← Chapters

အခန်း ၄၀၉

Vol. 21 Ch. 409

အခန်း ၄၀၉

Vol. 21 Ch. 409

အခန်း (၄၀၉) - လင်းကျင်း အပြေးအလွှား ရောက်ရှိလာခြင်း

​သူတို့ မေပယ်မြို့သို့ ပြန်ရောက်လာချိန်မှာ အချိန်ကိုက်ပင် ဖြစ်သည်။ ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့ မေပယ်မြို့သို့ ရောက်ပြီး မကြာမီမှာပင် လင်းကျင်းသည်လည်း မြို့တော်မှ လင်းယုန်ဖြင့် ပြန်လည် ရောက်ရှိလာရာ နှစ်ဖက်စလုံးမှာ အိမ်တော်သို့အပြန် လမ်းခုလတ်မှာပင် ဆုံမိကြတော့သည်။

​ခေါင်းတလားလူသားနှင့် လိပ်အိုကြီးကို မြင်လိုက်ရသောအခါ လင်းကျင်းသည် မကြာသေးမီက ကိစ္စများစွာ ဖြစ်ပျက်နေသဖြင့် သူ ခေါင်းတလားအိုကြီးအကြောင်းကို မေ့လျော့နေမိကြောင်း သတိပြုမိသွားသည်။ အမှန်တော့ ဝိညာဥ်ကလေးငယ်မိခင်မှတစ်ဆင့် ခေါင်းတလားလူသားအား ဖုတ်ကောင်သားရဲကို လာရောက်ယူဆောင်ရန် အကြောင်းကြားခိုင်းခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်၏။

​သို့သော်လည်း နောက်တစ်စက္ကန့်တွင် ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့မှာ ဒူးထောက်လိုက်ကြလေသည်။

​"အကဲဖြတ်မှူးလင်း... ကျုပ်တို့ အရည်အချင်းမရှိလို့ပါ..."

​အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။

​မေပယ်မြို့ ကောင်းကင်ယံထက်တွင် လင်းယုန်တစ်ကောင်၏ အော်မြည်သံကို ကြားလိုက်ရ၏။ လင်းကျင်းသည် မည်သည့်စကားမျှ မဆိုဘဲ တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် ကျူရိပ်မြို့သို့ လင်းယုန်စီး၍ ထွက်ခွာသွားတော့သည်။

​လင်းကျင်းသည် စိတ်ပူနေမိသဖြင့် လင်းယုန်၏ ခန္ဓာကိုယ်အရွယ်အစားကို နှစ်ဆကြီးမားသွားစေရန် မန္တန်တစ်ခုကို အသုံးပြုလိုက်ရာ ၎င်း၏ ပျံသန်းနှုန်းမှာလည်း ပိုမိုမြန်ဆန်လာခဲ့သည်။

​ယခုအချိန်တွင် လင်းကျင်း၌ အခြားအရာများကို ဂရုစိုက်နေရန် အချိန်မရှိပါချေ။

​ခေါင်းတလားလူသားနှင့် လိပ်အိုကြီးတို့မှာ သူတို့သိသမျှ အရာအားလုံးကို လင်းကျင်းအား ပြောပြခဲ့ကြသည်။ မျောက်ဖြူမှာ ဒါလော့ဘုရားကျောင်းမှ ဘုန်းကြီးတစ်ပါးနှင့် တိုက်ခိုက်ရင်း ပျောက်ဆုံးနေကြောင်းနှင့် ရှန်းအာမှာမူ ဒါလော့ဘုရားကျောင်းမှ မိစ္ဆာနှိမ်နင်းရေး ခန်းမမှူးနှင့် တိုက်ခိုက်ရင်း ရှုံးနိမ့်သွားခဲ့ကြောင်း သူ သိလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ တောင်နဂါးလမ်းဆုံရှိ မြေအောက်တွင် မြုပ်နှံခံလိုက်ရသည်ဟု သူတို့က ဆိုကြသည်။

