← Chapters

အခန်း ၄၀၂

Vol. 21 Ch. 402

အခန်း ၄၀၂

Vol. 21 Ch. 402

အခန်း (၄၀၂) - နောင်တရချိန် နောက်ကျသွားခြင်း

​"ယုအာ... မင်းရဲ့ဆရာကို မြန်မြန်ကျေးဇူးတင်လိုက်လေ"

ဟယ်ရွှမ်က လူတိုင်း မှင်တက်နေစဉ်မှာပင် ရုတ်တရက် တိုက်တွန်းလိုက်သည်။

​ဟယ်ယုသည် သူမ၏ ခမည်းတော် ပြောဆိုလိုသည့် အဓိပ္ပါယ်ကို ချက်ချင်းပင် နားလည်သွားပြီး ရှက်သွေးဖြာကာ မျက်နှာလေး နီမြန်းသွား၏။ သူမသည် ဘာမှ မဆိုင်းမတွဘဲ လင်းကျင်းအား အလေးအနက် ဦးညွှတ် ဂါရဝပြုလိုက်တော့သည်။

​လင်းကျင်းသည် ဟယ်ရွှမ်အား အားကိုးရာမဲ့သော အကြည့်မျိုးဖြင့် တစ်ချက် ကြည့်လိုက်၏။

​မိမိကိုယ်ကို ဟယ်ယု၏ ဆရာအဖြစ် ပြောဆိုခဲ့ခြင်းမှာ စီနီယာမော့အား လှည့်စားရန်အတွက် အခြေအနေအရ ပြောလိုက်ခြင်းသာ ဖြစ်သည်။ ဟယ်ရွှမ်က ၎င်းကို လက်တွေ့ဖြစ်လာအောင် ဖန်တီးလိမ့်မည်ဟု သူ မထင်ထားခဲ့ပါချေ။

​သို့သော်လည်း ဟယ်ယုတွင် အနာဂတ်အတွက် ကြီးမားသော အလားအလာရှိသည်။ ဤကျောက်စိမ်းဖြူနဂါးနှင့် သွေးစာချုပ် ချုပ်ဆိုပြီးနောက်တွင် သူမ ရရှိလာမည့် စွမ်းဆောင်ရည်များမှာ အကန့်အသတ်မရှိနိုင်ပေ။

​ထို့အပြင် မိမိကိုယ်တိုင် ပြောခဲ့သော စကားကို ပြန်လည် ရုပ်သိမ်းရန်မှာလည်း မသင့်တော်လှပါချေ။

​ထို့ကြောင့် လင်းကျင်းသည် ဟယ်ယု၏ ဦးညွှတ်မှုကို လက်ခံလိုက်ကာ သူမ၏ ဆန္ဒကို သဘောတူလိုက်တော့သည်။

​လင်းကျင်းက သူမအား မတားဆီးသည်ကို မြင်သောအခါ ဟယ်ရွှမ်မှာ သိသိသာသာပင် ဝမ်းသာသွားခဲ့၏။ သူသည်လည်း အကန်းမဟုတ်ပါချေ။ ဤကျောက်စိမ်းဖြူနဂါး၏ အဆင့်အတန်းနှင့် အလားအလာမှာ သူ၏ ကိုယ်ပိုင် အဆင့် (၄) ကျောက်စိမ်းနဂါးထက် များစွာ သာလွန်နေသည်ကို သူ မြင်နိုင်သည်။ အရည်အချင်းရှိသော သားရဲများနှင့် စာချုပ်ချုပ်ဆိုရန် ပို၍ ခက်ခဲသည်ဟု ဆိုရိုးရှိသော်လည်း လင်းကျင်း ရှိနေသရွေ့ ၎င်းမှာ ပြဿနာ မဟုတ်ပါချေ။

​ဟယ်ရွှမ်၏ မျက်လုံးထဲတွင်မူ လင်းကျင်းမှာ မည်သူမျှ မယှဉ်နိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

​ရုတ်တရက်ဆိုသလို နဂါးဟောက်သံတစ်ခုကို သူတို့ ကြားလိုက်ရ၏။

​၎င်းမှာ မီးတောက်များထဲသို့ သတ္တိရှိရှိ ခုန်ဝင်သွားခဲ့သော အနီရောင်နှင့် အနက်ရောင် အစင်းကြား နဂါးလေးပင် ဖြစ်သည်။

