အခန်း ၄၀၆
Vol. 21 Ch. 406
အခန်း (၄၀၆) - ဒါက ချောင်မိသားစုတစ်ခုတည်းနဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး
အကဲဖြတ်မှူးလင်းသည် ချောင်မိသားစုအတွက် အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ရာ အစေခံက ဤသတင်းကို ချက်ချင်းပင် အစီရင်ခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ချောင်ဖေးဂုန်း၏ မျက်လုံးများမှာ ငိုထားရလွန်းသဖြင့် ဖောင်းအစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ရင်ထဲတွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေမှုကြောင့် မျက်ရည်များကို မထိန်းနိုင်ခဲ့ပါချေ။ ပထမဦးစွာ သူ၏ မိသားစု ဘေးကင်းသွားသဖြင့် ကျေးဇူးတင်မိသော်လည်း တစ်ဖက်တွင်မူ ဘိုးဘေးများအပေါ် တာဝန်မကျေခဲ့သဖြင့် အလွန်ပင် အရှက်ရနေမိသည်။ မျက်ရည်များမှာ သူ၏ စိတ်ပျက်အားငယ်မှုများကို ဖွင့်ချလိုက်ခြင်းသာ ဖြစ်ပြီး ယခုအခါ အစေခံ၏ သတင်းစကားကို ကြားလိုက်ရသောအခါ ချောင်ဖေးဂုန်းသည် စိတ်ကို ပြန်လည် စုစည်းလိုက်တော့သည်။
'အကဲဖြတ်မှူးလင်းက မနေ့ကမှ ထွက်သွားတာ၊ ဒီနေ့မှာတင် သူ့ရဲ့ တပည့်တွေ ရောက်လာပြီပဲ... ဒါက သူ အချိန်မဆွဲဘဲ လွှတ်လိုက်တာကို သက်သေပြနေတာပဲ၊ ဒါပေမဲ့ ဟိုသူခိုးတွေက အရမ်းကို ကောက်ကျစ်လွန်းသွားတယ်'
ချောင်ဖေးဂုန်းက အခြေအနေကို ကောင်းစွာ သဘောပေါက်လိုက်သည်။
ရောက်ရှိလာသူမှာ အကဲဖြတ်မှူးလင်း၏ တပည့်ဖြစ်သဖြင့် သူသည် မယဉ်မကျေး မဆက်ဆံရဲပါချေ။
သူသည် ထိုင်နေရာမှ ထလိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ သူ၏ မိသားစုဝင်များကို ခေါ်ဆောင်လျက် ဂုဏ်သရေရှိ ဧည့်သည်တော်များကို ကြိုဆိုရန် အပြင်သို့ ထွက်လာခဲ့သည်။
ခြံဝင်းတံခါးအပြင်ဘက်တွင် ရပ်နေသူမှာ နတ်သမီးတစ်ပါးအလား လှပလွန်းလှသော ရှန်းအာပင် ဖြစ်၏။ သူမ၏ အလှမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားမတစ်ပါးနှင့်ပင် တူနေတော့သည်။ ရွှေဝါလေးမှာ အနီးအနားတွင် နေပူစာလှုံနေပြီး သူမ၏ နောက်တွင်မူ ခေါင်းတလားကို ထမ်းထားသော ခေါင်းတလားလူသားနှင့် ကျောကုန်းကုန်း လိပ်အိုကြီးတို့က စိတ်ရှည်လက်ရှည် ရပ်စောင့်နေကြသည်။
အစပိုင်းတွင် ထိုလူနှစ်ဦးမှာ ရှန်းအာအား လင်းကျင်း အနားတွင် ထားရှိသော အလှပန်းအိုး သက်သက် မိန်းကလေးတစ်ဦးဟုသာ ထင်ခဲ့ကြသည်။ သူမက လိပ်အိုကြီးကို ကယ်တင်ပေးခဲ့ပြီးနောက်တွင်မူ သူမတွင် ရွှေကဲ့သို့ စင်ကြယ်သော နှလုံးသား ရှိသည်ဟု သူတို့ ယူဆခဲ့ကြ၏။ သို့သော်လည်း ဤခရီးစဉ်ကို အတူတူ လာခဲ့ပြီးနောက်တွင်မူ သူတို့သည် သူမအား စတင် ကြောက်ရွံ့လာကြတော့သည်။