​ထိုသတင်းကို ကြားလိုက်ရသည့် လင်းကျင်း၏ စိတ်အခြေအနေမှာ မည်သို့ရှိမည်ကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်ပေသည်။

​လင်းကျင်းမှာ စိတ်သဘောထား ကောင်းသူဖြစ်သော်လည်း လူကောင်းတစ်ယောက် ဒေါသထွက်လာလျှင်မူ မည်သူမျှ ခွင့်မလွှတ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

​"ဒါလော့ဘုရားကျောင်း... အကယ်၍ ရှန်းအာနဲ့ မျောက်ဖြူတို့မှာ တစ်ခုခုသာ ဖြစ်ခဲ့ရင် ငါ မင်းတို့ရဲ့ ဂိုဏ်းတစ်ခုလုံးကို ချေမှုန်းပြီး အုတ်တစ်ချပ်မှ မကျန်အောင် ဖြိုဖျက်ပစ်မယ်"

လင်းကျင်းသည် မကြုံစဖူး ပြင်းထန်သော ဒေါသကို ခံစားနေရသည်။ ရန်ချင်းရှီကို ကိုင်တွယ်စဉ်ကထက်ပင် သူ ပို၍ ဒေါသထွက်နေမိ၏။

​ရန်ချင်းရှီမှာ အပြစ်မဲ့သူများကို ဒုက္ခပေးခဲ့သော်လည်း ၎င်းတို့မှာ လင်းကျင်းနှင့် ရင်းနှီးသူများ မဟုတ်ကြပါချေ။ ယခုတစ်ကြိမ်တွင်မူ ဒုက္ခရောက်ရသူများမှာ လင်းကျင်းကိုယ်တိုင် အသိအမှတ်ပြုထားသော တပည့်များဖြစ်သည့် ရှန်းအာနှင့် မျောက်ဖြူတို့ ဖြစ်နေကြသည်။

​စွမ်းအားမြှင့်တင်ထားသဖြင့် လင်းယုန်သားရဲမှာ လျှပ်စီးလက်သကဲ့သို့ အဟုန်ဖြင့် ပြေးထွက်သွားရာ လင်းကျင်းသည် တစ်နာရီအတွင်းမှာပင် ကျူရိပ်မြို့ နယ်စပ်သို့ ရောက်ရှိသွားတော့သည်။

​အခြေအနေမှာ အလွန်ပင် အရေးကြီးနေသဖြင့် သူသည် လင်းယုန်အား ချောင်အိမ်တော် အထက်တွင် ရပ်တန့်စေကာ အောက်သို့ ခုန်ဆင်းလိုက်သည်။

​လင်းကျင်းအနေဖြင့် ချောင်မိသားစုထံတွင် မေးမြန်းစရာ အချို့ ရှိနေသေး၏။

​လင်းကျင်း ရောက်ရှိလာသည့် သတင်းကို ကြားသည်နှင့် ချောင်ဖေးဂုန်းသည် အဆောက်အဦးအတွင်းမှ ပြေးထွက်လာခဲ့သည်။ အစပိုင်းတွင် သူ မှင်တက်သွားသော်လည်း မကြာမီမှာပင် အပြေးအလွှား လာရောက် ဂါရဝပြုတော့သည်။ တစ်ချိန်တည်းမှာပင် ရွှေဝါလေးသည်လည်း ခြံဝင်းအတွင်းမှ ခုန်ထွက်လာခဲ့၏။

​လင်းကျင်းကို မြင်လိုက်ရသောအခါ ၎င်းမှာ အော်မြည်ရင်း လင်းကျင်း၏ ရင်ခွင်ထဲသို့ ပျံဝင်လာခဲ့သည်။

​"အကဲဖြတ်မှူးလင်း... နောက်ဆုံးတော့ ရောက်လာပြီပဲ"

