← Chapters

အခန်း ၄၀၄

Vol. 21 Ch. 404

အခန်း ၄၀၄

Vol. 21 Ch. 404

အခန်း (၄၀၄) - ချောင်မိသားစုထံသို့ ရောက်လာသော ဧည့်သည်များ

​သားရဲအကဲဖြတ်လောကတွင် လင်းကျင်း၏ အဆင့်အတန်းမှာ ယခင်ကကဲ့သို့ မဟုတ်တော့ပါချေ။ ပထမဦးစွာ ကျောက်စိမ်းနဂါးပွဲတော်၏ အစီအစဉ်တင်ဆက်သူအဖြစ် ရွေးချယ်ခံရပြီးနောက် လူအများရှေ့တွင် သားရဲငါးကောင်ကို တစ်ပြိုင်နက် အဆင့်မြှင့်တင်ပြနိုင်ခဲ့ခြင်းက သူသည် အဆင့် (၃) အကဲဖြတ်မှူးတစ်ဦးအဖြစ် ထိုက်တန်ကြောင်း သက်သေပြခဲ့သည်။ ထို့နောက်တွင်မူ ကျောက်စိမ်းနဂါးနိုင်ငံ၏ ဧကရာဇ်ကိုယ်တိုင် 'ကျောက်စိမ်းနဂါး၏ အထူးအကဲဖြတ်မှူး'ဟူသော ဘွဲ့ထူးကို ကိုယ်တိုင်ရေးထိုး၍ လင်းကျင်းအား အပ်နှင်းခဲ့သည်။

​ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည့်အတွက် လင်းကျင်းသည် ကျောက်စိမ်းနဂါးနိုင်ငံ၏ နံပါတ်တစ် သားရဲအကဲဖြတ်မှူး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

​မည်သူမျှ ကန့်ကွက်ခြင်း မပြုရဲသလို ဤအမှန်တရားကိုလည်း မငြင်းနိုင်ကြပါချေ။

​ဌာနချုပ်ရှိ အဆင့် (၃) အကဲဖြတ်မှူးများပင်လျှင် လင်းကျင်း၏ အရည်အချင်းကို အပြည့်အဝ ယုံကြည်သွားကြသည်။

​ထို့ကြောင့် လင်းကျင်း မေပယ်မြို့သို့ ပြန်တော့မည်ဟု သိလိုက်ရသောအခါ ဌာနချုပ်ရှိ အကဲဖြတ်မှူး အများအပြားမှာ သူ့အား လိုက်လံပို့ဆောင်ရန် ထွက်လာကြ၏။ ၎င်းမှာ အလွန်ပင် ခမ်းနားသော လိုက်လံပို့ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။ လင်းကျင်းသည် မထွက်ခွာမီ လူအုပ်ထဲတွင် ရပ်နေသော အိုရန်ထုံအား တစ်ချက် ကြည့်လိုက်၏။

​ထိုအခါမှသာ အိုရန်ထုံသည် မိမိမှာ လင်းကျင်း၏ လေးစားမှုကို ရရှိသွားပြီဖြစ်ကြောင်း နားလည်သွားတော့သည်။ ၎င်းက သူ့အတွက် အနာဂတ်တွင် အခွင့်အရေးများစွာကို သယ်ဆောင်လာပေးမည်ဖြစ်ရာ ထိုမျှနှင့်ပင် သူ့အတွက် လုံလောက်လှပေပြီ။

​လင်းကျင်းမှာ ဘာမှ မပြောပါချေ။ သူသည် လက်ထဲမှ လေချွန်တံကို မှုတ်၍ သူ၏ လင်းယုန်သားရဲကို ခေါ်ယူလိုက်ပြီး လူတိုင်းအား ဦးညွှတ်ကာ သူ၏ ခရီးစဉ်ကို စတင်လိုက်တော့သည်။

​ကျောက်စိမ်းနဂါးပွဲတော် မတိုင်မီ တစ်ရက်အလို မေပယ်မြို့တွင် ရှန်းအာသည် လင်းကျင်း ရေးသားပေးပို့သော စာကို ရရှိခဲ့သည်။ စာထဲတွင် သူသည် မင်းနေပြည်တော်၌ ရက်အနည်းငယ် ဆက်လက် နေထိုင်မည်ဖြစ်ကြောင်း ဖော်ပြထား၏။ အခြားသော ညွှန်ကြားချက်များအပြင် သူသည် ရှန်းအာအား ရွှေဝါလေးကို ခေါ်ဆောင်ကာ ကျူရိပ်မြို့ရှိ ချောင်အိမ်တော်သို့ သွားရောက်ပြီး ချောင်မိသားစု၏ ဘေးကင်းလုံခြုံရေးကို စောင့်ရှောက်ရန် မှာကြားထားသည်။