​သူ အသက်ရှင်နေဆဲပင်။

​အသက်ရှင်နေရုံတင်မကဘဲ အားအင်များလည်း ပြည့်ဝနေခဲ့သည်။ ခန္ဓာကိုယ်သစ်တစ်ခု ရရှိသည်အထိ မီးထဲတွင် ကြာကြာ မနေနိုင်ခဲ့သော်လည်း သူ၏ ကြီးထွားမှုမှာ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် သိသာလှသည်။ သူ၏ အရေပြားပေါ်မှ မှောင်မှောင်မည်းမည်း ကျောက်စိမ်းလွှာများမှာ ကွဲအက်သွားခဲ့ပြီး ခန္ဓာကိုယ်ကို အသာအယာ ခါယမ်းလိုက်သောအခါ ကြက်သွေးရောင် ကျောက်စိမ်းလွှာများ ပေါ်ထွက်လာခဲ့၏။

​၎င်းမှာ မဟူရာနဂါးပင် ဖြစ်သည်။

​လတ်လတ်ဆတ်ဆတ် ထွက်လာသော သွေးရောင်ကဲ့သို့ အနီရောင်သန်းနေသော မဟူရာမှာ အလွန်ပင် လှပလှ၏။ ထို့အပြင် ဤနဂါးမှာ ထူးဆန်းသော ပုံသဏ္ဍာန် ရှိသည်။ သူ၏ ကြီးမားသော ခြေလက်များနှင့် ခိုင်မာသော အမြီးကြောင့် ပုတ်သင်ညိုကြီးတစ်ကောင်နှင့် ပို၍ တူနေတော့သည်။ တွားသွားခြင်းတွင် ကျွမ်းကျင်ပုံရပြီး ဤသတ္တဝါမှာ တိုက်ခိုက်ရေးတွင် အားအင်ကို အဓိက အသုံးပြုမည်မှာ ထင်ရှားလှပေသည်။

​"မင်းက ကြီးထွားဖို့အတွက် မသိနိုင်တဲ့ အန္တရာယ်ထဲကို စွန့်စားပြီး တိုးဝင်ခဲ့တယ်... ဒီအချက်တစ်ခုတည်းနဲ့တင် မင်းက တခြားနဂါးတွေထက် ပိုပြီး အစွမ်းထက်နေပြီ"

လင်းကျင်းက မဟူရာနဂါး၏ သတ္တိကို ချီးကျူးလိုက်သည်။

​သူသည် အခွင့်အရေးကို မြင်သည်နှင့် အရယူခဲ့ခြင်း ဖြစ်၏။

​မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝ မရှိသော်လည်း သူသည် လောင်းကြေးထပ်ရန် ဆုံးဖြတ်ခဲ့သည်။

​သူ၏ ကြီးထွားမှုမှာ နဂါးဖြူလေးပြီးလျှင် ဒုတိယအလိုက်ဆုံး ဖြစ်ရာ ဤနဂါး၏ အနာဂတ်မှာလည်း အကန့်အသတ်မရှိ ဖြစ်ပေလိမ့်မည်။

​"အရှင်မင်းကြီး... ကျုပ်တို့ အခု သွားလို့ရပါပြီ"

လင်းကျင်းက ဟယ်ရွှမ်ကို ပြောလိုက်သည်။ ဟယ်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး နောက်တစ်ကြိမ် တော်ဝင်မျိုးနွယ်စုဝင် တစ်ဦးဦး သွေးစာချုပ် ချုပ်ဆိုရန် အဆင်သင့်ဖြစ်ပါက ဤမဟူရာနဂါးကို ရွေးချယ်ရန် စိတ်ထဲတွင် မှတ်သားထားလိုက်တော့သည်။

​လူအုပ်စုမှာ ထွက်ခွာရန် ပြင်လိုက်ကြ၏။

​မဟူရာနဂါးမှာ လင်းကျင်းအား ကျေးဇူးတင်သည့်အလား ပြင်းထန်သော အရှိန်အဝါဖြင့် ဟောက်လိုက်သည်။ အခြားသော ကျောက်စိမ်းနဂါးများမှာ ထိုဟောက်သံကြောင့် ချက်ချင်းပင် ကြောက်ရွံ့သွားကြ၏။ စီနီယာမော့ တစ်ဦးတည်းသာ ထိုအသံကြောင့် မတုန်လှုပ်ပါချေ။