အကယ်၍ ရှန်းအာသာ သူမ၏ အရာဝတ္ထု ထိန်းချုပ်ခြင်းအတတ်ကို တိုက်ခိုက်ရေးစွမ်းရည်အဖြစ် အသုံးပြုမည်ဆိုပါက သူတို့နှစ်ဦးလုံးမှာ သူမအား ယှဉ်နိုင်မည် မဟုတ်ကြောင်း ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့ စိတ်ကူးကြည့်ရုံနှင့်ပင် သိနေကြသည်။
"အကဲဖြတ်မှူးလင်းရဲ့ တပည့်ကတောင် ဒီလောက် အစွမ်းထက်နေရင် အကဲဖြတ်မှူးလင်းကိုယ်တိုင်က ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ... ပြတိုက်မှူးဆိုတာက အကဲဖြတ်မှူးလင်းရဲ့ ဆရာဆိုတော့ သူက မသေမျိုး နတ်ဘုရားတစ်ပါးများ ဖြစ်နေမလား"
လိပ်အိုကြီးက တွေးတောနေမိသည်။
ခေါင်းတလားလူသားက ခေါင်းခါပြလိုက်ရင်း ဆိုသည်။
"ငါ့ကို မမေးနဲ့၊ ငါလည်း မင်းလိုပဲ ဘာမှ မသိဘူး"
သို့သော်လည်း ယခုအခါ သူတို့တွင် ကူညီခွင့် ရရှိလာပြီဖြစ်ရာ နှစ်ဦးလုံးမှာ သူတို့၏ အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်ထားကြသည်။ ဤသို့ဆိုလျှင် အကဲဖြတ်မှူးလင်း ပြန်ရောက်လာသောအခါ ကျေနပ်သွားပေလိမ့်မည်။
လိပ်အိုကြီး၏ အမြင်တွင် ရှန်းအာမှာ သူ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်သည်။ ထို့ကြောင့် သူမအတွက်ဆိုလျှင် သူ၏ အသက်ကို စွန့်ရန် လိုအပ်လာပါက သူသည် မျက်တောင်တစ်ချက်ပင် ခတ်မည် မဟုတ်ပါချေ။
ခဏအကြာတွင် လူတစ်ယောက် ထွက်လာခဲ့ရာ ၎င်းမှာ ချောင်ဖေးဂုန်းပင် ဖြစ်၏။
ချောင်မိသားစုဝင်များ ရှန်းအာကို ပထမဆုံး မြင်လိုက်ရသောအခါ သူမ၏ အလှကြောင့် အားလုံးမှာ မှင်တက်သွားကြရသည်။
အထိခိုက်ဆုံးမှာ မိသားစု၏ လူငယ်မျိုးဆက်များပင် ဖြစ်၏။ ဥပမာအားဖြင့် ချောင်ရှင်းမှာဆိုလျှင် သူမကိုသာ စိုက်ကြည့်နေမိတော့သည်။
ချောင်ဖေးဂုန်းမှာမူ စိတ်လှုပ်ရှားမှုများကို ဖြတ်ကျော်လာခဲ့သည့် လူကြီးတစ်ဦး ဖြစ်သည့်အတိုင်း သတိကို လျင်မြန်စွာ ပြန်လည် စုစည်းလိုက်ပြီး ရှန်းအာကို အလေးပြုလိုက်သည်။ "ကျွန်တော်က ချောင်ဖေးဂုန်းပါ... မိန်းကလေးက အကဲဖြတ်မှူးလင်းရဲ့ တပည့်လားခင်ဗျာ"
ရှန်းအာမှာ ပညာတတ် မိန်းကလေးတစ်ဦး ဖြစ်သည့်အတိုင်း ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။
"ဟုတ်ပါတယ်ရှင်.. ကျွန်မက ဆရာလင်းရဲ့ တပည့် ရှန်းအာပါ... သခင်ကြီးချောင်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်"