​၎င်းမှာ လင်းကျင်း၏ အစီအစဉ်ဖြစ်သဖြင့် ရှန်းအာသည် စာကို ဖတ်ပြီးသည်နှင့် ချက်ချင်းပင် ပြင်ဆင်မှုများ စတင်တော့သည်။

​လွန်ခဲ့သော ရက်အနည်းငယ်က လင်းကျင်း၏ အိမ်တွင် ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့ ရှိနေခဲ့ကြသည်။

​ယခင်က ခေါင်းတလားလူသားသည် လင်းကျင်း၏ အကူအညီကို ရယူရန် လိပ်အိုကြီးကို ခေါ်ဆောင်လာခဲ့သော်လည်း လင်းကျင်းမှာ အိမ်တွင် မရှိခဲ့ပါချေ။ အခြားရွေးချယ်စရာ မရှိတော့သဖြင့် ရှန်းအာသည်သာ လိပ်အိုကြီးအား ကိုယ်တိုင် ကုသပေးခဲ့ရသည်။ သူမသည် ကုသမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး လိပ်အိုကြီး၏ အသက်ကို ကယ်တင်နိုင်ခဲ့၏။

​လိပ်အိုကြီးမှာ အသက်ရှင်သွားရုံတင်မကဘဲ သူ၏ သားရဲမှာလည်း ဘေးကင်းသွားခဲ့သည်။ လိပ်အိုကြီးသည် သူမအား မည်သို့ ကျေးဇူးတင်ရမည်မှန်း မသိတော့ဘဲ သူ၏ အသက်မှာ သူမအတွက် ရှိနေစေရမည်ဟု ဘာမှမဆိုင်းမတွဘဲ ကတိပေးခဲ့သည်။

​ရှန်းအာ ကျူရိပ်မြို့သို့ သွားမည်ဟု ကြားသောအခါ ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့က ကူညီရန်အတွက် လိုက်ပါခွင့် တောင်းကြ၏။

​ရှန်းအာသည် သူတို့ကို မတားဆီးနိုင်ခဲ့ပါချေ။ သူမအနေဖြင့်လည်း အချိန်ဆွဲနေ၍ မဖြစ်ပါ။ အကယ်၍ တစ်ခုခု လွဲချော်သွားပါက လင်းကျင်းကို မည်သို့ မျက်နှာပြရမည်နည်းဟု သူမ တွေးနေမိသည်။ ထို့ကြောင့် ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့ လိုက်လိုပါကလည်း လိုက်ပါခွင့် ပြုလိုက်တော့သည်။

​စာကို ရရှိသည့် အချိန်မှစ၍ လင်းကျင်း၏ အိမ်တော်မှ ထွက်ခွာသည့် အချိန်အထိ တစ်နာရီပင် မပြည့်သေးပါချေ။

​ရှန်းအာတွင် လင်းယုန်သားရဲ မရှိသော်လည်း သူမသည် အရာဝတ္ထုများကို ထိန်းချုပ်နိုင်သည့် အတတ်တွင် အလွန်ပင် ကျွမ်းကျင်နေပြီ ဖြစ်သည်။ လင်းကျင်းကိုယ်တိုင်ပင် သူမ၏ ကျွမ်းကျင်မှုမှာ မည်သည့်အဆင့်အထိ ရောက်နေပြီလဲဆိုသည်ကို သိနိုင်မည် မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် သူသည် အိမ်တွင် မကြာခဏ မရှိသလို ထိုအတတ်မှာလည်း သူ၏ အားသာချက် မဟုတ်သောကြောင့် ဖြစ်သည်။

​မြို့ပြင်သို့ ရောက်သောအခါ ရှန်းအာသည် လိုက်ပါရန် ဝန်လေးနေသော ရွှေဝါလေးကို ပွေ့ချီထားရင်း ခေါင်းတလားလူသားနှင့် လိပ်အိုကြီးအား ပြောလိုက်သည်။