​စီနီယာမော့သည် ယခုအချိန်တွင် သူတို့ကို ဂရုစိုက်ရန် စိတ်မပါတော့ပေ။

​နဂါးအိုကြီး၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူ၏ နဂါးမာန်မာနများမှာလည်း အစအနမကျန် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။

​လင်းကျင်း ထွက်ခွာတော့မည်ကို မြင်သောအခါ စီနီယာမော့၏ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ နောက်ဆုံးတွင် သူသည် သူ၏ ဂုဏ်သိက္ခာနှင့် အဓိပ္ပါယ်မရှိသော အထက်စီးဆန်မှုများကို စွန့်လွှတ်လိုက်တော့သည်။ အခွင့်အရေးကို အရယူခဲ့သော အဂိတ်နဂါးကို မြင်လိုက်ရခြင်းက သူ့အား လှုံ့ဆော်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ စီနီယာမော့သည် ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွဲကာ စကားပြောလိုက်တော့သည်။

​"ဟို... အ..အကဲဖြတ်မှူးလင်း ခဏလောက် စောင့်ပါဦး"

​လူတိုင်း မှင်တက်သွားကြသော်လည်း စီနီယာမော့ကို ပြန်လှည့်ကြည့်ရန် ရပ်တန့်လိုက်ကြ၏။

​စီနီယာမော့သည် မှောင်ရိပ်ထဲမှ လုံးဝ ထွက်လာခဲ့သည်။ အနီးကပ် ကြည့်လိုက်သောအခါ သူသည် မဟူရာနဂါးနှင့် အတော်လေး ဆင်တူနေသည်ကို တွေ့ရ၏။ သူတို့နှစ်ဦးလုံးမှာ ပုတ်သင်ညို အမျိုးအစားများ ဖြစ်ကြသော်လည်း စီနီယာမော့မှာ သိသိသာသာ ပို၍ ကြီးမားလှသည်။

​"အကဲဖြတ်မှူးလင်း... ကျုပ်မှာ တောင်းဆိုစရာလေး ရှိလို့ ခဏလောက် နေခဲ့ပေးပါဦး"

​ဤလူသားမှာ ပညာရှင်တစ်ဦးဖြစ်ကြောင်းနှင့် ၎င်းမှာ ဘဝတွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးဖြစ်ကြောင်း စီနီယာမော့ ယခုအခါ နားလည်သွားပြီ ဖြစ်သည်။ မဟူရာနဂါးနှင့် နဂါးဖြူလေးတို့ကဲ့သို့ပင် ဤကဲ့သို့သော အခွင့်အရေးမျိုး နောက်တစ်ကြိမ် ဘယ်တော့ ပြန်ရမည်ဆိုသည်မှာ မသိနိုင်ပါချေ။

​အကယ်၍ သူသာ ဤအခွင့်အရေးကို ဖမ်းဆုပ်နိုင်ပါက ခန္ဓာကိုယ်သစ်တစ်ခုနှင့် မိမိ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည့် အခွင့်အရေးကို ရရှိမည် ဖြစ်သည်။ အနှစ်သာရမရှိသော မာန်မာနကို ဖက်တွယ်ထားခြင်းမှာ ဤအခွင့်အရေးကို လက်လွှတ်ရခြင်းကိုသာ ဖြစ်စေပေလိမ့်မည်။

​မဟူရာနဂါး၏ ပြောင်းလဲမှုကို မြင်လိုက်ရခြင်းမှာ စီနီယာမော့အား ဤအခွင့်အရေးကို အရယူရန် ဆုံးဖြတ်စေခဲ့သည့် အဓိက အချက်ပင် ဖြစ်၏။

​သို့သော်လည်း အခွင့်အရေးတိုင်းမှာ လူတစ်ယောက် အလိုရှိတိုင်း ရရှိနိုင်သည်တော့ မဟုတ်ပါချေ။