​ချောင်ဖေးဂုန်းသည် လွန်ခဲ့သော နှစ်ရက်လုံး စိုးရိမ်နေခဲ့ရခြင်း ဖြစ်သည်။ သူသည် တောင်နဂါးလမ်းဆုံမှ ဖြစ်ရပ်ကို ကြားသိထားရပြီး ထိုနေရာသို့ စုံစမ်းရန် လူလွှတ်ခဲ့သေးသည်။ တောင်နဂါးလမ်းဆုံ မြို့လေးမှာ ရှန်းအာနှင့် ခန်းမမှူးတို့၏ တိုက်ခိုက်မှုကြောင့် ပေတစ်ရာနက်ပြီး ပေတစ်ထောင်ကျယ်သော တွင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဟု သိရသည်။

​ဤဖြစ်ရပ်မှာ သာမန်လူတို့၏ အသိဉာဏ်ထက် ကျော်လွန်နေသဖြင့် ချောင်မိသားစု စိုးရိမ်နေကြသည်မှာ မဆန်းပါချေ။

​၎င်းတို့တွင် အမှားမရှိကြောင်း လင်းကျင်း သိထားသဖြင့် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကိုသာ သူ မေးမြန်းလိုက်သည်။ ထို့နောက် ချောင်ဖေးဂုန်းက သူသိသမျှ အသေးစိတ် အချက်အလက်အားလုံးကို လင်းကျင်းအား ပြောပြလိုက်တော့သည်။

​ခေါင်းတလားလူသား၊ လိပ်အိုကြီးနှင့် ချောင်ဖေးဂုန်းတို့ဆီမှ ရရှိသော အချက်အလက်များကို ပေါင်းစပ်လိုက်သောအခါ လင်းကျင်းသည် ဖြစ်ပျက်ခဲ့သမျှကို အကြမ်းဖျင်း သိလိုက်ရပြီ ဖြစ်သည်။

​"ဒါဆို မျောက်ဖြူကို ဒါလော့ဘုရားကျောင်းက ဘုန်းကြီးက မျှားခေါ်သွားပြီးတာနဲ့ သူခိုးတွေက ချောင်မိသားစု ရတနာကို လာလုကြတာပေါ့"

ဤဖြစ်ရပ်နှစ်ခုမှာ တစ်နည်းနည်းဖြင့် ဆက်စပ်နေရမည်ဟု လင်းကျင်း သိလိုက်သည်။

​သို့သော်လည်း သူသည် အသေးစိတ် အချက်အလက်များကို မသိရသေးသလို အချိန်ဖြုန်းပြီး ခန့်မှန်းနေရန်လည်း မလိုလားပါချေ။

​သူသည် ချောင်ဖေးဂုန်းကို ကြည့်လိုက်ပြီး ဆိုလိုက်သည်။

"သခင်ကြီးချောင်... ခင်ဗျားရဲ့ ရတနာ အလုခံလိုက်ရပြီဆိုတော့ ခင်ဗျားမိသားစု အခု ဘေးကင်းသွားပါပြီ"

​၎င်းမှာ အမှန်တရားပင် ဖြစ်၏။

​"ဟုတ်ပါတယ်... ဒါကိုသာ ကြိုသိရင် အဲဒီသူခိုးတွေ လိုချင်တာကို ပေးလိုက်ရမှာ... ဟင်း... ကျုပ်တို့ရဲ့ ခေါင်းမာမှုကြောင့် လူတွေ အသက်ဆုံးရှုံးခဲ့ရတာကို တွေးမိရင် တကယ့်ကို အပြစ်ရှိစရာပါပဲ... ဒါပေမဲ့ အခုလို ပြန်ပြီး ငြိမ်သက်သွားတာလည်း ကောင်းပါတယ်လေ... နောက်နောင် ဘာပြဿနာမှ မရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်ပါတော့တယ်"

ချောင်ဖေးဂုန်းမှာ ဤဖြစ်ရပ်ကြောင့် အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်သည်။