"ဆရာလင်းက ကျွန်မကို ကျူရိပ်မြို့ကို အမြန်ဆုံးသွားဖို့ မှာထားတယ်... အကယ်၍ ရှင်တို့ လိုက်ချင်တယ်ဆိုရင်တော့ မြဲမြဲဆုပ်ကိုင်ထားဖို့ သတိပေးပါရစေ၊ မဟုတ်ရင် ပြုတ်ကျသွားနိုင်လို့ပါ"

​အစပိုင်းတွင် ခေါင်းတလားလူသားမှာ ပြုတ်ကျသွားနိုင်သည်ဆိုသည့် စကားကို နားမလည်ခဲ့ပါချေ။ ထို့နောက်တွင်မူ ရှန်းအာသည် လက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ အနီးအနားရှိ သစ်ပင်တစ်ပင်မှာ မြေကြီးထဲမှ ကျွတ်ထွက်လာပြီး သူမက ထိုသစ်ပင်ပေါ်သို့ ခုန်တက်လိုက်သည်ကို မြင်လိုက်ရသောအခါ သူနှင့် လိပ်အိုကြီးတို့မှာ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။ ကြီးမားသော သစ်ပင်ကြီးမှာ လေထဲတွင် ဝဲပျံနေသည်ကို မြင်လိုက်ရသဖြင့် သူတို့နှစ်ဦးလုံးမှာ မှင်တက်သွားကြ၏။

​သူတို့ သစ်ပင်ပေါ်သို့ တက်လိုက်ပြီးသည်နှင့် ရှန်းအာသည် မန္တန်တစ်ခုကို ရွတ်ဆိုကာ လက်ညှိုးဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။ သေချာပါသည်၊ ထိုသစ်ပင်ကြီးမှာ ဒုံးကျည်တစ်စင်းကဲ့သို့ ရှေ့သို့ အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

​နားဘေးတွင် လေတိုးသံများကို ကြားနေရသဖြင့် ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့မှာ မျက်နှာများ ဖြူဖျော့ကာ သစ်ပင်ကို အသက်လု၍ ဖက်ထားကြရတော့သည်။

​"ဒါကြောင့်မို့လို့ မိန်းကလေးရှန်းအာက မြဲမြဲကိုင်ထားဖို့ ပြောခဲ့တာကိုး"

​သူတို့နှစ်ဦးလုံးမှာ ယခုမှ အကြောင်းရင်းကို နားလည်သွားကြတော့သည်။

​တစ်ချိန်တည်းမှာပင် သူတို့၏ အံ့သြမှုကိုလည်း စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်နေကြ၏။

​ဒါက ဘယ်လိုမျိုး အတတ်ပညာလဲ။

​ကြီးမားသော သစ်ပင်ကြီးကို ထိန်းချုပ်ကာ ပျံသန်းနိုင်သည့် ဖောင်တစ်ခုသဖွယ် အသုံးပြုနေခြင်းမှာ မယုံနိုင်စရာပင်။ အကယ်၍ သူတို့ကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ရပါက ဤကဲ့သို့သော အတတ်ပညာမျိုး ရှိသည်ဟု မည်သည့်အခါမျှ ယုံကြည်ကြမည် မဟုတ်ပါချေ။

​အထူးသဖြင့် ထိုမန္တန်ကို အသုံးပြုနေသူမှာ နူးညံ့သိမ်မွေ့ပုံရသော မိန်းကလေးတစ်ဦး ဖြစ်နေခြင်းက သူမအား ပို၍ပင် ကြောက်စရာ ကောင်းသွားစေသည်။

​ပျံသန်းနေသော သစ်ပင်ကြီးမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အဟုန်ဖြင့် ပြေးနေခဲ့သည်။ ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့မှာ ပြုတ်မကျအောင် ထိန်းထားရသဖြင့် စကားပင် မပြောနိုင်ကြပါချေ။ အခြားတစ်ဖက်တွင်မူ ရွှေဝါလေးမှာ တစ်ချိန်လုံး စိတ်လှုပ်ရှားစွာဖြင့် တွန်ကျူးနေခဲ့သည်။