​လင်းကျင်းက ခေါင်းခါပြလိုက်သည်။

"ခင်ဗျားမှာ တောင်းဆိုစရာ ရှိပေမဲ့ ကျုပ်မှာတော့ အဲဒါကို နားထောင်ဖို့ အချိန်မရှိဘူး"

​ဤသို့ ပြောပြီးနောက် သူ၏ ခြေလှမ်းများကို ပို၍ မြန်ဆန်အောင် လှမ်းလိုက်တော့သည်။

​ခုနကတည်းက ဟယ်ရွှမ်သည် စီနီယာမော့ကို စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူသည် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် အံ့သြနေခဲ့၏။ ကျောက်စိမ်းနဂါးနိုင်ငံ၏ ဧကရာဇ်တစ်ဦးအနေဖြင့် သူသည် ကျောက်စိမ်းနဂါးဂူသို့ မကြာခဏ လာရောက်လေ့ရှိသူ ဖြစ်ရာ စီနီယာမော့နှင့် အတော်လေး ရင်းနှီးသည်ဟု ဆိုနိုင်သည်။

​စီနီယာမော့၏ စရိုက်ကို ဖော်ပြရမည်ဆိုလျှင် ခေါင်းမာခြင်း၊ မာနကြီးခြင်းနှင့် အလွန်ပင် ရိုင်းစိုင်းခြင်းဟူသော စကားလုံးများကိုသာ အသုံးပြုရပေလိမ့်မည်။ မည်သည့် အခြေအနေမျိုးတွင်မဆို သူသည် တော်ဝင်မိသားစုအပေါ် ဦးညွှတ်လိုစိတ် မရှိခဲ့ပါချေ။ ၎င်းကို သူ၏ ဖခင်နှင့် အဖိုးတို့ကလည်း ပြောပြခဲ့ဖူးသည်။ စီနီယာမော့သည် ယခုအခါ အသက် နှစ်ရာကျော် ရှိနေပြီ ဖြစ်သော်လည်း သူ၏ ဒေါသဆိုးမှာ နှစ်ပေါင်းများစွာတိုင်အောင် တည်ရှိနေခဲ့ခြင်း ဖြစ်၏။

​ယနေ့တွင်မူ မဖြစ်နိုင်သော အရာများ ဖြစ်ပျက်နေခဲ့ပြီ ဖြစ်သည်။ စီနီယာမော့သည် အမှန်တကယ်ပင် အလျှော့ပေးလိုက်ပြီ မဟုတ်ပါလား။ ဤကဲ့သို့သော အရာမျိုးမှာ အရင်က မည်သည့်အခါမျှ မဖြစ်ခဲ့ဖူးပါချေ။ ၎င်းက စီနီယာမော့ မည်မျှအထိ စိုးရိမ်ပူပန်နေရသနည်းဆိုသည်ကို သက်သေပြနေခြင်းပင်။

​သို့သော်လည်း ဟယ်ရွှမ်က သူ့အတွက် ဝင်ပြောပေးမည် မဟုတ်ပါချေ။

​လင်းကျင်းက သူ့အား လျစ်လျူရှုထားသည်ကို မြင်သောအခါ စီနီယာမော့မှာ ဤအခွင့်အရေးကို လက်လွှတ်လိုက်ပါက နောက်တစ်ကြိမ် ရတော့မည် မဟုတ်ကြောင်း သိလိုက်သဖြင့် ပျာယာခတ်သွားတော့သည်။

​"အကဲဖြတ်မှူးလင်း... ကျုပ် တောင်းပန်ပါတယ်... ကျုပ်လောင်းကြေး ရှုံးသွားတာကို ထည့်တွက်ပြီး ကျုပ်ကို အခုကစပြီး ခင်ဗျားရဲ့ အစေအပါးအဖြစ် သတ်မှတ်နိုင်ပါတယ်... ကျေးဇူးပြုပြီး ကျုပ်ကို ကယ်တင်ပေးပါ"

ရစီနီယာမော့က ပြောလိုက်သည်။ နဂါးအိုကြီးမှာ လူတစ်ယောက် အကူအညီ တောင်းခံသည့်အခါ ဝပ်တွားခိုးလှုံသကဲ့သို့ သူ၏ ခေါင်းကို နှိမ့်ချလိုက်တော့သည်။