ထို့နောက် သူမသည် လင်းကျင်း၏ အစီအစဉ်ကို ပြောပြလိုက်၏။
"ဆရာလင်းက ကျွန်မဆီ စာရေးပြီး ကျူရိပ်မြို့ကို အမြန်ဆုံးလာဖို့ မှာထားပါတယ်... ကျွန်မ ရောက်လာတာ နောက်ကျသွားပြီလား"
ရှန်းအာမှာ ထက်မြက်သူဖြစ်သဖြင့် ချောင်ဖေးဂုန်း၏ ပင်ပန်းနွမ်းနယ်နေသော အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် သူသည် ဆိုးရွားသော အခြေအနေတစ်ခုကို ခုလေးတင် ဖြတ်ကျော်လာခဲ့ရကြောင်း သိလိုက်သည်။ အိမ်တော်အတွင်းမှလည်း သွေးနံ့အချို့ ရနေဆဲဖြစ်ရာ တစ်စုံတစ်ခုမှာ ခုနလေးတင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ရပေမည်။
ဆရာလင်းက ကျူရိပ်မြို့တွင် မျောက်ဖြူကို ထားခဲ့သည်ဟု ပြောခဲ့ဖူးသည်။ သို့သော် ရှန်းအာသည် မျောက်ဖြူ၏ အရှိန်အဝါကို ရှာဖွေကြည့်သောအခါ ချောင်အိမ်တော်အတွင်း၌ မရှိသည်ကို သိလိုက်ရသဖြင့် သူမက ထိုအကြောင်းကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ချောင်ဖေးဂုန်းက သက်ပြင်းချလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်တော့သည်။
"မိန်းကလေးရှန်းအာ... အခုလို အဝေးကြီးကနေ လာပေးတာ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဟိုသူခိုး သုံးယောက်ကတော့ အခုလောက်ဆို အဝေးကြီးကို ရောက်သွားလောက်ပြီ... ကျွန်တော်တို့ မိသားစု အမွေအနှစ်ကို ဆုံးရှုံးလိုက်ရပေမဲ့ အဲဒါက ပေးဆပ်ရတာနဲ့ ထိုက်တန်ပါတယ်၊ အခုဆိုရင်တော့ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းမှုကို ရနိုင်ပြီ"
၎င်းမှာ ချောင်ဖေးဂုန်း၏ အတွေးဖြစ်သော်လည်း ရှန်းအာကမူ ထိုစကားကို သဘောမတူပါချေ။
လင်းကျင်းက သူမကို အဘယ်ကြောင့် ဤနေရာသို့ လွှတ်လိုက်သနည်းဆိုသည်ကို ရှန်းအာ ကောင်းစွာ သိသည်။ ဤကိစ္စတွင် အဖွဲ့အစည်းတစ်ခု ပါဝင်ပတ်သက်နေပြီး ၎င်းမှာ လင်းကျင်းနှင့် ရန်ဘက်ဖြစ်နေသော အင်အားစုတစ်ခု ဖြစ်၏။
အခြေအနေက ဤသို့ဖြစ်နေလျှင် ထိုအဖွဲ့အစည်းမှာ သူတို့၏ ရန်သူပင် ဖြစ်သည်။
ရှန်းအာသည် သူမ၏ ဆရာကို ဆန့်ကျင်သော သူများအပေါ် မည်သည့်အခါမျှ ညှာတာမည် မဟုတ်ပါချေ။
"ဒါဆိုရင် အဲဒီသူခိုး သုံးယောက်က မျောက်ဖြူကို မျှားခေါ်ဖို့ ဒါလော့ဘုရားကျောင်းက ဘုန်းကြီးကို အသုံးချခဲ့ကြတာပေါ့၊ ပြီးတော့မှ ချောင်မိသားစုရဲ့ ရတနာကို လာလုသွားကြတာပေါ့"
