည်။

မူလခန္ဓာကိုယ် နောက်ရှိ ပုံရိပ်သည် နိုးထလာခဲ့၏။ သည်ပုံရိပ်က ခေါင်းမော့လိုက်ရာ ၎င်းခန္ဓာကိုယ်မှ စွမ်းအားကောင်းသော အားတစ်ရပ် ထွက်ပေါ်လာသည်။ မူလခန္ဓာကိုယ်က အောက်သို့ ပြုတ်ကျနေမှုက ရပ်တန့်သွားသည်။ ၎င်းက ပုံရိပ်၏ နဖူးထဲသို့ ပျံသန်းသွားသည်။

ဧရာမလက်ကြီးက ပုံရိပ်ကို လျစ်လျူရှု၍ အဝေးသို့ ပျံသန်းနေသော ဝမ်လင်းအား ရိုက်ချလိုက်သည်။

ဝမ်လင်းက သူ့နောက်တွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို မျက်ခြည်မပြတ်ပေ။ သူက အံကျိတ်၍ တည်နေရာ ရွှေ့ပြောင်းသည်။ သူက ကီလိုမီတာ ငါးထောင်အကွာသို့ ရောက်ရှိသွား၏။

သူ့အောက်ခြေ၌ သာယာသော ရွာလေးတစ်ရွာ ရှိနေခဲ့သည်။ ကီလိုမီတာ ငါးထောင်အကွာရှိ ကမ္ဘာမြေကြီးပင် အက်ကွဲသည့် တိုက်ပွဲသံများကို မကြားရသကဲ့သို့ ရွာထဲရှိ ကလေးများက ဆော့ကစားနေကြသည်။

သူတို့က အမှန်ပင် မကြားရခြင်း ဖြစ်၏။ သို့သော် ဝမ်လင်းနှင့် သူ့မူလ ခန္ဓာကိုယ်ကသာ ကောင်းကင်ထက်မှာ ကျဆင်းလာသော စွမ်းအားကို ခံစားသိမြင်နိုင်ကြသည်။

သူတို့က သူ့မူလခန္ဓာကိုယ်က မြေကြီးထဲမှ ထွက်ပေါ်လာသံကိုသာ ကြားနိုင် မြင်နိုင်ကြသည်။ သို့သော် သည်အသံလှိုင်းက ကီလိုမီတာ ငါးထောင်အကွာသို့ ဖြတ်သန်းလာပြီးနောက် သတိပြုမိရန် အားနည်းလွန်းခဲ့ပြီ မဟုတ်လော။

သူရွာလေးထဲ၌ လူဦးရေသည် တစ်ရာပင် မပြည့်ချေ။ အခုလက်ရှိတွင် အမျိုးသမီးတစ်ယောက်သည် ယာဂု ကျိုနေလေ၏။ သူမက သူ့ဝမ်းဗိုက်ကို ပွတ်သပ်၍ ခေါင်းမော့၍ အပြင်ဘက်တွင် ကစားနေသော လှမ်းလှမ်းကြည့်သည်။

ရွာလေး၏ အထက်လေထဲတွင် ရပ်နေသော ဝမ်လင်းက စာလိပ်ကို လှုပ်ခါလိုက်သည်။ လီမူဝမ်၏ စဦးစိတ်ဝိညာဉ်သည် စာလိပ်ထဲမှ ထွက်ပေါ်လာပြီးသည်နှင့် ချက်ချင်း စတင်ပျောက်ကွယ် လာခဲ့သည်။

ဝမ်လင်းက လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို ကြင်နာစွာ ကြည့်သည်။ ထို့နောက်သူက သည်စဦးစိတ်ဝိညာဉ်ကို လက်ညွှန်လိုက်သည်။ သူမ၏ စဦးစိတ်ဝိညာဉ်က ကြယ်ပျံတစ်စင်း အလား ရွာလေးရှိသို့ ပျံသန်းသွားသည်။

ထိုအခိုက်တွင် ဧရာမလက်သီးကြီးက ကျရောက်လာခဲ့၏။

၎င်းက ရုတ်တရက် ကောင်းကင်ထက်မှ ကျဆင်းလာပြီး လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို ရိုက်ချသည်။ ဝမ်လင်းက ထိုလက်သီးအား ကြားထဲကနေ ပိတ်ဆို့၏။

ဘန်း ...