​လင်းကျင်း ခေါင်းညိတ်လိုက်သည်။ သူ နောက်ထပ် ဘာလုပ်မည်ကိုမူ ချောင်ဖေးဂုန်းအား ထိတ်လန့်သွားစေမည် စိုးသဖြင့် ပြောမပြတော့ပါချေ။

​ယခုကြည့်ရသည်မှာ ဒါလော့ဘုရားကျောင်းသည် မိစ္ဆာအကဲဖြတ်မှူးများနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေပုံရသည်။ မဟုတ်လျှင် အဘယ်ကြောင့် သူတို့၏ တာဝန်ကို ကူညီပေးနေရမည်နည်း။

​ထို့အပြင် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ၊ ဒါလော့ဘုရားကျောင်းသည် မျောက်ဖြူနှင့် ရှန်းအာအပေါ် လက်ပါရဲခဲ့သဖြင့် လင်းကျင်းသည် သူတို့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပါချေ။ သွေးမိုးများ ရွာသွန်းရမည် ဆိုလျှင်ပင် လင်းကျင်းသည် သူတို့ကို ပြန်လည် ပေးဆပ်စေမည် ဖြစ်သည်။

​"သခင်ကြီးချောင်... ကျုပ်မှာ လုပ်စရာ ကိစ္စတစ်ခု ရှိသေးလို့ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး"

​ထိုသို့ ပြောပြီးနောက် လင်းကျင်းသည် တိမ်တိုက်လှေကားထစ်များကို အသုံးပြုကာ လင်းယုန်၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ တောင်နဂါးလမ်းဆုံသို့ အဟုန်ဖြင့် မထွက်ခွာမီ လင်းယုန်မှာ ချောင်မိသားစုအား နှုတ်ဆက်သည့်အလား ကျယ်လောင်စွာ အော်မြည်လိုက်တော့သည်။

​လေပြင်းများမှာ သူတို့၏ ပတ်ပတ်လည်တွင် ဝှေ့ယမ်းနေပြီး လင်းကျင်း၏ တည်ကြည်သော အမူအရာကို ကြည့်ခြင်းအားဖြင့် ရွှေဝါလေးသည် လူသတ်ချင်စိတ် အငွေ့အသက်များကို ခံစားလိုက်ရသည်။ အမြဲတမ်း သောင်းကျန်းတတ်သော ကြက်ဖကြီးမှာ ယနေ့တွင်မူ ထူးဆန်းစွာပင် ငြိမ်သက်နေခဲ့၏။

​ကျူရိပ်မြို့မှ တောင်နဂါးလမ်းဆုံသို့ သွားရန်မှာ လင်းယုန်အတွက် ခဏတာမျှသာ ကြာမြင့်ပေသည်။

​အမှန်တကယ်ပင် ကောင်းကင်ယံမှ ကြည့်လိုက်လျှင် ဝေးလံသော နယ်စပ်တွင် ထိတ်လန့်ဖွယ်ကောင်းသော တွင်းကြီးကို မြင်တွေ့နေရပြီ ဖြစ်သည်။

​၎င်းကို မြင်လိုက်ရသောအခါ လင်းကျင်း၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့ရ၏။

​မည်သို့သော နည်းစနစ် သို့မဟုတ် တန်ခိုးစွမ်းအားမျိုးက ဤမျှ ဆိုးရွားသော ပျက်စီးမှုကို ဖြစ်စေနိုင်သနည်း။ မြေပြင်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲအက်နေခြင်းမှာ လွန်ခဲ့သော နှစ်ရက်က တိုက်ပွဲ မည်မျှ ပြင်းထန်ခဲ့ကြောင်း သက်သေပြနေသည်။

​လင်းကျင်းသည် ကောင်းကင်မှ ခုန်ဆင်းလိုက်ကာ တွင်းနက်ကြီး၏ အစွန်းတွင် ဆင်းသက်လိုက်သည်။