ရှန်းအာက ဆိုသည်။ သူမသည် နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်ကို ခဏတာ စဉ်းစားလိုက်ပြီးနောက် ခိုင်မာသော ဆုံးဖြတ်ချက်ကို ချလိုက်တော့သည်။
မျောက်ဖြူမှာ အတော်လေး အစွမ်းထက်ပြီး မကြာသေးမီကလည်း ဆရာလင်း၏ နောက်သို့ လိုက်ပါခဲ့ဖူးသဖြင့် သူ၏ စွမ်းရည်မှာ များစွာ တိုးတက်နေပေလိမ့်မည်။ ဒါလော့ဘုရားကျောင်းမှ ဘုန်းကြီးမှာ အစွမ်းထက်လျှင်ပင် မျောက်ဖြူကို အနိုင်ယူရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။
အကယ်၍ မျောက်ဖြူ ရှုံးနိမ့်သွားလျှင်ပင် သူ၏ အသားမှာ ထူလှသဖြင့် အရိုက်ခံရရုံနှင့်တော့ သေမည် မဟုတ်ပါချေ။
ချောင်မိသားစု ရတနာကို ခိုးယူသွားသော သူခိုး သုံးဦးမှာမူ ခုလေးတင် ထွက်သွားခြင်း ဖြစ်သဖြင့် သူမ လိုက်မီနိုင်ပေသည်။ ထို့အပြင် ၎င်းက ဆရာလင်းက ချောင်မိသားစုအပေါ် ထားရှိခဲ့သော ကတိနှင့်လည်း သက်ဆိုင်နေ၏။
ရှန်းအာသည် ဆရာလင်းအား ကတိပျက်သူတစ်ဦးအဖြစ် အဖြစ်မခံနိုင်ပါချေ။
ထို့ကြောင့် ရှန်းအာသည် ရွှေဝါလေးကို ပွေ့ချီကာ ခြံဝင်းထဲသို့ ပစ်ထည့်လိုက်သည်။
"သခင်ကြီးချောင်... ဒီကြက်ဖကြီး ရှိနေသရွေ့တော့ ဘယ်သူမှ ရှင့်မိသားစုကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး"
ထို့နောက် သူမသည် ခေါင်းတလားလူသားနှင့် လိပ်အိုကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကျွန်မမှာ တောင်းဆိုစရာ တစ်ခု ရှိပါတယ်"
နှစ်ဦးလုံးက ချက်ချင်းပင် ပြန်ဖြေကြသည်။
"မိန်းကလေးရှန်းအာ... ပြောသာပြောလိုက်ပါ... ကျုပ်တို့ လိုက်နာဖို့ အသင့်ပါပဲ"
ရှန်းအာက ဆိုလိုက်၏။
"ဒီအနီးအနားကို ရှာပေးကြပါ... ဆရာလင်းရဲ့ နောက်ထပ်တပည့်တစ်ယောက်ဖြစ်တဲ့ မျောက်ဖြူက ဒီနားမှာ ဘုန်းကြီးတစ်ပါးနဲ့ တိုက်ခိုက်နေရလောက်တယ်"
ခေါင်းတလားလူသားက ပြန်ဖြေလိုက်၏။
"စိတ်မပူပါနဲ့ မိန်းကလေးရှန်းအာ... ကျုပ် မျောက်ဖြူနဲ့ တွေ့ဖူးပါတယ်... ဒါကို ကျုပ်နဲ့ လိပ်အိုကြီးဆီသာ လွှဲထားလိုက်ပါ"
ဘာမှ ထပ်မပြောတော့ဘဲ လိပ်အိုကြီးသည် သူ၏ တာဝန်ကို လုပ်ဆောင်ရန် ထွက်ခွာသွားတော့သည်။
ရှန်းအာသည် သူခိုး သုံးဦးနောက်သို့ လိုက်ရန် ပြင်ဆင်နေစဉ် ချောင်ဖေးဂုန်းက မနေနိုင်ဘဲ တားမြစ်လိုက်၏။
"မိန်းကလေးရှန်းအာ... ဒီကိစ္စကို ဒီအတိုင်းပဲ လွှတ်ထားလိုက်ပါလား... ကျွန်တော်တို့ မိသားစုက သူတို့ကို ရန်မစရဲပါဘူး... ဟင်း ... ရတနာတစ်ခု ဆုံးရှုံးရပေမဲ့ အားလုံး ဘေးကင်းနေတာပဲလေ၊ ထပ်ပြီး ပြဿနာတွေ မရှာပါနဲ့တော့"