​ဤကဲ့သို့ ဒူးထောက်ခြင်းမှာ အမှန်တကယ်ပင် စိတ်ရင်းမှန်လှပေသည်။

​သို့သော်လည်း လင်းကျင်းမှာ ဆက်လက် လျှောက်လှမ်းနေဆဲပင်။ သူသည် နောက်သို့ လှည့်မကြည့်ဘဲ ပြန်လည် ဖြေလိုက်၏။

"ကျုပ့ ပြောခဲ့သလိုပဲ ခင်ဗျားအတွက် ကျုပ်မှာ အချိန်မရှိဘူး... ကျုပ် မြို့တော်မှာ နေတာ အတော်လေး ကြာနေပြီမို့ မေပယ်မြို့ကို ပြန်ဖို့ အချိန်တန်ပြီ"

​ဤသို့ ပြောပြီးနောက် သူသည် စီနီယာမော့အား ထပ်မံ ဂရုမစိုက်တော့ဘဲ ထွက်ခွာသွားခဲ့သည်။

​အခြားသူများက တစ်စုံတစ်ရာ ပြောဆိုလိုကြသော်လည်း လင်းကျင်း၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်လိုက်ရသဖြင့် သူတို့၏ အကြံအစည်များကို စွန့်လွှတ်လိုက်ကြရ၏။

​ဒါက ဘယ်သူ့အပြစ်ဖြစ်ပါမည်နည်း။

​အစကတည်းက မာနကြီးနေခဲ့သူမှာ စီနီယာမော့ကိုယ်တိုင် ဖြစ်သည်။ ယခုမှ လာရောက် အသနားခံနေခြင်းမှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။

​မင်းသားများမှာ နဂါးအိုကြီးကို ကြည့်ကာ နှမြောတသ ဖြစ်နေကြသည်။ အကယ်၍ သူတို့သာ အကဲဖြတ်မှူးလင်း၏ နေရာတွင် ရှိနေပါက စီနီယာမော့အား သူတို့၏ အစေအပါးအဖြစ် လက်ခံလိုက်မည်မှာ သေချာလှပေသည်။ အခြားသော အချက်များကို ထားခဲ့ဦးတော့၊ ထိုနဂါးအိုကြီးမှာ မည်သည့် ညှိနှိုင်းမှုမျိုးတွင်မဆို အားသာချက်တစ်ခုအနေဖြင့် အသုံးပြုနိုင်လောက်အောင် အစွမ်းထက်ပြီး ခန့်ညားထည်ဝါလှသည် မဟုတ်ပါလား။

​လူအုပ်စုမှာ ကျောက်စိမ်းနဂါးဂူအတွင်းမှ ထွက်ခွာသွားကြရာ ခေါင်းငိုက်စိုက်ကျနေဆဲဖြစ်သော စီနီယာမော့သာ ကျန်ရစ်ခဲ့တော့သည်။ သူ၏ ဘေးတွင်မူ စိတ်အားထက်သန်နေသော မဟူရာနဂါး ရှိနေ၏။ သူ၏ ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက်တွင်ပင် ဤမဟူရာနဂါးမှာ မိမိ၏ အနေအထားကို သိရှိလောက်အောင် ပါးနပ်လှပေသည်။ သူ၏ လည်ချောင်းရိုးမှာ စီနီယာမော့ကဲ့သို့ မသန့်စင်ရသေးသဖြင့် လူစကား မပြောနိုင်သေးသော်လည်း ဤအဂိတ်နဂါးမှာ စဉ်းစားနိုင်စွမ်း ရှိနေဆဲပင်။

​သူသည် ထိုလူသားများနှင့်အတူ လိုက်သွားချင်သော်လည်း သတ္တိမရှိပါချေ။

​၎င်းမှာ မီးထဲသို့ ပိုးဖလံလေးတစ်ကောင်ကဲ့သို့ ခုန်ဝင်ခဲ့စဉ်ကနှင့် မတူညီပါချေ။ နဂါးအိုကြီးအပေါ် လေးစားမှုကြောင့် သူသည် သူ၏ ဆန္ဒကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်၏။

​"သူတို့ တကယ်ပဲ ထွက်သွားကြပြီ"