ဝမ်လင်းက သွေးတစ်လုတ် အန်ထုတ်လိုက်ရပြန်သည်။ သူ့မျက်လုံးများက နီရဲနေ၏။ ထို့နောက်သူက သစ်သားပန်းပုရုပ် ကိုးခုကို ထုတ်ယူလိုက်၏။

ဧရာမလက်ကြီး ထပ်မံရောက်လာသည့် အခိုက်တွင် သစ်သားရုပ် ခြောက်ခုက တစစီ ဖြစ်သွားတော့သည်။

လက်သီးကြီးက ကျန်နေသော သစ်သားပန်းပုရုပ်များကို ဖြတ်ကျော်၍ ဝမ်လင်းကို ဝှေ့ဝိုက်ကာ လီမူဝမ်၏ စဦးစိတ်ဝိညာဉ် နောက်သို့ ထပ်မံလိုက်သွားသည်။

ဝမ်လင်းက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး လက်သီးရှေ့သို့ ရောက်လာခဲ့သည်။ သူက မည်သည့် နည်းစနစ်ကိုမျှ အသုံးပြုရန် အချိန်မရသဖြင့် သူ့ခန္ဓာကိုယ်ဖြင့်ပင် လက်သီးအား တားဆီးလိုက်သည်။

ဘန်း ...

ဝမ်လင်း၏ ဒွာရပေါက်များမှ သွေးများ စိမ့်ထွက်လာခဲ့၏။ သို့သော် သူက ရယ်မောနေသည်။ သူက တရစပ် ရယ်မောနေ၏။ တဖြည်းဖြည်း သူ့ရယ်သံထဲ၌ ရူးသွပ်မှုများ ပြည့်လာခဲ့သည်။

“မင်းက ဝမ်အာကို ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းထဲ အတင်း ဆွဲသွင်းချင်နေတယ်ပေါ့။ ငါ ဝမ်လင်းက မင်းကို ခွင့်မပြုနိုင်ဘူး ...”

အနီရောင်တိမ်တိုက်ထဲမှ အေးစက်စက် မျက်လုံးက ဝမ်လင်းအား စူးစိုက်ကြည့်သည်။ ထို့နောက် လက်သီးကြီးက ထပ်မံ‌ ကျဆင်းလာပြန်၏။

ဝမ်လင်းက ထပ်မံ၍ တားဆီးပြန်သည်။ သည်တစ်ကြိမ်၌ သူခန္ဓာကိုယ် အစိတ်အပိုင်းတော်တော်များသည် ပျက်စီးသွားပြီး ပါးစပ်နှင့် နှာခေါင်းထဲမှလည်း သွေးများ ပန်းထွက်လာသည်။ သို့ရာတွင် သူ့အသွင်က ပို၍ ရူးသွပ်လာခဲ့၏။ သူက တိမ်တိုက်များထံသို့ ကြည့်၍ ရယ်မောပြန်သည်။ “ငါက သေခြင်းရှင်ခြင်း နယ်ပယ်ကို ကျင့်ကြံတဲ့သူ။ တစ်နေ့ ... ငါက ကောင်းကင်နဲ့မြေကြီးကို ဖန်တီးမယ်။ ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းက ငါ့အပိုင် ဖြစ်ရမယ်။ အဲ့နောက် ငါက ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းကို အမိန့်ပေးမယ်။ ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းက ဖန်တီးခဲ့တဲ့ ဒီပုံရိပ်ယောင်က ငါ့ရှေ့မှာ ဦးညွှတ်စေရမယ် ...”

အနီရောင် တိမ်များထဲရှိ အကြည့်က တည်ငြိမ်နေဆဲပင်။ ၎င်းတိမ်တိုက်ထဲရှိ မျက်လုံးက ရွာထဲရှိ သနားစရာသေမျိုး တစ်ယောက်ထံသို့သာ ကြည့်နေခဲ့၏။

လီမူဝမ်၏ စဦးစိတ်ဝိညာဉ်က ရွာထဲသို့ ရောက်ရှိသွားခဲ့ပြီး စောနက ယာဂုကျိုနေသော ကိုယ်ဝန်သည်မိန်းမ၏ ဝမ်းဗိုက်ထဲသို့ ပေါင်းစပ်သွား၏။

တိမ်တိုက်ထဲရှိ မျက်လုံးက ရွာထဲသို့ ကြည့်နေသောအကြည့်ကို ပြန်ရုတ်၍ ဝမ်လင်းထံသို့ ကျရောက်လာသည်။ သည်တစ်ကြိမ်၌ လက်သီးထံမှ စုပ်အားတစ်ခု ထွက်ပေါ်လာပြီး လက်သီးက လျှပ်စီးများဖြင့် ဖုံးအုပ်သွားတော့သည်။

သည်တစ်ကြိမ် လက်သီးချက်သည် ကောင်းကင်နှင့်မြေကြီး၏ ဆန္ဒကို ဆန့်ကျင်နှောင့်ယှက်သည့် အတွက် ပြစ်ဒဏ်ပင် ဖြစ်တော့၏။