ချောင်ဖေးဂုန်းမှာ စေတနာနှင့် ပြောခြင်း ဖြစ်၏။
သို့သော်လည်း ရှန်းအာ၏ မျက်နှာမှာ တည်ကြည်သွားကာ ဆိုလိုက်သည်။
"သခင်ကြီးချောင်... ဒါက ချောင်မိသားစုတစ်ခုတည်းနဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး"
ထိုသို့ ပြောပြီးနောက် သူမသည် အပေါ်သို့ ခုန်တက်လိုက်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
ချောင်မိသားစုဝင်များမှာ သူမ၏ စကားကြောင့် မှင်တက်သွားကြရပြီး ချောင်ဖေးဂုန်းမှာမူ သက်ပြင်းသာ ချနေမိတော့သည်။ ချောင်ရှင်းနှင့် အခြားသော လူငယ်များမှာမူ စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်ချက်များ ရှိနေကြ၏။
ကျူရိပ်မြို့၏ အထက် ပေပေါင်း ထောင်ချီသော ကောင်းကင်ယံတွင် ရှန်းအာမှာ လေထဲ၌ ဝဲပျံနေပြီး သူမ၏ ခါးတွင် ပတ်ထားသော ဖဲကြိုးမှာ လေထဲတွင် လွင့်နေခဲ့သည်။
အရာဝတ္ထုများကို ထိန်းချုပ်သည့်အတတ်မှာ မိမိ၏ ခန္ဓာကိုယ်မှလွဲ၍ အခြားအရာအားလုံးကို ထိန်းချုပ်နိုင်သည့် မန္တန်တစ်ခု ဖြစ်၏။ ဥပမာအားဖြင့် ယခုအချိန်တွင် ရှန်းအာသည် သူမ၏ ခါးမှ ဖဲကြိုးကို ထိန်းချုပ်လိုက်ခြင်းဖြင့် သူမကိုယ်တိုင် လေထဲတွင် လွယ်ကူစွာ ပျံသန်းနေနိုင်ခြင်း ဖြစ်သည်။
သူမ၏ တွက်ချက်မှုအရ ထိုသူခိုးများသည် ရတနာကို ရရှိပြီးနောက် မြို့ထဲမှ ထွက်ခွာကာ အဝေးဆုံးသို့ ထွက်ပြေးကြပေလိမ့်မည်။ သူတို့ မည်မျှပင် မြန်ပါစေ၊ ကျူရိပ်မြို့၏ မိုင်ငါးဆယ် ပတ်လည်အတွင်း၌သာ ရှိနေဦးမည် ဖြစ်သည်။
သို့သော်လည်း သူတို့ ထွက်ခွာသွားသည့် လမ်းကြောင်းကို မသိဘဲ လိုက်လံရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။
ကျူရိပ်မြို့ နယ်စပ်၏ လမ်းကြောင်း သုံးခုမှာ ကျောက်စိမ်းနဂါးနိုင်ငံ၏ အခြားသော ဒေသများနှင့် ထိစပ်နေပြီး နောက်ဆုံး လမ်းကြောင်းတစ်ခုမှာမူ အခြားသော အလယ်အလတ်နိုင်ငံတစ်ခုနှင့် ဆက်သွယ်ထားသည်။ ရှန်းအာ၏ ခန့်မှန်းချက်အရ ထိုသူခိုး သုံးဦးမှာ ဆရာလင်းကို ကြောက်ရွံ့သဖြင့် ကျောက်စိမ်းနဂါးနိုင်ငံအတွင်း ဆက်နေကြမည် မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးရန်သာ ကြိုးစားကြပေလိမ့်မည်။
ထို့ကြောင့် ရှန်းအာသည် ထိုလမ်းကြောင်းဘက်သို့ ကြည့်လိုက်ပြီး အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