​အကဲဖြတ်မှူးလင်း၏ အိမ်တော်မှ ဤမိန်းကလေးမှာ ဤမျှအထိ အစွမ်းထက်နေသည်ကို ကြည့်ခြင်းအားဖြင့် ဤကြက်ဖကြီးမှာလည်း သာမန်ငှက်တစ်ကောင် မဟုတ်နိုင်ကြောင်း သူတို့ တွေးမိလိုက်ကြသည်။

​လူအများအပြား၏ အလေးချိန်ကို သယ်ဆောင်ကာ မိုင်ပေါင်း ထောင်ချီသော ခရီးကို ပျံသန်းနိုင်ရန် ရှန်းအာအတွက်လည်း အတော်လေး ပင်ပန်းလှပေသည်။ သို့သော်လည်း သူမသည် အချိန်မဖြုန်းလိုသဖြင့် ခရီးတစ်လျှောက်တွင် ဝိညာဉ်ကျောက်တုံးတစ်ခုကို အသုံးပြုကာ သူမ၏ ဝိညာဉ်စွမ်းအင်များကို ဖြည့်တင်းနေခဲ့သည်။ မကြာမီမှာပင် သူတို့သည် ကျူရိပ်မြို့၏ နယ်စပ်သို့ ရောက်ရှိသွားကြ၏။

​စွမ်းအင် မလုံလောက်တော့သဖြင့် သူမသည် အောက်သို့ ဆင်းသက်ခြင်းကို ကောင်းစွာ မထိန်းချုပ်နိုင်ခဲ့ပါချေ။ သူမသည် လိုက်ပါလာသူများကို တစ်စုံတစ်ခု ပြောလိုက်ပြီးနောက် သစ်ပင်ကြီးမှာ ကောင်းကင်မှ ဒုံးကျည်တစ်စင်းကဲ့သို့ ကျဆင်းလာကာ ရေကန်တစ်ခုထဲသို့ တိုက်ရိုက် ထိုးကျသွားတော့သည်။ ထိုတိုက်မိမှုမှာ ပြင်းထန်လှသဖြင့် မြေကြီးပင် တုန်ခါသွား၏။ ရေကန်ထဲမှ ရေတစ်ဝက်ခန့်မှာ လေထဲသို့ လွင့်စင်သွားပြီးနောက် ကန်ထဲသို့ မိုးရေစက်များအလား ပြန်လည် ကျဆင်းလာခဲ့သည်။

​ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့မှာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သော်လည်း သူတို့၏ အဝတ်အစားများမှာမူ ဖရိုဖရဲ ဖြစ်ကုန်ကြ၏။ ရှန်းအာမှာမူ ပို၍ အဆင်ပြေပုံရသည်။ သူမသည် ဆင်းသက်ပြီးသည်နှင့် ထိုနေရာကို ချက်ချင်းပင် စစ်ဆေးလိုက်၏။ ယခုအခါ အဝေးတွင် ကျူရိပ်မြို့၏ မြို့ရိုးများကို သူတို့ မြင်တွေ့နေရပြီ ဖြစ်သည်။

​ချောင်ဖေးဂုန်းသည် တစ်ချိန်လုံး စိတ်မအေး ဖြစ်နေခဲ့သည်။

​တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ဟု သူက ခံစားနေရသော်လည်း ကံကောင်းထောက်မစွာဖြင့် အကဲဖြတ်မှူးလင်းက သူ၏ မျောက်ဖြူကို ဤနေရာတွင် ထားခဲ့သဖြင့် ချောင်ဖေးကုန်းမှာ အတိုင်းအတာတစ်ခုအထိ စိတ်အေးနေရခြင်း ဖြစ်၏။

​မျောက်ဖြူအကြောင်း ပြောရမည်ဆိုလျှင် ချောင်ဖေးဂုန်းသည် အသိပညာ ကြွယ်ဝသူဖြစ်လင့်ကစား ထိုမျောက်၏ အမူအရာကို မြင်တိုင်း အံ့သြနေမိဆဲပင်။

​ချောင်အိမ်တော်၏ ဧည့်ခန်းထဲတွင် အထူးချုပ်လုပ်ထားသော အင်္ကျီကို ဝတ်ဆင်ထားသည့် အမွေးဖွဖွ မျောက်ဖြူကြီးမှာ လင်းကျင်းကဲ့သို့ပင် မတ်မတ်ထိုင်ကာ စပျစ်သီးများကို စားသုံးနေခဲ့သည်။