​စီနီယာမော့ ထရပ်လိုက်သည်။ သူ၏ ကြီးမားသော မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ အထင်အသား မြင်တွေ့နေရ၏။

​ဤအဆုံးမရှိ မှောင်မည်းနေသော ကျောက်စိမ်းနဂါးဂူထဲတွင် ပိတ်လှောင်ခံနေရခြင်းမှာ နဂါးအိုကြီး၏ ဆန္ဒမဟုတ်ပါချေ။ သို့သော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိခဲ့ပါ။ စီနီယာမော့သည် လူငယ်ဘဝတွင် ဤဂူ၏ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့ပြီး ငယ်ရွယ်စဉ်မှာပင် ထူးခြားသော ကျင့်ကြံမှုကို ရရှိခဲ့သူ ဖြစ်သည်။ သူသည် တစ်ခါက ဂူထဲမှ ထွက်ခွာကာ ပြင်ပလောကသို့ စွန့်စားခဲ့ဖူးပြီး ခဏတာအတွင်း အရာအားလုံးမှာ အဆင်ပြေချောမွေ့နေခဲ့၏။ ထို့နောက်တွင်မူ နဂါးငယ်လေးမှာ ရန်သူဖြစ်လာမည့် တစ်စုံတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုနဂါးမှာ ထိုရန်သူကို မယှဉ်နိုင်ခဲ့ဘဲ တိုက်ပွဲတစ်ခုတွင် ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့သည်။ စီနီယာမော့သည် နောက်ဆုံး၌ ဤဂူထဲသို့ ပြန်လည် ထွက်ပြေးခဲ့ရပြီး ထိုအချိန်မှစ၍ မည်သည့်အခါမျှ ထပ်မံ ထွက်ခွာခြင်း မရှိတော့ပါချေ။

​သူ ဤနေရာတွင် ဆက်လက် ခိုလှုံနေရသည့် ပထမဆုံး အကြောင်းရင်းမှာ ကြောက်ရွံ့မှုကြောင့် ဖြစ်ပြီး ဒုတိယ အကြောင်းရင်းမှာမူ ကျောက်စိမ်းနဂါးဂူသည် သူ၏ ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပေးနိုင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုဖြစ်စဉ်မှာ အလွန်ပင် နှေးကွေးလှပြီး အချိန်အတော်ကြာခဲ့သော်လည်း သူ၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းခြင်း မရှိသေးပါချေ။

​နှစ်စဉ်နှစ်တိုင်း သူသည် နာကျင်မှုဒဏ်ကို ခံစားနေရပြီး ၎င်းမှာ သူ၏ ဒေါသဆိုးများနှင့် ရိုင်းစိုင်းသော စရိုက်များ၏ အဓိက အကြောင်းရင်းပင် ဖြစ်၏။ နဂါးအိုကြီးသည် တစ်ခါတစ်ရံတွင် မိမိကိုယ်ကိုပင် မထိန်းချုပ်နိုင်ခဲ့ပါချေ၊ ယနေ့သည်လည်း ထိုနေ့များထဲမှ တစ်နေ့ပင် ဖြစ်သည်။ နာကျင်မှုများ ရှိနေလင့်ကစား စီနီယာမော့မှာ အသိဉာဏ်မဲ့သူတော့ မဟုတ်ပါချေ။ မိမိတွေ့ဆုံခဲ့သူမှာ မည်သူဖြစ်ကြောင်း သိလိုက်ရပြီးနောက်တွင်မူ သူသည် သူ၏ အမူအရာကို ချက်ချင်း ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် မဟူရာနဂါး၏ ပြောင်းလဲမှုကို မြင်လိုက်ရပြီးနောက်တွင် ဖြစ်၏။

​စီနီယာမော့သည် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ရန်မှာ အရေးကြီးကြောင်း သိရှိထားသည်။ ၎င်းအတွက် အရာအားလုံးကို စတေးရမည်ဆိုလျှင်တောင်မှ ဖြစ်၏။

​သို့သော်လည်း ယခုကဲ့သို့ ရုတ်တရက် အမူအရာ ပြောင်းလဲလိုက်ခြင်းမှာ အချိန်နှောင်းသွားခဲ့ပုံ ရပေသည်။

All Chapters