ကျူရိပ်မြို့နှင့် မိုင်တစ်ရာခန့် အကွာတွင် လမ်းဆုံတစ်ခု ရှိ၏။ ၎င်းမှာ ကျောက်စိမ်းနဂါးနိုင်ငံနှင့် ရှန့်နိုင်ငံတို့၏ နယ်စပ်ပင် ဖြစ်သည်။ ၎င်းကို 'တောင်နဂါးလမ်းဆုံ'ဟု ခေါ်ဝေါ်ကြသည်။ ထိုလမ်းဆုံကို ကျော်ဖြတ်ပြီး မိုင်ဆယ်ဂဏန်းခန့် သွားပါက ရှန့်နိုင်ငံ၏ နယ်မြေအတွင်းသို့ ရောက်ရှိမည် ဖြစ်သည်။
ရှန်းအာသည် ဤနေရာသို့ မလာမီက ထိုအကြောင်းကို မသိခဲ့ပါချေ။ သူမ ကောင်းကင်ယံတွင် ရှိနေစဉ် အောက်ဘက်ရှိ အခြေအနေကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူမ တစ်ဖက်နိုင်ငံသို့ ကူးလိုပါက ထိုလမ်းဆုံကို ဖြတ်ကျော်သွားရမည် ဖြစ်ပုံရသည်။
သူမသည် ချက်ချင်းပင် အောက်သို့ ဆင်းသက်လိုက်၏။
အရာဝတ္ထုများထိန်းချုပ်ခြင်းအတတ်ဖြင့် မိုင်တစ်ရာခရီးကို သွားလာရန်မှာ ခဏတာမျှသာ ကြာမြင့်သည်။ ရှန်းအာသည် ထိုသူခိုးများ ကျောက်စိမ်းနဂါးနိုင်ငံမှ ထွက်ခွာမည်ဆိုပါက ဤလမ်းဆုံကို ဖြတ်ရမည်ဟု သေချာနေခဲ့သည်။ သူတို့သည် သူမထက် ပို၍ မြန်နိုင်မည် မဟုတ်ကြောင်းလည်း သူမ ယုံကြည်ထား၏။
ထို့ကြောင့် ရှန်းအာသည် ဤနေရာတွင် စောင့်ဆိုင်းနေရုံနှင့်ပင် ထိုသူခိုးများကို တားဆီးနိုင်မည် ဖြစ်သည်။
ချောင်ဖေးဂုန်း၏ ဖော်ပြချက်အရ သူတို့ သုံးဦးလုံးမှာ မျက်နှာဖုံး စွပ်ထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း မသိနိုင်သော်လည်း သူတို့၏ သားရဲများမှာ ခုနတင် လူသတ်ထားသဖြင့် သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် သွေးနံ့များ ရှိနေဦးမည် ဖြစ်သည်။ သူမအနေဖြင့် ဂရုတစိုက် အာရုံစိုက်ထားရုံနှင့်ပင် ထိုသူခိုးများသည် သူတို့၏ အရှိန်အဝါကို ဖုံးကွယ်ပြီး နယ်စပ်ကို ဖြတ်ကျော်နိုင်ကြမည် မဟုတ်ပါချေ။
တောင်နဂါးလမ်းဆုံမှာ နိုင်ငံနှစ်ခုကြားရှိ နယ်စပ်ဖြစ်၏။ ၎င်း၏ ဘေးပတ်ပတ်လည်တွင် တောင်တန်းများနှင့် အန္တရာယ်များသော မြေမျက်နှာသွင်ပြင်များ ရှိနေသည်။ နယ်စပ်မြို့ကို ဖြတ်ကျော်မှသာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနိုင်သည်။ ဤနေရာတွင် စစ်သားငါးရာခန့် တပ်စွဲထားပြီး သယ်ယူပို့ဆောင်ရေးအတွက် အဓိကလမ်းမကြီး ဖြစ်သဖြင့် ကုန်သည်များစွာ ဖြတ်သန်းသွားလာလေ့ ရှိကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာမှာ မြို့ငယ်လေးတစ်ခုသဖွယ် ဖြစ်လာပြီး နားနေဆောင်များ၊ ကုန်သည်အမျိုးမျိုး၊ စားသောက်ဆိုင်များ၊ အရက်ဆိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့များပင် ရှိနေခဲ့သည်။ ၎င်းမှာ သေးငယ်သော်လည်း ပြည့်စုံသော မြို့လေးတစ်မြို့ ဖြစ်၏။