​ကျူရိပ်မြို့တွင် စပျစ်သီးမှာ ရှားပါးသော အသီးအနှံဖြစ်ပြီး အနီးအနားရှိ မြက်ခင်းပြင်တိုက်ကြီးမှ တင်သွင်းရခြင်း ဖြစ်သည်။ ချောင်မိသားစုမှာ ချမ်းသာကြွယ်ဝသူများ ဖြစ်သောကြောင့်သာ ထိုအသီးများကို ရရှိနိုင်ခြင်း ဖြစ်၏။

​အရည်ရွှမ်းသော စပျစ်သီးအုပ်စုကို လက်ထဲတွင် ကိုင်ထားရင်း မျောက်ဖြူမှာ တစ်ကြိမ်လျှင် ခုနစ်လုံး၊ ရှစ်လုံးခန့်ကို ဝါးစားနေခဲ့သည်။ စပျစ်ရည်များ နေရာအနှံ့ လွင့်စင်သွားခြင်းက မျောက်ဖြူအတွက် စိတ်အပန်းပြေစေသည့် ဂုဏ်သတ္တိ ရှိပုံရသည်။

​"ဒီချောင်မိသားစုက တကယ်ပဲ စိတ်ကောင်းရှိတာပဲ... ငါ့ကို အဝတ်အစားတွေ ပေးတဲ့အပြင် ကျွေးလည်းကျွေးကြတယ်... ဒီည သူတို့ရဲ့ အရက်ကို မြည်းကြည့်ရင် ကောင်းမလား"

အရသာရှိသော ဝိုင်အကြောင်း တွေးမိသောအခါ မျောက်ဖြူမှာ သွားရည်များ ကျလာတော့သည်။

​မျောက်ဖြူသည် သောက်စားရသည်ကို ဝါသနာပါသော်လည်း သခင်လင်း၏ သတိပေးချက်ကြောင့် တစ်ချိန်လုံး မသောက်ရဲဘဲ ဖြစ်နေခဲ့ခြင်း ဖြစ်၏။ သခင်လင်းက သူ၏ စိတ်အခြေအနေ မခိုင်မာသေးပါက အရက်မသောက်ရန် မှာကြားထားခဲ့သည်။ ထို့အပြင် မူးသွားပါက မလိုအပ်သော ပြဿနာများ ဖြစ်လာနိုင်သည်ဟုလည်း သတိပေးထားခဲ့၏။

​မျောက်ဖြူသည် ထိုစကား၏ အဓိပ္ပါယ်ကို နားမလည်ခဲ့သော်လည်း သူ၏ စိတ်မှာ ခိုင်မာနေပြီဟုသာ ယူဆထားခဲ့သည်။

​"ထားလိုက်ပါတော့... သခင်လင်း သိသွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်... ဒါကြောင့် ငါ အောင့်ထားမယ်... ငါ့ရဲ့ အလိုဆန္ဒတွေကို အောင့်ထားရမယ်"

မျောက်ဖြူမှာ မိမိကိုယ်ကို ပြန်ပြောနေမိသည်။

​လင်းကျင်း ထွက်ခွာသွားသည်မှာ တစ်ရက်ပင် မပြည့်သေးသေးသဖြင့် မျောက်ဖြူမှာ လွတ်လွတ်လပ်လပ် လုပ်ဆောင်ရန်အတွက် ကြောက်ရွံ့မှုများ ရှိနေသေး၏။

​ရုတ်တရက်ဆိုသလို တံခါးဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

​"ခုနကတည်းက ငါ ဒီနားမှာ မိစ္ဆာတစ်ကောင်ရဲ့ အရှိန်အဝါကို ခံစားနေရတာ၊ အခုတော့ မင်းကို တွေ့ပြီပေါ့... ထွက်လာစမ်း... မျောက်မိစ္ဆာ... စကြဝဠာ၊ နေနဲ့ လတို့ရဲ့ နာမတော်နဲ့ ငါပြောမယ်.. မင်းက ဘယ်လိုတောင် သတ္တိရှိလို့ ဒီနေရာမှာ ပေါ်လာပြီး အပြစ်မဲ့တဲ့ လူသားတွေကို ဒုက္ခပေးရတာလဲ... မင်းရဲ့ လုပ်ရပ်တွေအတွက် မင်းကို ငါ အဆုံးစီရင်ပေးမယ်"

​ထိုအသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ထွက်ပေါ်လာသဖြင့် မျောက်ဖြူမှာ အလွန်အမင်း လန့်သွားကာ သူ၏ လက်ထဲမှ စပျစ်သီးများပင် လွတ်ကျသွားတော့သည်။

​မျောက်ဖြူမှာ ဒေါသထွက်သွား၏။

​သူသည် ဘယ်အရာကိုမဆို သည်းခံနိုင်သော်လည်း ရုတ်တရက် ခြိမ်းခြောက်ခံရခြင်းကိုမူ သည်းမခံနိုင်ပါချေ။

​'မျောက်မိစ္ဆာ' ဟူသော စကားလုံးကလည်း သူ့အား ပို၍ ဒေါသထွက်စေခဲ့သည်။

​သူသည် အပြင်သို့ လှည့်ကြည့်လိုက်ရာ ထိုနေရာတွင် ဘယ်အချိန်ကတည်းက ရပ်နေမှန်းမသိသော ဘုန်းကြီးတစ်ပါးကို မြင်လိုက်ရသည်။

​ကျောက်စိမ်းနဂါးနိုင်ငံတွင် ဘုရားကျောင်းများ များများစားစား မရှိသဖြင့် ဘုန်းကြီးများကို တွေ့ရခဲလှပေသည်။ သို့သော်လည်း မြက်ခင်းပြင်တိုက်ကြီးတွင်မူ သူတို့ကို များစွာ တွေ့နိုင်၏။ မျောက်ဖြူသည် မြက်ခင်းပြင်တိုက်ကြီးတွင် ရှိခဲ့စဉ်က မှတ်ဉာဏ်များ ရှိနေသေးသဖြင့် ဤလူမှာ ဘုန်းကြီးတစ်ပါးဖြစ်ကြောင်း အလွယ်တကူ သိရှိလိုက်သည်။

​ဘုန်းကြီးများအကြောင်း ပြောရမည်ဆိုလျှင် မျောက်ဖြူသည် သူတို့အပေါ် အလွန် ဆိုးရွားသော အမြင် ရှိနေခဲ့သည်။

​သူ ငယ်ရွယ်စဉ်က မျောက်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သော သူ၏ ဖခင်မှာ ဘုန်းကြီးတစ်ပါး၏ သံတောင်ဝှေးအောက်တွင် သေဆုံးသွားခဲ့ရသည်။ မျောက်ဖြူသည် ထိုဖြစ်ရပ်ကို သူ၏ မျက်စိဖြင့် တပ်အပ် မြင်တွေ့ခဲ့ရသဖြင့် ၎င်းကို ကောင်းစွာ မှတ်မိနေခဲ့၏။

​ယခင်ကမူ ဖြစ်ပျက်ခဲ့သည့် အရာများကို သူ နားမလည်ခဲ့သော်လည်း သခင်လင်း၏ တပည့်ဖြစ်လာပြီး သူ၏ အသိဉာဏ်များ ပွင့်လင်းလာပြီးနောက်တွင်မူ ထိုဖြစ်ရပ်၏ အမှန်တရားကို သူ သဘောပေါက်လာခဲ့သည်။ သူတို့၏ မျိုးနွယ်စုမှာ လူသားများ၏ တိရစ္ဆာန်များကို ဖမ်းဆီးစားသောက်ခြင်းနှင့် လိုက်လံဖမ်းဆီးသော မုဆိုးများကို သတ်ဖြတ်ခြင်းကြောင့် လူသားများ၏ ဒေါသကို ဆွပေးခဲ့မိခြင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း တစ်စုံတစ်ဦးက မိမိကို သတ်ရန် လာနေပါက ထိုအတိုင်း ထိုင်စောင့်နေရမည်လား။

​မျောက်ဖြူသည် ဤအကြောင်းကို သခင်လင်းအား မေးမြန်းခဲ့ဖူးသည်။ သူ၏ ဆရာမှာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြန်လည် ဖြေကြားခဲ့ရာ ထိုအဖြေမှာ မျောက်ဖြူ၏ စိတ်ထဲတွင် စွဲထင်နေခဲ့တော့သည်။

​"ငါ့အပေါ်မှာ ရန်လိုတဲ့သူ ရှိလာရင်... ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ မရှိတော့ဘူး"

All Chapters