လက်သီးချက် ကျရောက်လာသည့် အခိုက်တွင် မူလခန္ဓာကိုယ်ကလည်း ရောက်ရှိလာခဲ့၏။ အနီရောင် အလင်းတန်း တစ်ခုက အကွာအဝေး တစ်ခုကနေ တစ်ဟုန်ထိုး ထွက်လာပြီး ဝမ်လင်းနှင့် ပေါင်းစပ်သွားသည်။

ဝမ်လင်းနှင့် သူ့မူလခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွား၏။ သူတို့နှစ်ယောက်က အရပ်ဆယ်ပေခန့် ရှိသော ဆံရှည်လူကြီး အဖြစ် အစားထိုးသွားသည်။

သည်လူကြီး၏ ဘယ်ဘက်မျက်လုံးက လ နှင့် အလားတူပြီး ညာဘက်မျက်လုံးက နေနှင့် အလားတူ၏။ သည်လူကြီးသည် ရှေးဟောင်းနတ်ဘုရား၏ အော်ရာနှင့် သေခြင်းရှင်ခြင်း နယ်ပယ်တို့ ရောနှောနေသည့် အော်ရာဖြင့် လွှမ်းခြုံနေ၏။

ခုလက်ရှိတွင် ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားလည်း မဟုတ်သလို ကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်ချေ။ သို့သော် သည်လိုမျိုး ပေါင်းစပ်မှုက တစ်ခါမျှ မဖြစ်ခဲ့ဖူးပေ။ သူ့ခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရားကဲ့သို့ စွမ်းအားရှိသော်လည်း သူ့တွင် ကျင့်ကြံသူ တစ်ယောက်၏ စိတ်ဝိညာဉ်လည်း ပိုင်ဆိုင်ထား၏။

သည်အရာက အတွင်းအပြင် ကျင့်ကြံမှု နည်းစနစ်များကို ပေါင်းစပ်ထားခြင်း မည်ပေ၏။ ဝမ်လင်းက ခေါင်းမော့လိုက်သည်။ သူ့နောက်တွင် ရှိနေသော ပုံရိပ်ကြီးကလည်း လိုက်၍ ခေါင်းမော့လာသည်။ အနီးကပ်ကြည့်လျှင် လူတစ်ယောက် အရွယ်အစား ရှိသည့် မူလစိတ်ဝိညာဉ် တစ်ခုသည် ပုံရိပ်ကြီး၏ အလယ်တွင် ရှိနေသည်ကို တွေ့ရပေမည်။

သည်မူလစိတ်ဝိညာဉ်က ရှေးဟောင်းနတ်ဘုရား၏ နှလုံးသား အလား တည်ရှိနေ၏။

လက်သီးချက် ကျဆင်းလာမည်ကို စောင့်စားခြင်း မပြုတော့ဘဲ ဝမ်လင်းက ရှေ့သို့တိုး၍ လက်သီးရှိရာသို့ ပျံသန်းသွား၏။

ဘန်း ... ဘန်း ... ဘန်း ...

ဝမ်လင်း ခန္ဓာကိုယ်က ဆက်၍ ပျံသန်းနေပြီး သွေးများလည်း ဆက်တိုက် အန်နေခဲ့ရ၏။ သို့ရာတွင် သူက တစ်ချိန်လုံး ရယ်မောနေခဲ့သည်။ သူ့ရယ်သံထဲ၌ မောက်မာမှုများ ပြည့်နှက်နေ၏။

“အခုချိန်မှာ သူမဟာ သူမ မူလစိတ်ဝိညာဉ် နှင့်အတူ ပြန်လည်ဝင်စားခဲ့ပြီ။ သူမသက်တမ်းက ပိုတိုးသွားခဲ့ပြီ။ ဒီအရာက ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသကို လက်တစ်လုံးခြား လုပ်ခြင်းပဲ။ သူမက မကျင့်ကြံသရွှေ့ ကောင်းကင်ဘုံရဲ့ မျက်လုံးအောက်ကနေ လွတ်မြောက်နေမှာပဲ။ အခုကစပြီး ဆယ့်ကိုးနှစ် ကြာပြီးရင် သူမရဲ့ စဦးစိတ်ဝိညာဉ် ဖြစ်တည်လာတာနဲ့ မင်း (ကောင်းကင်နှင့် မြေကြီး၏ဥပဒေသ) ပြန်လာလိမ့်မယ်။ ဒါပေမဲ့ ငါက မင်းကို ထပ်မံ တားဆီးဦးမှာ ...”

အနီရောင် တိမ်တိုက်ထဲရှိ မျက်လုံးက ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်ပြီးနောက် ပျောက်ကွယ်သွားတော့၏။ ဧရာမလက်သီးကြီးပင် ပျောက်ကွယ် သွားခဲ့ပေပြီ။ အနီရောင် တိမ်တိုက်များကလည်း ပြန့်ကျဲပျောက်ကွယ် သွားတော့၏။

***

All Chapters