​တစ်ချိန်တည်းမှာပင် တွင်းကြီး၏ ဘေးတွင် အခြားသော လူတစ်စု ရပ်နေကြသည်ကို တွေ့ရ၏။

​ထိုသူများထဲတွင် စစ်သားများနှင့် အစောင့်များ ပါဝင်သော်လည်း အများစုမှာ အစိုးရ အရာရှိများကဲ့သို့ ဝတ်ဆင်ထားကြသည်။ သူတို့ထဲတွင် မောက်မာသော အရှိန်အဝါရှိသည့် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးလည်း ပါဝင်သည်။

​လင်းကျင်း မဆင်းသက်မီကပင် ထိုလူအုပ်ကြီးမှာ အဟုန်ဖြင့် ပျံသန်းလာသော လင်းယုန်သားရဲကို သတိထားမိကြသည်။ ကျောက်စိမ်းနဂါးနိုင်ငံတွင် ဖြစ်စေ၊ အခြားနိုင်ငံများတွင် ဖြစ်စေ လင်းယုန်များမှာ အလွန် ဈေးကြီးပြီး အထက်တန်းလွှာများသာ ပိုင်ဆိုင်နိုင်သော သတ္တဝါများ ဖြစ်ကြ၏။ ထို့ကြောင့် လင်းကျင်း ရောက်ရှိလာခြင်းမှာ သူတို့၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။ သို့သော်လည်း လင်းယုန်ပေါ်မှ ဆင်းလာသူမှာ လူငယ်လေးတစ်ဦး ဖြစ်နေသည်ကို မြင်သောအခါ သူတို့မှာ သိသိသာသာ စိတ်ပျက်သွားကြ၏။

​"မြို့စားမင်းဝမ်... အဲဒီလူက ကျုရိပ်မြို့က နေထိုင်သူလား"

လူအုပ်ထဲမှ မောက်မာသော အသွင်ရှိသည့် လူလတ်ပိုင်း အမျိုးသားက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​သူ စကားပြောနေသူမှာ ကျုရိပ်မြို့ မြို့စား ဝမ်ယွမ်ချောင်ပင် ဖြစ်သည်။ သူနှင့်အတူ သံမဏိတောင်ပံတပ်ဖွဲ့၏ အကြီးအကဲနှင့် နိုင်ငံ၏ အစောင့်အရှောက် တစ်ဦးဖြစ်သူ ချန်ရုယွမ်လည်း ပါရှိသည်။

​ချန်ရုယွမ်၏ အရေးပါသော ရာထူးနှင့် နောက်ခံကြောင့် မြို့စား ဝမ်ယွမ်ချောင်ပင်လျှင် သူ၏ ရှေ့တွင် စကားပြောဆိုရာ၌ အထူး ဂရုစိုက်နေရခြင်း ဖြစ်၏။

​ဝမ်ယွမ်ချောင်သည် လင်းကျင်းကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။

"အကြီးအကဲချန်... ကျွန်တော် အဲဒီလူကို တစ်ခါမှ မမြင်ဖူးပါဘူး၊ သူက ကျုရိပ်မြို့ကလူ မဖြစ်နိုင်ပါဘူး"

​"ဪ..."

ချန်ရုယွမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း အကြီးအကဲမှာ ရောက်ရှိလာသူ၏ မယဉ်ကျေးသော အပြုအမူကြောင့် မကျေမနပ် ဖြစ်နေသည်မှာ သိသာလှ၏။

​အကယ်၍ သာမန် ပြည်သူတစ်ဦးသာ ဤကဲ့သို့ ရုတ်တရက် ပေါ်လာမည်ဆိုပါက မည်သည့် အစိုးရ အရာရှိကိုမဆို စော်ကားရာ ရောက်ပေလိမ့်မည်။

​အကယ်၍ သူသည် အထက်တန်းလွှာတစ်ဦး ဖြစ်နေလျှင်လည်း စစ်ဘက်ဆိုင်ရာ အကြီးအကဲဖြစ်သူ ချန်ရုယွမ်အား နှုတ်မဆက်ခြင်းမှာ သိသိသာသာ အရေးမစိုက်ခြင်း ဖြစ်သဖြင့် ၎င်းကိုလည်း လက်ခံနိုင်စရာ မရှိပါချေ။

​ဝမ်ယွမ်ချောင်က ၎င်းကို ရိပ်မိသဖြင့် သူ၏ လက်အောက်ငယ်သားကို ညွှန်ကြားလိုက်ရာ မြို့စားအိမ်တော်မှ အိမ်ထိန်းမှာ ချက်ချင်းပင် အပြေးအလွှား ရောက်လာခဲ့သည်။

​"မင်းက ဘယ်သူလဲ... စစ်တပ်က ဒီနယ်မြေကို ပိတ်ထားတယ်၊ အကယ်၍ မင်းက သာမန်ပြည်သူဆိုရင် ချက်ချင်း ထွက်သွားစမ်း... အကယ်၍ မင်းက အစိုးရ အရာရှိဆိုရင်လည်း မင်းရဲ့ အထောက်အထားကို ပြစမ်း"

အိမ်ထိန်းက ကြေညာလိုက်သည်။

​လင်းကျင်းမှာမူ ယခုကဲ့သို့သော အချိန်တွင် သူ့အား အရေးလုပ်ရန် စိတ်မရှိပါချေ။

​မြို့စားအိမ်တော်မှ အိမ်ထိန်း နေနေသာသာ ဟဲရွှမ်ကိုယ်တိုင် ရောက်နေလျှင်ပင် လင်းကျင်းသည် သူ့အား အချိန်ပေးမည် မဟုတ်ပါချေ။

​အဘယ်ကြောင့်ဆိုသော် လင်းကျင်းသည် အောက်ဘက်မှ အလွန် အားနည်းလှသော သားရဲစွမ်းအင် အငွေ့အသက်အချို့ကို ခံစားလိုက်ရသောကြောင့် ဖြစ်၏။

​၎င်းမှာ ကြီးမားသော ရှာဖွေတွေ့ရှိမှုပင် ဖြစ်သည်။

​ထို့ကြောင့် လင်းကျင်းသည် လှုပ်ရှားလိုက်ပြီး တွင်းအစွန်းမှ အောက်သို့ ခုန်ဆင်းလိုက်တော့သည်။

​"မလုပ်နဲ့..."

အိမ်ထိန်းမှာ ထိတ်လန့်သွားပြီး ထိုလူကို တားဆီးရန် သူ၏ သားရဲကို ချက်ချင်း အမိန့်ပေးလိုက်သည်။ သို့သော်လည်း သူ၏ သားရဲမှာ တစ်နေရာတည်းတွင်ပင် တောင့်တင်းသွားပြီး လှုပ်ရှား၍ မရတော့ကြောင်း သူ မကြာမီ သိလိုက်ရတော့သည်။

​မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းကျင်းသည် တွင်းနက်ကြီး၏ အောက်ခြေသို့ ခုန်ဆင်းသွားခဲ့ပြီ ဖြစ်သည်။

​"မြို့စားမင်း... ဟိုလူက..."

​"ငါ မြင်တယ်"

မြို့စားမင်းက ဆိုသည်။

​ဝမ်ယွမ်ချောင်သည် လင်းကျင်း ခုန်ဆင်းသွားစဉ် သူ ဝတ်ဆင်ထားသော သားရဲလက်စွပ် ဝတ်စုံ၏ လက်မောင်းစွပ်ကို လှမ်းမြင်လိုက်ခြင်း ဖြစ်၏။

​၎င်းမှာ လက်စွပ်သုံးကွင်းပါသော လက်မောင်းစွပ်ပင် ဖြစ်လေသည်။

All Chapters